ပဲခူး-မန္တလေး အဆန်လမ်းမကြီး
အခက်အခဲများစွာဖြင့် စစ်တောင်းမြစ်ကိုဖြတ်ကျော်ပြီးနောက် ခရီးဆက်ရသော လမ်းများသည် ကောင်းစွာထိန်းသိမ်းထားသော လမ်းများဖြစ်၍ ကျွန်တော်တို့တပ်၏တာဝန်သည် ချောချောမွေ့မွေ့ ခရီးတွင်ခဲ့ပေသည်။
ပဲခူးအဝင်တွင် ကျွန်တော်တို့တပ်မဟာ ၅၅ ၏ ခရီးဆုံးသို့သွားရန်ဖြစ်သော မန္တလေး အဆန်လမ်းမကြီးကိုတွေ့ရလေသည်။ ပဲခူးသည် ရန်ကုန်-မန္တလေးရထားနှင့် ရန်ကုန်-မော်လမြိုင် ရထားတို့ ဆုံရာဘူတာလည်းဖြစ်ပြီး နာမည်ကျော် ရွှေသာလျှောင်းဘုရားကြီး တည်ရှိရာမြို့လည်းဖြစ်ပေသည်။
မန္တလေး လမ်းမကြီးသည် မြန်မာနိုင်ငံ၏အဝေးပြေးလမ်းမကြီးတခုဖြစ်ပြီး အလယ်လမ်းသည် ကတ္တရာလမ်းဖြစ်၍ ဘေးနှစ်ဖက်တွင် သစ်ပင်ရိပ်များနှင့် နွားလှည်းများအတွက် လမ်းများရှိသောကြောင့် မြင်းများအတွက် သဘောကျစရာလည်းဖြစ်ပေသည်။
မတ်လ ၁၀ရက်တွင် မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်ကို သိမ်းလိုက်ပြီဟု သိရလေသည်။
ရန်ကုန်-မန္တလေး ရထားလမ်းနှင့်အပြိုင် မန္တလေးလမ်းမကြီးတည်ရှိပြီး ဘူတာများတွင် ရန်သူတို့၏ ခဲယမ်းမီးကျောက်များတင်ထားသော ယာဉ်များကကျန်ရစ်နေလေသည်။ ရဲဘော်များက အလွတ်မပေးပဲ သိမ်းဆည်းရလေသည်။ တပ်စိပ်တခုစီအတွက် လိုအပ်သော ရိက္ခာများကို ခွဲတမ်းရရှိခဲ့ပြီး အထူးသဖြင့် ကြံသကာများပါ ရခဲ့လေသည်။ အချိုမစားရသည်မှာ ကြာပြီဖြစ်သော ရဲဘော်လေးများအတွက် ကြံသကာသည် အငမ်းမရ လိုချင်သောပစ္စည်းဖြစ်လေသည်။
တခါတုန်းကလည်း ကျွန်တော်သည် ပင်မှည့်သီးအစေ့များကို ညှစ်၍ ဖျော်ရည်လုပ်နည်းကို သင်ပေးလိုက်ရာ ရဲဘော်များ အလွန်သဘောတွေ့လေ၏။
ကျွန်တော်တို့တပ် တောင်ငူအနီးနားရွာ၌ရှိနေစဉ် စင်္ကာပူစစ်ဆင်ရေး၌ လက်နက်ကြီးများဖြင့် အထိုးနှက်ခံရကြောင်းသတင်းရရှိရာမှ စက်ယန္တရားတပ်၊ ဘိုင်စကယ်တပ်များကို အသုတ်ခွဲရံစေလျှက် မန္တလေးလမ်းမကြီးကို ဆန်တက်ကြရသည်။ စစ်ခရာမှုတ်လိုက်သောအချိန်ကို ကြုံရပြီဟု ဆိုနိုင်ပါသည်။
ကျွန်တော်တို့တပ်၏ရှေ့ပြေးတပ်က တောင်ငူမြောက်ဖက်ရှိ ဆွာချောင်းကိုအဝင်တွင် တရုပ်ပြည်မှတပ်များကိုပြန်စုထားသော မဟာမိတ်တပ်နှင့် တိုက်ပွဲဖြစ်ကြလေသည်။ လက်နက်ကြီးများဖြင့်ပစ်ခတ်သံများ၊ စက်သေနတ်သံများ ဒလစပ်ထွက်ပေါ်နေ၏။ ကျွန်တော်တို့ ခေါင်းနပမ်းကြီးသွားကြ၏။ မဟာမိတ်တပ်များ ဤနေဝင်ချိန်တွင်ပင် အနိုင်ရရန် ကြိုးပမ်းကြခြင်းဖြစ်သည်။
ဤနေရာမှရှေ့လျှေက် မန္တလေးအထိ မည်သည့် သေနပ်သံမှ မကြားရတော့ပါ။
ဧပြီလထဲဝင်လာပြီဖြစ်၍ ကျွန်တော်သည် ရဲဘော်များအား ဒုတိယအကြိမ် ကော်လီရာ(ကာလဝမ်းရောဂါ) cholera ပလိ (ပုလိပ်ရောဂါ)plague ကာကွယ်ဆေးထိုးရန်ဆောင်ရွက်ရလေသည်။ ဤအကြိမ်တွင် မထိုးမနေရ မဟုတ်သည့်အတွက် ကာကွယ်ဆေးမုန်းသူ အချို့ရဲဘော်များက မထိုးကြပါ။
မန္တလေး လမ်းမကြီးတလျှောက် မြို့ကြီးများတွင် လုယက်မှုများနှင့် ရန်သူတပ်များက မီးရှို့ဖျက်ဆီးထားခဲ့သည်များကို တွေ့ရ၏။
ရန်သူတပ်များ၏ မီးရှို့ဖျက်ဆီးသည့် လုပ်ထုံးလုပ်နည်းကြောင့် အိမ်မီးပါ အလောင်ခံရသော မြို့သူမြို့သားများသည် ပါးစပ်မှနေ၍ ခွေးမသားတရုတ်တွေ မီးရှို့သွားတယ်-ဟု ကျွန်တော်တို့တပ်အား ဆီး၍တိုင်လေ၏။ ကျွန်တော်တို့သည် မီးမလောင်ပဲ ကျန်နေသေးသော ဆေးရုံ၏ အစိတ်အပိုင်းမှ ဆေးပစ္စည်းများကို စစ်ဆေး ရွေးထုတ သယ်ထုတ် ကြရ၏။ သုံး၍ရသလောက် စုဆောင်းခဲ့၏။
ကွီနိုင်ဆာလဖိတ် quinine sulfate၊ အမ်မတင်းဟိုက်ဒြိုကလိုရိုက် emetine hydrochloride ဆေးပြားများ၊ ၄င်းအပြင် ဖီနောလစ်အီမာလ်ရှင်း phenolic emulsion ဆေးများ၊ ပိစွိတိုရင် pitsuitorin ထိုးဆေးများတွေ့ရှိခဲ့ပြီး တပ်အတွက်အပြင် အများပြည်သူသုံးရန်အတွက်ပါရည်ရွယ်၍ ထရပ်များပေါ်တွင်သယ်လာခဲ့၏။ အထူးသဖြင့် လူနာများအတွက်၎င်း အရာရှိများအတွက်၎င်း စဉ်းစား၍ စောင်များ ခြင်ထောင်များကိုလည်း သယ်လာခဲ့၏။ ဤပစ္စည်းများကို သယ်ဆောင်နိုင်ခဲ့ခြင်းမှာ ကျွန်တော်တို့တပ်သည် ကံကောင်းထောက်မစွာ သယ်ယူပို့ဆောင်ရေးတပ်ဖြစ်နေသောကြောင့်ဖြစ်ပေသည်။
မြန်မာပြည်တွင် ငှက်ဖျားရောဂါနှင့် ကော်လီရာ(ကာလဝမ်း)ရောဂါများဖြစ်ပွားနေသည်ကို ကြားသိထားသောကြောင့်လည်းဖြစ်သည်။ ဤကဲ့သို့ ကျွန်တော်၏ဆုံးဖြတ်ချက်ကြောင့် ပင်ပင်ပမ်းပမ်း သယ်ဆောင်လာရသည့်အတွက် မကောင်းသည့်အမြင်များရှိသော်လည်း အခြေအနေပေါ်မူတည်၍ ဆုံးဖြတ်ရန် မှတ်ချက်ရေးရ၏။
No comments:
Post a Comment