ဧပြီ၁၇ရက်နေ့
အခွန်ရာသီ ပြီးသွားပြီးနောက် လမ်းထွက်ချင်နေမိလေသည်။ ရာသီဥတုကလည်း အမြင့်ဆုံးအပူချိန်
၅၈-၆၅ဒီဂရီဖါရင်ဟိုက်ရှိရာမှ စနေ တနင်္ဂနွေတွင် ရုတ်တရက် ၈၀-၉၀ဒီဂရီဖါရင်ဟိုက်သို့ တက်သွားလေရာ
နွေဦးပေါက်ရာသီမှ ငှက်များကဲ့သို့ အိမ်ထဲတွင် ငြိမ်မနေနိုင်တော့ပေ။
မကြီးသည်
ပူလာသဖြင့် အလွန်ပျော်၍-
“နွေပေါက်လာပြီထင်တယ်
ဂွမ်းစောင်တွေသိမ်းလိုက်တော့မှ။”
“သိပ်မချီးမွမ်းနဲ့အုံး
မကြီးရေ Heat Wave တွေလာနေလို့၊ မေလထဲရောက်တော့မှ ပုံမှန်ဖြစ်မှာ။”
တနင်္ဂနွေနေ့
မနက်၁၀နာရီတွင် အန်တီအိထံမှ ဖုံးဝင်လာ၏။
အန်တီအိသည်
စကာင်္ပူမှာ မလေးတရုတ်နှင့်အိမ်ထောင်ကျပြီး ရောက်လာသူနွယ်နီနှင့် ဂျပန်မှမျိုးမင်းထွဋ်၏
အမေဖြစ်ပြီး လူသေလူဖြစ်ရှင်ဥက္ကဌ၏ဒါယိကာမိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ခရီးသွားခြင်း စာဖတ်ခြင်း အလွန်ဝါဿနာပါသူဖြစ်ပြီး မြန်မာပြည်တွင်းရော နိုင်ငံခြားခရီးပါ အတော်သွားသူဖြစ်လေသည်။
တမလွန်ဘဝများ နတ် ဘိုးတော် ဗေဒင်ယတြာများကို လုံးဝအယုံအကြည်မရှိ။ သူနှင့်ဆန့်ကျင်ဖက်
သမီးဖြစ်သူနွယ်နီနှင့် အန်တီအိ၏မောင်ဖြစ်သူ ကိုသိန်းတိုးတို့သည် နတ်များ အဓိဌာန်များ
ပူဇော်ပသခြင်းများ၊ အလှူဒါနပြုခြင်းများဖြင့် ဝါဿနာထုံကြလေရာ ဤကိစ္စများနှင့်ပတ်သက်လျှင်
နှံ့စပ်ကြလေသည်။
“နွယ် အင်္ဂါနေ့မှာ
ခွဲရမယ်။ ဆေးရုံကဆင်းလာရင် အန်တီအိတော့ တစ်ညသွားစောင့်ပေးလိုက်မယ်။”
“ကောင်းတာပေါ့။
မနေ့က မမမူကတောင် သွား အားပေးရအောင်ဆိုပြီး ဖုံးထဲမှာ massage ထည့်ထားတယ်။ ဌေးဌေးပြန်ရောက်တာ
နောက်ကျနေလို့ ပြန်တောင်မဆက်ဖြစ်သေးဘူး။ မနေ့ကလည်း ဝါဝါတို့ဆွမ်းကြွေးဖိတ်လို့ Fremont
သွားသေးတယ်။ အန်တီအိ ဒီနေ့ ဘယ်မှမသွားဘူးလား။”
“မသွားဘူး။
အခု San Carlos ကနွယ်နီ့အိမ်မှာ။ မနက်ကတောင် သိန်းတိုးက Sacramento က ဘုံကျောင်းမှာ
ဆွမ်းသွားတင်မလို့ဆိုပြီး ခေါ်နေသေးတယ်။ ဝက်ကောင်လုံးကင်တွေရော သစ်သီးတွေရော အကြီးအကျယ်ပဲ။
သူအဓိဌာန်တာအောင်လို့ဆိုပြီး။ မတွေ့ဘူးလား Half Moon Bay ကျောင်း သင်္ကြန်ပွဲမှာလဲ မုန့်ဟင်းခါးစတုဒီသာတွေလှူနေတာ။”
“အော် ဟုတ်လား။
ဟိုနာမယ်ကြီးတယ်ဆိုတဲ့ ဘုံကျောင်းလား။ အမြဲတမ်းမဖွင့်ဘူး appointment နဲ့သွားရတယ် ဆိုတဲ့
ဟာလား။”
“ဟုတ်တယ်
အဲဒီဘုံကျောင်းက နှစ်ပေါင်း၁၀၀ကျော်ပြီဆိုပဲ။ ဒီနေ့ သူတို့ အပွိုင့်မန့်လုပ်ပြီး သွားကြတာ။
အန်တီအိတော့ နွယ်နီနဲ့ပါသွားတာ ၃ခေါက်ရောက်ဖူးတယ်”
“ဟယ် ဌေးဌေး
တစ်ခါမှမရောက်ဖူးသေးဘူး။ မနွယ်လား ဘယ်သူလဲမသိဘူး ပြောသံကြားဖူးတာ။ ဒီနေ့ဖွင့်တယ်ဆိုရင်
သွားကြည့်ရရင်ကောင်းမလားမသိဘူး။ မှီသေးလား ဘယ်သူ့ကိုမေးရမလဲ။”
“နေအုံး သိန်းတိုးကိုဆက်ကြည့်လိုက်အုံးမယ်။”
အန်တီအိဖုံးချသွား၏။ မကြီးအား-
“မကြီး
Sacramento မှာ နှစ်ပေါင်း၁၀၀ကျော်က ဘုံကျောင်းတခုရှိတယ်။ နာမယ်ကြီးတယ်။ စူးမာတခါမှ
မရောက်ဘူးသေးဘူး။ အမြဲတမ်းလည်းမဖွင့်ဘူး။ အပွိုင့်မန့်နဲ့မှ။ အန်တီအိကိုမေးခိုင်းထားတယ်။
သွားမလား။ အန်တီအိပြန်ဆက်လိမ့်မယ်။”
“အေး သွားတာပေါ့။”
အန်တီအိပြန်ဆက်လာ၏။
“သိန်းတိုးက
ကားမောင်းနေလို့ ဖုံးနံပါတ်ကြည့်လို့မရဘူး။ နွယ်နီကလည်း night shiff ဆင်းထားလို့ အိပ်နေတယ်။
နေအုံး နွယ်ကိုမေးကြည့်လိုက်မယ်။ မစိုးလည်းသွားဖူးတယ်ပြောတယ်။”
“ဌေးဌေး မစိုးဆီကို
ဆက်လိုက်မယ်။”
မစိုး ဖုံးမကိုင်။
ဘယ်သူ့ကိုမေးရင် ရမလဲ။ ဦးခင်မောင်ဦး မတင်တင်ဝင်းကိုဆက်ကြည့်မှ။ သူတို့က
Sacramento မှာနေခဲ့တာ။
“အမ
Sacramento ကဘုံကျောင်း ရောက်ဖူးလား။ အပွိုင့်မန့်နဲ့မှဖွင့်တယ်ဆိုတာ။”
“ရောက်ဖူးတယ်
ရောက်ဖူးတယ်။ သွားမလို့လား။ ပိတ်ရက်ဆိုရင် ဖွင့်တတ်တယ်။ ဖုံးဆက်ကြည့်လိုက်။”
“အမ ဖုံးနံပါတ်သိလား။”
“မသိဘူး။
သူ့ website ရှိတယ်။ Bok Kai Temple ခေါ်တယ်။ ဝက်ဘ်ဆိုက်မှာတက်ကြည့်လိုက်။”
ဖုံးချလိုက်ပြီး-
“မကြီးရေ
ဘုံကျောင်းနာမယ်သိရပြီ။ ဝက်ဘ်ပေါ်တက်ပြီး ဖုံးနံပါတ်ရှာလိုက်မယ်။”
ဖုံးဆက်ကြည့်လိုက်ရာ-
“၃နာရီအထိဖွင့်မယ်။
၂နာရီခွဲရောက်အောင်လာ။ နင်တို့ Sunnyvale ကလာရင် အခုချက်ချင်းထွက်မှ ရောက်နိုင်မယ်။
“အိုကေ အခုထွက်လာမယ်။”
ဖုံးချပြီး-
“မကြီး ထမင်းဗူးထည့်။
အခုထွက်မှရမယ်။ ၂နာရီလောက်မောင်းရမှာ။”
Google မှမြေပုံထုတ်ကာ
လမ်းညွှန် print လုပ်နေရပြန်သည်။ ဘုံကျောင်းက မြေပုံတင်ထားသော်လည်း လိပ်စာကိုရေးမထားပဲ
PO Box သာပါ၏။
အိမ်က GPS (Global Positioning System)သည် အလယ်အလတ်စားသာဖြစ်၍ လူသိများသော
လည်ပတ်စရာ၊ ဈေး၊ စာတိုက်၊ ဟိုတယ် စသည်များပါဝင်သော Point of Interest list တွင်ရှာမတွေ့ပါက
လမ်းထဲကျမှ ရွာလည်ကာ ဟိုဖုံးလှမ်းဆက် ဒီဖုံးလှမ်းဆက် ဖြစ်နေလေမည်။ သူ့မြေပုံထဲမှ
SR-65 ကိုသာအကြမ်းပြင်းမှတ်ထားကာ ထွက်ရန်ပြင်ဆင်ရတော့သည်။
အန်တီအိထံမှ
ဖုံးဝင်လာပြန်၏။
“ဌေးဌေးရေ
နွယ်က ဖုံးနံပါတ်မသိဘူး။ နွယ်ဆီမှာ မမမူရောက်နေလို့ သွားဖြစ်ရင် ဆရာ Allan အတွက်ဆုတောင်းပေးခဲ့ပါလို့
မှာနေတယ်။”
မမမူဆီက အော်ဒါတော့ရပြီ။
မနွယ်အတွက်ပါဆုတောင်းပေးရမည်။ သူကသဘက်ခါခွဲရမှာ။ မကြီးသမက် ဖိုးသားလည်း မလေးရှားမှာ
ဆေးရုံတက်နေ၏။
“ဖုံးဆက်လိုက်ပြီ
အန်တီအိ။ မတင်တင်ဝင်းပြောပြလို့ ဝက်ဘ်ဆိုက်ကရတယ်။ အခုထွက်တော့မှာ။ အန်တီအိကို ဝင်ခေါ်မယ်။”
“ဟင် အန်တီအိပါလိုက်ရမှာလား။
ဒါဆိုရင် Nomandy ကိုထမင်းကျွေးလိုက်အုံးမယ်။”
နော်မန်ဒီသည်
၁၂နှစ်အ၇ွယ်ရှိသော နွယ်နီ့သားဖြစ်သည်။
အိမ်ကထွက်တော့
၁၂နာရီ၁၀မိနစ်ရှိနေပေပြီ။ မြေပုံမှ သတင်းအရ အိမ်မှဘုံကျောင်းအထိ စုစုပေါင်း၁၆၄မိုင်မောင်းရမည်။
၂နာရီခွဲနဲ့မရောက်နိုင်။ အန်တီအိကို ဝင်ခေါ်ရအုံးမည်။ ၃နာရီမထိုးခင်တော့ ရောက်အောင်မောင်းရမှာပဲ။
အန်တီအိကိုကြိုပြီးချိန်မှာ
၁နာရီထိုးရန်၁၅မိနစ်။ မှီပါ့မလား မသိ။
မကြီးကိုမြေပုံဖတ်ခိုင်းကာ
၃ယောက်သားထွက်လာကြလေသည်။ US Highway 101 ကနေ San Mateo Bridge ကိုဖြတ်ပြီး CA
Freeway I-880 ပေါ်သို့ရောက်သောအခါ မကြီးက-
“ဟဲ့ ခုမှ
Hayward ပဲရောက်သေးတယ်။ ၃ပုံတပုံတောင်မရှိသေးဘူး ၁နာရီကျော်နေပြီ။”
ကားများကိုကျော်တက်လိုက်
လမ်းရှင်းလျှင် တစ်နာရီမိုင်၈၀နှုံးဖြင့် မောင်းလိုက် အရှေ့အနောက် ရဲကားများကို သတိထားလိုက်ဖြင့်
Oakland ကျော်လာ၏။
I-880 မှ
I-80 သို့ဝင်သောအခါ ဆန်ဖရန်စစ္စကိုနားဖြတ်သည့်အတွက် ရာသီဥတုပြောင်းသွားလေသည်။ အပူချိန်လျော့သွားသဖြင့်
မကြီးက-
“အဲယားကွန်း
ခဏပိတ်ရအောင် ငါချမ်းတယ်။ I-80 ထဲမှာ ၇၇မိုင်တောင်မောင်းရအုံးမှာ အခု၂နာရီထိုးတော့မယ်။”
ဘုံကျောင်းမှ
ဝန်ထမ်းဆီက ဖုံးဝင်လာ၏။
“နင်တို့လာဖြစ်လား။
အခုဘယ်ရောက်နေပြီလဲ။”
“အိုင် ၈၀
ပေါ်မှာ။”
“ဆာကရာမန်တိုရောက်ပြီလား။”
“မရောက်သေးဘူး။”
“နင်တို့
ဘာဖြစ်လို့ နောက်ကျနေတာလဲ။”
“မိတ်ဆွေတယောက်ကို
ဝင်ခေါ်နေလို့။”
“၂နာရီခွဲမှမရောက်ရင်
ငါတော့ တံခါးပိတ်ပြီးပြန်မှာပဲ။”
“မလုပ်ပါနဲ့
ငါတို့က အဝေးကြီးက လာရတာ စောင့်ပါအုံး။ Please Please”
Davis မြို့ရောက်သောအခါ
ဆာကရာမန်တိုနှင့်နီးလာသဖြင့် မြေပုံနှင့်တိုက်ရပြန်သည်။
“မကြီး အိုင်-၈၀ကနေ
နောက် ဘယ်ပြောင်းရအုံးမလဲ”
“Exit 86
လို့ပြောတယ်။” ကိုယ်မှတ်ထားသော SR-65 နှင့် မကြီးဖတ်ပြနေသော Exit 68 ကိုရောသွားကာ လမ်းကြောင်း
68 ဆိုင်းဘုတ်များတွေ့လေမလား ရှာနေရ၏။
ဆာကရာမန်တိုအဝင်တွင်
I-80 နှင့် State Route SR 80 သို့ ၂မျိုးပြနေသဖြင့် ဘယ်ဖက်လိုက်ရမှန်းမသိတော့။
ဓါတ်ဆီကုန်သဖြင့်
ဆီထည့်ရပြန်သည်။
“အန်တီအိ
ဘုံကျောင်းကိုဆက်လိုက်ပါအုံး။ ဆာကရာမန်တိုရောက်နေပြီလို့။” အန်တီအိက-
“သူက နင်တို့
နောက်ထပ်မိနစ်၂၀မောင်းရမယ်။ ၃နာရီမထိုးခင်ရောက်အောင်လာတဲ့။”
“နောက်ထပ်မိနစ်၂၀ဆိုတော့
ဂျပန်လိုဆိုရင် ဂီးရိဂီးရိပဲ။ မှီနိုင်ပါတယ်။”
သို့ရာတွင်
I-86 ကိုမတွေ့ပဲ I-5 ကိုသာတွေ့သဖြင့် မကြီး မြေပုံကြည့်ပါအုံးဆိုတော့-
“အန်တီအိ
ဖတ်ရင်ကောင်းမယ်ထင်တယ်၊ ကျမသိပ်နားမလည်ဘူး။”
“ဟင် အန်တီအိက
မျက်မှန်မပါဘူး။” နွယ်နီကို ဆက်ပြန်၏။
“I-5
Redding ကိုလိုက်ရမှာတဲ့ ပြန်ကွေ့ ပြန်ကွေ့ I-5 Redding ကိုတွေ့လိုက်တယ်။ ပြီးတော့
SR 99 Yuba။ ပြီးရင် SR 70 Marysville။ 3rd Street မှာထွက် ပြီးရင်ညာကွေ့
အဲဒီနား ရောက်ရင် အမေမှတ်မိပြီ ရပြီ ရပြီ”
SR 99
Yuba ထဲဝင်လာတော့၃နာရီထိုးရန် ၁၀မိနစ်သာကျန်တော့သည်။
“ဘုံကျောင်းက
3rd Street မှာတဲ့ လိပ်စာရိုက်လို့ရပြီ။ မကြီး GPS ထုတ်။”
“ဘာနှိပ်ရမလဲ။”
“Main ကိုသွား” ဖေါက်(အသံ)
“Enter
address” ဖေါက်
“Enter
City” ဖေါက်
“M-A-R-Y-S-V-I……” ဖေါက်
“Marysville
ထွက်လာပြီ။ ၃ခုတောင်မှ။”
“CA (ကာလီဖိုးနီးယား)ကိုရွေး။” ဖေါက်
“Street
Name” ဖေါက်
“3rd
Street”
“ငါဘယ်လိုနှိပ်ရမလဲ
ဂဏန်းလဲမတွေ့ဘူး။”
“T-H-I-R-D
နှိပ်ကြည့်။”
“မရဘူးဟဲ့။”
“ဒါဆိုရင် ကီးဘုတ်ကို ဂဏန်းကိုပြောင်းလိုက်။”
“ဘယ်လိုပြောင်းရမလဲ
ရော့ ဒီမှာကြည့်။”
“ဒီမှာလေ
Key board မှာ 123 ပြထားတာ။ အဲဒါကိုနှိပ်။”
မောင်းနေရင်း ကြည့်ရပြန်သည်။ ဖေါက်
“အော် …ပေါ်လာပြီ။
3rd Street, 3rd Ave”
“3rd
Street ကိုယူ။” ဖေါက်
“အိမ်နံပါတ်
ဘယ်လောက်လဲ။”
“မသိဘူး။
နံပါတ်တခုခုနှိပ်လိုက်။”
“123 ထည့်လိုက်ပြီ။” ဖေါက်
“Firstest
Time ကိုရွေး။” ဖေါက်
ပြောနေရင်း ဆိုနေရင်း
SR 70 လမ်းခွဲကို လွန်သွားပြန်သည်။ တနာရီ မိုင်၈၀နှူံးမောင်းနေသဖြင့် လမ်းခွဲတွင် လိုင်းပြောင်းရန်
မမှီလိုက်။ ထိုစဉ် GPS မှ အသံထွက်လာ၏။
“Turn
right onto next 1.5 mile”
“ဟော ရှေ့မှာ
ပြောင်းလို့ရတယ်တဲ့။”
“Turn
left onto SR 70”
SR 70 ပေါ်ရောက်တော့
၃နာရီထိုးနေပြီ။ ဘုံကျောင်းမှ ဖုံးမြည်ပြန်၏။
“We have
to exit 3rd St, right? And D Street, right? Please wait Please.”
“I’ll
wait 5 more minutes.”
ဘုံကျောင်းရောက်တော့
၃နာရီ၁၄မိနစ်။
“ဟိုမှာစောင့်နေတယ်
ပြေးပြေး။”
ဝန်ထမ်းအမျိုးသမီးက-
“ငါ့ကိုဖုံးဆက်တာ
နင်တို့လား။ အတူတူပဲလား။ ငါ့ဖုံးထဲမှာ နံပါတ်၂ခုတွေ့တယ်။ ဧရိယာကုတ် 408 နဲ့ 605။”
“ဟုတ်တယ်အတူတူပဲ။
စောင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”
အထဲရောက်တော့
အန်တီအိက အပြေးအလွှား စာချရန် ဝါးကျည်တောက်ဗူးကို ကိုင်လေသည်။
“No. No.
No, Not like that. You should worship first. ဒီလိုမလုပ်ရဘူး။ ဘုရား(နတ်)ကိုအရင် ကန်တော့ရတယ်။
သူ့ကို မကန်တော့ဘဲ စာချလို့ အလုပ်မဖြစ်ဘူး။ နင်တို့ ဘာလူမျိုးလဲ။ တရုတ်မဟုတ်ဘူးလား။”
“ဟင့်အင်း
ဗမာလူမျိုး။ ဒါငါ့အမ သူဗမာပြည်ကလာတာ။” ထမီဝတ်ထားသော မကြီးကို အားနာလိုငြား မိတ်ဆက်ပေးလိုက်သည်။
သူလည်း နဲနဲပျော့ပြောင်းသွားလေ၏။
“နင်တို့
တစ်ခါမှ စာမချဖူးဘူးလား။”
“ဟင့် အင်း။
ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပါအုံး။”
အန်တီအိက-
“ငါအရင်က
ဒီကိုရောက်ဖူးတယ်။ နင်သိလား မနက်က ဝက်တွေနဲ့လာတာ
ငါ့မောင်ပေါ့။”
“အော် ဟုတ်လား။
နင်တို့ တခါထဲ အတူတူလာရောပေါ့။ ၁၂နာရီမထိုးခင်မှာ ဘုရားကို ဆွမ်းတွေဘာတွေကပ်ရတယ်။ ပြီးမှ
နင်တို့ မေးချင်တာကို ခွင့်တောင်းရတယ်။ အဲဒီမှာ
ခုံတွေရှိတယ်။ အရင်ကန်တော့လိုက်အုံး။”
ခုံပေါ်တွင်
ဒူးထောက်ပြီး ကန်တော့ကြလေသည်။ အန်တီအိ စာချနေသည်ကိုကြည့်၍-
“အန်တီအိ
ဘယ်လိုလုပ်ရတာလဲ။”
“ဒီအတုံး၂တုံးကို
ပြစ်ချလိုက်။ စုံဆိုရင်မရသေးဘူး။ တခုကမှောက် တခုကလှန်မှ ရတယ်။ ပြီးတော့မှ ဒီကျည်တောက်ထဲက
တုတ်တွေကို ခါထုတ်။ တစ်ချောင်းပဲကျရတယ်။ မရရင်ပြန်လုပ်။”
ခဏကြာတော့
အန်တီအိက-
“ရပြီ ဒါ
နွယ်အတွက်။”
“ဌေးဌေးဟာရပြီအန်တီအိ။
၂၆တဲ့။”
“၂၆က ဟောစတမ်းမရှိဘူး။
ပြန်လှုပ်အုံး။”
“အမလေး ဒုက္ခပါပဲ။
အကြာကြီးလှုပ်ရတာ။”
“ဒီမှာ ရပြီ။
ဒါဆရာ အယ်လန်အတွက်။”
မကြီးက- “ငါ့ဟာရပြီ။
နံပါတ်၅။”
“ဟာ စူးမာ(ဌေးဌေး)လဲ
နံပါတ်၅ပဲ။”
ဝန်ထမ်းအမျိုးသမီးအား- “ကျေးဇူးအများကြီးတင်ပါတယ်။ နောက်တခါကျရင်
သေသေချာချာ ဆွမ်းတွေဘာတွေယူလာပါ့မယ်။” အပြင်ဖက်၌-
“မောလိုက်တာ။
ဒီအပြင်မှာ ခဏထိုင်ပြီး ပရိတ်လေးဘာလေးရွတ် ဆာကရာမန်တိုမြို့စောင့်နတ်ကို အမျှဝေရအောင်။”
အန်တီအိက-
“ဒီမှာထိုင်လို့မရဘူး။
ဝင်းအပြင်ထွက်မှ။ သူတံခါးပိတ်ရမယ်။”
“အော် ဟုတ်လား။
အိုကေ။”
နောက်တနေ့
နွယ်နီအိမ်ရောက်လာတော့ ဘုံကျောင်းကိုဝင်လို့ရခဲ့ကြောင်းပြောပြလေသည်။
“အမတို့က
တရုတ်စာဖတ်တတ်လား။”
“ဘယ်ကဖတ်တတ်ရမှာလဲ။”
“ဟင် ဒါဆို
အခုထိ မဖတ်ရသေးဘူးပေါ့။”
“အေး နောက်မှ
ကိုလင်းကြည်အမျိုးသမီး မဂျူးလီဖြစ်ဖြစ် ဒေါ်ထွေးလေးဖြစ်ဖြစ် ကြုံတော့မှဖတ်ခိုင်းလိုက်မယ်။
ဒါနဲ့နေပါအုံး။ စာချတာ ဘယ်လိုချတာလဲ။ င့ါကို အန်တီအိက အဲဒီအတုံး၂တုံးအရင်ပစ်ချဆိုလို့
ငါလည်း ထွေခင်းသလို တခုကမှောက် တခုကလှန် မဖြစ်မချင်း
ပစ်ချလိုက်တာပဲ။”
“အောင်မယ်လေး
သေပါပြီ။ သေပါပြီ။ မတတ်တဲ့လူက မသိတဲ့လူကို ဆရာလုပ်လာတာပေါ့။ ဖြစ်မှဖြစ်ရလေ။”
“ဝါး ဟား
ဟား။”
“အတုံးတွေ
မပစ်ခင် မေးခွန်းမေးရသေးတယ်။”
“ဟုတ်လား။
ငါ ဘာမှ မမေးဘူး။ ဒီအတိုင်းပစ်ပြီး ဒီအတိုင်းပဲလှုပ်ပေးလိုက်တယ်။”
“ဘာမှမမေးရင်
ဒီဟောစတမ်းကို ဘယ်လိုအဓိပ္ပါယ်ကောက်မလဲ။”
“အော် အဲလိုလား။
ဝါး ဟား ဟား ဟား။”
၎၊ ၂၇၊ ၂၀၁၂။
No comments:
Post a Comment