ကောက်ညှင်းပေါင်းရောင်းသည့်မိန်းခလေး
ဂျပန်စစ်သားများကောက်ညှင်းပေါင်း ကြိုက်သည်ကိုသိထားနှင့်သောရွာခံများက မနက်ဖန် မနက်စောစောကျရင် စခန်းထဲကို မုန့်သယ်တွေလာမယ်ဟု သတင်းပေးလေ၏။
မျှော်လင့်စောင့်စားနေကြသည့်အတိုင်း မုန့်သယ်များသည် မုန့်များကို သတ္တုအိုးတွင် အမိုအမောက်ထည့်၍ ခေါင်းတွင်ရွက်ကာ ရောင်းချရန်ရောက်လာကြ၏။ ချက်ချင်းဆိုသလိုပင် အရောင်းသွက်လှသဖြင့် ကောက်ညှင်းပေါင်းပြတ်သွားလေ၏။
တခုသောနံနက်တွင် ဖြစ်သည်။ ကျွှန်တော်လည်း ကောက်ညှင်းပေါင်းကို အမြဲ စောင့်ဝယ်စားသော ဖေါက်သည်စါရင်းတွင်ပါဝင်နေ၏။ ထိုအထဲတွင် (အမည်ရင်းမဖော်ပြလိုသော) ‘မောင်က’ သည်လည်း အပါအဝင်ဖြစ်သည်။
မောင်ကသည် ကောက်ညှင်းပေါင်းသယ်မိန်းခလေး အရောင်းကုန်၍ ပြန်သောအခါ တမူထူးခြားစွာ နောက်မှ ခပ်သွက်သွက်လိုက်၍ လက်ကိုလှမ်းဆုတ်ကိုင်ထားပြီး “ကောက်ညှင်းပေါင်း ရှိသေးလား” ဟုအသံပြုလိုက်၏။ မိန်းခလေးက နောက်ပြန်အလှည့်တွင် မောင်က၏အမူအရာကိုလည်းမြင်ရော အိုးကိုအောက်သို့ချလျက် ကမျောသောပါး ထွက်ပြေးရှာလေ၏။
ထိုမြင်ကွင်းကိုမြင်လိုက်ရသော ကျွန်တော်သည် ဘယ်လိုဖြစ်တာဘာလိမ့်ဟု ဖြစ်ကြောင်းကုန်စင်ကိုမေးရတော့၏။
“မင်း ဝယ်တဲ့အချိန်မှာ အိုးကိုပစ်ချပြီးပြေးတော့တာဘဲ” နိုင်ထက်စီးနင်းလုပ်လိုက်သလားဟု မေးရတော့၏။
မောင်ကသည် လှဲနေရာမှ ထထိုင်လိုက်ပြီး၊
“အီနာဂအိစံ အမှန်ပြောရရင်တော့ ကောင်းတဲ့စိတ်ရော မကောင်းတဲ့စိတ်ရောပါသွားပါတယ်။ ကျနော် နောက်ပြောင်လိုက်မိပါတယ်”ဟု ဖွင့်ဟဝန်ခံ၏။
“အေး ကျန်တဲ့ကောက်ညှင်းပေါင်းဖေါက်သည်တွေအမြင်က “ကောက်ညှင်းပေါင်းက တော်တော်စားလို့ကောင်းမည် ကောင်းရက်နဲ့” စစချင်း မင်းက လက်သရမ်းလိုက်တယ်လို့ ထင်ကြမှာဘဲ။”
“တကယ်တော့ ကျွန်တော် ဒီအသိုင်အဝိုင်းကြား အချင်းချင်း စော်ကားချင်တဲ့စိတ် မရှိရပါဘူး။”
မောင်က၏စိတ်ရင်းမှန်ကို သိရပြီးနောက် ကျန်ကောက်ညှင်းပေါင်းဖေါက်သည်များ ဖက်သို့မျက်နှာမူလိုက်ရာ ကျွန်တော်တင်ပြမည့်အချက်ကို ဝိုင်းအကဲခတ်နေကြလေ၏။
ပြုံးပန်းဆင်ထားသော ကျွန်တော့်မျက်နှာကို ဖေါ်ပြ၍ ဤဇတ်လမ်းကို ပြေလည်အောင် နိဂုံးချုပ်ခဲ့သော်လည်း မောင်က၏ မဆင်မခြင်လုပ်ရပ်အပေါ်တွင်မတော့ မှတ်လောက်သားလောက်အောင် ပြောဆိုလိုက်ရပေသည်။
“အီနာဂအိစံ ခင်ဗျားကိုတော့ အင်မတန်အပြောရခက်တဲ့စကားတခုကို ဖွင့်ဟလိုက်မိပြီ”ဟူသော မောင်က၏စကားသံနှင့်အတူ နှစ်ဦးနှစ်ဖက်ကြားမှာ ပြေလည်အောင် ဖြေရှင်းပေးခဲ့ရသည်ကို အမှတ်ရနေမိပါသည်။
တောင်ကြီး ဖဝါးအောက်
Lahaeng(Tak) လာဟန်းသည် အလွန်ခေါင်သောမြို့ကလေးဖြစ်ပြီး မြို့တွင်း၌ တောင်မှမြောက်သို့ စီးဆင်းနေသောချောင်းတခုရှိ၏။ ချောင်းရေသည် ကြည်လင်အေးမြကာ လက်နှင့်ထိလိုက်လျှင်ပင် သွေးခဲသွားမတတ် အေးစက်လေသည်။ ကြာမြင့်စွာဝတ်ထားရသော လည်ပင်းရှည်စစ်ဖိနပ်ကိုချွတ်၍ နွမ်းနယ်နေသော ခြေထောက်ကို လန်းစေရန် ရေထဲစိမ်လိုက်ရာ ရေကြည်ငါးလေးများက ခြေဖဝါးကို လာတွတ်လေသည်။ ငယ်စဉ်က အိမ်နားကချောင်းထဲတွင် ဆော့ကစားခဲ့သည်ကို ပြေးသတိရမိ၏။
လာဟန်းမြို့အနောက်တွင်ရှိသော မတ်စောက်သော ဘက်ခ်ရိုးမတောင်တန်း၏ တောနက်ထဲတွင်
ထိုင်းတပ်မှပူးပေါင်းကူညီ၍ နေ့ရောညပါ စစ်ကြောင်းသုံးရန်အတွက် လမ်းဖေါက်နေ၏။ မပြီးသေးသောလမ်းကို မြန်မာစစ်မျက်နှာအတွက် ပါဝင်ရသော တပ်များ ယာဉ်များ မြင်းများအားလုံးက အသုံးပြုရလေသည်။
ဖုံတထောင်းထောင်းထနေသော လမ်းတွင် ထပ်ချပ်မကွာ ချီတက်လာကြသောကြောင့် ဖုံများနှင့် ချွေးများ အလိမ်းလိမ်းကျလျက် တယောက်မျက်နှာတယောက် မမှတ်မိနိုင်လောက်အောင် ဖြစ်ကုန်ကြလေသည်။
ဘယ်သူဘယ်ဝါ ခွဲမရဘူး
မြေရုပ်ထုနှယ် ရဲဘော်များရယ်။
No comments:
Post a Comment