Chamber
of Commerce and Sister Cities International Culture
ကုန်သည်များအသင်းယဉ်ကျေးမှုသည် ၁၅၉၉ခုနှစ် ပြင်သစ်ပြည် မာဆေးလ်မြို့ကုန်သည်ကြီးများက
စခဲ့ပြီး အမေရိကန်ပြည်၌မူ ၁၇၆၈ခုနှစ်တွင်
နယူးယောက်မြို့ကုန်သည်ကြီးများက
စခဲ့ကြခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကုန်သည်ကြီးများအသင်းသည် ၁၉၁၉ခုနှစ် ဗြိတိသျှကိုလိုနီလက်ထက်တွင်
ထူထောင်ခဲ့ပေ သည်။
![]() |
Marseille Chamber of Commerce |
ယေဘူယျအားဖြင့် ကုန်သည်များအသင်းသည် ပရဟိတ အသင်းတစ်မျိုးသာလျှင်ဖြစ်ပြီး
အသင်းဝင်များအား၎င်း၊ စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်လိုသူတို့အား၎င်း၊ လိုအပ်သော
သတင်းအချက်အလက်များ ရှာဖွေကူညီရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းတစ်ခုစတင်ရန်အတွက် ကုမ္ပဏီဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကျင့်ဝတ်များ၊ ရောင်းခြင်း ဝယ်ခြင်းဆိုင်ရာ
ဈေးကွက် အဆက်အသွယ်များ၊ အခွန်နှင့်သက်ဆိုင်သော ကိစ္စရပ်များ၊ အလုပ်သမားများရေးရာကိစ္စရပ်များ၊
မိမိလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရန် ငွေကြေးဆိုင်ရာ အထောက်အပံ့များ၊ နည်းပညာများကို လက်တွေ့ကျကျ
ဆက်သွယ်ပေးနိုင်သော ဌာနဖြစ်သည်။
၎င်းအပြင် ဒေသတွင်းသာမက နိုင်ငံတကာအဆင့် အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးမှု
စီမံကိန်းများတွင် ပါဝင်ပတ်သက်သောကြောင့် အစိုးရက စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ဥပဒေများချမှတ်ရာတွင်
လုပ်ငန်းရှင်များဖက်မှ အကျိုးစီးပွားကို အရေးဆိုပေးသော ကိုယ်စားလှယ်လည်းဖြစ်ပေသည်။
ကုန်သည်များအသင်းသည် လုပ်ငန်းရှင်များအတွက် ဖွဲ့စည်းထားသည်ဟု
ဆိုသော်လည်း စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများသည် တိုက်ရိုက်ဆက်နွယ်နေသောကြောင့်
စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပါမှ လူများ၏စားဝတ်နေရေး လူနေမှုအဆင့်အတန်း မြင့်မားလာနိုင်မည်ဖြစ်ရာ
လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်လုံး လုံခြုံမှုရှိရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ သဘာဝဘေးအန္တရာယ်များ
ကြိုတင်ကာကွယ်ရန်၊ စီမံကိန်းများ၊ ဥပဒေပြုမှုကိစ္စရပ်များတွင်ပါ အစိုးရနှင့်အတူ ပူးတွဲပါဝင်ကြရလေသည်။

ကမ္ဘာ့မွေးချင်းမြို့တော်များ ယဉ်ကျေးမှုသည် ၁၉၅၆ခုနှစ် အမေရိကန်သမတ အိုင်စင်ဟောင်ဝါလက်ထက်မှ စတင်ခဲ့သော လူတစ်ဦးချင်းမှ လူတစ်ဦးချင်းဆီသို့ တည်ဆောက်သော အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာပြည်သူများအကြား သံတမန်ဆက်ဆံရေးဖြစ်သည်။ မြို့ပြဆိုင်ရာအဆင့်ဖြင့် ယဉ်ကျေးမှုကိစ္စရပ်များတွင် အပြန်အလှန် နားလည်မှုရကာ စီးပွားဖွံ့ဖြိုးရေးကိစ္စရပ်များတွင် နိုးကြားတက်ကြွလာအောင် ပူးပေါင်းကူညီပေးခြင်းဖြင့် လူသားအချင်းချင်း အကြား ငြိမ်းချမ်းသော တိုးတက်သော ကမ္ဘာကြီးကို တည်ဆောက်ရန် ရည်ရွယ်ခဲ့ပေသည်။
ကမ္ဘာ့မွေးချင်းမြို့တော်များကော်မီတီသည်လည်း
ပရဟိတ အသင်းတစ်ခုသာလျှင်ဖြစ်ပြီး အသင်းအဖွဲ့တခုခုကသော်၎င်း၊ လူတစ်ဦးချင်းကသော်၎င်း
ကမ္ဘာ့မွေးချင်းမြို့တော်များကော်မီတီသို့ အသင်းဝင်နိုင်လေသည်။ http://www.sister-cities.org/ ကမ္ဘာ့မွေးချင်းမြို့တော်များကော်မီတီတွင်
လက်ရှိအမေရိကန်သမ္မတသည် ဂုဏ်ထူးဆောင်ဥက္ကဌဖြစ်သည်။
ကမ္ဘာ့မွေးချင်းမြို့တော်များကော်မီတီသည်
အသင်းဝင်များအား မိမိတို့ သက်ဆိုင်ရာ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ စီမံကိန်းများ
အကောင်အထည်ဖော်ရာတွင် လိုအပ်သော သတင်းအချက်အလက်များ၊
ငွေကြေး၊ နည်းပညာ အထောက်အပံ့များကို အကူအညီပေးလေသည်။
အသင်းဝင်များသည်
ကမ္ဘာ့မွေးချင်းမြို့တော်များကော်မီတီက ကျင်းပပြုလုပ်သော ကမ္ဘာအရပ်ရပ်ရှိ အားကစား၊ အနုပညာ၊
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အစီအစဉ်များတွင် ပါဝင်ခွင့်၊
ဆွေးနွေးခွင့်၊ နှီးနှောဖလှယ်ခွင့် ရကြလေသည်။
၎င်းအပြင်
မိမိတို့မြို့ကို နိုင်ငံရပ်ခြားရှိမြို့တခုခုနှင့် မွေးချင်းမြို့ချင်း သံတမန်ဆက်ဆံရေး
တည်ဆောက်နိုင် ပေသေးသည်။ နှစ်ဖက်မြို့တော်ဝန်များက တရားဝင် သဘောတူညီချက် လက်မှတ်ရေးထိုးကြကာ
ချစ်ကြည်ရေး တည်ဆောက်ကြခြင်းဖြစ်သည်။ နှစ်ဖက်မြို့တော်မှ စီမံခန့်ခွဲရေးအရာရှိများ၊
ဥပဒေပြုရေးအရာရှိများ၊ ကုန်သည်ကြီးများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ တတ်သိပညာရှင်များ၊
ပရဟိတအသင်းများမှ ကိုယ်စားလှယ်များက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်၍ ၂နိုင်ငံလူမှုအသိုင်းအဝိုင်း
ဖွံ့ဖြိုးတိုးတက်စေရန် အခက်အခဲများကို လက်တွဲ၍ အဖြေရှာကြခြင်းဖြစ်သည်။
ဤယဉ်ကျေးမှုသည်
ကမ္ဘာတဝှမ်း အတော်ရေပမ်းစားလာကာ နှစ်နိုင်ငံချစ်ကြည်ရေး ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်
တစ်တပ်တစ်အားဖြင့် နိုင်ငံတော်အစိုးရများအား အထောက်အကူ ပြုလျှက်ရှိပေသည်။
ဆန်ဖရန်စစ္စကိုမြို့သည်
၁၉၅၇ခုနှစ်မှစတင်၍ အိုဆာကာမြို့နှင့် မွေးချင်းမြို့များအဖြစ် ချစ်ကြည်ရေးခရီး တည်ဆောက်လာခဲ့ရာ
၂၀၁၂ခုနှစ်တွင် ကမ္ဘာအရပ်ရပ်၌ မွေးချင်းမြို့ပေါင်း ၂၁မြို့ရှိသွားခဲ့ပြီဖြစ်သည်။
ဆန်ဖရန်စ္စကိုမြို့သည်
ကမ္ဘာပေါ်တွင် လူမျိုးစုပေါင်းစုံ အများဆုံး အခြေချနေထိုင်ရာမြို့ဖြစ်ပြီး၊ ယဉ်ကျေးမှုအစုံဆုံး၊
နည်းပညာအတိုးတက်ဆုံး၊ အတီထွင်နိုင်ဆုံး၊ သဘာဝပတ်ဝန်းကျင်ကို ဂရုအစိုက်ဆုံး၊ အမျိုးသမီးများအခွင့်အရေးကို
အာမအခံဆုံး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့မိသားစုဝင်တစ်ဦးချင်း အခွင့်ရေးကို ဂရုအစိုက်ဆုံးမြို့အဖြစ်
သမိုင်းမှတ်တိုင်များ စိုက်ထူနိုင်ခြင်းမှာ ကမ္ဘာ့မွေးချင်းမြို့တော်များ ယဉ်ကျေးမှု
တည်ဆောက်နိုင်ခြင်း တစ်နည်းအားဖြင့် အစိုးရကြောင့် မူဝါဒကြောင့်မဟုတ်ပဲ မြို့သူမြို့သားများကြောင့်သာ
ဖြစ်ပေသည်။
ဆန်ဖရန်စ္စကိုမြို့သည်
မြန်မာပြည်သူတို့နှင့် တစ်သားတည်း ရပ်တည်ကာ ၁၉၉၆ခုနှစ်က မြန်မာပြည်ထွက်ကုန်စည်များကို
ပိတ်ခဲ့သော မြို့လည်းဖြစ်ပေသည်။
ယခုနှစ် စက်တင်ဘာလတွင်
ဆန်ဖရန်စစ္စကိုမြို့သို့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည် အလည်အပတ် လာရောက်သည်မှအစပြု၍ ဆန်ဖရန်စစ္စကို မြို့သူမြို့သားများက ပွင့်လင်းလာသော မြန်မာနိုင်ငံ၏ ရန်ကုန်မြို့တော်သူ
မြို့တော်သားများနှင့် နှစ်နိင်ငံ ချစ်ကြည်ရေး၊ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းရပ်များတွင်
အားပေးကူညီ၊ ပူးပေါင်းပါဝင်နိုင်ရန် ကြိုးပမ်းလျှက်ရှိပေသည်။
ယခုလကုန်တွင်
မြို့တော်ဝန်ကတော် မစ္စစ် အနီးတာလီးဦးဆောင်သော ဆန်ဖရန်စစ္စကို-ရန်ကုန် မွေးချင်းမြို့တော်
ရှေ့ပြေးကော်မီတီအဖွဲ့သည် ရန်ကုန်သို့ သွားရောက်ကြမည်ဖြစ်သည်။ မြန်မာပြည်သူများ၏ အခက်အခဲ
လိုအပ်ချက်များကို နားထောင်ကြမည်။
မောင်နှစ်မ မတော်ရသေးသော ရန်ကုန်မြို့တော်သူမြို့တော်သားများ၏ နှလုံးသား တံခါးများကို ဆန်ဖရန်စစ္စကိုမြို့သူမြို့သားများက မျှော်လင့်ချက်သော့များ၊ ငြိမ်းချမ်းရေးသော့များဖြင့် စတင် ဖွင့်လှစ် လာနိုင်မည်ဟု ယုံကြည်ရပေသည်။
၁၁၊ ၁၅၊ ၂၀၁၂။
No comments:
Post a Comment