Tabs

Tuesday, October 25, 2011

မြန်မာစစ်မျက်နှာ (၁၇)

မီးဖွားခြင်းနှင့် ဆက်စပ်သော နောက်ဆက်တွဲ ဖြစ်ရပ်များ။

တပ်စုဗိုလ်ယာမဒသည် တပ်ဖွဲ့စီးစဉ်ကတဲက ကျွန်တော်နှင့်ရင်းနှီးခဲ့သော သူငယ်ချင်းဖြစ်လေသည်။ စစ်ပွဲတွင် ရှုံးနိမ့်လာသော ဂျပန်တပ်များသည် တောင်ငူအရှေ့ဖက်တွင်ရှိသော အကျဉ်းထောင်တွင် အကျဉ်းသားများအဖြစ် အလုပ်ကြမ်းလုပ်ရလေသည်။
စစ်အတွင်း၌ ယာမဒစံသည် ဗိုလ်အဖြစ်မှ ဗိုလ်ကြီးရာထူးသို့တိုးကာ ထိုစစ်သုံ့ပန်းများကို ကွပ်ကဲရလေသည်။ ထိုအကျဉ်းထောင်ရှိ မြန်မာတာလီစာရေးသည် မကြာခဏ ဗိုလ်ကြီးယာမဒနှင့် စကားစမြည်ပြောလေ့ရှိသည်။ ဗိုလ်ကြီးယာမဒသည် တင်းကြပ်စွာ သတိပေးခံထားရသော်လည်း ထိုတာလီစာရေး၏ သဘောရင်းမှန်ကို အကဲခတ်မိသဖြင့် လက်ခံစကားပြောလေ၏။
ထိုတာလီစာရေးသည် တခြားလူမဟုတ်ပဲ ကျွန်တော်က ရမည်းသင်းတွင် မီးဖွားပေးရသော လူနာ၏ခင်ပွန်း ဖြစ်နေလေသည်။
“အီနဂခိဆရာဝန် ဘယ်များရောက်နေလဲမသိဘူး။ အဖမ်းများခံရပြီး အစာမှစားရရဲ့လားလို့ စိတ်ပူနေမိတယ်။ ဘယ်မှာရှိနေလဲဆိုတာ သိရင်ပြောပြစမ်းပါ။”ဟု ဆိုလေသည်။
ဗိုလ်ကြီးယာမဒက-
“အီနဂခိဆရာဝန်ဟာ ကျွန်တော့်သူငယ်ချင်းပဲ။ ရမည်းသင်းမှာလည်း အတူတူပဲ။ သူ မြန်မာလူမျိုးကို မီးဖွားပေးခဲ့တဲ့ကိစ္စလဲ ကျွန်တော်သိတယ်။ ဆရာဝန်က ဂျပန်ပြန်သွားပြီး ဟိုမှာ ဆရာဝန်လုပ်နေပြီဖြစ်လို့  စိတ်ပူစရာမရှိတော့ဘူး။”ဟု ပြောပြရာ အလွန်ဝမ်းမြောက်သွားသည်ကို တွေ့ရလေသည်။
၎င်းက-
“မာစတာ၊ မနက်ဖန်ကစပြီး ကျွန်တော်က နေ့လယ်စာ ထမင်းဗူးကို ပြင်ဆင်လာခဲ့မယ်။ အားမနာပါနဲ့။ ကျောက်ထုတဲ့အလုပ်လဲ သဘောလောက်ပဲလုပ်ပါ။ စစ်ဆေးရေးလာတဲ့အခါလောက်သာ ဟန်ပြလုပ်ရင် ရတယ်။ နာရီကိုလဲ မိနစ်၃၀လောက် မြန်ထားလိုက်ပါ။ ၅နာရီထိုးရင် ပြန်လို့ရတယ်။” ဟု သက်သာအောင် ကြံဖန်ပေးလေသည်။
“အကယ်၍ စစ်ဆေးရေးက စောပြန်လို့ တွေ့တဲ့အခါ၊ ကျွန်တော့်နာရီက ၅နာရီထိုးနေလို့ ပြန်တာလို့သာ ပြောလိုက်။ ကျန်တာ ကျွန်တော့်တာဝန်သာထား၊ မာစတာကို ဘာမှ ပြဿနာမတက်စေရဘူး။”ဟူသော ဂျပန်စစ်သုံ့ပန်းများကို သက်တောင့်သက်သာဖြစ်စေရန် ကာကွယ်ပေးခဲ့သော အကြောင်းများကို ပြန်ကြားရလေသည်။
ထိုအချိန်က ကျွန်တော်ရော ရဲဘော်များပါ အတော် အနေချောင်ခဲ့ရသည်ဟု ဗိုလ်ကြီးယာမဒက ပြန်လည်ပြောပြလေသည်။
“ဒီလူဟာ ဂျပန်ဆရာဝန် တယောက်က ပြုသွားခဲ့တဲ့ကျေးဇူးကို မမေ့ပဲ ဂျပန်စစ်သုံ့ပန်းတွေအပ်ါမှာ စေတနာ အပြည့်အဝနဲ့ ကျေးဇူးတုန့်ပြန်လိုက်တာပဲ။ ကျွန်တော်တော့ အတိုင်းအဆမသိ ကျေးဇူးတင်နေမိတယ်။” ဟူ၏။

No comments:

Post a Comment