Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Showing posts with label Book Review. Show all posts
Showing posts with label Book Review. Show all posts

Monday, December 6, 2010

Book Review: Ninomiya Kinjiro: ထွန်တုံးမှထိပ်ဆုံးသို့

မောင်စွမ်းရည်
၇၊၁၂၊၂၀၀၆။

ဘာသာပြန်သူ။    ။မေနှင်းလဲ့မွန်
ထုတ်ဝေသူ။       ။ဦးခင်မောင်ကြွယ်(ကောင်းသန့်စာပေ)
ထုတ်ဝေနှစ်။       ။၂၀၀၆ ဖေဖေါ်ဝါရီ
စာမျက်နှာ။        ။၁၅၉
ရောင်းဈေး။       ။ ကျပ် ၈၀၀

ထွန်တုံးမှထိပ်ဆုံးသို့ ဆိုတဲ့စာအုပ်အမည်ကို ကျနော်အတော်သဘောကျမိပါတယ်။ စာသံပေသံနဲ့ပြောရရင် သံတူကပ်အလင်္ကာံ မဓုရတာဂုဏ် မြောက်တဲ့နာမည်လို့ပြောရပါမယ်။ အဓိပ္ပါယ်လည်းရှင်းပြီး၊ အသံထွက်လည်းကောင်းတဲ့အမည်မျိုးပါ။ ချက်ချင်းပဲ ဝန်ဇင်းမင်းရာဇာကို သတိရစေပါတယ်။ စာဖတ်များတဲ့ကျေးဇူးကြောင့် ဆင်းရဲသားတောင်သူလယ်သမားဘဝက ထိပ်တန်းပုဂ္ဂိုလ်ကျော်ဖြစ်သွားတဲ့ ဂျပန်လူကျော်လူမော်တစ်ဦးရဲ့ အထ္ထုပ္ပတ္တိအကျဉ်းတစ်ပုဒ်ကို ဂျပန်ဘာသာကနေ မြန်မာလိုပြန်ဆိုထားတာပါ။ အထ္ထုပ္ပတ္တိအပြင် အဲဒီလူကျော်ရဲ့ အတွေးအခေါ်အကျဉ်းကိုလည်း ဘာသာပြန်ပြီး ထည့်သွင်းဖော်ပြထားပါတယ်။

Robot Kinjiro, Professor Seiichiro Kamata

          အမှာစာကို ၁၉၉၀ ပြည့်နှစ်က ဂျပန်ကိုသွားရောက်နေထိုင်ဖူးတဲ့ ဘိလပ်ပြန် ဓါတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုကရေးပါတယ်။ လူဆိုတာ သမိုင်းဦးကာလမှာတုန်းက တိ၇စ္ဆာန်တွေလိုပဲ ကြီးနိုင်ငယ်ညှင်းအဆင့်မှာပဲရှိခဲ့ပြီး ယဉ်ကျေးလာတော့မှ အားနည်းသူကို ငဲ့ညှာတဲ့အဆင့်ကို ရောက်လာတယ်။ ဘယ်အဆင့်ကိုပဲရောက်ရောက် လူဆိုတာ တစ်ယောက်ထီးတည်းဆောင်ရွက်လို့ရှိရင် မအောင်မြင်နိုင်ဘူး။ တသီးတခြားရပ်တည်လို့မရဘူး။ အဖွဲ့အစည်းနဲ့ စုပေါင်းလုပ်ဆောင်ပြီး ဖန်တီးယူမှရတယ်။ ကိုယ့်အတွက်သက်သက်ရယ်လို့လည်း မရှိဘူး။ လူတယောက်ဟာ တံစဉ်တစ်လက်၊ ပုဆိန်တစ်လက်ကို ကိုယ့်အသက်မွေးဝမ်းကျောင်းဖို့ ထုတ်လုပ်လိုက်တယ်ဆိုပေမယ့် ဒါတွေကို လယ်သမားကလည်းသုံးရတယ်။ လယ်သမားထုတ်လုပ်တဲ့ဆန်စပါးကိုလည်း တံစဉ်၊ ပုဆိန်ထုတ်လုပ်သူက စားသုံးရတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ တကိုယ်ကောင်းစိတ် မထားရဘူး။ ဒီလိုမြင်တတ်တာကို အသိဥာဏ်ရှိတယ်လို့ခေါ်တယ်။ အသိဥာဏ်များများရှိအောင် စာဖတ်ရမယ်။
          ဒီစာအုပ်ထဲက ကင်းဂျိရော ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဗျဉ်းအရေးအဖတ်လောက်ပဲ မိဘတွေဆီက သင်ယူဖူးပြီး ကိုယ့်ဘာသာ ဆက်လက်သင်ယူဆည်းပူးလို့ ထိပ်တန်းအတွေးအခေါ်ရှင် လယ်သမားကြီးဖြစ်လာပါတယ်။ သူ့ရဲ့အတွေးအခေါ်ဟာ ဒီနေ့ဂျပန်ပြည်မှာ ရှင်သန်နေဆဲပဲဖြစ်တယ်လို့ ကိုယ်တွေ့ဂျပန်အကြောင်းကို မိတ်ဆက်ထားပါတယ်။ တသီးတခြား တံခါးပိတ်ဝါဒကျင့်သုံးနေရာက ခုလိုကမ္ဘာ့ထိပ်တန်းနိုင်ငံအဆင့်ရောက်အောင် ကင်းဂျိရော အတွေးအခေါ်နဲ့ တွန်းထုတ်မြှင့်တင်ခဲ့လို့ပဲလို့ ဆိုပါတယ်။ ခေတ်သစ်ဂျပန်ရဲ့ တွေးခေါ်မှုဇစ်မြစ်တစ်ခုပေါ့။
          ဘာသာပြန်သူက မေနှင်းလဲ့မွန် တဲ့။ မြန်မာစာပေလောကမှာ မတွေ့ဖူးသေးတဲ့ နာမည်ပဲ။ မြန်မာပြည်ဟာ အာရှနိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် အင်္ဂံလိပ်ဘာသာကပဲ ပြန်ဆိုတာများခဲ့တယ်။ ၉၀ ခုနှစ်များ ဒီဘက်မှာ ပြင်သစ်၊ တရုပ်၊ ဂျပန်ဘာသာတွေက မြန်မာဘာသာပြန် ဆိုတာတွေရှိလာတယ်။ ရဲမြလွင် ဆိုရင် ကျောင်းဆရာဘဝနဲ့ နိုင်ငံခြားကိုပညာသင်သွားရင်း ဂျပန်စာတတ်လာခဲ့တယ်။ ဝါသနာအရ ဂျပန်ကနေ မြန်မာလို ဘာသာပြန်လို့ အမျိုးသားစာပေဆု (ဘာသာပြန်) တွေ ဘာတွေ ရလာခဲ့တယ်။
          ခုနောက်ထပ်တစ်ယောက် ဘာသာပြန်သမားတစ်ဦး တိုးလာတာတွေ့ရတော့ ဝမ်းသာရတယ်။ ၁၉၉၃ ခုနှစ် ဂျပန်ပြည် နာဂိုယာတက္ကသိုလ်မှာ အပြည်ပြည်ဆိုင်ရာဥပဒေ ဘာသာရပ်နဲ့ ပါရဂူတန်းတက်နေတုန်းမှာ မြန်မာပြည်က အခြေခံပညာအထက်တန်းကို ဂုဏ်ထူး ၄ ဘာသာနဲ့ အောင်တဲ့ တူမတစ်ယောက်က ဂျပန်လူမျိုးတွေရဲ့ကျောင်းသားဘဝ၊ သူတို့ရဲ့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ သူတို့တွေးခေါ်ပြုမူပုံတွေအကြောင်း ကို သူ့အတွက် ဆုချတဲ့အနေနဲ့ လစဉ်ရေးပို့ပါလို့ မေနှင်းလဲ့မွန်ကို တောင်းဆိုသတဲ့။ မေနှင်းလဲ့မွန်ကလည်း သူ့တူမဆီက စာလာတုန်းမှာ ဖတ်ရှုနေမိတဲ့ ကင်းဂျိရောရဲ့ အထ္ထုပ္ပတ္တိ ကျောင်းသုံးစာအုပ်လေးကို ဘာသာပြန်ပို့လိုက်ပါသတဲ့။ ခု ပုံနှိပ်တာ  အဲဒီစာအုပ်ပါ။
မေနှင်းလဲ့မွန်က ဒီစာအုပ်မှာ စာရေးတဲ့အချိန် ၂၂-၆-၁၉၉၄ မှာ လော့စ်အိန်ဂျလိစ်ကို ရောက်နေကြောင်း သူ့စာအရသိရပါတယ်။ အမေရိကန်ပြည် လော့စ်အိန်ဂျလိစ်မြို့ကြီးရဲ့ ဂျပန်ရပ်ကွက်မှာတောင် ကင်းဂျိရောရုပ်တုတစ်ခုကို စိုက်ထူထားကြောင်း ဂျပန်နဲ့ ကင်းဂျိရော မခွဲမခွာာရှိနေသေးကြောင်း ရေးထားပါတယ်။ စာအုပ်ထုတ်ဝေတာက မြန်မာပြည်မှာပါ။ ဒီစာအုပ်ကိုဖတ်ချင်ရင် မြန်မာပြည်ကပဲ မှာယူဖတ်ရှုရမယ့်ပုံပဲ။ ကျနော့်ဆ်ီကိုတော့ ဝါရှင်တန်မြို့ လွတ်လပ်တဲ့အာရှအသံမှာ အလုပ်လုပ်နေတဲ့ စာပေမိတ်ဆွေတစ်ယောက်က ပို့လိုက်တာပါ။ ခုလို စာအုပ်ဝေဖန်ချက်ရေးရတာက ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာလူငယ်တွေ ဖတ်စေချင်လို့ပါ။
ကျနော်တို့မြန်မာလူငယ်တွေမှာ ဖတ်စရာစာအုပ်ကနည်းတယ်။ စာဖတ်ဝါသနာလည်းနည်း တယ်လို့ထင်ပါတယ်။ ကင်းဂျိရောလို လယ်သမားဆင်းရဲသားကလည်း မဖတ်၊ ဘွဲ့ရပြီးသား အများစုကလည်းမဖတ်။ မဖတ်ရုံမကဘဲ တွေးခေါ်တဲ့ အလေ့အထလည်းမရှိ။ ခုခတ်မြန်မာပြည်မှာ ရေးကြတဲ့ နေနည်း သေနည်း စာအုပ်တွေကလည်း ရပ်ရွာလူထုကို ပြည်သူလူထုကို ဘယ်လိုအကျိုးပြုမလဲဆိုတာ မသင်ကြား။ သင်ကြားရင်လည်း ကြံ့ဖွံ့နဲ့ စစ်တပ်အုပ်ချုပ်မှုအောက်မှာ ကိုယ့်စေတနာနဲ့ကိုယ် လှုပ်ရှားခွင့်မရှိ။
ကင်းဂျိရောရဲ့အတွေ့အကြုံမှာလည်း အဲဒါမျိုးပါလေရဲ့။ စစ်ဗိုလ်လူတန်းစား ဆာမူရိုင်းက ကင်းဂျိရောရဲ့စီမံကိန်းတစ်ခုမှာ လူထုဖွံ့ဖြိုးရေးကို အရင်ဦးစားပေး မူချဖော်ဆောင်ခွင့် မပေးဘူးတဲ့။ ဒါကြောင့်မအောင်မြင်ဘူးတဲ့။ ကင်းဂျိရောရဲ့ အတွေ့အကြုံနဲ့ အတွေးအခေါ်ဟာ နှစ်ပေါင်း ၂၀၀ ကဆိုတော့ ခေတ်နောက်ကျပြီထင်ရပေမယ့် ခေတ်နောက်ကျ ကျန်ရစ်တဲ့ မြန်မာပြည်အဖို့တော့ ကင်းဂျိရောရဲ့ အတွေးအခေါ်တွေလည်း ခေတ်နောက်ကျမယ် မထင်ပါ။ ဒါကြောင့် ဖတ်စေချင်ပါတယ်။
နောက်တကြောင်းကတော့ ဒီခေတ်မှာ ဂျပန်ကနေ မြန်မာလို ဘာသာပြန်တာ ခုမှ အစပဲရှိသေးတာကြောင့် မေနှင်းလဲ့မွန်လို ဘာသာစကား ၂ ဖက်လုံး ကျွမ်းကျင်သူတစ်ဦး တိုးလာတာကို ကြိုဆိုချင်လို့ပါပဲ။ မကြာခင်ကပဲ အမျိုးသားစာပေဆုရ ဆရာဝန်တစ်ဦးရေးတဲ့ စာအုပ်သစ်တစ်ခုကို ဖတ်လိုက်ရတယ်။ ဝါကျရှည်၊ သဒ္ဒါမှားပြီး ကံ၊ ကတ္တားတွေ ချာချာလည်နေတဲ့အဖြစ်၊ မဆလနဲ့ နအဖ ခေတ်စကားပြေ အသုံးအနှုန်းအတိုင်း မှ နဲ့ ကကို နဲ့ အား ဖြင့် နဲ့ နှင့် နေရာလွဲနေတာပါ တွေ့ရလို့ စိတ်ညစ်ရပါတယ်။ အကြောင်းအရာကောင်းပေမယ့် အရေးအသားမကောင်းရင် ဖတ်ရတာ ဆွဲဆောင်မှုမရှိတော့ပါဘူး။ မေနှင်းလဲ့မွန်က စကားပြေအရေးအသား နိုင်နင်းပြီး စကားလုံးရွေးချယ်သုံးနှုန်းမှုတွေလည်း ထူးခြားကောင်းမွန်တာ တွေ့ရပါတယ်။ မေနှင်းလဲ့မွန်ကလည်း ဆယ်တန်းအောင်တဲ့ တူမက တောင်းဆိုမှ ရေးဖြစ်တာမျိုးမဖြစ်စေဘဲ မြန်မာစာပေလောကရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့အနေနဲ့ ဂျပန်စာတွေ ဆက်လက်ဘာသာပြန်စေချင်ပါတယ်။
Sakawa River
လက်ရှိမျိုးဆက်မှာ အမျိုးသမီး ဘာသာပြန်သူ ပြတ်လပ်နေတဲ့ ဟာကွက်ကြီးကို ဖြည့်မယ့်သူ မရှိပါ။ အထူးသဖြင့် ဂျပန်ဘာသာပြန်ဆိုဖို့ရာ ဂျပန် မြန်မာ ၂ ဘာသာ ကျွမ်းကျင်သူ မေနှင်းလဲ့မွန်လို အမျိုးသမီးမရှိ။ ဒါကြောင့် တူမက မတောင်းပန်လည်း ဦးလေးက တောင်းဆိုလိုက်ပါတယ်။ နောက်ထပ် ဂျပန်စာအုပ်တွေ ဘာသာပြန်ပေးပါ။ ရပ်မထားပါနဲ့လို့။
ဒီစာအုပ်က နိနောမိယ ကင်းဂျိရော (၁၇၈၇-၁၈၅၆) ရဲ့ အထ္ထုပ္ပတ္တိပါ။ ကင်းဂျိရောမွေးတာ မြန်မာ့သမိုင်းမှာ ကုန်းဘောင်ခေတ်ဦး ကာလပါ။ ဥသြအော်မြည် ကုန်းဘောင်တည် ဆိုတဲ့ နံသင့်သင်္ချာံ အမှတ်အသားအရ ၁၁၁၅ ခုနှစ်မှာ ကုန်းဘောင်တည်တယ်တဲ့။ ခရစ်နှစ် ၁၇၅၂ ပေါ့။ ရန်ကုန်ကို အလောင်းဘုရားက ၁၇၆၀ မှာတည်တာပါ။ ဂျပန်မှာကလည်း လောကဓာတ်ဘာသာသင်ကျောင်းမရှိသေးဘူးဆိုတော့ ဘုန်းကြီးကျောင်းမှာပဲ ပညာသင်ကြရတယ်။ ကင်းဂျိရောက ဆင်းရဲမွဲတေလို့ ကျောင်းမယ်မယ်ရရ မနေရဘူး၊ ဗျည်း သရတွေကို အိမ်က လူကြီးမိဘတွေဆီ မေးပြီး သင်ယူလေ့ကျင့်ခဲ့ရတယ်။
ကင်းဂျိရောမမွေးခင် ၃နှစ်(၁၇၈၄) က ငလျင်ကြီးလှုပ်၊ မိုးကြီးသည်းလို့  လယ်ယာတွေပျက်ကုန်တယ်။ ခန့်မှန်းထွက်ရှိ သီးနှံရဲ့ တဝက် မြို့စားကို လယ်ခွန်အဖြစ်ပေးရတယ်။ လယ်တွေပျက်လို့ တဝက်တောင်မှ မထွက်တာကို ဆာမူရိုင်းစစ်ဗိုလ်တွေနဲ့ လာသိမ်းတယ်ပေါ့။ မရရင်ငွေပေး၊ ငွေမရှိရင် လယ်မြေကိုသိမ်းတော့ လယ်သမားတွေ ငတ်ကုန်တယ်။ လူထုကမြို့တက် လုယက်တာတွေဖြစ်ကုန်တယ်။
ငတ်သေကြေတာကို မြန်မာမှာ သရောကြီးခိုင်းတယ် လို့ခေါ်တယ်။ ငတ်မွတ်ခေါင်းပါးရင် သတ်ဖြတ်ကြတော့ လက်နက်ဘေး၊ စစ်ဘေးကျရောက်တယ်။ ဒါရဲ့နောက်ဘက်က ပုလိပ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းရောဂါတွေ လိုက်လာတော့ ရောဂါဘေးကျရောက်တယ်။ အဲဒါကို ကပ်ကြီး ၃ ပါး ကျရောက်တယ်လို့ခေါ်တယ်။ မြို့စားတို့၊ တိုင်းမှုးတို့ရဲ့ဘေး၊ ဆာမူရိုင်းတွေရဲ့ဘေးကိုတော့ ရာဇတောဝါ လို့ခေါ်တယ်။ေ၇၊ မီး၊ မင်း စတဲ့ ရန်သူမျိုး ၅ ပါးထဲမှာ မင်း ဆိုတာ ရာဇတောဝါ ပါပဲ။
ကင်းဂျိရော ၄ နှစ်သားမှာ တစ်ခါမိုးကြီးရွာလို့ မြစ်ရေကြီးပြီး လယ်ယာတွေ ရေလွှမ်းပြန်တယ်။ ရေလွှမ်းတော့ ကျောက်တုံးကျောက်ခဲတွေ ပါလာပြီး လယ်တွေစိုက်မရတော့ဘူး။ အဲဒီလယ်တွေပြုပြင်ရတာ ၇ နှစ်ကြာသတဲ့။ မြစ်ရေတာရိုးကျိုးသွားတာလည်း ပြန်ဖို့ရသေးတယ်။ ဒါကြောင့် ကင်းဂျိရောရဲ့ အဖေဟာ အလုပ်က ပန်း၊ အာဟာရက ချို့တဲ့ပြီး ကျန်းမာရေး မကောင်းတော့ဘူးတဲ့။ ကင်းဂျိရော ၁၁ နှစ်သားမှာ အဖေ့ကိုယ်စား လယ်တောဆင်းရတယ်။ စာသင်ဖို့ဝေးရော၊ စားဖို့တောင် အနိုင်နိုင်။
အဖေရဲ့ဆေးဖိုးဝါးခလည်း လိုအပ်နေတော့ လယ်ထဲကပြန်လာရင် စားသောက်ပြီး မနားဘဲ ကောက်ရိုးတွေကိုထုတယ်။ ထုပြီးကျစ်တယ်။ ကြိုးကိုတော့ လယ်သမားတွေက မသုံးမဖြစ် ဝယ်ကြရတယ်။ အလုပ်လုပ်ရင်းကလည်း သူက ခုလို တွေးတောတယ်။ အလုပ်လုပ်တယ်ဆိုတာဟာ တန်ဖိုးမရှိတဲ့ အရာတစ်ခုကို တန်ဖိုးရှိလာအောင် လုပ်တာပဲ တဲ့။
တန်ဖိုးမရှိတဲ့ ကောက်ရိုးက အလုပ်ရဲ့ဖန်တီးမှုကြောင့် တန်ဖိုးရှိတဲ့ ကြိုး ဖြစ်လာတယ်။ ဒီသဘောကို အသက် ၁၁ နှစ်အရွယ်က တွေးတာပါ။ မြန်မာကတော့ မမြဲတရား အနိစ္စပါတကားလို့ပဲ တွေးပြီးရပ်သွားမယ်။
အလုပ်သွားလုပ်တော့လည်း လူကြီးတွေနားရင် သူကမနားဘူး။ နားဦးလို့ လူကြီးတွေ ပြောတော့ လူငယ်က လူကြီးလောက် အလုပ်မတွင်ကျယ်ဘူး၊ ဒါကြောင့် လူကြီးတွေရဲ့အလုပ်ကို မီအောင် လူငယ်က မနားဘဲလုပ်ရမယ်လို့ ပြန်ဖြေတယ်။ လူကြီးတွေကလည်း အလုပ်တွင်အောင်ဆိုပြီး ထ လုပ်ကြတယ်။ လူကြီးတွေ အလုပ်သိမ်းတော့ သူက ချန်ရစ်ပြီး ဖိနပ်ကြိုးပြတ်တွေ ကောက်တယ်။ အိမ်ကျတော့ ကြိုးပြန်တပ်ပေးပြီး အလုပ်ခွင်မှာ စီးချင်သူစီးရအောင် ချထားပေးလိုက်တယ်။ လူကြီးတွေက ကင်းဂျိရောရဲ့ လုပ်ရပ်မှန်းသိတော့ ချီးကျူးကြတယ်။
Kinjiro Home
အသက် ၁၃ နှစ်မှာ အဖေဆုံးတယ်။ ၁၀ နှစ်အရွယ် ညီတစ်ယောက်နဲ့ နို့စို့အရွယ် မတ်တတ်စမ်း ညီတစ်ယောက် ကျန်ရစ်တယ်။ အငယ်ကို ဆွေမျိုးတွေဆီအပ်ပြီး အလုပ်လုပ်တော့ အမေက ခလေးကို မခွဲနိုင်လို့ ပြန်ခေါ်ရတယ်။ လယ်အလုပ်နားရတဲ့ ရာသီမှာ ကင်းဂျိရောက ၅ မိုင်ခရီးကို ထင်းသွားခွေတယ်။ အပို ဝင်ငွေရအောင် ထင်းရောင်းတယ်။ ဘဝ အဆင့်မြင့်ချင်ရင် စာဖတ်ရမယ်လို့ ယုံကြည်လို့ လမ်းသွားရင်း အသံထွက်ပြီး စာဖတ်တယ်။ ဆန်ဖွတ်ရင်းလည်း စာဖတ်လို့ ရွာသားတွေက သူ့ကို ရူးနေပြီလို့တောင် ဆိုကြသတဲ့။
အမေကလည်း ကင်းဂျိရော ၁၅ နှစ်သားမှာ ဆုံးတယ်။ ညီ ၂ ယောက်ကို အဘွားအိမ်မှာအပ်ပြီး သူကတော့ ဦးကြီးတစ်ယောက်အိမ်မှာ အလုပ်လုပ်တယ်။ ညကျတော့ မုန်ညင်းဆီမီးနဲ့ စာဖတ်ဆယ်။ သူ့ဦးကြီးက လယ်သမားဟာ စာဖတ်စရာမလိုဘူး။ ဆီအကုန်မခံနိုင်ဘူးလို့ ပြေတဲ့ကြားက ခိုးဖတ်တော့ ဦးကြီးကမိလို့ စိတ်ဆိုးတယ်။ ဒါကြောင့် သူများပစ်ထားတဲ့မြေကို ပြုပြင်ပြီး သူများဆီက မုန်ညင်းစေ့ လက်တစ်ဆုပ်ကို ကိုယ့်ဘာသာစိုက်တော့ ၄ ပြည် ရလိုက်တယ်။
သဘာဝမိခင်က လက်ဆောင်ပေးတဲ့ မြေကြီးဟာ မသုံးရင် အလကားပါပဲ၊ ပြုပြင်ပြီးသုံးတော့ တန်ဖိုးရှိလာတယ်။ ငယ်သောအရာကို အရင်းတည်က ကြီးသောအရာကို အောင်မြင်မှုရနိုင်တယ် လို့လည်း သဘောပေါက်လာတယ်။ ဒါကြောင့် သူများပစ်ထားတဲ့မြေကို ပြုပြင်ပြီး သူများပိုလို့ပစ်ထားတဲ့ စပါးပျိုးပင်တွေကို စုပြီးစိုက်ကြည့်တော့ ကိုယ်ပိုင်စပါး တစ်တင်း ရလိုက်တယ်။ နောက်နှစ်ကျတော့ ၅ တင်းရတယ်။ အသက် ၁၈ နှစ်မှာ စပါးတင်း ၂၀ ပိုင်နေပြီ။ ၄ နှစ်ကြာတော့ ကိုယ့်အိမ်ကိုယ် ပြန်နေနိုင်ပြီ။ ၂၃ နှစ်မှာ မိဘပိုင် မြေကွက် အကျယ်အဝန်းနဲ့ တူမျှတဲ့ မြေတွေ ပြန်ပိုင်ဆိုင်လာပြီး အိမ်ကိုလည်း မူလအတိုင်း ပြုပြင်သွားလို့ ညီတွေပြန်ခေါ်တော့ ညီအငယ်က ဖျားပြီး သေဆုံးသွားခဲ့ပါတယ်။
အသက် ၂၆ နှစ်မှာ မြို့စားရဲ့ အိမ်တော်ဝန် ဆာမူရိုင်းတစ်ဦးရဲ့ သားတွေကို ကျောင်းပို့ရတဲ့ အလုပ်ကိုရလို့ မြို့တက်လုပ်တယ်။ ကလေးတွေ စာသင်တော့ အခန်းဝကနေ နားထောင်ရင်း စာတွေလိုက်ပြီး ကျက်မှတ်တယ်။ အဲသလို စာသင်ချင်လို့ သူ့အိမ်ကို ညီနဲ့ ထားခဲ့တာပါပဲ။ အိမ်တော်ဝန်နဲ့ အတူနေရင်း အိမ်တော်ဝန်ထမ်းတွေ စုပေါင်းပြီး ငွေစုငွေချေးသင်း ထောင်တယ်။ လိုတဲ့လူကို ငွေထုတ်ချေးတယ်။ ပြန်ဆပ်ရင် ကျေးဇူးဆပ်တဲ့အနေနဲ့ အတိုးပေးတဲ့သဘောမျိုးနဲ့ တတ်နိုင်သလောက် ငွေထည့်ရတယ်။ ဒီနည်းနဲ့ အိမ်တော်ဝန်ရဲ့ စီးပွားရေးချွတ်ခြုံကျတာကို ပြန်မတ်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် ကင်းဂျိရော သတင်းကြီးလာတယ်။
အသက် ၃၁ နှစ်မှာ ကင်းဂျိရော အိမ်ထောင်ပြုတယ်။ ဇနီးကို ရွာမှာပစ်ထားခဲ့ရလို့ ဇနီးက သူ့မိဘအိမ် ပြန်သွားတယ်။ ကလေးလည်း အဖတ်မတင်ဘူး။ ကင်းဂျိရောက သူ့မှာရှိတဲ့ မြေ ၈ ဧကလောက်ကို ညီနဲ့ လွှဲထားတယ်။ အိမ်တော်ဝန်ရဲ့ စီးပွားရေးကို စီမံကိန်းချပြီး ကူညီထူထောင်ပေးတာကို သဘောကျလို့ မြို့စားမင်းကလည်း မြို့တစ်မြို့ကို အစမ်းပြန်လည်ထူထောင်ခိုင်းတာ အောင်မြင်ပြန်တယ်။ လယ်ယာကိုသာမက စိတ်ကိုလည်းထွန်ယက်ရမယ် ဆိုပြီး လူထုကိုလည်း ဆုပေးဒဏ်ပေးစနစ် သဘောမျိုးနဲ့ စည်းရုံးလုပ်ဆောင်နိုင်လို့ ၁၀ နှစ်စီမံကိန်းကို ၉ နှစ်နဲ့ အောင်မြင်ခဲ့တာပါတဲ့။
ကင်းဂျိရောရဲ့ စည်းရုံးလုပ်ဆောင် အောင်မြင်ပုံ သတင်းကြီးလို့ အသက် ၅၆ နှစ်မှာ ဘုရင့်ဘဏ္ဍာတော်တိုက် အမှုထမ်းအဖြစ် ခန့်အပ်ပြီး မြစ်ရေလွှဲ တူးမြောင်းကြီးတစ်ခု ဆောက်လုပ်ရေးစီမံကိန်းဆွဲဖို့ တာဝန်ပေးခံရတယ်။ စီမံကိန်းမှာ တူးမြောင်းလမ်းကြောင်းကျတဲ့ နယ်မြေအတွင်းက ကျေးရွာတွေကို ရွှေ့ရမယ်။ ထုံးစံအတိုင်းဆိုရင် (မြန်မာစစ်အစိုးရလို) ဖယ်ကြ ဆိုပြီး အမိန့်ချရမှာပဲ။ ဒါပေမယ့်  ကင်းဂျိရောက ရွာတွေကို ရွှေ့ဖို့ စနစ်တကျ နေရာချထားမယ်။ အခြေပျက်သွားတာကို အချိန်ပေးပြီး ပြန်လည်ဖွံ့ဖြိုးအောင် ထူထောင်မယ်။ ပြီးမှ သူတို့လုပ်အားနဲ့ တူးမြောင်းဖေါက်မယ်လို့ စီမံကိန်း ရေးဆွဲတယ်။ ဘုရင့်အိမ်တော်ဝန် ဆာမူရိုင်းစစ်ဗိုလ်တွေက မြန်မာစစ်ဗိုလ်တွေလိုပဲ ပညာရှင်ရဲ့ စီမံကိန်းကို မစောင့်နိုင်ဘူး။ အမြန်လုပ်၊ အမြန်မျက်နှာရချင်တယ်။ မြို့ ၅ မြို့က လူ ၅၀၀၀ အင်အားကို ချက်ချင်းစု လက်ငင်းလုပ်ခိုင်းတော့ မအောင်မြင်တော့ဘူး။ အသုံးမပြုလိုက်ရတဲ့ ကင်းဂျိရောရဲ့ စီမံချက်နဲ့ နည်းပညာတွေကတော့ နောင်လာနောက်သားတွေအတွက် နည်းယူစရာ ကျမ်းတဆူအဖြစ် အမြတ်ကျန်ရစ်တယ်။

          နောက်တစ်ခါ ၃၁ ရွာ ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဖို့ တာယန်ယူရပြန်တော့ ကျန်းမာရေး မကောင်းတော့ဘဲ ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်တော့လို့ အသက် ရ၀ လောက်မှာ ကွယ်လွန်တယ်။ အသက် ၁၉ နှစ်က စပြီး ရေးခဲ့တဲ့ နေ့စဉ်မှတ်တမ်းတွေ ကျန်ရစ်တယ်။ သူ့တပည့်တပန်းတွေ နောက်လိုက်နောက်ပါတွေက အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီး သူ့စာပေနဲ့ သူ့အတွေးအခေါ်တွေကို စုဆောင်းလေ့လာ ကျင့်သုံးခဲ့ကြတယ်။ ခေတ်သစ်ဂျပန်ပြည် တိုးတက်ရေးရဲ့ တွန်းအား ဖြစ်စေခဲ့တယ်။
          မြန်မာလူမျိုးတွေက ဝန်ဇင်းမင်းရာဇာ၊ ကင်းဝန်မင်းကြီး၊ ယောမင်းကြီး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်အောင်ဆန်းစတဲ့ သုခမိန်တွေရဲ့ စာပေနဲ့ အယူအဆတွေကို စုစည်းလေ့လာတဲ့ အဖွဲ့အစည်းလည်းမရှိ၊ လေ့လာ ဖော်ထုတ်တာလည်း မရှိ။ စာကို ကောင်းကောင်းမသင်ခဲ့ရတဲ့ ကင်းဂျိရောလို လယ်သမားဆင်းရဲသားကတောင် စာတတ်ပေတတ်ဖြစ်ပြီး ထိပ်တန်းရောက်အောင် ကြိုးစားနိုင်ခဲ့ရင် ငါတို့လည်း ဘာကြောင့်မဖြစ်ရမှာလဲလို့ တွေးပြီး နိုင်ငံငြိမ်းချမ်းခေတ်မီအောင် အားထုတ်ကြရမှာပါ။ ဥိးအောင်ဆန်းပြောခဲ့ဖူးသလို ပြဲနေအောင် လုပ်ကြရမှာပါ။
မြန်မာကင်းဂျိရောတွေ အများကြီး ထွက်ပေါ်ပါစေ။
မေနှင်းလဲ့မွန်ကလည်း ဂျပန်စာပေက စာကောင်းပေကောင်းတွေ ဘာသာပြန်နိုင်ပါစေ။ 

Sunday, November 28, 2010

စာဖတ်သူမှပေးစာ - ဘာလဲဟဲ့မောင်စွမ်းရည်

ဆရာရေ
ရိုသေလေးစားစွာဖြင့် စာရေးတောင်းပန်အပ်ပါသည်။

ဆရာ၏ ဘာလဲဟဲ့ ဆောင်းပါးများကို အင်တာနက်ပေါ်တွင် ကြိုးကြားကြိုးကြား ဖတ်မိသော်လည်း အကုန်လုံးမဖတ်ဖြစ်ပါ။ ဘာလဲဟဲ့ ဆောင်းပါးများ စာအုပ်ထွက်လာ၍ ဆရာ့ထံမှ ကိုညွန့်သန်းနှင့်လူကြုံပါး စာအုပ်ကို ၂၀၀၇ခုနှစ်ခုထဲက ရရှိထားသော်လည်း တော်ရုံနှင့်မဖတ်ဖြစ်ဘဲ ကင်းဂျိရောစာအုပ်ဘာသာပြန်ပြီးကတဲက ကျမသိချင်နေသည့် ဗုဒ္ဓ၏ နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့ လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကားရေး concept သဘောတရားတွင် မမြင်လိုက်သော မြုပ်နေသော ကွက်လပ် puzzle တခုကို တရားခွေတွေထဲ တရားစာအုပ်တွေထဲမှာ မဲရှာနေမိခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည် မလွတ်ခင် လူငယ်မျိုးဆက်သစ်များကို twitter ဖြင့် leverage လုပ်ရန် ထုတ်ပြောလာသောအခါ ဆရာ့စာအုပ်ကို ပြေးသတိရ၍ ဆုံးအောင် ဖတ်မိရလေတော့သည်။

ဆရာညွှန်းထားသော ကမ္ဘာပေါ်တွင် အစဆုံးသော လူ့အခွင့်ရေးခေါင်းဆောင်မှာ ဗုဒ္ဓဖြစ်သည် ဟု တိတိကျကျရေးထားသည်ကို ဖတ်ရသဖြင့် အလွန်သဘောကျမိပါသည်။ ရှာနေသော puzzle တွေ့သွားပါသည်။

ဆရာ့စာအုပ်သည် အရပ်သားသုံးသပ်ထားသော မြန်မာ့ဒီမိုကရေစီရေးဟုဆိုသော်လည်း ကျမအမြင်တွင် ဒီမိုကရေစီဘက်တော်သားတိုင်းကိုင်ရမည့် manual လက်စွဲစာအုပ်ဖြစ်သည်။

ဤစာအုပ်ကိုသာ အရေကျိုသောက်နိုင်ပါက လူတိုင်းသည် အရံဒေါ်စု၊ ကေဒါဒေါ်စု၊ ခေါင်းဆောင်ဒေါ်စုဟူ၍ တဖြေးဖြေးဘဝပြောင်းလာနိုင်ပါသည်။
ဘယ်သူက ဘယ်နေရာမှာ ဘယ်အချိန်မေးမေး လမ်းမပျောက်နိုင်တော့ပါ။

ကျမတို့ ဆရာညိုနှင့် နိုင်ငံရေးအကြောင်း စကားစမြီပြောကြရာ ဒီပြဿနာတွေ ဆရာစွမ်းစာအုပ်ထဲမှာ အဖြေရှိပြီးသားဟု ညွှန်းရပါသည်။
အထူးသဖြင့်-
အစထဲက မရိုးတဲ့ အစိုးရ
မဟုတ် မဟုတ် မဟုတ်….မီးရထား
နိုင်ငံရေး နဲ့ ပုဂ္ဂိုလ်ရေး
ဟီးရိုးဝေါရှစ်
ရန် နဲ့ ငါ
ဒေါ်စုအား စေတနာနှင့် အကြံပေးဝါဿနာပါကြသူ မြန်မာများ
Media ဘက်မလိုက်ခြင်းနှင့် အမှန်တရားဖော်ပြခြင်း
ဗုဒ္ဓဘာသာကြောင့် ဒီမိုကရေစီရေး နှောက်နှေးခြင်းမဟုတ် စသည်များ…
ကျေးဇူးတင်စွာဖြင့်-
ဋ္ဌေးဋ္ဌေးကြည်  ၁၁၊၂၇၊၂၀၁၀။

Thursday, November 18, 2010

Book Review: George Orwell, "Animal Farm "


It was in 2005.
Han was 4th grader at Cherry Chase Elementary School. He had prepared all his writings in the academic year into a book as it to be ready for publish.
In Burma, we have the same that project experience when we do a term paper before graduate.
These are some of his writings. 

Meet the Author