သဘောထားပြည့်ဝသူ တပ်စုမှူး ဒုဗိုလ် ယာမဒါ မိုတိုဟချိ
၁၉၃၇ခုနှစ် သြဂုတ်လတွင်
ယာမဒါသည် စစ်မှုထမ်းရန် တပ်သားစုဆောင်းရာသို့ ရောက်ရှိလာသည်။ ခြေလျင်တပ်မ အမှတ်(၃၄)
(ရှီဇုအိုက)၏တပ်ရင်းတွင် ထောက်ပို့တပ်သားအဖြစ် ရှန်ဟိုင်းစစ်မြေပြင် သို့သွားရောက်ခဲ့ရပြီး
စစ်ပွဲကြီးငယ်များစွာကို နွှဲလာခဲ့ရသူဖြစ်လေသည်။
တပ်မဟာအမှတ်(၃)က တရုပ်ပြည်အလယ်ပိုင်း
ရေကန်မြောက်ဖက်တွင် ယာယီ ဌာနချုပ်အဖြစ် တပ်စွဲထားချိန်တွင် ယာမဒါက ဝူဟန်(Wuhan) မြို့
မြောက်ဖက် တပ်မဟာသို့ ရောက်နေပြီး ပြန်တမ်းအရာရှိ အဖြစ် ခန့်ထားခံရသည်။ ထိုအချိန်တွင်
ပထမအဆင့် အရာရှိလောင်းများ(အနည်းဆုံး အလယ်တန်းအောင်မြင်ပြီး တပ်လေ့ကျင့်ရေးသင်တန်းကျောင်းမှ
အဆင့် အေဖြင့် အောင်မြင်ထားပြီးသူ)စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့လေသည်။
ယနေ့ခတ်တွင် ရှိသော အပိုဆောင်းပြန်ဖြေခြင်း(supplement)
မရှိရကား ဤ စစ်ဆေးမှုသည်မည်မျှခက်ခဲမည်ကို သိနိုင်ပေသည်။ စစ်ဆေးမှုအပြီးတွင် အအောင် အရှုံးကိုလည်း
တလက်စတည်း ကြေညာသည်။
သူသည် နည်းဥပဒေများဘာသာရပ်နှင့်
သက်တမ်းရှည်သော တပ်ရင်းကြီးဖြစ်ရန် အခြားသော ဘာသာရပ် စစ်ဆေးမှုများကို ဖြေဆိုနိုင်ခဲ့သောကြောင့်
တပ်ရင်းတပ်စုမှူးအဆင့်သို့ ရောက်ခဲ့သည်။
ဤသို့ဖြင့် ပထမအဆင့် အရာရှိလောင်းအောင်ပြီးနောက်
မြန်မာပြည်တွင် တပ်ရင်း(၃)၌ ဒုဗိုလ် အဆင့်ဖြင့် တပ်သားများ၏ မွမ်းမံသင်တန်းဆရာ ဖြစ်လာသူဖြစ်သည်။
ယာမဒါနှင့်တွေ့ဆုံခြင်း
ယာမဒါသည် သီးခြားတပ်တွင်
တပ်သား၁၅ယောက်ကို စုဆောင်းနိုင်သဖြင့် တပ်ရင်းတွင် တပ်စုမှူး၂ယောက်ရှိသည့်အနက် တစ်ယောက်ဖြစ်လာလေသည်။
ကျွန်တော်နှင့် စတွေ့စဉ်က သူ့အခြေအနေဖြစ်သည်။ တပ်ရင်း၏အဖွဲ့ဝင်တပ်သားထဲမှ တစ်ယောက်ဖြစ်သည်မှစ၍
ကျွန်တော်တို့ နှစ်ယောက်သည် သွေးရင်းသားရင်းပမာ ရင်းနှီးသွားကြကာ အေးအတူ ပူအမျှ ဝမ်းသာစရာရော
ပူဆွေးစရာများကိုပါ မျှဝေခံစားသည်အထိ ချစ်ကြည်ရင်းနှီးခဲ့ကြလေသည်။ ဤရင်းနှီးမှုသည် ယခုစာရေးသည့်
အချိန်ထိ နှစ်ပေါင်း ၄၀ကျော်ကြာ တည်တံ့လျှက်ရှိနေပေသည်။
ယာမဒါသည်လည်း ငယ်ရွယ်သူဖြစ်သည့်အလျှောက်
သူ့တွင် အားသာချက် အားနည်းချက်များ ရှိသော်လည်း လက်အောက်ငယ်သားများကို ဦးဆောင်နိုင်စွမ်းရှိပေသည်။
၎င်းအပြင် လက်အောက်ငယ်သားများ ဒုက္ခရောက်စေမည့် စိတ်သဘောထား အလျှင်းမရှိချေ။ ဥပမာ တပ်သားတစ်ယောက်၏အမှားကို
တပ်စုတစ်စုလုံး၌ တာဝန်ရှိသည်ဟူ၍ တပ်သားများကို ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းမျိုးမလုပ်ချေ။
အမှားပြုလုပ်သူ တပ်သားကိုသာ အပြစ်ကျခံစေလေသည်။
ကာလကြာလာသည်နှင့်အမျှ သာမန်
တပ်သားများ၏ဘဝ ကြီးစွာသော ဒုက္ခများကိုခံစားခဲ့ဘူးသူ ဖြစ်သည့်အလျှောက် မိမိတပ်သားများ၏
ခံစားချက်ကို နားလည် စာနာချင်းဖြစ်ပေမည်။ ဤအတွက်ကြောင့်လည်း တပ်ရင်းတစ်ခုလုံးမှ တပ်သားများ၏
ယုံကြည်လေးစားမှုကို ခံရလေသည်။
တခါက ချီတက်ရာလမ်းခရီးတွင် ရွာထဲမှ ကြက်ဖ အကောင်ကြီးကြီးများကို ရှာဝယ်ပြီး
လှည်းဖြင့်တင်လာခဲ့သည်။ ကြက်ပွဲပြုလုပ်၍ ဤရွာမှ တံခွန်စိုက်ကြက်ဖ ရှာမည်ဆိုသောကြောင့် ရွာမှလူများလည်း
စခန်းချရာသို့ ရောက်ချ လာကြလေသည်။ ရှုံးသည့်ကြက်များက တပ်သားများအတွက် အသားကင် ဟင်းလျာဖြစ်မည်ဆိုသောကြောင့်
တပ်သားများလည်း သဘောကျကြ၏။ ကြက်များအတွက်မှာမူကား ပြေးမလွတ်သော တိုက်ပွဲနှင့် ကြုံကြရလေသည်။
တပ်သားများသည် ပင်ပမ်းနွမ်းလျသော
ချီတက်လာသည့် ခရီးကို တဒင်္ဂ မေ့ပျောက်ခါ ည သန်းခေါင်ယံ တိုင်အောင် မြူးနေခဲ့ကြလေသည်။
မစားရသော်လည်း အခြားတပ်စုမှ တပ်သားများကလည်း ဤပွဲကြောင့် အပျင်းပြေကာ ပျော်မြူးကြလေသည်။
ယာမဒါသည် မည်သည့်အချိန်က
လေ့လာလိုက်မှန်းမသိရပဲ မြန်မာစကားကို တဖြည်းဖြည်း ကျွမ်းကျင်လာကာ ဒေသခံများနှင့် နေ့စဉ်သုံး
စကားများကို ကောင်းစွာပြောဆိုနိုင်လေသည်။ ဤအချက်သည် မည်သူနှင့်မှ မတူသော သူ၏နေ့စဉ်ထူးခြားချက်ဖြစ်သည်။
ရမည်းသင်းတွင် ၇၃ ဆံပင်ပုံစံကို ဖီး၍ အကျ င်္ီနှင့် လုံချည်ကိုဝတ်ထားပါက မြန်မာလူမျိုးနှင့်
ခွဲမရသော သူ့ကို မြို့တွင်း၌ ဟိုဟိုဒီဒီ တွေ့ရတတ်ပေသည်။
“မာစတာ အများကြီး ကောင်းတယ်”
ဟူသော အသံဖြင့် သူ့ကို ပြုံးပြုံကြီး နှုတ်ခွန်းဆက်ကြသော လူများ ဝိုင်းဝိုင်းလည်နေသည်ကိုလည်း
တွေ့ရတတ်သည်။
များမကြာမီ ဒေသခံများက
သူ့ထံသို့ ပြဿနာများကို ဆွေးနွေး အကြံဥာဏ် တောင်းခံရန် လာကြသူ များပြားလာပြီး ဥာဏ်ပူဇော်ခကို
ကျေးဇူးဆပ်သောအားဖြင့် နေ့စဉ်သုံးပစ္စည်း လက်ဆောင်များလည်း ယူလာကြလေသည်။
လက်တွင် ညိုမဲနေသော လူကိုမြင်သောအခါ
ကျွန်တော့်ဖက်သို့လှည့်၍-
“ဆရာဝန်နဲ့ စမ်းသပ်ကြည့်ရင်
ကောင်းမယ်ထင်တယ်”ဟုဆိုကာ မမျှော်လင့်ဘဲ ကျွန်တော့်ကို အကူအညီတောင်းလေသည်။ ကျွန်တော်လည်း
မငြင်းသာနိုင်တော့ဘဲ ဤကဲ့သို့ သော စေတနာ့ဝန်ထမ်း အဖြစ်မျိုး မကြာမကြာ ကြုံရလေသည်။
တခါက အမျိုးသမီးရောဂါနှင့်ပတ်သက်၍
စမ်းသပ်စစ်ဆေးရမည့် လူနာသည် လူရွယ်အမျိုးသား ဖြစ်နေလေသည်။ သားဖွားခြင်းနှင့်ဆိုင်သောရောဂါဟု
ကြားရသောကြောင့် လူနာသည် အမျိုးသမီးဟု ထင်မိတာ မှားနေလေသည်။
မြန်မာပြည်တွင် ဖိုမဆက်ဆံရေးကြောင့်
ကူးစက်လာသောရောဂါကို သားဖွားမီးယပ်ရောဂါတွင် ထည့်သွင်းထားပုံရလေသည်။ ဤလူနာသည် ဖိုမဆက်ဆံရေးနှင့်
မဆိုင်ချေ။ သားဖွားလမ်းကြောင်း ပုံမမှန်ရခြင်းမှာ နာတာရှည်ရောဂါကြောင့် ဒူးတွင် ယောင်နေပြီး
ကွေး၍မရဘဲ ဖြတ်ထုတ်ရန်မှလွဲ၍ အကောင်းပြန် မဖြစ်နိုင်တော့ချေ။
ရမည်းသင်းတွင်ဖြစ်သည်။
တစ်နေ့တွင် အမှတ်(၆)တပ်ခွဲမှ ဗိုလ်အအိုးခိ သည် ယာမဒါထံသို့ အလည်အပတ်ရောက်လာကာ-
“ဒီနေ့ ဈေးထဲမှာ မိန်းခလေးချောချောလေး
တစ်ယောက်တွေ့ခဲ့တယ်။ အဲဒီမိန်းခလေးကို ပုံကြမ်းဆွဲချင်လို့။ ခင်ဗျား အဲဒီမိန်းခလေးကို
ကိုယ်ဟန်ပြပေးလို့ ရမလားလို့ မေးပေးနိုင်မလား။”ဟုဆိုကာ အမည်လည်းမသိ လိပ်စာလည်းမသိသော ကိစ္စကို အကူအညီတောင်း လေသည်။
ရက်အနည်းငယ်ကြာပြီးနောက်
ယာမဒါနှင့် ဗိုလ်အအိုးအိတို့ ဈေးဝယ်ထွက်ကြရာ အခန့်သင့်ပင် ထိုမိန်းခလေးကို မိသားစုနှင့်အတူ
တွေ့ရလေသည်။ ကပြာကယာပင် ထိုမိန်းခလေးကို ဗိုလ်အအိုးခိ၏ဆန္ဒကို ပြောပြလေရာ ချက်ချင်းပင်
လက်ခံလိုက်လေသည်။ ဗိုလ်အအိုးခိသည် ပန်းချီနှင့်ပတ်သက်၍ ထိုမိန်းခလေးကို ပုံကြမ်းရေးဆွဲစဉ်အချိန်က
အပျော်ထမ်းအဆင့်သာ ရှိသေးသည်။ တပ်စခန်းတွင် အချိန်အားရသည့်အခါတိုင်း မြန်မာပြည်ရှုခင်းများကို
ရေးဆွဲစုဆောင်းထားတတ်ပြီး အလွန်လက်ရာမြောက်သောပုံများဖြစ်၍ မြင်ရသူတိုင်း အငမ်းမရ လိုချင်မက်မောကြလေသည်။
ယာမဒါသည် ပတ်တရောင်နှင့်ပတ်သက်သော
သင်တန်းဆရာအဖြစ် တာဝန်ပေးခံရပြီး အရှေ့ဖက် ဒေသသို့ ထွက်ခွါရလေသည်။ ထိုဒေသတွင် မြေမျက်နှာပြင်အခြေအနေများကို
လှည့်လည်ကြည့်ရှုရလေရာ မြို့နှင့်ဝေးကွာသောနေရာတွင် သပ်ရပ်လှပသော အိမ်တစ်လုံးကိုတွေ့ရလေသည်။ ထိုအိမ်ကို သစ်ပင်ကြီးများက အုပ်ဆိုင်းလျှက်
အပြင်မှ အပူလှိုင်းများဒဏ်ကို အကာအကွယ်ပေးထားလေသည်။ ထိုအိမ်သည် မပြုပြင်မထိမ်းသိမ်းနိုင်တော့သော
အနေအထားတွင်ရှိပြီး မိဖနှင့် သားသမီး အပါအဝင် မိသားစု ၅ယောက်နေထိုင်ကြလေသည်။ ယာမဒါကို
ပျူငှာစွာဆီးကြိုကြပြီး မိသားစုအားလုံးက ဧည့်ဝတ်ပြုကြသည်ဟုဆို၏။
ထိုအခါမှစ၍ ယာမဒါက အကြိမ်ပေါင်းများစွာ
သမီးပျိုရှိသောအိမ်သို့ အလည်အပတ် သွားသောကြောင့် သူမအပေါ်တွင် ချစ်ခင်တွယ်တာစိတ် ဖြစ်ပေါ်လာခဲ့လေသည်။
သူမနာမည်က ခင်လေး၊ အသက်က၂၀၊
သဘာဝအတိုင်း ပင်ကိုယ်ချောသူဖြစ်သည်။ ကျွန်တော်လည်း ယာမဒါက ခေါ်လွန်းသဖြင့် ထိုအိမ်သို့
၃ခေါက်ခန့် ရောက်ဖူးလေသည်။ ဘေးလူများကကြည့်လျှင်ပင် သူမ၏မျက်လုံးများက ယာမဒါကို နှစ်သက်သည့်
အရောင်များဖြင့် တဖိတ်ဖိတ်တောက်နေသည်ကို တွေ့ရလေသည်။
သူ့သဘောထားကိုမေးကြည့်တော့-
“သူ့ရဲ့ကြင်နာတဲ့မျက်လုံး၊
နက်မှောင်ရှည်လျားတဲ့ဆံပင်၊ ချစ်စရာနှုတ်ခမ်း၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်တွေက အပူပိုင်းဒေသရဲ့
အလှတပါးကို ဖော်ပြနေတာတော့ အမှန်ပဲ။”
ငယ်ရွယ်သော ယာမဒါရဲ့ နှလုံးသွေးလည်ပတ်မှုတွေဟာ
ဆူပွက်နေမှာ သေချာပေသည်။
မာလာယုရေလက်ကြားတွင် စစ်ရေးအခြေအနေမလှသောကြောင့်
ကျွန်တော်တို့ တပ်သည် ချီတက်ရန် အမိန့်ရထားပြီးဖြစ်လေသည်။ ၁၉၄၃ခုနှစ် ဖေဖော်ဝါရီလလည်တွင်
တပ်ရင်းသည် ရမည်းသင်းမှခွါ၍ ရခိုင်ရိုးမဆီသို့ ထွက်ခွါ လာကြရလေသည်။
ဤသတင်းကိုကြားသိရသော ခင်လေးသည်
မိမိခံစားရချက်ကို စာရေး၍ အောက်ဖော်ပြပါမြန်မာ သီချင်းနှင့်အတူ သူမ၏နက်မှောင် ရှည်လျားသော
ဆံပင်ကိုပါဖြတ်၍ ထည့်ပေးလိုက်လေသည်။
ဤသီချင်းသည် မြန်မာပြည်တွင်
မိမိနှစ်သက်သည့် ချစ်သူမောင်ကို ရည်ရွယ်၍ ဖွဲ့ဆိုထားသောသီချင်းဖြစ်သည်ဟူသတတ်။
No comments:
Post a Comment