Tabs

Tuesday, October 25, 2011

မြန်မာစစ်မျက်နှာ (၁၇)

မီးဖွားခြင်းနှင့် ဆက်စပ်သော နောက်ဆက်တွဲ ဖြစ်ရပ်များ။

တပ်စုဗိုလ်ယာမဒသည် တပ်ဖွဲ့စီးစဉ်ကတဲက ကျွန်တော်နှင့်ရင်းနှီးခဲ့သော သူငယ်ချင်းဖြစ်လေသည်။ စစ်ပွဲတွင် ရှုံးနိမ့်လာသော ဂျပန်တပ်များသည် တောင်ငူအရှေ့ဖက်တွင်ရှိသော အကျဉ်းထောင်တွင် အကျဉ်းသားများအဖြစ် အလုပ်ကြမ်းလုပ်ရလေသည်။
စစ်အတွင်း၌ ယာမဒစံသည် ဗိုလ်အဖြစ်မှ ဗိုလ်ကြီးရာထူးသို့တိုးကာ ထိုစစ်သုံ့ပန်းများကို ကွပ်ကဲရလေသည်။ ထိုအကျဉ်းထောင်ရှိ မြန်မာတာလီစာရေးသည် မကြာခဏ ဗိုလ်ကြီးယာမဒနှင့် စကားစမြည်ပြောလေ့ရှိသည်။ ဗိုလ်ကြီးယာမဒသည် တင်းကြပ်စွာ သတိပေးခံထားရသော်လည်း ထိုတာလီစာရေး၏ သဘောရင်းမှန်ကို အကဲခတ်မိသဖြင့် လက်ခံစကားပြောလေ၏။
ထိုတာလီစာရေးသည် တခြားလူမဟုတ်ပဲ ကျွန်တော်က ရမည်းသင်းတွင် မီးဖွားပေးရသော လူနာ၏ခင်ပွန်း ဖြစ်နေလေသည်။
“အီနဂခိဆရာဝန် ဘယ်များရောက်နေလဲမသိဘူး။ အဖမ်းများခံရပြီး အစာမှစားရရဲ့လားလို့ စိတ်ပူနေမိတယ်။ ဘယ်မှာရှိနေလဲဆိုတာ သိရင်ပြောပြစမ်းပါ။”ဟု ဆိုလေသည်။
ဗိုလ်ကြီးယာမဒက-
“အီနဂခိဆရာဝန်ဟာ ကျွန်တော့်သူငယ်ချင်းပဲ။ ရမည်းသင်းမှာလည်း အတူတူပဲ။ သူ မြန်မာလူမျိုးကို မီးဖွားပေးခဲ့တဲ့ကိစ္စလဲ ကျွန်တော်သိတယ်။ ဆရာဝန်က ဂျပန်ပြန်သွားပြီး ဟိုမှာ ဆရာဝန်လုပ်နေပြီဖြစ်လို့  စိတ်ပူစရာမရှိတော့ဘူး။”ဟု ပြောပြရာ အလွန်ဝမ်းမြောက်သွားသည်ကို တွေ့ရလေသည်။
၎င်းက-
“မာစတာ၊ မနက်ဖန်ကစပြီး ကျွန်တော်က နေ့လယ်စာ ထမင်းဗူးကို ပြင်ဆင်လာခဲ့မယ်။ အားမနာပါနဲ့။ ကျောက်ထုတဲ့အလုပ်လဲ သဘောလောက်ပဲလုပ်ပါ။ စစ်ဆေးရေးလာတဲ့အခါလောက်သာ ဟန်ပြလုပ်ရင် ရတယ်။ နာရီကိုလဲ မိနစ်၃၀လောက် မြန်ထားလိုက်ပါ။ ၅နာရီထိုးရင် ပြန်လို့ရတယ်။” ဟု သက်သာအောင် ကြံဖန်ပေးလေသည်။
“အကယ်၍ စစ်ဆေးရေးက စောပြန်လို့ တွေ့တဲ့အခါ၊ ကျွန်တော့်နာရီက ၅နာရီထိုးနေလို့ ပြန်တာလို့သာ ပြောလိုက်။ ကျန်တာ ကျွန်တော့်တာဝန်သာထား၊ မာစတာကို ဘာမှ ပြဿနာမတက်စေရဘူး။”ဟူသော ဂျပန်စစ်သုံ့ပန်းများကို သက်တောင့်သက်သာဖြစ်စေရန် ကာကွယ်ပေးခဲ့သော အကြောင်းများကို ပြန်ကြားရလေသည်။
ထိုအချိန်က ကျွန်တော်ရော ရဲဘော်များပါ အတော် အနေချောင်ခဲ့ရသည်ဟု ဗိုလ်ကြီးယာမဒက ပြန်လည်ပြောပြလေသည်။
“ဒီလူဟာ ဂျပန်ဆရာဝန် တယောက်က ပြုသွားခဲ့တဲ့ကျေးဇူးကို မမေ့ပဲ ဂျပန်စစ်သုံ့ပန်းတွေအပ်ါမှာ စေတနာ အပြည့်အဝနဲ့ ကျေးဇူးတုန့်ပြန်လိုက်တာပဲ။ ကျွန်တော်တော့ အတိုင်းအဆမသိ ကျေးဇူးတင်နေမိတယ်။” ဟူ၏။

Wednesday, October 5, 2011

မဟာစည်သာသနာ့ရိပ်သာ သမိုင်းမှတ်တမ်းနှင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်နှစ်၅၀ခရီး(၁၉၄၇-၁၉၉၇)


ဦးခင်မောင်ဦး မတင်တင်ဝင်းတို့ ရန်ကုန်ကပြန်လာပြီး ကာလီဖိုးနီးယားကနေ တက်ဆက်စ်ကိုပြောင်းကြတယ်။ သူတို့မသယ်နိုင်လို့ မဟာစည်သာသနာ့ရိပ်သာသမိုင်းမှတ်တမ်းစာအုပ်ကြီးပေးခဲ့တယ်။ ဒါနဲ့ပဲ ဖတ်ကြည့်ဖြစ်တယ်အမေ။



စူးမာတို့မိသားစုရဲ့ဘဝနဲ့ မဟာစည်ရိပ်သာဟာ ခွဲလို့မရဘူး။ စာမျက်နှာတိုင်း စာမှက်နှာတိုင်းမှာ သတိရစရာ အောက်မေ့စရာ အဖြစ်အပျက်တွေ၊ အဆောက်အဦးတွေ၊ နေရာတွေ၊ ဆရာတော်တွေ၊ ဒါယိကာ ဒါယိကာမတွေ၊ ယောဂီတွေ၊ ဝေယျာဝစ္စအဖွဲ့ဝင်တွေကအစ ဟောကြားတဲ့တရားတော်တွေအဆုံး ဖတ်နေရင်းနဲ့ အာရုံမှာ အစီအရီ ပြန်ပေါ်လာတယ်။



စူးမာတို့မမှီလိုက်တဲ့ သာသနာ၂၅၀၀ပြည့်အထိမ်းအမှတ် ဆဋ္ဌသင်္ဂါယနာတင်ကိစ္စ၊ အဖွဲ့ချုပ်က လူကြီးတွေရဲ့ အမျှော်အမြင်ကြီးမားမှု၊ သဒ္ဓါတရား၊ ဗလငါးတန်နှင့် ပြည့်စုံကြသော အဖွဲ့ဝင်၁၂ဦးတို့ရဲ့ အံ့မခန်းစွမ်းဆောင်ချက်၊ ညီညွတ်ချက်တွေကို ဖတ်ရတာ အားကျစရာလဲကောင်း ဂုဏ်ယူစရာ အတုယူစရာလဲကောင်း လက်ကမချနိုင်အောင်ဖြစ်ရပါတယ်။

ပုစ္ဆကထေရ် မဟာစည်ဆရာတော်ဘုရားကြီး

ဝိသဇ္ဇထေရ် မင်းကွန်းဆရာတော်ဘုရားကြီး

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆြာဦးသွင်

အဖွဲ့ဝင် ဝန်ကြီးချုပ် ဦးနု၊ သမ္မတကြီး စဝ်ရွှေသိုက်၊ ဝန်ကြီး၊ မင်းကြီးနှင့် ကုန်သည်ကြီးများ။

အတော်ပဏာရပြီး အလွန်အရေးကြီးတဲ့ သာသနာ့သမိုင်းမှတ်တိုင်ကို စိုက်ထူခဲ့ကြတာပဲ။

အော်  ဗုဒ္ဓဘာသာနိုင်ငံချင်းအတူတူ ကိုယ့်နိုင်ငံက ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင်တဲ့ အာဇာနည်ရဟန်းတော်များ ထွန်းပေါ်ရာနိုင်ငံဖြစ်လို့ ခေတ်မမှီ မတိုးတက်သော်လည်း လေးစားခံရတာကို နားလည်သဘောပေါက်သွားတယ်။

ဆြာဦးသွင်က တော်တော်ချမ်းသာတာပဲ။ သူ့တူ သူဋ္ဌေးဦးစိုးတင်ကို တခါ တခါ မုန့်ဖိုးပေးရင် တစ်သိန်းတဲ့။

ဆြာဦးသွင်မတည်လှုဒါန်းတာကပဲ မနည်းဘူး။ ဒီသာသနာ့စီမံကိန်းတွေအတွက် နိုင်ငံတော်က ထည့်ဝင်ငွေ ၅သိန်းဆိုတာ တကယ်တော့ ဘာမှမရှိပါဘူး။



စူးမာတို့မိသားစုဟာ ပထမဆုံးစတင်ခဲ့တဲ့ မဟာစည်ကမ္မဋ္ဌာနာစရိယဆရာတော်တွေအားလုံးနီးပါးနဲ့ တရားအားထုတ်ခဲ့ကြရတာပါလား။

စံနစ်တကျဖွဲ့စီးထားတဲ့ မြတ်စွာဘုရားရဲ့ ကျောင်းအဆက်ဆက်ကထွက်တဲ့ ကျောင်းသားများလိုပဲ ဂုဏ်ယူမိပါတယ်။



ဆရာတော် ဦးသုဇာတ၊ ဦးပဏ္ဍိတတို့ ကျန်းမာရေးအတွက် အိမ်ကဓါတ်စာချက်ပို့ခဲ့ကြတာကိုလည်း သတိရတယ်။



အမေတို့ ရေးမြို့မှာ မဟာစည်ရိပ်သာခွဲဖွင့်ဖို့ ကြိုးစားခဲ့ကြတာလဲ သတိရတာနဲ့ ရိပ်သာခွဲစါရင်းထဲများပါလေမလားလို့ ရှာကြည့်မိတယ်။ မန္တလေးကျောင်း မဟာစည်ရိပ်သာ၊ ဆရာတော် ဦးသုနန္ဒရ၊ အားထုတ်ပြီး ယောဂီဦးရေ ၁၆၇၀တဲ့။



စဥ့်ကူးဆရာတော်ရဲ့ ဂျပန်မဟာစည်ရိပ်သာခွဲအကြောင်းမှာတော့ နဂိုယာက ကိုချစ်ဆွေ ဒေါက်တာအေးအေးသန်း၊ ကိုမြင့်ဆန်း၊ ဒေါ်သန်းသန်းဝင်းတို့ နာမည်တွေတွေ့ရလို့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုခေါ်လိုက်ပါတယ်။



၁၀၊ ၅၊ ၂၀၁၁။