ဒေါက်တာ မောင်ဘချစ်
အောက်တိုဘာ ၂၃၊ ၂၀၁၀
ဗိုလ်ချုပ်ဈေးက ဝယ်ပါသည် x x x
နှစ်ကျပ်ခွဲပဲ ပေးရသည်၊ ဆေးဆိုးပန်းရိုက် ဖြစ်ပါသည် x x x
တူနယ် တူ့နဲ့ ဗြောင်”
“အောင်ဘု သီချင်းဖျက်မဆိုရဘူး”
“ဖျက်ဆိုတာမဟုတ်ဘူး မောင်ဘချစ်ရာ၊ ပြောင်းဆိုတာ၊ ဒီခေတ်ကြီးမှာ ပြောင်းတယ်လေ။ အိုဘားမား ပြောထားတယ်မဟုတ်လား (Change) တဲ့။ ဒို့မြန်မာတွေကို အမေရိကန်တွေ မမီဘူးကွ”
“ဘာပြောင်းလဲ”
“အလံပြောင်းတယ်လေ”
“အင်း အလံပြောင်းတော့ အလောင်းပြန်တာပေါ့ကွ”
“ဘာလဲ မောင်ဘချစ်ရာ မင်းပြောတာနဲ့ ငါတောင် ကြောက်လာပြီ”
“အဟုတ်ကွ၊ မယုံမရှိနဲ့ ၁၉၇၄ တုန်းက ဦးသန့် ကွယ်လွန်တယ်”
“ဟုတ်တယ်လေ”
“အဲဒီအချိန်မှာ ဦးနေဝင်းက ၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အလံပြောင်းတယ်”
“ဒါတော့ ပြောင်းရမှာပေါ့”
“အေးကွ၊ ဒီလိုပြောင်းတော့ နိမိတ်ပဲဆိုရမယ်၊ ဦးသန့်အလောင်း ရောက်လာတယ်”
“အလောင်းပြန်လာတာပေါ့”
“အေး၊ အလံပြောင်းတော့ အလောင်းပြန်တယ်လို့ လူတွေပြောခဲ့ကြတယ်”
“မင်းကတော့ကွာ၊ အတော်လေး ဒုက္ခပေးတာပဲ၊ အရင်ကလည်း ပုဒ်မလေး၊ ပေးမှလုပ်တယ်လို့ ဒို့ဝန်ထမ်းတွေကို နာမည်ဖျက်ကြတာပဲ မဟုတ်လား”
“ဒါကတော့ ဟုတ်လို့ကျော် ပုတ်လို့ပေါ်တာပဲဟ”
“အေး စောင့်ကြည့်ရတာပေါ့။ ဘယ်သူ့အလောင်းပျံမယ်ဆိုတာ။ သာမည ဆရာတော်အလောင်း ပျောက်သွားတာတော့ ကြားဖူးတယ်မဟုတ်လား”
“ကြားဖူးတယ်။ လူတစုက မှန်ခေါင်းကို ဖောက်ယူသွားကြတာ။ အဲဒီအလောင်းပျောက်ဖူးတာတော့ ရှိတယ်”
“ဆရာတော့်အလောင်း ပြန်လာရင်တော့ ကောင်းတာပေါ့။ နာဂစ်က အလောင်းတွေ ပြန်လာရင်တော့ ဧ”
“ဘာလဲ နာဂစ်က အလောင်းတွေ”
“နာဂစ်မှာ လူတွေ သေတယ်။ သေတဲ့လူတွေကိုမြှုပ်ရင် အပြစ်ရတယ်။ ဒါကြောင့် ဒီလိုပဲ ဆားရေထဲမှာ အကြာကြီးမျောနေတဲ့ အလောင်းတွေ အများကြီးပဲပေါ့”
“အင်း … ဝေါ့ ဝေါ့”
“မရွံပါနဲ့ကွာ မင်းလည်း တနေ့သေရမှာ အားလုံးအပုတ်ကောင်ပဲ”
“အပုတ်ကောင်မို့ ရွံတာပေါ့ကွ”
“အဲဒီအလောင်းတွေဟာ ဆားရေနဲ့ နေပူနဲ့ မည်းပြောင်နေတာပဲတဲ့။ မာကျစ်နေတာ မိချောင်းတွေတောင် မစားကြဘူးတဲ့”
မောင်ဘချစ်သည် ရေသောက်ပြီး တဝေါ့ဝေါ့နဲ့ဖြစ်နေသည့် အောင်ဘုကိုကြည့်ကာ စိတ်မချမ်းမသာ ဖြစ်နေသည်။
“အောင်ဘုရာ၊ လူသေကို ဒိလောက်ရွံရလား။ မင်း ကြီးဒေါ်သေတုန်းကတော့ ခေါင်းရင်းမှာ ဖဲရိုက်ပြီးတော့”
“ဒါက အလောင်းစောင့်မယ့်လူမှ မရှိတာပဲ၊ ငါက ဖဲရိုက်ချင်လို့ မဟုတ်ဘူး၊ ငါ ကြောက်တတ်တယ်ကွ”
“အေး ကြောက်မယ်ဆိုလည်း ကြောက်စရာပဲလေ၊ အဲဒီတုန်းက ကြောင်က ထခုန်တာ အားလုံး လန့်ပြေးတာပဲ”
“အေးကွာ။ ခုတော့ ကျော်သူတို့ရှိနေလို့ တော်သေးတာပေါ့”
“အင်း၊ ကျော်သူတို့ သန်းမြင့်အောင်တို့ရှိလို့ ရဲရဲသေရဲတာ။ ဒါတောင် အောင်ဝေး တယောက် ဒို့မြန်မာနိုင်ငံမှာမရှိတော့ အတော်လေး အားငယ်တယ်”
“အောင်ဝေးက ဘာလုပ်လို့လဲ၊ သူလည်း ကျော်သူတို့လို သုဘရာဇာ လုပ်ပေးလို့လား”
“အေးကွ၊ ဒို့မြန်မာတွေ ကံကောင်းကြတယ်။ သေတဲ့အခါ မင်းသားက ကားမောင်းပို့တယ်။ စာရေးဆရာမ(သန်းမြင့်အောင်)က ကြီးကြပ်တယ်။ နောက် ကဗျာဆရာအောင်ဝေးက ဆားဗစ်လုပ်တယ်”
“ဘာလဲ ဆားဗစ်ဆိုတာ”
“(Service)ပါကွာ သေတဲ့သူတွေကို ခရစ်ယာန်တွေကဆိုရင် သေတဲ့လူအကြောင်းပြောပြီး သီချင်းဆို (Service)လုပ်တာပေါ့ကွ။ အောင်ဝေးက ဒီလိုလုပ်တယ်”
“သူ ကဗျာတွေရွတ်လို့လား”
“ကဗျာတော့ မရွတ်သေးဘူးကွ၊ နောက်ဆို ရွတ်ချင်ရွတ်မှာ။ သူက ကွယ်လွန်သူအကြောင်းကို ရှင်းပြ ပြောဆိုတယ်လေ။ လာတဲ့လူတွေက သေသူကို နားလည်ကြဖို့ပေါ့”
“အေး ဒါလည်းကောင်းတာပဲလေ။ တခါက ပြဿနာတော့ ဖြစ်ဖူးတယ်”
“ဘယ်လိုလဲ”
“မိန်းမတယောက်ပေါ့။ သူက သေသူအလောင်းကို ကန်တော့ပြီး ထငိုတော့တာ။ ‘ရှင်က ကျွန်မကို သမီးနှစ်ယောက်နဲ့ ထားခဲ့ပြီပေါ့လေ ၊ ကျေးဇူးရှင်ကြီးရဲ့’ လို့ငိုတော့ လာတဲ့လူတွေ ဘာပြောရမှန်းမသိဘူး ပေါ့”
“အင်း လူတွေကတော့ ဒီလူကြည့်ရတာ ရိုးပုံရိုးလက်နဲ့ ခုတော့ ပုတ်လို့ပေါ်ပြီဆိုတာမျိုး စဉ်းစားနေကြမှာပါပဲ”
“ဒါပေါ့။ ဒါပေမယ့် အဲဒီမိန်းမက အလောင်းကို သေသေချာချာကြည့်ပြီး ဟင် ကျွန်မယောက်ျား လည်းမဟုတ်ဘူးဆိုပြီး ထွက်သွားရှာတယ်။ ဒီတော့မှပဲ လူတွေ သက်ပြင်းချနိုင်တာပေါ့။ ကိုအောင်ဝေးလို လူတွေရှိရင် သေသူ့အကြောင်း သေသေချာချာပြောနိုင်တော့ မလွဲတော့ဘူးပေါ့”
“အေးဗျာ၊ မြန်မာစကားတခုတော့ ပြင်ချင်တယ်”
“ဘာကိုလဲ”
“အသေစောလို့နှမျောတယ်ဆိုတာနဲ့အတူ အသေနောက်ကျလို့ ကြောင့်ကျရတယ်လို့ ပြင်ချင်တာပဲ”
“မင်း စောင်းပြောနေတာ- နာတိတယ်နော်။ အလံပြောင်းတာကို လူတွေက ယတြာလို့လည်း ပြောနေကြတာပါပဲ”
“အေးဗျာ၊ ကြယ်တလုံးအလံဆိုတော့ 'လာပြီနော် ကြယ်တလုံး ဝုန်း’ ခနဲဖြစ်သွားအောင် လုပ်လို့လား”
“၂၁ ရက်ဆိုတော့ ၃။ သုံးနာရီမှာဆိုတော့ အင်္ဂါသားသမီး သူလည်း ၃ ပဲ၊ သုံးကျအောင် အလံချရသတဲ့”
“အင်္ဂါသားသမီးတွေကို အကျအဆင်းရှိအောင် လုပ်တာနဲ့တူတယ်”
“ဒါပေမယ့် စစ်ဆိုတာလည်း အင်္ဂါပဲ။ သူတို့ကိုးကွယ်တဲ့ဆင်ကလည်း အင်္ဂါပဲ မဟုတ်လား”
“အေးဗျာ၊ ဒါကိုတော့ စံဇာနီဘိုကို မေးကြည့်မှသိမှာပဲ”
x x x
“တကယ်တော့ ယတြာဆိုတာ သဘာဝကို လိမ်တာပဲကွ”
“ဘယ်လိုမျိုးလဲ”
“မပြောင်းချင်ဘူး။ ရာထူးက မပြုတ်ချင်ရင် ပြောင်းဖူးကို အစိမ်းစားရတယ်”
“ဘယ်လို”
“မပြုတ်ဘူး။ ပြောင်းဘူးပေါ့”
“ဟား ဟား ဟား”
“နောက် ယတြာတခုက ဘုရင်ကို နောက်ဆုတ်တက်ရတယ်”
“ဒါက”
“နောက်ပြန်တက်တဲ့ မင်းပေါ့။ နောက်ပြန်ပြီး တက်တယ်တဲ့”
“တယ်ဟုတ်ပါလား။ ခွေးပြေးဝက်ပြေးကိုတော့ ကြားဖူးတယ်”
“လုပ်စမ်းပါဦး”
“နေပြည်တော်မှာ ကားကြီးတွေနဲ့ ခွေးတွေ ဝက်တွေကို တင်သွားကြသတဲ့။ ပြီးတော့ လမ်းမှာ ရပ်ပြီး လွှတ်လိုက်တော့ ခွေးတွေဝက်တွေ ပြေးတော့တာပေါ့။ ဒါကို နောက်က လိုက်မောင်းသေးတယ်။ ခွေးပြေး ဝက်ပြေးပြေးရမယ်ဆိုတာကို ယတြာခြေတာတဲ့”
“အင်း တရားမရှိလိုက်ကြတာ”
“ဟုတ်ပ။ ဒီနောက်ပိုင်းမှာ စစ်အာဏာရှင်တွေဟာ ခွေးပြေး ဝက်ပြေး ပြေးရမှာကို သိနေတယ်လို့ ဆိုနိုင်တာပဲ မဟုတ်လား”
“အေးလေ၊ သူတို့ကို လူတွေက အမုန်းတရားတွေသာ ပွားကြတာပါပဲ”
“သူတို့ဟာ ကြောက်တော့ မကြောက်ဘူး။ ဒူးတုန်နေတာပဲပေါ့”
x x x
ဆင်ကို ရှိခိုး၊ စစ်ကို ဗဟိုပြုထားသူများက အင်္ဂါသားသမီးတွေကို ကျဆုံးစေချင်သတဲ့။
အလံဟောင်းကို မီးရှို့မြေမြှုပ်လိုက်သတဲ့။
ဗုဒ္ဓလက်ထက်က ကြားဖူးပါသည်။
သင်္ကန်းပိုနေရင်။ လိုနေသူကို ပေးသည်။ ထိုသင်္ကန်းစုတ်လျှင် ရေလဲလုပ်သည်။ ရေလဲလုပ်လို့ မသင့်လျှင် ခြေသုတ်လုပ်သည်။ ခြေသုတ်လုပ်ဖို့မသင့်လျှင် နုတ်နုတ်စဉ်းကာ ပြာနဲ့ရောပြီး အကာတွေကို လိမ်းကျန်သတဲ့။ ဘာကိုမှ မဖြုန်းပါ။
အလံကိုမီးရှို့လို့ကော သူတို့တတွေ အလောင်းတွေ မဖြစ်ဘူးလား။ မြေမြှုပ်လို့ကော သေချိန်တန် သေရမှာပါ။ သွားချိန်တန်လျှင် သွားရမှာပါ။ အလံပြောင်းပြီး အလောင်းပြန်မှာ မလွဲနိုင်ပါဘူး။
No comments:
Post a Comment