ဦးကြည်စိုးဈာပနကပြန်လာပြီး ကိုယ့်ကိုယ်ကို တရားစစ်ပါတယ်။
အမေတို့အဖေတို့ကို ကြွေးဟောင်းတွေ ဆပ်ပြီးပလား?
ငွေကြေးနဲ့တွက်မယ်ဆိုရင် မောင်နှစ်မတွေထဲမှာ စူးမာဟာ အကုန်အကျအများဆုံးပဲ ဖြစ်မယ်ထင်တယ်။ ကျောင်းသက်ကရှည်ပြီး ဖြစ်ဖြစ်မြောက် အိမ်အတွက်ဘာမှ အထောက်အကူမဖြစ်ဘူး။
ဝေယျာဝစ္စနဲ့လဲ မပြုစုနိုင်ဘူး။ အဝေးရောက်နေပြန်တယ်။
အမေလဲ ဝမ်းသာ ကိုယ့်ဘဝကိုလဲ မြင့်စေမဲ့ ဓမ္မနဲ့ဆပ်မှပဲ ရတော့မယ်။
သေသွားပြီးမှ လွမ်းဆွတ် တမ်းတ ဂုဏ်ပြုတာထက် မသေခင် အမေ့ကျေးဇူးတွေ အမေဆောင်ရွက်နိုင်ခဲ့တာတွေကို ထုတ်ဖော် ဖွင့်ဟ သတိရတာကမှ အဓိပ္ပွယ်ရှိမယ်။
အမေလဲ ကြားနိုင် ပီတိ ဖြစ်နိုင်သေးတယ်လေ။
ယောဆရာတော်ဘုရားကြီးက- “ဂုဏ်ပြုတယ်ဆိုတာ သူများကပြုပေးလို့မရဘူး။ ကိုယ်ပြုထားမှကိုယ်ရတာတဲ့။”
အမေ့အကြောင်းကိုစဉ်းစားကြည့်တယ်။
အခု လူ့သက်တမ်းက အနှစ်၁၀၀ တမ်းဆိုတော့-
ဒေါ်ခင်လှတင် ရှင်းပြချက်အရဆိုရင်-
“အသက် ၇၅နှစ်မှာ သေရင် သက်တမ်းကုန်လို့ သေတယ်ခေါ်တယ်။ ၇၅နှစ်အောက် သေခဲ့ရင် သက်တမ်းမစေ့သော်လဲ ကံကုန်လို့သေတယ်။ ၇၅နှစ်ကျော်မှ သေကြသူတွေကတော့ ကံရော သက်တမ်းရောကုန်လို့ပေါ့။” အမေသိပြီးသားဖြစ်မှာပါ။
အမေက ကံသက်တမ်းနဲ့ အသက်ရှည်ရှည် နေနေရတာပဲ။ စူးမာတို့အတွက် အရိပ်ကောင်းတဲ့ သစ်ပင်ကြီးကြီးရှိနေသလိုပဲ။ သစ်ပင်ဆိုတာ သူ့ကိုခုတ်တဲ့လူကိုတောင် လဲကျတဲ့အထိ အရိပ်ပေးသွားတာ။
အိုတိုးစံတို့လည်း အသက်ရှည်ကြတာပဲ။ ဒါပေမဲ့ သူတို့ အသက်ရှင်နေပုံနဲ့ အမေအသက်ရှင်နေတဲ့ပုံ မတူတော့ဘူး။
စူးမာတို့ ကံကောင်းတယ်။
အိုလာ နာလာခြင်းတူလို့ ရုပ်ကြီးက အလုပ်မလုပ်နိုင်တာချင်းတူပေမဲ့ အမေက စိတ်အလုပ်ဖြစ်တဲ့ ဝိပဿနာအလုပ်နဲ့ မိသားစုကို စောင့်ရှောက်နေတယ်။
မိုးကုတ်ဆရာတော်ဘုရားကြီးပြောပြောနေတဲ့-
“ဖြစ်ပျက် မြင် ဖြစ်ပျက် ဆုံး ဖြစ်ပျက် မုန်း”
“ရှေ့ကဖြစ်ပျက် နောက်ကမဂ်။”
ရုပ်နာမ်တွေ ဖြစ်ပျက်နေတာကို သိနေတယ်။ ဝိပဿနာဥာဏ်စဉ်တွေနဲ့ နေတယ်။ သစ္စာ၎ပါးလုံးနဲ့နေနေတယ်။
အမေ အသက်ရှည်နေသမျှ လောကကိုစောင့်ရှောက်နေတာပဲ။
မြတ်စွာဘုရားနည်းကျ-
ပေးလိုစိတ်မွေး
ပေးနိုင်အောင်ကြိုးစား
ပေးလိုသူအဖြစ်နဲ့ အသက်ရှည်နေတာ။
အိမ်မှာ နေ့တိုင်း အမေကုသိုလ်ပြုပြီးတိုင်း ဝေမဲ့အမျှကို အမြတ်တနိုး တန်ဖိုးထားပြီး လာသာဓုခေါ်နေကြ အလှုခံပုဂ္ဂိုလ်တွေရှိနေတယ်။ အထူးသဖြင့် သာသနာတွင်းကုသိုလ်ဖြစ်တဲ့ ဘာဝနာကုသိုလ်ကိုပေါ့။ သူတို့နေရာ ဘုံဋ္ဌာနမှာ ရှာလို့မရနိုင်တဲ့ ကြုံတောင့်ကြုံခဲ ရတောင့်ရခဲ ကုသိုလ်တွေကို အမေက အလှုပေးနေတယ်။
အမေကြောင့် တန်ခိုးကြီးတဲ့ နတ်တွေ ဝင်ထွက်နေလို့ ဒီအိမ်ဟာ အန္တရာယ်တွေကင်းပြီး လုံခြုံနေတယ်။
အမေက အိုလာလို့ လမ်းမလျှောက်နိုင်တော့ဘူးဆိုလို့ ကိုစောထွန်းမိန်းမ အေးအေးမော်လဲ လမ်းမလျှောက်နိုင်ဘူး။
အေးအေးမော်က ဒီဇင်ဘာလကတည်းက ခါးရိုးကြားက ကူရှင် အထိုင်မတည့်ဖြစ်ပြီး နပ်ကြောတွေထိသွားတာ။ ခုထိ လမ်းကောင်းကောင်း မလျှောက်နိုင်သေးဘူး။ Wheel Chair နဲ့သွားရတယ်။ ဖြစ်ခါစက ခြေတွေလက်တွေ ကွေးကောက်ပြီး အသက်ရှုရပ်ရပ်သွားတာ ခဏခဏပဲ။ သူကလဲ သေဖို့နဲနဲပဲလိုတော့တာကို သတိရပြီး တရား ကောင်းကောင်း အားမထုတ်ရသေးလို့ တရားအားထုတ်ခွင့်ရဖို့ အဓိဋ္ဌာန်ပြုဆုတောင်းတယ်။ နေရင်းထိုင်ရင်း ဒုက္ခိတဖြစ်သွားတယ်။ ဘယ်လောက်ကြာမယ်မသိသေးဘူး။
အမေ Walker သုံးပြီး လမ်းလျှောက်ပေးပါ။ စူးမာလဲ ကုသိုလ်ရအောင်။ ၅၊၁၃၊၂၀၁၁။
No comments:
Post a Comment