ဒေါက်တာမောင်ဘချစ်
ရွေးကောက်ပွဲပြီးတဲ့အခါ ဒီနိုင်ငံကို အင်္ကျီလဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ နဲ့ အင်္ကျီမလဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ ပူးတွဲအုပ်ချုပ်ကြမှာပါပဲ။
အောက်တိုဘာ ၁၅၊ ၂၀၁၀
(မောင်ဘချစ်)
“ဆရာကြီး ဒေါက်တာမောင်ဘချစ်ရေ”
“ဟ၊ ဘယ်သူတုန်း။ ဘာကြောင့် ဒီလောက်ရိုသေနေရတာတုန်း”
မောင်ဘချစ်သည် သနားစဖွယ်ကောင်းသည့် ဂျော်နီအောင်ကိုတွေ့လိုက်ရသောကြောင့် များစွာ အံအားသင့်သွားလေသည်။
“ကျွန်တော် ဂျော်နီအောင်ဘုပါခင်ဗျာ၊ ရွေးကောက်ပွဲနီးလို့ တွေ့သမျှလူကို ဆရာကြီး လို့ ခေါ်နေတာ”
“သြော်၊ မင်းလည်း အရွေးခံမယ့် အရံခွေးလား”
“ကျွန်တော် အရွေးမခံဘူးဗျ၊ ဒါပေမယ့် အရွေးခံမဲ့သူတွေ အများကြီးဗျ၊ ကျွန်တော်လည်း စာရင်း မသိဘူး။ ဂျာနယ်တွေလည်း ဘယ်သူတွေ ဘာလုပ်တယ်ဆိုတာ မသိကြဘူး”
“ဟာ အောင်ဘုရာ၊ ရွေးကောက်ပွဲဆိုတာ လျှို့ဝှက်ထားရတယ်ကွ။ ဒါကြောင့်ပဲ လျှို့ဝှက်မဲစနစ်လုပ်ရတယ် တဲ့”
(ရွေးကောက်ပွဲကော်မရှင်က လျှို့ဝှက်ထားသည်ကို Eleven Media က သတင်းမထုတ်ပြန်၍ အရေးဆိုနေသည်။ သနားဖွယ်ကောင်းလေစွ၊ ကျွတ်ကျွတ် ကျွတ် စ်)
“ဒါကြောင့် ကျွန်တော်ပြောတာပေါ့။ တွေ့သမျှလူကို ဒီလို ဆရာကြီး ခေါ်ထားရတယ်။ သူတို့ အစိုးရဖြစ်လာတဲ့အခါ ပါမစ်လေး ရလိုရငြားပေါ့ဗျာ”
“ဂျော်နီအောင်ဘု ခေါင်းကောင်းတယ်။ ခေါက်ဆွဲဆိုင်မှာ ချိတ်ရမယ်”
“ဒါတော့ဗျာ၊ မဆလ တခေတ်လုံး တန်းစီတိုးစားသူတွေ အများကြီး။ နဝတတို့ နအဖတို့ လက်ထက်မှာ ပါမစ်လုပ်စား တာအများကြီး”
“အရိုးအရင်းလေး ကိုက်ရကိုက်ရပေါ့ ဟုတ်လား”
“ဒါကတော့ဗျာ၊ ချိုးပြော မိုးပြော ကန်ထရိုက်နဲ့ နိုင်ငံတည်''
“ချိုးပြောမိုးပြော ပါမစ်နဲ့ နိုင်ငံတည်” (ပျဉ်းမနား ကြပ်ပြေးနေပြည်တော်ကို ထိုသို့ တည်ဆောက်ခဲ့သည်)
မောင်ဘချစ်တို့ နှစ်ယောက် သံပြိုင်ဆိုကြကုန်၏။
“ဆရာမောင်ဘချစ်ရေ၊ ခုတော့ကောင်းကြသေးရဲ့လား။ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ခွင်ရိုက်နေကြတာ”
''အေးဗျာ၊ ဒို့အစိုးရက သုံးမျိုး သုံးလီ ချပါသည်တဲ့”
“ဘာတွေချလဲ”
“နီးစပ်တဲ့သူတွေ ပါမစ်တွေချ၊ မုန်းတီးတဲ့လူတွေကို ထောင်ချ၊ ပြည်သူတွေကိုတော့ အမှောင်ချတာပဲပေါ့”
“အေးလေ၊ ကျောချမှ ဓားပြမှန်းသိပြီပဲ။ ဒါနဲ့ ဆရာမောင်ဘချစ်ရေ … ဘယ်လို အစိုးရမျိုးဟာ အကောင်းဆုံးလဲ”
“ရှိမှန်းမသိတဲ့ အစိုးရပေါ့”
“ဗျာ”
မောင်ဘချစ် ငယ်ငယ်ကကြားဖူးသည့် အစိုးရပါ။ သူ့ကို ပြောပြတာပါ။
တကယ်တော့ အစိုးရတိုင်းဟာ အာကျယ်ကြသည်။ သူတို့မှာ မိုက်ခွက်ရှိ၏။ မျှော့ကြိုးလည်း ရှိ၏။ ဥပဒေတွေကို အခါခါ ထုတ်ပြန်၏။ လျော့၏၊ တင်း၏။
“အောင်ဘုမင်း သိလား၊ အစိုးရဟာ အာဏာသုံးရပ်ကို ပိုင်တယ်ကွ”
“သိပါတယ်။ တရားဥပဒေ ပြဌာန်းတည်ဆောက်ရေး အာဏာ။ တရားစီရင်ပိုင်ခွင့်အာဏာ နဲ့ အုပ်ချုပ်ရေးအာဏာတို့ပေါ့”
“ဒါကို တယောက်ထဲပိုင်တာလား”
“ဒီသုံးခုကို တယောက်ထဲကကိုင်ထားရင် အကြွင်းမဲ့ အာဏာပိုင်ဆိုင်သူ ဖြစ်တယ်။ ဘုရင်တွေ၊ အာဏာရှင်တွေဟာ ဒီအာဏာသုံးရပ်ကို တယောက်ထဲ ဆုပ်ထားကြတယ်”
“ဟုတ်ပ။ ဘယ်လောက်တော်တဲ့ သူရဲကောင်းဖြစ်ဖြစ် ဒီအာဏာကိုတော့ မရသင့်ဘူး။ ဒီအာဏာတွေကို တယောက်ထဲယူထားရင် ပျက်စီးသွားနိုင်တယ်ကွ၊ ဒီအာဏာတွေကို ခွဲပေးရတယ်”
“ဘယ်လိုခွဲပေးမလဲ၊ ဘယ်သူ့ကိုခွဲပေးမှာလဲ” (မြောက်ကိုးရီးယားတွင် သားသမီးမြေးတွေကို အဆင့်ဆင့် အာဏာခွဲပေးသည်။)
“ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် မူတည်တယ်”
“ဟုတ်တယ်။ အခြေခံဥပဒေက အရေးကြီးတယ်။ တို့နိုင်ငံမှာတော့ နာဂစ်အခြေခံဥပဒေပဲ ရှိတယ်”
“ဘာဖြစ်လို့ နာဂစ်အခြေခံဥပဒေ လို့ ခေါ်တာလဲ”
“ဒီအခြေခံဥပဒေကို အတည်ပြု ပြည်သူ့ဆန္ဒခံယူပွဲကို နာဂစ်မုန်တိုင်းပြီးတဲ့ နှစ်ပတ်အတွင်းမှာပဲ လုပ်တယ်”
မောင်ဘချစ်နှင့် ဂျော်နီအောင်ဘုတို့သည် တယောက်မျက်နှာ တယောက်ကြည့်နေကြသည်။ ဘာကြောင့်လဲဆိုတော့ ဒါကို မောင်ဘချစ်ရော ဂျော်နီအောင်ဘုရော သိထားပြီးသားကိစ္စတွေ ဖြစ်နေ၍ ဖြစ်သည်။
ပြည်သူများအားလုံး သိကြပါသည်။ ဒါမျိုး တသက်တခါသာ ကြုံတတ်ပါသည်။
မေလ ၂ ရက်ညနဲ့ ၃ ရက်နေ့များမှာ နာဂစ်ဆိုင်ကလုံး မုန်တိုင်း တိုက်သွားသည်။ ဧရာဝတီနဲ့ ရန်ကုန်တိုင်းတို့အပြင် ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကိုပါ ဝင်သွားသေးသည်။ လေသည် တနာရီ ၁၃၅ မိုင်နှုန်းနှင့်တိုက်သည်။ မုန်တိုင်းနဲ့အတူ ပင်လယ်ရေလှိုင်းလုံးကြီးတွေပါ ဝင်ရောက်လာသည်။ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး မုန်တိုင်းပါပဲ။ လူတသိန်းကျော်လောက် သေဆုံးသည်။ နှစ်သိန်းမျှ ပျောက်ဆုံးနေသည်ဟု ဆို၏။ ပျက်စီးဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံဖိုးလောက်ရှိမည်။ သတင်းထဲမှာတော့ ရွာလုံးကျွတ် ပျောက်သွားတာတွေ အများကြီးပဲတဲ့။ အစိုးရကတော့ ကယ်ဆယ်ရေးလုပ်သူတွေကို နည်းမျိုးစုံဖြင့် တားမြစ်အရေးယူ ထောင်ချသည်။ ကုလသမဂ္ဂ မဝင်လာဖို့ကိုလည်း တားသည်။ နှောင့်နှေးကြန့်ကြာစေသည်။ ကုလသမဂ္ဂက မြန်မာအစိုးရလုပ်ပုံကို သဘောမကျဘူးလို့ ဆိုသည်။ (ကုလသမဂ္ဂပြောတာလောက်တော့ စစ်အစိုးရကလည်း ရယ်တာပေါ့ဟု ဆိုကြောင်း မခိုင်မာသော သတင်းရပ်ကွက်က ဆို၏)
“အဲဒီတုန်းက အစိုးရဘာလုပ်နေလဲ”
“ဒီမုန်တိုင်းဆိုတာ ဘာမှအရေးမပါဘူး လို့ သူ ထင်တယ်။ ဒါကြောင့် အခြေခံဥပဒေကိုသာ ပြီးအောင် ထောက်ခံမဲပေးပွဲ ပြုလုပ်စေတာပေါ့။ ဒီအခါ နိုင်ငံတကာက ဝိုင်းပြီးပြစ်တင်ကြတာပေါ့” (ရယ်တာပေါ့ဟု ထပ်ဆိုပြန်သည်)
မုန်တိုင်းလွတ်ဒေသတွေကို ပုံမှန်အတိုင်း မေလ(၁ဝ)ရက်နေ့မှာ မဲထည့်စေပြီး ကျန်ဒေသတွေကို မေလ ၂၄ ရက်ကို မဲထည့်စေသည်။ ရွာလုံးကျွတ် နာဂစ်ထဲပါသွားလည်း မဲတွေက လျှံနေသည်။ အများစု မဲမထည့်ကြလည်း ၉ဝ ရာခိုင်နှုန်းကျော်က ထောက်ခံကြသတတ်။ (တော်ပါပေ၏။ တတ်လည်း တတ်နိုင်ကြ၏)
“ဒီအခြေခံဥပဒေကို နားလည်တဲ့ နိုင်ငံရေးသမားတွေက ရေးဆွဲထားတာ မဟုတ်ဘူး”
“ဟုတ်လား၊ ဘယ်သူတွေနဲ့ဆွဲလဲ”
“ပေါက်သင်ညိုတွေ ဖွတ်တွေ ဖားတွေ ဆွဲတာပဲ တဲ့”
“သူတို့ ဘယ်လို ရေးထားလဲ၊ ရှင်းပါဦး”
“ခု လွှတ်တော်နှစ်ရပ်ပေါ့လေ။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဆိုတာ ရှိတယ်။ အမျိုးသားလွှတ်တော်မှာ အမတ်ဦးရေ ၂၂၄ နေရာရှိပြီး ၁၆၈ နေရာအတွက် ရွေးမယ်။ ပြည်သူ့လွှတ်တော်မှာ အမတ်နေရာ၄၄ဝ ရှိတယ်။ ပြည်တွေအတွက် ၃၃ဝ နေရာသာ ရှိတယ်။ ဆိုလိုတာက စစ်တပ်ဟာ ၅၆ + ၁၁ဝ = ၁၆၆ နေရာကို ဒီအတိုင်း ခန့်ထားရယူမှာ ဖြစ်တယ်။ ၂၅ ရာခိုင်နှုန်းပေါ့။ တကယ်တော့ ကြံဖွတ်ရဲ့ မဲတွေဟာလည်း စစ်တပ်တွေပါပဲ”
“သူတို့ချည်းပဲပေါ့”
“ဟုတ်ပ။ ကဲ ဂျော်နီအောင်ဘု မင်း ဒီစာရင်းကြည့်မှာလား”
အောင်ဘုဟာ အရွေးခံတဲ့ပါတီတွေကို ကြည့်သည်။ ပါတီ (၃ဝ)ကျော်ရှိသတဲ့။
တပြည်လုံး မဲဆန္ဒနယ်မှာ ပါဝင်နိုင်တဲ့ပါတီက နှစ်ခုသာ။
ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)တို့ပါပဲ။
ဒီတော့ ဘယ်သူပဲ နိုင်နိုင် ဘာတွေပဲလုပ်လုပ် ...
အင်္ကျီလဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ နဲ့ အင်္ကျီမလဲထားတဲ့ စစ်ဗိုလ်ချုပ်တွေပူးတွဲအုပ်ချုပ်တဲ့ နိုင်ငံတခုဖြစ်လာမှာပါပဲ။
“အောင်ဘု ရှင်းဘီလား”
“ရှင်းဘီ”
“နားလည်လား”
“နားလည်ဘီ၊ ဒီနေ့ကစပြီး လူတိုင်းကို ဆရာကြီး လို့ တပ်ခေါ်ပါတော့မည်။ ဟုတ်ကဲ့ ဆရာကြီး မောင်ဘချစ်”
“ကောင်းပါပြီ ဗိုလ်ချုပ်အောင်ဘု၊ ဆက်လုပ်”
ဂျော်နီအောင်ဘု ပြန်သွားလေသည်။ ပါးစပ်မှလည်း ဆိုသွားသေးသည်။
“ရိုးသား ခိုးစား ပါမစ်ဖြင့် နိုင်ငံတည်”
No comments:
Post a Comment