Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Friday, December 3, 2010

Business Day

၂၀၀၅ခုနှစ် ကဖြစ်ပါသည်။
Cherry Chase မူလတန်းကျောင်းသည် အခြားကျောင်းများနှင့်မတူပဲ ၄တန်းသို့ရောက်သည့်အခါ စီးပွားရေးလုပ်ငန်းတခု ထူထောင်ရလေသည်။ လူတို့၏လိုအပ်ချက်ကုန်ပစ္စည်းများ consumer product ရှာဖွေကြံဆခြင်းများ exploration ပိုကောင်းအောင်တီထွင်ခြင်း innovation လူကြိုက်များအောင်ပြုလုပ်ခြင်း marketing, advertising ငွေကြေးအရင်းအနှီးcapital အရှုံးအမြတ်profit and loss ဘဏ်နှင့်အလုပ်လုပ်ခြင်း withdraw, deposit, balance စသည်များကို သမရိုးကျနည်းဖြင့် မသင်ဘဲ လစဉ် ကုန်စည်တခုလက်တွေ့ထုတ်လုပ် ရောင်းချစေခြင်းဖြင့် လုပ်ငန်းအဆင့်အားလုံး process ကို သင်ကြားလေသည်။
ကျမသည် ဤဘာသာရပ်ကို စီးပွားရေးတက္ကသိုလ်ဒုတိယနှစ်ရောက်မှ သင်ဘူး၏။ သို့သော် စာတွေ့သာလျှင်ဖြစ်၏။

ဤproject မစမှီ မိဘများကိုခေါ်ယူ၍ စည်းကမ်းချက်များ၊ အကြံဥာဏ်များ၊ နမူနာများပြသပြီး သားသမီးများ၏ပညာရည်တိုးတက်မှု၊ စိတ်ကူးစိတ်သန်း၊ တီထွင်ကြံဆမှုတွင် မိဘများ၏အားပေးကူညီမှုလိုကြောင်း၊ အရေးကြီးကြောင်း ရှင်းပြလေသည်။

စည်းကမ်းချက်များမှာ-
အစားအသောက်မဟုတ်။
လက်မှုပစ္စည်းရောင်းချသော handcraft ဆိုင်မှ ready made ကုန်ကြမ်းများဖြင့် ပြုလုပ်ခြင်းမဖြစ်ရ။
recycle စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ရန်။
ပစ္စည်းအကြောင်း၊ အသုံးပြုရန် ညွှန်ကြားချက်၊
ဆက်သွယ်ရန် မိမိ၏လုပ်ငန်းလိပ်စာ business card
ဈေးနှုံး၊ အရေအတွက်အနဲဆုံး ၂၈ခု
ထုတ်ပိုးမှုpacking
ဆိုင်ဖွင့် ပိတ်ခြင်း ကုန်ပြီ open/closed/sold out ဆိုင်းဘုတ်
မိမိသားသမီးထံမှ မဝယ်ရ။

စားသုံးသူများမှာ-
၃တန်းကျောင်းသားများနှင့် မိဘများ။

ဝယ်ရန်ငွေစက္ကူမှာ-
တဦးလျှင်ဒေါ်လာ၅၀၀၀ ကို ထိုနေ့တွင်ဝေငှမည်။

လစဉ်နောက်ဆုံးပတ်၏ကြာသပတေးနေ့သည် Business Day
ကျောင်းမဆင်းမှီ-
၂နာရီအလိုသည် မိမိကုန်စည်အကြောင်း တဦးစီ တင်ပြကြော်ငြာချိန်
တနာရီအလိုသည် ၃တန်းကျောင်းသားများ ဝယ်ရန်အချိန်
၃၀မိနစ်အလိုသည် မိဘများဝယ်ရန်အချိန်
ကျောင်းသားများသည် မိမိရောင်းရငွေထဲမှ ဈေးဝယ်နိုင်သည်။
ဘဏ်သို့ ငွေသွင်း ငွေထုတ် transaction register စာအုပ်များပေးထားသည်။

“ဟန် ဘာရောင်းမလဲ”
“Bookmark စာအုပ်ကြားညှပ်တဲ့ကဒ်ပြား။”
အင်း မဆိုးပါဘူး။ သူ အကြံဥာဏ်ရှိသားပဲ။
“သား လိုမဲ့ပစ္စည်းတွေ စါရင်းလုပ်ထားနော်။ စနေ တနဂ်င်္ံနွေကျရင် ဝယ်ထားရအောင်။ ပြီးတော့ စမ်းလုပ်ကြည့်ရအောင်။ ဘယ်လိုဆိုရင် လူကြိုက်များပြီး ရောင်းရမလဲ။”
“သားသိပါတယ်”
သူနှင့်အတူ Michael handcraft ဆိုင်သို့သွား၍ bookmark idea များကို လေ့လာကြ၏။
သူ့ စီးပွားရေးဖြစ်သဖြင့် သူ့စိတ်ကူးနောက်ကိုသာ လိုက်ကူပေးလေသည်။
ကျမသည် သိပ်စိတ်မပူမိပါ။ သူနှင့်အတူ ကဒ်ပြားများကို ဖြတ် ညှပ် ကပ် အရောင်ဝိုင်းခြယ်ပေးလိုက်သည်။ အဖေကလည်း business card ဝိုင်းလုပ်ပေးလိုက်သည်။
သို့သော် ပထမဆုံးသော ဈေးနေ့သို့ ကျမရောက်သွားသောအခါ အံ့သြဘွယ်ရာ တီထွင်ထားသော ကုန်စည်များကို မထင်မှတ်ဘဲ တွေ့လိုက်ရပါတော့သည်။

အတန်းတတန်းတွင် အနဲဆုံး ၁၇နိုင်ငံမှလာသော ကျောင်းသားများရှိရာ ယဉ်ကျေးမှုစုံ လက်ရာစုံကို တွေ့ရလေသည်။
ဤသင်ခန်းစာသည် ကျောင်းသားများကိုပါမက မိဘများကိုပါ စိန်ခေါ်လေသည်။

အိန္ဒိယမှလာသောကျောင်းသားတဦးက ကျမတို့ငယ်စဉ်က ဂွေလှိမ့်ကစားသော ဂွေနှင့် လှိမ့်တံကို ရောင်းရာ အထူးအဆန်းသဖွယ် ဝိုင်းဝယ်ကြသဖြင့် ကုန်ပြီ ဆိုင်းဘုတ်ချိတ်ထားလေ၏။
ဟန် သည် ဈေးဦးပင်မပေါက်သေး။
သူ၏ အတွေ့အကြုံနှင့် ခံစားချက်ကို နောက်တပတ် သူ့မှတ်တမ်းတွင် ရေးထားလေ၏။

My First Business Day
By Han Tint

My first business day was a disaster. All the kids walked by and asked “What are you selling?”
I replied “Bookmarks”.
Then they just left. The adults did the same but not many of them asked at least some of them bought my product or merchandise.
My product is a bookmark made of hard color paper 2 pieces of paper with a small frame and a picture. I will try to make a picture of the bookmark at the bottom of the page. There were many students who sell bookmarks.
 
Other students sold better products than me. For example, stain glasses, sponge soap, bead necklaces and hero holders.
Adults like house whole items and kids like play things. I have the worst creativity.
You know what I think?
I must have had the worst profit.
Next time, I have to get more fun stuffs for kids.
 

ကျမ အတော် စိတ်မကောင်းဖြစ်မိလေသည်။
မိဘများ အချို့ဆိုလျှင် အဖိုးအဖွားများပါမကျန် မိမိတို့၏သားသမီး၊ မြေး၏ ကျောင်းမှ စီးပွားရေးလုပ်ငန်းသင်ခန်းစာကို တကယ့် ဈေးကွက်ထဲ ဝင်ပြိုင်ရဘိသကဲ့သို့ အင်တိုက်အားတိုက် အကြံဥာဏ်များညှစ်ထုတ်ကာ ဇတ်ခုံနောက်မှ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု teamwork ဖြင့် ပါဝင်နေကြပါရောလား။
 

တပ်စုအလိုက်ယှဉ်ပြိုင်နေကြသော ဈေးကွက်စီးပွားရေးစစ်ပွဲတွင် ဟန်သည် တယောက်ထီးတည်း တိုက်နေရသကဲ့သို့ဖြစ်လေသည်။
သူသည် ပုံပြင်ထဲကလို superman မဟုတ်သဖြင့် အခြေမလှပေ။
နောက်အခေါက်ဈေးနေ့များအတွက် သူနှင့်အတူ ဦးဏှောက်ညှစ်ထုတ်လိုက်၊ စိတ်ကူးလိုက်၊ ဆွေးနွေးလိုက်၊ ပယ်ချလိုက်ဖြင့် အဆင့်တိုင်းတွင် အကျိတ်အနယ် ပါဝင်လာရပါတော့သည်။

ဟန်၏ညီ ခန် ၄တန်းသို့ရောက်သောအခါတွင်မတော့ ခန်သည် sold out ဆိုင်းဘုတ်ချိတ်ရသူဖြစ်သွားလေသည်။


ဋ္ဌေးဋ္ဌေးကြည်
၁၂၊၃၊၂၀၁၀


No comments:

Post a Comment