Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Sunday, June 23, 2013

အင်တာနက်နှင့် ဆင်ဆာ

အင်တာနက်သည်-
စာအုပ်၊ သတင်းစာ၊ ရုပ်မြင်သံကြားစသော စာနယ်ဇင်းတို့နှင့်မတူ   တမူထူးခြားသော လူထုဆက်သွယ်ရေးစင်မြင့်ဖြစ်သည်။

လူတစ်ဦးချင်း၏စွမ်းရည်ကို တပြေးညီဖြစ်လာအောင် ဆွဲတင် မြှင့်တင်ပေးနိုင်သော ကြားခံဆက်သွယ်ရေး သွေးကြောမလည်းဖြစ်သည်။

ကြီးငယ်မရွေး လူသားအားလုံးအတွက် လောကသုံးပါးကို သိမြင်စေနိုင်သော တံခါးပေါက်တစ်ခုလည်းဖြစ်သည်။  
     
ဤထူးခြားချက်များကြောင့်-
ဘယ်လောက်ဝေးဝေး နီးနီးလေးဖြစ်အောင် အချိန် နေရာတို့ကို ရှုံ့နိုင်စွမ်းရှိကာ အတူပူးပေါင်း ပါဝင် သင်ယူ လေ့ကျင့် ဖြေရှင်း ခံစားခွင့်ပေးလေသည်။

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ကိုးကွယ်ယုံကြည်မှုတို့တွင် လူသားတို့၏ အတွေးအခေါ် ဆုံးဖြတ်ချက်တို့ကို ကွဲပြား ပြောင်းလဲ သွားစေနိုင်စွမ်းလည်း ရှိပေသည်။

ဒီမိုကရေစီ၏ဖွားဖက်တော်ဖြစ်သော လွတ်လပ်စွာပြောဆိုခွင့် သဘောတရားနှင့်  ဤလွတ်မြောက်သောနည်းပညာသည် “သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး” ဟူသော သဘာဝတရားနိယာမအတွင်းမှာပင် ရှိသောကြောင့် စားသုံးသူ၊ ထုတ်လုပ်သူ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် အစိုးရတို့အကြားတွင် နစ်နာသူနှင့် တာဝန်ရှိသူတို့မှာ မကြာခဏဆိုသလိုပင် အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်(၁)ကို အခြေခံ၍ အငြင်းပွားမှုများ၊ တရားစွဲဆိုမှုများ ဖြစ်ပွားခဲ့ရပေသည်။

အင်တာနက်သည် အထိမ်းအချုပ်မရှိ ပွင့်လင်းမြင်သာလွန်းသဖြင့် လူမသိစေချင်သော မမြင်စေချင်သော ကိစ္စရပ်များတွင်မူကား ဆိပ်ကွယ်ရာမရ၊ မလုံခြုံ၊ အနှောင့်အယှက် ဖြစ်နေပေတော့သည်။

စာနယ်ဇင်းဌာနများကဲ့သို့ အယ်ဒီတာကတာဝန်ယူ၍ တည်းဖြတ်သင့် မသင့်၊ အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီက တာဝန်ရှိ မရှိ စသည်ဖြင့် အငြင်းပွားနေကြရပေသည်။

မည်သို့ဆိုစေကာမူ ဥပဒေတစ်ခု ပြဌာန်းရန်မှာ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးကျေညာစာတမ်းတွင်ပါရှိသော Life, liberty and the pursuit of happiness လူသားအားလုံးတို့၏ ဘဝ အသက် အိုးအိမ် စည်းစိမ် လုံခြုံခွင့်၊ လွတ်လပ်ခွင့် နှင့် ငြိမ်းချမ်းပျော်ရွှင်ခွင့်ကို ဖော်ဆောင်နိုင်သော ဥပဒေသည်သာလျှင် ဖြစ်ရမည်ဟု လွတ်လပ်စွာပြောဆိုခွင့်အတွက် ကန့်ကွက်သူများရှိသကဲ့သို့၊ တဖက်တွင်လည်း လွတ်လပ်စွာပြောဆိုခွင့်သည် အများပြည်သူ၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံခွင့်၊ လွတ်လပ်ခွင့် နှင့် ငြိမ်းချမ်းပျော်ရွှင်ခွင့်တို့ကို နှောင့်ယှက်ထိပါးလာလျှင်မူကား သက်ဆိုင်ရာက ဥပဒေပြုရပေတော့မည်ဟု ထောက်ခံသူများလည်းရှိကြပေသည်။

လူသားတို့၏ကျင့်ဝတ် ဂုဏ်သိက္ခာ၊ ဆင်ခြင်တုံတရားသည်သာလျှင် မိမိတို့၏မူပိုင်ဥပဒေဖြစ်ကြောင်း၊ မိမိအတွင်းအဇ္ဖဥပဒေကို မလိုက်နာနိုင်ပါက ပြင်ပမှဥပဒေက ထိန်းချုပ်ပေးခြင်းခံရမည်မှာ ဓမ္မတာဖြစ်ကြောင်း၊ လူသားဆင်ခြင်တုံတရားမြင့်မားရေးအတွက် self reliant အတ္တာဟိ အတ္တနောနာထော ကိစ္စများကို ဥပဒေပညာရှင်များ၊ ဒဿနိက ပညာရှင်များက တင်ပြ ဆွေးနွေးနေကြပေသည်။

ပွင့်လင်းခါစ မြန်မာပြည်တွင်လည်း ဤပြဿနာကို ကြိုကြားကြိုကြား ကြားနေရပေသည်။


ကျမတို့တွင်လည်း ဗုဒ္ဓယဉ်ကျေးမှုမှ ဆင်းသက်လာသော လူတစ်ဦးချင်းကျင့်ဝတ်၊ မိသားစုအလိုက်ကျင့်ဝတ်၊ အဖွဲ့အစည်းအလိုက်ကျင့်ဝတ်စသည်ဖြင့် ရှိပေသည်။ ဤကျင့်ဝတ်များကို မလေးစား မလိုက်နာနိုင်ပါက သက်ဆိုင်ရာ အဖွဲ့အစည်းမှ ဥပဒေပြု၍ လိုက်နာစေခြင်းခံကြရမည်မှာ မလွဲပါ။

Sunday, March 10, 2013

မြန်မာ့လူ့အခွင့်အရေးနေ့ (၃၊၉၊၂၀၁၃)

Burma Human Rights Day 3-9-2013

မနေ့က မြန်မာ့လူ့အခွင့်အရေးနေ့ အထိန်းအမှတ်ပွဲ သွားဖြစ်တယ်။
ကိုညွန့်သန်းက မြန်မာပြည်သူတွေရဲ့ ပညာရေးတိုးတက်မှုအတွက်  Khan Academy https://www.khanacademy.org/ နဲ့ မိတ်ဆက်ပေးဖို့ စီမံကိန်းမှာ မြန်မာဘာသာပြန် လုပ်အားပေးတွေကို ဖိတ်ခေါ် နှိုးဆော်ပါတယ်။
Khan Academy က free online ပညာဒါနလုပ်ပေးနေတဲ့ ပရဟိတပညာရေးအဖွဲ့တစ်ခုပါ။ မူလတန်းပညာကနေ တက္ကသိုလ်အဆင့်ထိ ဘာသာစုံ ပညာမျက်စိဖွင့်ပေးနေပါတယ်။ သူ့ရဲ့ သင်ခန်းစာတွေကို နိုင်ငံပေါင်း ၁၀၀ကျော်က အင်တာနက်ကတဆင့် ပညာရည်နို့ သောက်သုံးနေကြရတာဖြစ်ပြီး သူရဲ့ သင်ခန်းစာပို့ချချက် ဗွီဒီယိုတွေဟာလည်း ဘာသာပေါင်းများစွာက ဘာသာပြန်ယူ အသုံးပြုနေကြရတာဖြစ်ပါတယ်။

ကိုမင်းဇင်က မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲကာလမှာ ခါတိုင်း တင်ပြနေကြဖြစ်တဲ့ self-governance အပြင် အရေးတကြီး အာရုံစိုက်ရမဲ့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား သဘောတူညီ ရယူချက်ကို သုံးသပ်ပြပါတယ်။
တဆက်တည်းမှာပဲ ဗြိတိသျှအုပ်စိုးမှုကနေ လွတ်လပ်ရေးဆီသို့ အပြောင်းအလဲကာလမှာ အဆင့်ဆင့် သဘောတူညီချက်တွေဖြစ်တဲ့ Aung San-Atlee Agreement 1947 http://burmastar1010.files.wordpress.com/2011/06/44172419-aungsan-atlee-agreement.pdf နဲ့ NU-ATTLEE BURMA INDEPENDENCE AGREEMENT 1947 http://burmastar1010.files.wordpress.com/2011/06/nu-atlee-agreement.pdf
တို့ကိုလည်း သတိရမိပါတယ်။
 NLD က ၂၀၁၅ အောင်နိုင်ရေးကိုသာ အာရုံစိုက်နေပြီး ဒီသဘောတူညီချက်တွေကို မပြင်ဆင်ထားရင် ဒေါ်အောင်ဆင်းစုကြည် ကျန်းမာရေး တခုခုဖြစ်ခဲ့သော် တိုင်းပြည်အတွက် ရင်လေးစရာဖြစ်ကြောင်း ၁၉၉၀ ခုနှစ်အတွေ့အကြုံများကိုလည်း သတိပေး သုံးသပ်တင်ပြပါတယ်။

Professor Larry Diamond က path to Genuine Democracy ကို ရှင်းလင်းပြောပြပြီး 2015 သည် NLD အောင်နိုင်ရေးက အဓိကမဟုတ်ပဲ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခြင်း တရားမျှတခြင်း နိုင်ငံသားများပါဝင်ခွင့်နှင့် ဥပဒေအရာတွင် သာတူညီမျှခြင်း တို့ကို ဦးတည်တဲ့ အခင်းအကျင်းတွေကို ကြိုတင်ပြင်ဆင်နိုင်ရမှာဖြစ်ကြောင်း လာမယ့် ၂နှစ်တာ ကာလမှာ ပြုလုပ်ဖို့ တိုက်တွန်း အကြံပြုပါတယ်။ http://www.journalofdemocracy.org/sites/default/files/17_23.4%20diamond%20(advance).pdf


တပ်မတော်နဲ့ ဒီမိုကရေစီအင်အားစုကြားမှာ အပြန်အလှန် အကာအကွယ်ပေးသော အာမခံသော စနစ် system of mutual security တစ်ခုရှိရပါမယ်။ တနည်းပြောရရင်တော့  ကစားပွဲတစ်ခုအတွက် လိုအပ်တဲ့ စည်းမျဉ်း rule of the game ရှိထားဖို့ လိုကြောင်း ပြောပါတယ်။

Pseudo democracy ပုံမှန်မဟုတ်သော ဒီမိုကရေစီ တနည်း hybrid regime မှ ဒီမိုကရေစီသို့ပြောင်းလဲလာရန် လိုအပ်သော ညှိနိုင်း ပြင်ဆင်မှုများကို ဆွေးနွေး ပြောပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံထဲက မူမမှန်သော အချက်များကို ၂၀၁၅ခုမတိုင်မီမှာ ပြုပြင်ရန်လိုကြောင်း-

·         တပ်မတော်ရဲ့ ဗွီတိုအာဏာ
·         ကာကွယ်ရေးဦးစီးချုပ်ရဲ့ ၂၅%တပ်မတော်သားကိုယ်စားလှယ်ခန့်အပ်နိုင်ခွင့်
·         ဝန်ကြီးဌာန ၃ခုဟာ ကာကွယ်ရေးဦးစီးချုပ်တင်ပြသော တပ်ကိုယ်စားလှယ်ထဲမှသာ ခန့်ထားပိုင်ခွင့်
·         နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်နေရာ ၁၁မှာ ၆နေရာက တပ်မတော်မှဖြစ်ခြင်း
·         ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မှ ပိတ်ပင်သောပြဌာန်းချက်
·         သမ္မတရွေးချယ်ပုံ
·         အရေးပေါ်အခြေအနေတွင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာများစွာပေးထားခြင်း
·         တပ်မတော်စီမံခန့်ခွဲရေးအာဏာသည် တပ်၏လက်ထဲတွင်သာရှိခြင်း
·         နိုင်ငံသားတို့၏အခြေခံအခွင့်အရေးကို တိတိကျကျအဓိပါယ်မဖွင့်ဆိုထားခြင်း

ဒီအချက်တွေကို မပြင်နိုင်ရင် နိုင်ငံတကာက ပိတ်ဆို့မှုတွေလည်း ရုတ်သိမ်းမှာ မဟုတ်ကြောင်း ထောက်ပြပါတယ်။

လိုအပ်တဲ့အခင်းအကျင်းတွေကို ပြင်ဆင်ရန် ဒီမိုကရေစီအတွေ့အကြုံရှိသော အင်အားစု၊ လူလတ်တန်းစားအင်အားစု၊ အင်အားကောင်းသော လူမှုထောက်ကူပြုအဖွဲ့များ၊ ဒီမိုကရေစီနိုင်ငံရေးပါတီ အင်အားစုများ၊ အချိန်နှင့် တပြေးညီ သတင်းပေးပို့နိုင်သော ခေတ်မီသော ဆက်သွယ်ရေးများလည်း လိုအပ်ကြောင်း။

ဒီမိုကရေစီအုတ်မြစ်ခိုင်မာရေးမှာ proportional representation (PR) ကလည်း အရေးပါကြောင်း မဲအများဆုံးရသူက အစိုးရဖွဲ့ခြင်းရဲ့ အားနည်းချက်ကိုလည်းဆွေးနွေးပြပါတယ်။

နိုင်ငံသားများရဲ့ ကြားမြင်သုတရှိခြင်းဟာ အရေးပါကြောင်း
တပ်မတော်က ဂုဏ်သိက္ခာရှိသော တပ်ဖြစ်ရန် မြှင့်တင်ပေးရန်လိုကြောင်း
ပြည်နယ်နှင့်တိုင်းများရဲ့ အစိုးရအဖွဲ့များဟာ မိမိဒေသဖွံ့ဖြိုးရေးအတွက် အဓိပါယ်ရှိသောလုပ်ပိုင်ခွင့်၊ သယံဇာတစီမံခန့်ခွဲခွင့်၊ ယဉ်ကျေးမှုထိန်းသိမ်းခွင့်တို့ ရှိရမှာဖြစ်ကြောင်း
အထူးသဖြင့် ဦးသိန်းစိန်နှင့် ဒေါ်စုကြား စေ့စပ်ညှိနှိုင်းမှုတွေဟာ နှုတ်ကတိမဟုတ်ပဲ အချိန်ကာလ၊ အဆင့်ဆင့်ပါဝင်သော ကြားကာလဖွဲ့စီးအုပ်ချုပ်ပုံဖြင့် သွားရန်လိုကြောင်း ဆွေးနွေးပြပါတယ်။

ဝမ်းသာစရာသတင်းကတော့ Professor Larry Diamond က နောက်လတွင် Stanford University မှ ဒီမိုကရေစီနှင့်ပတ်သက်သော အခမဲ့ ပညာဒါန Mass Online Open Course ဖွင့်မည်ဖြစ်ကြောင်း သတင်းကောင်းပါးပါတယ်။


အလားတူ Harvard University ကလည်း MOOC ဖွင့်ထားပါတယ်။

Saturday, November 17, 2012

မြန်မာစစ်မျက်နှာ (၂၁)


သဘောထားပြည့်ဝသူ တပ်စုမှူး ဒုဗိုလ် ယာမဒါ မိုတိုဟချိ

၁၉၃၇ခုနှစ် သြဂုတ်လတွင် ယာမဒါသည် စစ်မှုထမ်းရန် တပ်သားစုဆောင်းရာသို့ ရောက်ရှိလာသည်။ ခြေလျင်တပ်မ အမှတ်(၃၄) (ရှီဇုအိုက)၏တပ်ရင်းတွင် ထောက်ပို့တပ်သားအဖြစ် ရှန်ဟိုင်းစစ်မြေပြင် သို့သွားရောက်ခဲ့ရပြီး စစ်ပွဲကြီးငယ်များစွာကို နွှဲလာခဲ့ရသူဖြစ်လေသည်။

တပ်မဟာအမှတ်(၃)က တရုပ်ပြည်အလယ်ပိုင်း ရေကန်မြောက်ဖက်တွင် ယာယီ ဌာနချုပ်အဖြစ် တပ်စွဲထားချိန်တွင် ယာမဒါက ဝူဟန်(Wuhan) မြို့ မြောက်ဖက် တပ်မဟာသို့ ရောက်နေပြီး ပြန်တမ်းအရာရှိ အဖြစ် ခန့်ထားခံရသည်။ ထိုအချိန်တွင် ပထမအဆင့် အရာရှိလောင်းများ(အနည်းဆုံး အလယ်တန်းအောင်မြင်ပြီး တပ်လေ့ကျင့်ရေးသင်တန်းကျောင်းမှ အဆင့် အေဖြင့် အောင်မြင်ထားပြီးသူ)စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့လေသည်။
ယနေ့ခတ်တွင် ရှိသော အပိုဆောင်းပြန်ဖြေခြင်း(supplement) မရှိရကား ဤ စစ်ဆေးမှုသည်မည်မျှခက်ခဲမည်ကို သိနိုင်ပေသည်။ စစ်ဆေးမှုအပြီးတွင် အအောင် အရှုံးကိုလည်း တလက်စတည်း ကြေညာသည်။
သူသည် နည်းဥပဒေများဘာသာရပ်နှင့် သက်တမ်းရှည်သော တပ်ရင်းကြီးဖြစ်ရန် အခြားသော ဘာသာရပ် စစ်ဆေးမှုများကို ဖြေဆိုနိုင်ခဲ့သောကြောင့် တပ်ရင်းတပ်စုမှူးအဆင့်သို့ ရောက်ခဲ့သည်။
ဤသို့ဖြင့် ပထမအဆင့် အရာရှိလောင်းအောင်ပြီးနောက် မြန်မာပြည်တွင် တပ်ရင်း(၃)၌ ဒုဗိုလ် အဆင့်ဖြင့် တပ်သားများ၏ မွမ်းမံသင်တန်းဆရာ ဖြစ်လာသူဖြစ်သည်။

ယာမဒါနှင့်တွေ့ဆုံခြင်း
ယာမဒါသည် သီးခြားတပ်တွင် တပ်သား၁၅ယောက်ကို စုဆောင်းနိုင်သဖြင့် တပ်ရင်းတွင် တပ်စုမှူး၂ယောက်ရှိသည့်အနက် တစ်ယောက်ဖြစ်လာလေသည်။ ကျွန်တော်နှင့် စတွေ့စဉ်က သူ့အခြေအနေဖြစ်သည်။ တပ်ရင်း၏အဖွဲ့ဝင်တပ်သားထဲမှ တစ်ယောက်ဖြစ်သည်မှစ၍ ကျွန်တော်တို့ နှစ်ယောက်သည် သွေးရင်းသားရင်းပမာ ရင်းနှီးသွားကြကာ အေးအတူ ပူအမျှ ဝမ်းသာစရာရော ပူဆွေးစရာများကိုပါ မျှဝေခံစားသည်အထိ ချစ်ကြည်ရင်းနှီးခဲ့ကြလေသည်။ ဤရင်းနှီးမှုသည် ယခုစာရေးသည့် အချိန်ထိ နှစ်ပေါင်း ၄၀ကျော်ကြာ တည်တံ့လျှက်ရှိနေပေသည်။

ယာမဒါသည်လည်း ငယ်ရွယ်သူဖြစ်သည့်အလျှောက် သူ့တွင် အားသာချက် အားနည်းချက်များ ရှိသော်လည်း လက်အောက်ငယ်သားများကို ဦးဆောင်နိုင်စွမ်းရှိပေသည်။ ၄င်းအပြင် လက်အောက်ငယ်သားများ ဒုက္ခရောက်စေမည့် စိတ်သဘောထား အလျှင်းမရှိချေ။ ဥပမာ တပ်သားတစ်ယောက်၏အမှားကို တပ်စုတစ်စုလုံး၌ တာဝန်ရှိသည်ဟူ၍ တပ်သားများကို ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းမျိုးမလုပ်ချေ။ အမှားပြုလုပ်သူ တပ်သားကိုသာ အပြစ်ကျခံစေလေသည်။

ကာလကြာလာသည်နှင့်အမျှ သာမန် တပ်သားများ၏ဘဝ ကြီးစွာသော ဒုက္ခများကိုခံစားခဲ့ဘူးသူ ဖြစ်သည့်အလျှောက် မိမိတပ်သားများ၏ ခံစားချက်ကို နားလည် စာနာချင်းဖြစ်ပေမည်။ ဤအတွက်ကြောင့်လည်း တပ်ရင်းတစ်ခုလုံးမှ တပ်သားများ၏ ယုံကြည်လေးစားမှုကို ခံရလေသည်။

တခါက ချီတက်ရာလမ်းခရီးတွင်  ရွာထဲမှ ကြက်ဖ အကောင်ကြီးကြီးများကို ရှာဝယ်ပြီး လှည်းဖြင့်တင်လာခဲ့သည်။ ကြက်ပွဲပြုလုပ်၍ ဤရွာမှ တံခွန်စိုက်ကြက်ဖ ရှာမည်ဆိုသောကြောင့် ရွာမှလူများလည်း စခန်းချရာသို့ ရောက်ချ လာကြလေသည်။ ရှုံးသည့်ကြက်များက တပ်သားများအတွက် အသားကင် ဟင်းလျာဖြစ်မည်ဆိုသောကြောင့် တပ်သားများလည်း သဘောကျကြ၏။ ကြက်များအတွက်မှာမူကား ပြေးမလွတ်သော တိုက်ပွဲနှင့် ကြုံကြရလေသည်။

တပ်သားများသည် ပင်ပမ်းနွမ်းလျသော ချီတက်လာသည့် ခရီးကို တဒင်္ဂ မေ့ပျောက်ခါ ည သန်းခေါင်ယံ တိုင်အောင် မြူးနေခဲ့ကြလေသည်။ မစားရသော်လည်း အခြားတပ်စုမှ တပ်သားများကလည်း ဤပွဲကြောင့် အပျင်းပြေကာ ပျော်မြူးကြလေသည်။


ယာမဒါသည် မည်သည့်အချိန်က လေ့လာလိုက်မှန်းမသိရပဲ မြန်မာစကားကို တဖြည်းဖြည်း ကျွမ်းကျင်လာကာ ဒေသခံများနှင့် နေ့စဉ်သုံး စကားများကို ကောင်းစွာပြောဆိုနိုင်လေသည်။ ဤအချက်သည် မည်သူနှင့်မှ မတူသော သူ၏နေ့စဉ်ထူးခြားချက်ဖြစ်သည်။ ရမည်းသင်းတွင် ၇၃ ဆံပင်ပုံစံကို ဖီး၍ အကျ င်္ီနှင့် လုံချည်ကိုဝတ်ထားပါက မြန်မာလူမျိုးနှင့် ခွဲမရသော သူ့ကို မြို့တွင်း၌ ဟိုဟိုဒီဒီ တွေ့ရတတ်ပေသည်။

“မာစတာ အများကြီး ကောင်းတယ်” ဟူသော အသံဖြင့် သူ့ကို ပြုံးပြုံကြီး နှုတ်ခွန်းဆက်ကြသော လူများ ဝိုင်းဝိုင်းလည်နေသည်ကိုလည်း တွေ့ရတတ်သည်။
များမကြာမီ ဒေသခံများက သူ့ထံသို့ ပြဿနာများကို ဆွေးနွေး အကြံဥာဏ် တောင်းခံရန် လာကြသူ များပြားလာပြီး ဥာဏ်ပူဇော်ခကို ကျေးဇူးဆပ်သောအားဖြင့် နေ့စဉ်သုံးပစ္စည်း လက်ဆောင်များလည်း ယူလာကြလေသည်။

လက်တွင် ညိုမဲနေသော လူကိုမြင်သောအခါ ကျွန်တော့်ဖက်သို့လှည့်၍-
“ဆရာဝန်နဲ့ စမ်းသပ်ကြည့်ရင် ကောင်းမယ်ထင်တယ်”ဟုဆိုကာ မမျှော်လင့်ဘဲ ကျွန်တော့်ကို အကူအညီတောင်းလေသည်။ ကျွန်တော်လည်း မငြင်းသာနိုင်တော့ဘဲ ဤကဲ့သို့ သော စေတနာ့ဝန်ထမ်း အဖြစ်မျိုး မကြာမကြာ ကြုံရလေသည်။

တခါက အမျိုးသမီးရောဂါနှင့်ပတ်သက်၍ စမ်းသပ်စစ်ဆေးရမည့် လူနာသည် လူရွယ်အမျိုးသား ဖြစ်နေလေသည်။ သားဖွားခြင်းနှင့်ဆိုင်သောရောဂါဟု ကြားရသောကြောင့် လူနာသည် အမျိုးသမီးဟု ထင်မိတာ မှားနေလေသည်။
မြန်မာပြည်တွင် ဖိုမဆက်ဆံရေးကြောင့် ကူးစက်လာသောရောဂါကို သားဖွားမီးယပ်ရောဂါတွင် ထည့်သွင်းထားပုံရလေသည်။ ဤလူနာသည် ဖိုမဆက်ဆံရေးနှင့် မဆိုင်ချေ။ သားဖွားလမ်းကြောင်း ပုံမမှန်ရခြင်းမှာ နာတာရှည်ရောဂါကြောင့် ဒူးတွင် ယောင်နေပြီး ကွေး၍မရဘဲ ဖြတ်ထုတ်ရန်မှလွဲ၍ အကောင်းပြန် မဖြစ်နိုင်တော့ချေ။

ရမည်းသင်းတွင်ဖြစ်သည်။ တစ်နေ့တွင် အမှတ်(၆)တပ်ခွဲမှ ဗိုလ်အအိုးခိ သည် ယာမဒါထံသို့ အလည်အပတ်ရောက်လာကာ-
“ဒီနေ့ ဈေးထဲမှာ မိန်းခလေးချောချောလေး တစ်ယောက်တွေ့ခဲ့တယ်။ အဲဒီမိန်းခလေးကို ပုံကြမ်းဆွဲချင်လို့။ ခင်ဗျား အဲဒီမိန်းခလေးကို ကိုယ်ဟန်ပြပေးလို့ ရမလားလို့ မေးပေးနိုင်မလား။”ဟုဆိုကာ အမည်လည်းမသိ လိပ်စာလည်းမသိသော ကိစ္စကို အကူအညီတောင်း လေသည်။


ရက်အနည်းငယ်ကြာပြီးနောက် ယာမဒါနှင့် ဗိုလ်အအိုးအိတို့ ဈေးဝယ်ထွက်ကြရာ အခန့်သင့်ပင် ထိုမိန်းခလေးကို မိသားစုနှင့်အတူ တွေ့ရလေသည်။ ကပြာကယာပင် ထိုမိန်းခလေးကို ဗိုလ်အအိုးခိ၏ဆန္ဒကို ပြောပြလေရာ ချက်ချင်းပင် လက်ခံလိုက်လေသည်။ ဗိုလ်အအိုးခိသည် ပန်းချီနှင့်ပတ်သက်၍ ထိုမိန်းခလေးကို ပုံကြမ်းရေးဆွဲစဉ်အချိန်က အပျော်ထမ်းအဆင့်သာ ရှိသေးသည်။ တပ်စခန်းတွင် အချိန်အားရသည့်အခါတိုင်း မြန်မာပြည်ရှုခင်းများကို ရေးဆွဲစုဆောင်းထားတတ်ပြီး အလွန်လက်ရာမြောက်သောပုံများဖြစ်၍ မြင်ရသူတိုင်း အငမ်းမရ လိုချင်မက်မောကြလေသည်။

ယာမဒါသည် ပတ်တရောင်နှင့်ပတ်သက်သော သင်တန်းဆရာအဖြစ် တာဝန်ပေးခံရပြီး အရှေ့ဖက် ဒေသသို့ ထွက်ခွါရလေသည်။ ထိုဒေသတွင် မြေမျက်နှာပြင်အခြေအနေများကို လှည့်လည်ကြည့်ရှုရလေရာ မြို့နှင့်ဝေးကွာသောနေရာတွင် သပ်ရပ်လှပသော အိမ်တစ်လုံးကိုတွေ့ရလေသည်။ ထိုအိမ်ကို သစ်ပင်ကြီးများက အုပ်ဆိုင်းလျှက် အပြင်မှ အပူလှိုင်းများဒဏ်ကို အကာအကွယ်ပေးထားလေသည်။ ထိုအိမ်သည် မပြုပြင်မထိမ်းသိမ်းနိုင်တော့သော အနေအထားတွင်ရှိပြီး မိဖနှင့် သားသမီး အပါအဝင် မိသားစု ၅ယောက်နေထိုင်ကြလေသည်။ ယာမဒါကို ပျူငှာစွာဆီးကြိုကြပြီး မိသားစုအားလုံးက ဧည့်ဝတ်ပြုကြသည်ဟုဆို၏။
ထိုအခါမှစ၍ ယာမဒါက အကြိမ်ပေါင်းများစွာ သမီးပျိုရှိသောအိမ်သို့ အလည်အပတ် သွားသောကြောင့် သူမအပေါ်တွင် ချစ်ခင်တွယ်တာစိတ် ဖြစ်ပေါ်လာခဲ့လေသည်။
သူမနာမည်က ခင်လေး၊ အသက်က၂၀၊ သဘာဝအတိုင်း ပင်ကိုယ်ချောသူဖြစ်သည်။ ကျွန်တော်လည်း ယာမဒါက ခေါ်လွန်းသဖြင့် ထိုအိမ်သို့ ၃ခေါက်ခန့် ရောက်ဖူးလေသည်။ ဘေးလူများကကြည့်လျှင်ပင် သူမ၏မျက်လုံးများက ယာမဒါကို နှစ်သက်သည့် အရောင်များဖြင့် တဖိတ်ဖိတ်တောက်နေသည်ကို တွေ့ရလေသည်။
သူ့သဘောထားကိုမေးကြည့်တော့-
“သူ့ရဲ့ကြင်နာတဲ့မျက်လုံး၊ နက်မှောင်ရှည်လျားတဲ့ဆံပင်၊ ချစ်စရာနှုတ်ခမ်း၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်တွေက အပူပိုင်းဒေသရဲ့ အလှတပါးကို ဖော်ပြနေတာတော့ အမှန်ပဲ။”
ငယ်ရွယ်သော ယာမဒါရဲ့ နှလုံးသွေးလည်ပတ်မှုတွေဟာ ဆူပွက်နေမှာ သေချာပေသည်။

မာလာယုရေလက်ကြားတွင် စစ်ရေးအခြေအနေမလှသောကြောင့် ကျွန်တော်တို့ တပ်သည် ချီတက်ရန် အမိန့်ရထားပြီးဖြစ်လေသည်။ ၁၉၄၃ခုနှစ် ဖေဖော်ဝါရီလလည်တွင် တပ်ရင်းသည် ရမည်းသင်းမှခွါ၍ ရခိုင်ရိုးမဆီသို့ ထွက်ခွါ လာကြရလေသည်။
ဤသတင်းကိုကြားသိရသော ခင်လေးသည် မိမိခံစားရချက်ကို စာရေး၍ အောက်ဖော်ပြပါမြန်မာ သီချင်းနှင့်အတူ သူမ၏နက်မှောင် ရှည်လျားသော ဆံပင်ကိုပါဖြတ်၍ ထည့်ပေးလိုက်လေသည်။
ဤသီချင်းသည် မြန်မာပြည်တွင် မိမိနှစ်သက်သည့် ချစ်သူမောင်ကို ရည်ရွယ်၍ ဖွဲ့ဆိုထားသောသီချင်းဖြစ်သည်ဟူသတတ်။