ဒေသခံလူများတွင် ငှက်ဖျားရောဂါကျရောက်နေပြီး “ဖျားတယ် ဖျားတယ်”ဟုဆိုကာ တဆတ်ဆတ် တုန်ပြီး အဖျားတက်နေသော လူနာများက တဖွဲဖွဲရောက်လာကြလေသည်။ ထိုအချိန်တွင် ကျွန်တော့်လက်ထဲတွင် တပ်ခွဲနှင့်မဆိုင်သော ကွီနိုင်ဆာလဖိတ်ဆေးများက ဓါတ်ဆီတိုင်ကီနှင့် အပြည့်ရှိနေသောကြောင့် မပူမပင် မကြောင့်ကြရပဲ ဆေးပေးနိုင်ခဲ့လေသည်။ လူနာများသည် အဖျားသွေးကျသွားသည်နှင့် တပြိုင်နက် ရောဂါပျောက်ပြီဟုယူဆ၍ ဆေးကိုဆက်မသောက်ပဲ ရပ်ပစ်လိုက်ကြသည်။
သွေးစစ်ဆေးခြင်းမပြုလုပ်ပဲ ဆေးမီးတိုဖြင့် ကုသ သကဲ့သို့ဖြစ်သော်ငြားလည်း လူနာများအကြားတွင်မူ ကျေးဇူးတင်စွာဖြင့် သစ်သီးဝလံများယူဆောင်လာခြင်း၊ တခါတရံတွင် “ဆရာဝန် လုံချည်ဝတ်ပါ”ဟူ၍ လုံချည်များယူဆောင်လာသူကလည်း မရှားပေ။
ကျွန်တော့်အတွက် ယူလာကြခြင်းဖြစ်သော်လည်း တခုမျှ ကျွန်တော့တဦးတည်း ကိုယ်ကျိုးအတွက် အသုံးမချခဲ့ပါ။ ရဲဘော်များနှင့် လုပ်ဖော်ကိုင်ဖက်များကို မျှဝေခြင်း လိုအပ်နေသူကို ပေးဝေခြင်းပြုခဲ့ပါသည်။ ဤကဲ့သို့ အကျိုးလို၍ ညောင်ရေလောင်းခဲ့ခြင်းလည်း မဟုတ်ပါ။
တရက်တွင် တပ်ခွဲမှူးက ကျွန်တော့အား-
“အီနာဂခိစံ၊ ဒေသခံလူတွေကို ဆေးတွေ သိပ်ပေးမနေနဲ့။”ဟု တားမြစ်လာလေတော့သည်။ ၄င်းအပြင် အလွန်အရေးကြီးသော တပ်ခွဲပိုင် ဆေးများကို အရေးမပါသောနေရာတွင် အလွဲသုံးစားပြုနေသည်ဟူသော မည်သို့မျှ မစဉ်းစားမိသော ပြဿနာ တက်လာလေသည်။
ကျွန်တော်တို့ ချီတက်ရာလမ်းတွင် ပိုင်ရှင်မဲ့ ဆေးဝါးပစ္စည်းထုပ်များကို အမြောက်အများ တွေ့ရှိရပြီး သယ်ဆောင်လာခဲ့သည်။ ထိုမြန်မာမြေပေါ်မှဆေးဝါးများကို မြန်မာလူမျိုးအား ပြန်လည်ဝေငှကုသခြင်းကို မှားသည်ဟုပြောသည်နှင့် တူနေပေသည်။ သယ်လာခဲ့သော ဆေးဝါးများကြောင့် အထူးသဖြင့် Emetine hydrochloride ဆေးပြားများသည် ရဲဘော်အများအပြားတွင် ကျရောက်နေသော dysentery အစာအိမ်နှင့်ပတ်သက်သော ဝေဒနာကို ကုသနိုင်ခဲ့သည်ကို မသိကျိုးကျွန်ပြုနေသည်။ ရှာကြံ အကျယ်ချဲ့ အပြစ်တင်နေသဖြင့် သူ့တားမြစ်ချက်ကို လျစ်လျှူရှုပြီး ဆေးဝါးများ ဆက်ပေး ကုသ နေလိုက်သည်။
ကျွန်တော်တို့ မြန်မာပြည်မသို့ ဝင်ရောက်ပြီးနောက် လမ်းတွင်တွေ့ခဲ့သော ဆေးဝါးသေတ္တာများကို သယ်ဆောင်လာခဲ့ကြသည်။ တပ်ခွဲ၏ဆေးဝါးပစ္စည်းများ အခြေအနေကို စိုးရိမ်မိသည်ကတကြောင်း သယ်/ပို့တပ်ဖြစ်သည့်အတွက် အခက်အခဲမရှိသည်ကတကြောင်းတို့ကြောင့် ဖြစ်သည်။
ထိုအချိန်က သယ်လာခဲ့သော ဆေးဝါးများမှာ Trianon, ProntoZeal Al Bazille, Gerizon (sulpha drugs), Colamine, Djigitamin (cardiac), Metaporin, Superuzon, Bitashimin (vitamins), Zaruso Gureran , Zaruso Burokanon, Cologne Dan (analgesia အဖျားကျဆေး) Salvarsan (antisyphilitic agents) နှင့် အခြား other analgesic agents အဖျားကျဆေးများ၊ ထိုးဆေးများ အစာအိမ်နှင့်သက်ဆိုင်သော oral medicine antiflatulent များအပြင် အာဂျီနိုမိုတို အချိုမှုန့်များ၊ ပန်းသီး အပြည့်ပါသော သေတ္တာပါ ပါဝင်လေသည်။
ဤဆေးဝါးအများအပြားကို တပ်အတွက်ချည်းအသုံးပြုခဲ့ပြီး ဒေသခံလူများအတွက် အသုံးပြုသည်မှာ တကယ်တော့ မဖြစ်စလောက် အရေအတွက်မျှသာဖြစ်လေသည်။
တကယ့်အနှစ်သာရမှာ မီဆောဟင်းချိုရောင်ပေါက်နေသော ရေနောက်ကို အတူသောက်ခဲ့ကြရသော ရဲဘော်ရဲဘက်များနှင့် လယ်ကွင်းထဲတွင် စားသောက်ကြရသည်က ပျော်စရာဖြစ်ခဲ့ပြီး ယခုအချိန်အထိ စိတ်ဝမ်းကွဲသူဟူ၍ တယောက်မျှမရှိခြင်းပင်။ ရဲဘော်များကလည်း ကျွန်တော့လုပ်ရပ်ကို ကျေနပ် ဝမ်းသာကြလေသည်။
ရမည်းသင်းတွင် တင်ပါးဆုံ၌ နဗ်ကြောကြောင့် နာနေသော အဖွားအိုတယောက်အား Metaborun ဆေးထိုးပေးခဲ့ရလေသည်။ ထိုအဖွားအိုမှာ ရှေ့နေ မောင်သိန်း၏အမေဖြစ်ပြီး ကျွန်တော်ပြန်သည့်အခါ ရန်ကုန်တွင် ပြန်တွေ့ကြပြီး ဝမ်းသာစွာဖြင့် ကျွေးမွေးဧည့်ခံလေသည်။
မြန်မာပြည်တွင် ခလေးမွေးပေးရခြင်း
အထက်အရာရှိ ဒေါက်တာ ယာနာဂိတထံမှ “ ခလေးမွေးရခက်နေလို့ ချက်ချင်းလိုက်သွားပြီး မွေးပေးလိုက်ပါ။” ဟု အခေါ်လွှတ်ခံရသဖြင့် လိုက်သွားရလေသည်။
မိသားစုဝင်များအား “ကျွန်တော် ဂျပန်နည်းဖြင့် မွေးပေးမယ်။” ဟု အကျိုးအကြောင်း ရှင်းပြပြီး စစ်ဆေးသည်။
သားအိမ်မညှစ်နိုင်သဖြင့် Pitsuitorin ဆေးထိုးပေးလိုက်ရာ မြန်မြန်နှင့် သက်သက်သာသာ မွေးဖွားလာလေသည်။ မိသားတစုလုံး ပျော်ရွှင်ကြည်နှုးကြလေသည်။ ဤခလေးသည် ၁၂ယောက်မြောက်ဖြစ်၏။ “ဒီထက်ပိုပြီးမွေးရင် အသက်အန္တရာယ်ထိခိုက်လာမှာစိုးလို့ သားကြောပါဖြတ်ပေးပါ။”ဟု တောင်းဆိုသဖြင့် ၄င်းကိစ္စကို မီးတွင်းကာလပြီးမှ ပြုလုပ်ရန် ပြောပြီးပြန်လာခဲ့သည်။

မီးဖွားပြီးနောက်လည်း မိခင်နှင့် ခလေးကျန်းမာရေးကို အကြီမ်ကြိမ် သွားရောက် ကြည့်ရှုပေးခဲ့ရာ တိုးတက်ဖွံ့ဖြိုး ကျန်းမာကြလေသည်။
ထိုအချိန်တွင် တပ်မှ ရခိုင်စစ်ဆင်ရေးအတွက် ရွှေ့ပြောင်းရန်ကိစ္စဖြစ်လာလေရာ သားကြောဖြတ်ရန်ကိစ္စကို မဆောင်ရွက်ဖြစ်တော့ပဲ ရမည်းသင်းမှထွက်ခွါလာရလေသည်။
ရမည်းသင်းမှထွက်ခွါသည့်နေ့တွင် ဘူတာရုံ၌ မြန်မာလူမျိုးအမြောက်အများ လာရောက်နှုတ်ဆက်ကြလေသည်။ ထိုအထဲတွင် မီးနေသယ်လူနာ တမိသားစုလုံးပါဝင်လေ၏။
“ဒါ မြန်မာလူမျိုးတွေရဲ့ အကာအကွယ် အစောင့်အရှောက်ပဲ။”ဟုဆိုကာ ဗုဒ္ဓရုပ်ပွားတော်အသေး ၂ဆူပေးလေသည်။ ယုံယုံကြည်ကြည်ဖြင့် ဆုတောင်းလျှင် ဗုဒ္ဓက ကာကွယ်စောင့်ရှောက်လိမ့်မယ်ဟု ရှင်းပြလေသည်။
သူမမိသားစု တစုလုံး၏ နွေးထွေးသော မေတ္တာကိုခံယူလျှက် ရထားမထွက်မှီအထိ တောက်လျှောက် အတူရှိနေကြလေသည်။ ဤ ဗုဒ္ဓရုပ်ပွားတော်များသည် ယခုအခါတွင် ကျွန်တော့အိမ် ဘုရားစင်၌ သပ္ပါယ်စွာ စံပယ်တော်မူနေကြပေသည်။
သူမမိသားစု တစုလုံး၏ နွေးထွေးသော မေတ္တာကိုခံယူလျှက် ရထားမထွက်မှီအထိ တောက်လျှောက် အတူရှိနေကြလေသည်။ ဤ ဗုဒ္ဓရုပ်ပွားတော်များသည် ယခုအခါတွင် ကျွန်တော့အိမ် ဘုရားစင်၌ သပ္ပါယ်စွာ စံပယ်တော်မူနေကြပေသည်။
No comments:
Post a Comment