Tabs

Tuesday, September 24, 2013

ဘဝဖလားဗိုလ်လုပွဲ

ပြီးခဲ့သော တနင်္ဂနွေနေ့က ဓမ္မဘေရီဆရာတော်သည် မြန်မာပြည်ပြန်မကြွခင် ဆန်ဖရန်စစ္စကိုဘေး ဧရိယာ၌ နှုတ်ဆက်တရားပွဲ ဟောလေသည်။


ဆရာတော်သည် ယောဆရာတော် ဟောကြားခဲ့သော ဘဝဖလားဘောလုံးပွဲ ဝိပဿနာတရားကို ဥပမာ ဥပမေယျများဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ပြန်လည်တန်ဆာဆင် ဟောပြပါသည်။


ဘဝဘောလုံးပွဲမှာ ကုသိုလ်အသင်းနဲ့ အကုသိုလ်အသင်းတို့ ယှဉ်ပြိုင်ကြရာမှာ -



အိမ်ရှင်အသင်းသည် ကုသိုလ်အသင်း

ကွင်းသည် အိမ်ရှင်ကွင်း

ပရိတ်သတ်သည် အိမ်ရှင်အသင်းကိုသာနိုင်စေချင်သော ကိုယ့်ပရိသတ် - ဖြစ်ပါလျှက်

အိမ်ရှင်ကွင်းမှာ ကိုယ့်အသင်းကို ကိုယ်ပြန်ဂိုးသွင်းမိနေကြပုံကို ထင်ရှား မြင်သာအောင် ဟောပြလေသည်။

ရှေးဘဝက ကုသိုလ်ကံ အားကောင်းခဲ့လို့ ဒီဘဝမှာ လူဖြစ်ရတဲ့အတွက် အိမ်ရှင်သင်းဟာ ကုသိုလ်သင်းသာဖြစ်ကြောင်း။

တရားရှာရမဲ့ ကွင်းသည် မိမိခန္ဒာဖြစ်လို့ ဘောလုံးကစားရမဲ့ကွင်းဟာ အိမ်ရှင်ရဲ့ကွင်းဖြစ်ကြောင်း။

လူတိုင်းဟာ သုဂတိဘုံကိုသာ ရောက်ချင်ကြလို့ ကြိုးစား တရားရှာနေကြတဲ့အတွက် အားပေးတဲ့ပရိသတ်တွေက ကုသိုလ်သင်းကိုသာ နိုင်စေချင်ကြသော ကိုယ့်ပရိသတ်သာလျှင်ဖြစ်ကြောင်း။

နောက်တန်းတွင် ကိုယ့်ဂိုးအတွက် ခံစစ်သည် သီလမဂ္ဂင် ၃ပါးဖြစ်ကြောင်း။ နောက်တန်းလုံရန်အရေးကြီးကြောင်း။
မကောင်းမှုရှောင် ကောင်းမှုဆောင်နိုင်လျှင် သီလခံစစ်လုံပြီဖြစ်လို့ ကိုယ့်ဂိုးနားကို မထိုးဖေါက်နိုင်တော့ကြောင်း။

အလယ်တန်း ထိုးစစ်သည် သမာဓိမဂ္ဂင် ၃ပါးဖြစ်ကြောင်း။
နောက်တန်းလုံနေပြီဖြစ်လို့  ဝင်လာသမျှ ဘောလုံးကို သမာဓိကောင်းကောင်းဖြင့် အခြားတဖက်ကို ရောက်အောင် ပို့ပေးရမှာဖြစ်ကြောင်း။

ရှေ့တန်းတိုက်စစ်သည် ပညာမဂ္ဂင် ၂ပါးဖြစ်ကြောင်း။
မိမိကုသိုလ်သင်း အနိုင်ဂိုးရရှိရေးအတွက် ဘောလုံးကို တဖက်အသင်း၏ ဂိုးသို့ဝင်အောင် ဆောင်ရွက်ပေးရသူဖြစ်ကြောင်း။

ဤဘုရားဖွဲ့ပေးထားသော ကုသိုလ်အသင်းတွင် သတိသည် အသင်းခေါင်းဆောင်ဖြစ်၍ ရှေ့တန်းရော နောက်တန်းပါ ပြေးလွှား ကြီးကြပ်ရသူဖြစ်ကြောင်း။

သီလခံစစ်လုံလျှင် အပါယ်မကျနိုင်သော်လည်း ကမ္မကုသိုလ်လောက်သာပြုသဖြင့် ဘဝမရှူံးရုံသာရှိကြောင်း။
သမာဓိထိုးနှက်အားကောင်းလျှင် ဈာန်ကုသိုလ်ရှိန်ကြောင့် အဆင့်အတန်းမြင့်သော ဗြဟ္မာဘုံသို့ ရောက်နိုင်ကြောင်း။

ဝိပဿနာ ပညာဥာဏ်ကုသိုလ် အားကောင်းမှသာ မဂ်ဥာဏ်ဖိုလ်ဥာဏ်တည်းဟူသော  ၃နှစ်ဆက်တိုက်ဖလားရရှိသဖြင့် အပ္ပါယ်တံခါးပိတ်နိုင်ပြီး အပိုင်ဖလားတည်းဟူသော နိဗ္ဗာန်ဖလားကို ဆွတ်ခူးနိုင်မှာဖြစ်ကြောင်း။

လူ့ဘဝဖလား ခြေစမ်းပွဲကို ထင်သာ မြင်သာအောင် ဟောပြ ဆုံးမပါသည်။
တစ်ချိန်တည်းမှာပင် စကာင်္ပူရောက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာများနှင့်တွေ့ဆုံပွဲတွင် မြန်မာပြည်ကို ပြန်လာကြဖို့ မြန်မာ့ဂုဏ်မြှင့်တင်ကြဖို့ တိုက်တွန်းစကား ပြောပေသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြားပြတ်ရွေးကောက်ပွဲ ပင်မ ရည်ရွယ်ချက် ဖြစ်သော ၂၀၀၈ခု ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကြားပြတ်ရွေးကောက်ပွဲဝင်စဉ် တုန်းကကဲ့သို့ အားပေးကြဖို့ ပြောကြားသွားပေသည်။

၂၀၁၅ခုနှစ် ဒီမိုကရေစီဖလား ရွေးကောက်ပွဲသည်လည်း -


အိမ်ရှင်အသင်းသည် ဒီမိုကရေစီစနစ်

ကွင်းသည် အိမ်ရှင်ကွင်း

ပရိတ်သတ်သည် ကိုယ့်ပရိတ်သတ်

အသင်းခေါင်းဆောင်သည် ကမ္ဘာကလေးစားရသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်

ဤဖလားပွဲမှစ၍ ဒီမိုကရေစီအုတ်မြစ်ဖြစ်သော ကိုယ်ပိုင်ဖလား ပိုက်နိုင်ရန်ပါ အလွန်အရေးကြီးပေသည်။

ပြည်တွင်း ပြည်ပ မြန်မာများ  မြန်မာ့ဂုဏ်မြှင့်တင်ပေးမည့် ဘဝဖလားခြေစမ်းပွဲမှာ အနိုင်ပိုက်နိုင်ရန် နိုးကြားကြပါစို့လား။


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။