မောင်ဘချစ်
အောက်တိုဘာ ၈၊ ၂၀၁၀
''ငါရွေးကောက်ပွဲဝင်မလို့''
မောင်ဘသစ်က မောင်ဘချစ်ကိုပြောသည်။
''အရွေးခံမှာပေါ့ ဟုတ်လား''
''ဟုတ်တယ်''
''အရွေးခံတော့ အရန်ခွေးပေါ့ ဟားဟား ၊''
''ဟားဟား ၊ မင်းပြောတော့မယ်။ ''
''မြန်မာစကားတွေက ချစ်စရာတွေကို ပြောတာပါကွာ။ ဒါကို ပန်း (Pun)လို့ခေါ်တယ်။ အမြတ်တနိုးဆိုရင် အမျိုးတနပ်ပေါ့''
''အမျိုးကျတော့ တနပ်ထက်ပိုပြီး မကြည်ဖြူတာပေါ့ ဟုတ်လား''
''အေးကွ၊ အစိုးရရုံးတွေကလည်း ပုဒ်မလေး နဲ့ ပေါ့''
''ဘာလဲ ပုဒ်မလေး ဆိုတာ''
''ပုဒ်မလေး ဆိုတာ ပေးမှလုပ်တာ ပေါ့။ ငါတို့ငယ်ငယ်က ဆရာက စာမေးပွဲအောင်တဲ့ဂါထာ ဆိုပြီး ရွတ်လိုက်ရတာ''
''ဘယ်ဂါထာကို ရွတ်ရတာလဲ''
''စကြ်ာစကြ်ာ နက်နက်ကြာ တဲ့''
''ဒါတော့ ငါသိတယ်။ စာကျက် စာကျက် နာနာကျက်ပေါ့''
''ဟုတ်တယ်။ မင်းခုအရေးခံတော့အရန်ခွေးပေါ့ကွ''
''ငါက ပြည်သူတွေ ကောင်းစားရေးအတွက် …''
''မင်း စေတနာကို ချီးကျူးပါတယ်ကွာ။ ဒါပေမဲ့''
မောင်ဘချစ် စိတ်ပျက်နေတာကို ကြည့်ပြီး မောင်ဘသစ် အားမလိုအားမရ ဖြစ်သွားသည်။
“ဘာဒါပေမဲ့လဲ သူငယ်ချင်း ရှင်းရှင်း ပြောပါ”
''မင်း ပြောဆိုလည်း ပြောရမှာပေါ့ကွာ။ တို့ ငယ်ငယ်တုံးက မှတ်မိလား။ မင်းနဲ့ ငါ ကြောင်တကောင်စီ ရှိတယ်လေ''
'အင်း … မင်းကြောင်က အဖြူ။ ငါ့ကြောင်က အမည်း''
x x x

ဒီအကြောင်းကို မောင်ဘချစ် ပြောပြလိုသည်။
တခါက မောင်ဘချစ်မှာ ကြောင်ဖြူတစ်ကောင်ရှိသည်။ မောင်ဘသစ်မှာတော့ ကြောင်မည်းတစ်ကောင် ရှိ၏။
ကြောင်နှစ်ကောင်လုံး အထီးဖြစ်သည်။ ပြာသိုလ ညဖက် ကြောင်များ၏ ချစ်သူများည (Valentine Night) တွင် ချစ်သူရှာဖို့ အပြင် ထွက်ကြသည်။
'' Darling I love you ညောင် ဝေါင် ဝေါင်း '' ဟု သီချင်းတွေ ဆိုကြသည်။
ကြောင်မများကလည်း ''အိုးကလေး လှုပ်ပါအုံး၊၊ အမြီးလေး လှုပ်ပါအုံး '' ဟူသော သီချင်များဖြင့် ကသည်။
အကြိုက်တူ၍ အတူကြိုက်မိသောအခါ ကိုက်ကြတော့သည်။
အဲဒီနေ့ ရက်တွင် မောင်ဘချစ်ကြောင်နဲ့ မောင်ဘသစ်ကြောင်တို့ ကိုက်ကြသည်။
တိရစ္ဆာန်သဘာဝ ဤသို့ပါပဲ။ ကြောင်တို့ မည်သည် တွေ့ဆုံဆွေးနွေးပွဲတွေ ဘာတွေ မလုပ်ပါ။
''ညောင်..ငန့်ငန့် '' ဟု အသံပြုကာ တကောင်နှင့် တကောင် လှန့် သည်။ခြောက်သည်။ လက်သည်းထုတ်ကာ ကုတ်သည်။ ကိုက်သည်။
ကြောင်တို့သည် လက်နက်အားကိုးသည်။ ထိုလက်နက်သည်ကား လက်သည်း၊ ခြေသည်း သွားတို့ ဖြစ်ကုန်၏။
တိရစ္ဆာန်အမူအကျင့်တွေကို မောင်ဘချစ်တို့ရွံမုန်းသည်။
ကြောင်တွေ ကိုက်ကြသည်။
မောင်ဘချစ်တို့ ကြောင်သံကြားရာ ထွက်ကြည့်သည်။
ထုံးစံအတိုင်း လမိုက်ညသည် မှောင်၏။
ပြည်သူတို့သည် သဘာဝကို မြတ်နိုးသည်။ လသာတော့ လင်းသည်။ လမိုက်တော့ မှောင်သည်။ မှောင်ရင် မှောင်သည်ဟု မှတ်။
မီးလာ၏၊ မလာ၏ မပြောပါနှင့်။ အန္တရာယ်ကြီးသည်။
မောင်ဘချစ် တရားစခန်း ဝင်ဖူးသည်။ ကမ္မဌာန်းပြသူဆရာက ဖြစ်တာ ပျက်တာကို မှတ်ခိုင်းသည်။
''ဆရာ၊ သဘာဝကို မှတ်ခိုင်းပါသလား''
''ဟုတ်တယ်''
''ဒါဆိုရင် မီးမလာရင် မီးမလာဘူးလို့ မှတ်လို့ မရဘူးလား ဆရာ'' ဟုမေး၏။ ထိုအခါ ဆရာက ဖြေသည်။
''မီးမလာတော့ မမှောင်လား''
''မှောင်ပါတယ် ဆရာ''
''ဒါဆို မှောင်တယ်လို့ မှတ်ပေါ့။ ဘာ ခဲယဉ်းတာ မှတ်လို့''
''ဒါဆိုရင် မီးလာရင်ကော ဆရာ''
''ဒါတော့ကွာ၊ မီးက ဘယ်လောက်များ လာလို့လဲ၊ မင်းတို့ ဉာဏ်စဉ်တက်မှာ မဟုတ်တော့ဘူး''
ဆရာ့ကို ဆက်မငြင်းနိုင်တော့ပါ။
ကဲ … စကား ပြန်ဆက်ပါဦးမည်။
မောင်ဘချစ်တို့ ကြောင်တွေကို လိုက်ရှာသည်။ အရိပ်တော့ မြင်နေရသည်။
မောင်ဘချစ်က ကြောင်မည်းကို ရိုက်ဖို့ ကြိုးစားသည်။ မောင်ဘသစ်ကလည်း ကြောင်ဖြူကို ရိုက်ဖို့ ကြိုးစားသည်။
အသံတော့ ကြားနေရသည်။ မောင်ဘသစ်နဲ့မောင်ဘချစ် အံ့သြသွားသည်။
''သြော် … အမှောင်ထဲမှာ ကြောင်ဖြူနဲ့ ကြောင်မည်း၊ တူတူပါပဲလား …''
No comments:
Post a Comment