အင်တာနက်သည်-
စာအုပ်၊
သတင်းစာ၊ ရုပ်မြင်သံကြားစသော စာနယ်ဇင်းတို့နှင့်မတူ တမူထူးခြားသော လူထုဆက်သွယ်ရေးစင်မြင့်ဖြစ်သည်။
လူတစ်ဦးချင်း၏စွမ်းရည်ကို
တပြေးညီဖြစ်လာအောင် ဆွဲတင် မြှင့်တင်ပေးနိုင်သော ကြားခံဆက်သွယ်ရေး သွေးကြောမလည်းဖြစ်သည်။
ကြီးငယ်မရွေး လူသားအားလုံးအတွက် လောကသုံးပါးကို
သိမြင်စေနိုင်သော တံခါးပေါက်တစ်ခုလည်းဖြစ်သည်။
ဤထူးခြားချက်များကြောင့်-
ဘယ်လောက်ဝေးဝေး
နီးနီးလေးဖြစ်အောင် အချိန် နေရာတို့ကို ရှုံ့နိုင်စွမ်းရှိကာ အတူပူးပေါင်း ပါဝင် သင်ယူ
လေ့ကျင့် ဖြေရှင်း ခံစားခွင့်ပေးလေသည်။
ပညာရေး၊
ကျန်းမာရေး၊ စီးပွားရေး၊ ကိုးကွယ်ယုံကြည်မှုတို့တွင် လူသားတို့၏ အတွေးအခေါ် ဆုံးဖြတ်ချက်တို့ကို
ကွဲပြား ပြောင်းလဲ သွားစေနိုင်စွမ်းလည်း ရှိပေသည်။
ဒီမိုကရေစီ၏ဖွားဖက်တော်ဖြစ်သော
လွတ်လပ်စွာပြောဆိုခွင့် သဘောတရားနှင့် ဤလွတ်မြောက်သောနည်းပညာသည်
“သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး” ဟူသော
သဘာဝတရားနိယာမအတွင်းမှာပင် ရှိသောကြောင့် စားသုံးသူ၊ ထုတ်လုပ်သူ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့်
အစိုးရတို့အကြားတွင် နစ်နာသူနှင့် တာဝန်ရှိသူတို့မှာ မကြာခဏဆိုသလိုပင် အမေရိကန်ပြည်ထောင်စု၏
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်(၁)ကို အခြေခံ၍ အငြင်းပွားမှုများ၊ တရားစွဲဆိုမှုများ
ဖြစ်ပွားခဲ့ရပေသည်။
အင်တာနက်သည်
အထိမ်းအချုပ်မရှိ ပွင့်လင်းမြင်သာလွန်းသဖြင့် လူမသိစေချင်သော မမြင်စေချင်သော ကိစ္စရပ်များတွင်မူကား
ဆိပ်ကွယ်ရာမရ၊ မလုံခြုံ၊ အနှောင့်အယှက် ဖြစ်နေပေတော့သည်။
စာနယ်ဇင်းဌာနများကဲ့သို့ အယ်ဒီတာကတာဝန်ယူ၍
တည်းဖြတ်သင့် မသင့်၊ အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီက တာဝန်ရှိ မရှိ စသည်ဖြင့် အငြင်းပွားနေကြရပေသည်။
မည်သို့ဆိုစေကာမူ ဥပဒေတစ်ခု ပြဌာန်းရန်မှာ
အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးကျေညာစာတမ်းတွင်ပါရှိသော Life, liberty and the pursuit of happiness လူသားအားလုံးတို့၏ ဘဝ အသက် အိုးအိမ်
စည်းစိမ် လုံခြုံခွင့်၊ လွတ်လပ်ခွင့် နှင့် ငြိမ်းချမ်းပျော်ရွှင်ခွင့်ကို ဖော်ဆောင်နိုင်သော
ဥပဒေသည်သာလျှင် ဖြစ်ရမည်ဟု လွတ်လပ်စွာပြောဆိုခွင့်အတွက် ကန့်ကွက်သူများရှိသကဲ့သို့၊
တဖက်တွင်လည်း လွတ်လပ်စွာပြောဆိုခွင့်သည် အများပြည်သူ၏
အသက် အိုးအိမ် စည်းစိမ် လုံခြုံခွင့်၊ လွတ်လပ်ခွင့် နှင့် ငြိမ်းချမ်းပျော်ရွှင်ခွင့်တို့ကို
နှောင့်ယှက်ထိပါးလာလျှင်မူကား သက်ဆိုင်ရာက ဥပဒေပြုရပေတော့မည်ဟု ထောက်ခံသူများလည်းရှိကြပေသည်။
လူသားတို့၏ကျင့်ဝတ် ဂုဏ်သိက္ခာ၊ ဆင်ခြင်တုံတရားသည်သာလျှင်
မိမိတို့၏မူပိုင်ဥပဒေဖြစ်ကြောင်း၊ မိမိအတွင်းအဇ္ဖဥပဒေကို မလိုက်နာနိုင်ပါက ပြင်ပမှဥပဒေက
ထိန်းချုပ်ပေးခြင်းခံရမည်မှာ ဓမ္မတာဖြစ်ကြောင်း၊ လူသားဆင်ခြင်တုံတရားမြင့်မားရေးအတွက်
self reliant အတ္တာဟိ အတ္တနောနာထော ကိစ္စများကို ဥပဒေပညာရှင်များ၊ ဒဿနိက ပညာရှင်များက
တင်ပြ ဆွေးနွေးနေကြပေသည်။
ပွင့်လင်းခါစ
မြန်မာပြည်တွင်လည်း ဤပြဿနာကို ကြိုကြားကြိုကြား ကြားနေရပေသည်။
ကျမတို့တွင်လည်း ဗုဒ္ဓယဉ်ကျေးမှုမှ ဆင်းသက်လာသော
လူတစ်ဦးချင်းကျင့်ဝတ်၊ မိသားစုအလိုက်ကျင့်ဝတ်၊ အဖွဲ့အစည်းအလိုက်ကျင့်ဝတ်စသည်ဖြင့်
ရှိပေသည်။ ဤကျင့်ဝတ်များကို မလေးစား မလိုက်နာနိုင်ပါက သက်ဆိုင်ရာ အဖွဲ့အစည်းမှ ဥပဒေပြု၍
လိုက်နာစေခြင်းခံကြရမည်မှာ မလွဲပါ။
No comments:
Post a Comment