Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Saturday, May 28, 2011

မြန်မာစစ်မျက်နှာ (၁၁)

ထူထပ်သောတောနက် တောင်တန်းထဲတွင် ဖေါက်ထားသော စစ်ကြောင်းထောက်ပို့လမ်းသည် ခြေလျှင်တပ်များအတွက်ပင်လျှင် အလွန်ကြမ်းတမ်းလှပေသည်။ မြင်းတပ်များအတွက် မည်မျှခက်ခဲသည်ကို ဖေါ်ပြရန် စကားလုံးပင်ရှာမရပေ။ မတ်စောက်သော တောင်ကိုတက်အပြီး အဆင်းတွင် ခဲယမ်းမီးကျောက်များ တင်ဆောင်ထားသော လှည်းများမှ မြင်းများကိုဖြုတ်ရသည်။ လှည်းကို ဒရွတ်တိုက် လိမ့်ဆင်းမသွားရအောင် ကြိုးဖြင့်ဆွဲထားရသည်။ အနီးရှိ ကြီးမားသော သစ်ပင်၏ပင်စည်တွင် ကြိုးကိုရစ်ပတ်၍ ဖြေးဖြေးချင်း လျှော့ကာ လွှတ်ချရသည်။ လှည်းဝန်ဖြင့် ဆင်း၍မရသော စောက်များတွင် ရဲဘော်များက ဝန်စည်စလယ်များကို နဲနဲစီ ထမ်းပြောင်းယူကာ ရှေ့မှဆင်းနှင့်ရသည်။ ပြီးမှ ခါလီလှည်းကို ကြိုးဖြင့် လျှောချရသည်။

ဤသို့ဖြင့် ၁၀ရက်ကျော်ကြာအောင် နေ့စဉ်ရက်ဆက် ချီတက်ရသဖြင့် ရဲဘော်များ ခြေကုန်လက်ပမ်းကျ ဖြစ်လာလေသည်။ ၄င်းကို descending steep cliff ဟုခေါ်ပြီး ယခုထက်တိုင်အောင်ပင် စစ်ပြန်အသင်းမိတ်ဆုံပွဲများ ထိုအတွေ့အကြုံကို တသက်မမေ့နိုင်ပဲ စမြုံ့ပြန်မိကြလေသည်။ စစ်ဖြစ်နေသည်ဟူသော အထူးအခြေအနေအောက်တွင် ရဲဘော်များ၏ မလျှော့သော ဇွဲ လုံ့လ စိတ်ဓါတ်ကြောင့် ပထမဆုံး အထမြောက် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သော အလုပ်တခုဟုဆိုပါက မှားမည်မထင်။

လူသူမပေါက်ရောက်သေးသော ဤရိုးမတောင်တန်း၏ ကျွန်းတောများသည် မိုးကောင်းကင်အောက်တွင်  လှိုင်လှိုင်ပေါက်ရောက်လျှက်ရှိပြီး ကြီးမားသော ဝါးဘိုးဝါးတောကြီးများကလည်း နေပြောက်မထိုးနိုင်အောင်ထူထပ်လှသဖြင့် အမှောင်လွှမ်းသောနေ့ခင်းများဖြင့် ကြုံရလေသည်။ ဤထူထပ်သောတောတွင် သားရဲတိရစ္ဆာန်များလည်းရှိသဖြင့် ညစခန်းချသည့်အခါ လုံခြုံရေးဂရုစိုက်ရန် အထူးမှာကြားထားရလေသည်။

လမ်ဟန်းမှထွက်ပြီး ၂ပတ်အကြာတွင် နယ်စပ်မြို့ဖြစ်သော မဲဆောက်သို့ရောက်လေသည်။
ဤ၂ပတ်သောကာလသည် တပ်မှနှုတ်ထွက်ချင်လောက်အောင် အလုပ်ကြမ်းသက်သက် အမှုထမ်းခဲ့ရသော စစ်သားဘဝဖြစ်ပေသည်။
တပ်ရင်းမှုးမိခါမိသည် ယခင်ကဆိုခဲ့သည့်အတိုင်း အဖတပ်မတော်အပေါ် အလွန်လေးစားသူဖြစ်လေရာ ဤအပြောကို အမိန့်ဖြင့် ပါးစပ်ပိတ်စေလေသည်။

တတောင်တက် တတောင်ဆင်း
မျှော်တိုင်းဝေးသည့် ဘက်ခ်ရိုးမ

မဲဆောက်ရှိအိမ်များတွင် ဂျပန်နိုင်ငံတော်၏ တက်နေဝန်းအလံငယ်များကို လွှင့်ထူထားကြလေသည်။ မနက်ဖန်တွင်လည်း တစ်တောင်တက်တစ်တောင်ဆင်း ဤခရီးကိုဖြင့် မြန်မာနယ်စပ်ကို ရောက်မည်။ ခြောက်သွေ့သောလည်ချောင်းကို အုန်းစိမ်းရည်ဖြင့် အေးမြစေကြ၏။ ထိုင်းနယ်နမိတ်အတွင်း ပင်ပမ်းခဲ့ရမှု၏ နောက်ဆုံးစခန်းလည်းဖြစ်ပေသည်။

ရွှေပြည်တော် မျှော်တိုင်းဝေး
တောင်အထပ်ထပ် ကျော်ဖြတ်ပြီး သိမ်းရမည့် မြန်မာပြည်

ဤသို့ဖြင့် တောင်ကိုဖြတ်ကျော်စဉ် ထောက်ပို့တပ်မှ အိုဂဆဝါရအဆင့်၂ ရဲဘော်နှင့် စကားလက်ဆုံကျလေသည်။ ကျွန်တော်တို့တပ်စုရှိရာသို့ လာ၍အနီးတွင် ဖင်ချထိုင်ကာ မြေဆီကောင်းကောင်းဖြင့် ရှင်သန်ကြီးထွားနေသော ဝါးတောကို လက်ညှိုးထိုး၍-
“ဆရာရေ  ဒီလောက်ကောင်းတဲ့ဝါးတွေနဲ့ ထီးတို့ မီးအိမ်တို့ လုပ်လိုက်ရရင်တော့ ပထမတန်းစား ပစ္စည်းတွေထွက်လာမှာ။” ဟုဆို၍ စိတ်ကူး စီမံကိန်းချနေလေသည်။ သူသည် ဤလမ်းခရီးတွင် လက်သမားဖြစ်လေသည်။ သူ၏ရှုထောင့်မှကြည့်ပါက ဘယ်နေရာကိုကြည့်ကြည့် လက်မှုပစ္စည်း ထုတ်လုပ်ချင်စရာချည်း ဖြစ်နေပေမည်။ သူနှင့်ပတ်သက်သော အခန်းဆက်များကို ရမည်းသင်းရောက်သောအခါ ဖတ်ကြပါကုန်။

No comments:

Post a Comment