တနေ့က အမေနဲ့
စကားပြောရင်း အမေ့ကို နောက်၂နှစ်လောက် အသက်ရှည်အောင်ကြိုးစားပြီးနေပါအုံးလို့ ပန်ကြားလိုက်တယ်။
အမေက-
“နင်တို့
အိုတဲ့ဒုက္ခအကြောင်း မသိသေးဘူး”
ဟုတ်မှာပဲ။
တဆက်တည်းမှာပဲ ဆန်ဟိုဆေးကျောင်းက ဆရာတော်ဦးသုဇန တရားဟောရင်း မေးတဲ့မေးခွန်းကို သတိရသွားတယ်။
မြန်မာသင်္ဘောသားတယောက်
နိုင်ငံခြားမှာကွယ်လွန်သွားလို့ သူ့မိခင်က သင်္ကန်း၊ ထီး၊ ဘိနပ်အစုံနဲ့ နိုင်ငံခြားဘုန်းကြီးကျောင်းမှာ
လှူပေးပါလို့ ဆရာဦးခင်မောင်ဦးကို အကူအညီတောင်းတယ်။ ဆရာတို့က အိမ်ပြောင်းနေတော့ အလုပ်များပြီး
ဒီအလှူက အထမမြောက်နိုင်ဘူးဖြစ်နေတယ်။ မတင်တင်ဝင်းက စူးမာကို အကူအညီထပ်တောင်းတယ်။ ဒါနဲ့ပဲ
အလှူတခု စူးမာကမ္မကထလုပ်ဖို့ဖြစ်လာတယ်။ ဆန်ဟိုဆေးကျောင်းမှာ အာရုံဆွမ်းကို နန်းကြီးသုတ်၊
ကြာဇံဟင်းခါးလေးချက်ကပ်ပြီး ရေစက်ချ အမျှဝေပေးလိုက်တယ်။ ဆရာတော်က-
“တကယ်က အချိန်တိုင်း
သေနေတာ။ အချိန်တိုင်း အိုနေတာ။ အချိန်တိုင်း နာနေတာ။
သေနေတဲ့ ဒုက္ခ၊
အိုနေတဲ့ဒုက္ခ၊ နာနေတဲ့ ဒုက္ခတွေကို နေ့တိုင်း သတိထားမိလား။”
“ဒုက္ခအနေနဲ့တော့
သတိ မထားမိပါဘုရား။ အသက်၅၀ကျော်လာတဲ့အခါမှာတော့ သေဖက်နီးလာတာ၊ အိုလာတာ၊ နာလာတာကို ပို
သတိထားမိပါတယ်ဘုရား။”
“နာတဲ့ဒုက္ခကိုတော့
လူတိုင်း သတိထားမိကြတယ်၊ အိုတဲ့ဒုက္ခ သေတဲ့ဒုက္ခကိုတော့ သတိမထားမိကြဘူး။”
“တင်ပါဘုရား။
ဒုက္ခက ခံသာနေလို့ သတိမထားမိတာလို့ ထင်ပါတယ်ဘုရား။”
အိုလာနေရက်သားနဲ့
အိုခြင်းဒုက္ခကို မမြင်နိုင်ပါလားလို့ ခေါင်းထဲဝင်လာတယ်။ ဓမ္မဘေရီဆရာတော်က-
“အိုခြင်းက
ဒုက္ခမဟုတ်ဘဲ အိုလို့ အပယ်ခံရတာကို ဒုက္ခအဖြစ်ခံစားရတာ။ အိုပယ်ဒုက္ခ။” လို့ ရှင်းပြပါတယ်။
ဒါနဲ့ပဲ
“မေအို” ပြောတဲ့ စကားတွေကို သတိရသွားတယ်။
မေအိုက ဟင်းခတ်တဲ့အခါ
ဘယ်လက်နဲ့ မခတ်ဘဲ စားနေတဲ့ ညာလက်နဲ့ ခတ်တော့ မြေးတွေက ပူညံပူညံလုပ်ကြတယ်။ မေအိုက-
“ငါ ဒါတွေ(အိုဒုက္ခတွေ)
မယူသွားဘူး။ သေရင် နင်တို့အတွက် ထားခဲ့မယ်။” တဲ့။
အိုခြင်းဒုက္ခပဲခေါ်ခေါ် အိုပယ်ဒုက္ခပဲခေါ်ခေါ် အမေပြောနေတာတော့ ဒီဒုက္ခတွေပဲနေမှာပဲ။
စူးမာတို့
မလိုချင်တဲ့အမွေတွေ တဖြေးဖြေးနဲ့ ရမှန်းမသိ ရလာကြပြီ။
မေအိုက ဆွမ်းတော်စွန့်ဖို့
လှေခါးတက်ရင်း လိမ့်ကျသွားတယ်။ လုပ်နေကျပဲ ဒီလောက်အင်အားကတော့ လုပ်နိုင်မှာပဲ၊ ဒီအင်အားလေး
မြဲနေမှာပဲလို့ ထင်တာပေါ့။ အသက်ကြီးလာတဲ့အခါ အများဆုံးဖြစ်ကြတဲ့ ကိစ္စပါ။ ဦးဏှောက်နဲ့
အာရုံကြောတွေက စက္ကန့်မလပ် သတင်းပို့တာတွေ ဖမ်းယူပြီးအမိန့်ပေးတာတွေ အမြဲ မစီးဆင်းနိုင်တော့ဘူး။
မေ့တာတွေများလာနေပြီ။ ခြေတဖက်လှမ်းပြီး နောက်ခြေတဖက် မလှမ်းခင်မှာ အဆက်ပြတ်သွားတာ။
သတိပြန်ရတော့ ဘယ်လိုလုပ်ပြီး လှေခါးအောက် ရောက်သွားပါလိမ့် ဖြစ်သွားတယ်။
လူငယ်တွေကတော့
ဒါတွေ ဝင်ပူမနေနဲ့ ဝင်ပါမနေနဲ့လို့ ပြောကြမှာပဲ။ ကိုယ်နိုင်တဲ့ တာဝန်လည်း ထမ်းချင်သေးတာကိုး။
ထမ်းနိုင်မယ်လည်း ထင်နေတုန်းပဲကိုး။ မလျှော့ချင်သေးဘူး။
လူတယောက်နဲ့
တယောက် အရေးကြီးတဲ့ကိစ္စခြင်းလဲ မတူကြဘူးလေ။
ကိုယ့်နေရာကနေ
ကိုယ်ကြည့်ပြီး အရေးကြီးနေကြတယ်။ ကိုယ်ကောင်းမယ်ထင်တာ ကိုယ်လုပ်နေကြတယ်။
ဓမ္မဘေရီဆရာတော်က-
“လူတွေကြီးပဲ
ကိုယ်ကောင်းမယ်ထင်တာ ကိုယ်လုပ်တတ်တာမဟုတ်ဘူး။ တိရစ္ဆာန်တွေလည်း သူတို့ ကောင်းမယ်ထင်တာ
သူတို့လုပ်ကြတာပဲ”
“ကောင်းမယ်ထင်လို့
အိပ်တယ်၊
ကောင်းမယ်ထင်လို့
ဟောင်တယ်၊
ကောင်းမယ်ထင်လို့
လျောက်သွားတယ်၊ ဘာထူးလဲ။”
အင်း ဒီလိုဆိုတော့
တိရစ္ဆာန်တွေနဲ့ မတူအောင်နေမှဖြစ်တော့မယ်။
ကိုယ်ပိုင်စည်းကမ်းတွေ
ကိုယ်ပိုင်ဥပဒေတွေ တတ်နိုင်သလောက် လျှော့ပြီး အများအတွက် အဆင်ပြေမယ့် အချိန်၊ နေရာကို
ဦးစားပေးရတော့မယ်။
ကိုယ့် စိတ်ထဲမှာ
အရင်တုန်းကလိုပဲလို့ ထင်နေ စွဲနေတာတွေကို ဖြုတ်ရတော့မယ်။
လုပ်ချင်ကိုင်ချင်တုန်း
ဖြစ်နေသေးတဲ့ ကိုယ့်စိတ်ကို သည်းခံရမယ်။
ဒီတရားတွေမသိခင်က
အမေ့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားခဲ့တာရှိရင် ခွင့်လွှတ်ပါအမေ။
သမီး စူးမာ
(၁၊ ၃၀၊ ၂၀၁၂)
No comments:
Post a Comment