ဒီတရားကို ဇွန်လကတဲက ဖလော်ရီဒါမှာ အိမ်ရောင်းဖို့ သန့်ရှင်းရေးလုပ်ရင်းနဲ့ နာခဲ့တာ။ ဒီအကြောင်း စိတ်ထဲကနေ အမေ့ကို စာရေးနေတာ နေ့တိုင်းပါပဲ။ ခုမှပဲ စာရွက်ပေါ် ရေးဖြစ်တော့တယ်။
ဖလော်ရီဒါအိမ်က လူငှားကျောင်းသားတွေ ၂နှစ် နေထားတာ သန့်ရှင်းရေး မှန်မှန်မလုပ်ကြတော့ မီးဖိုကို တော်တော် တိုက်ချွတ်ရတယ်။ သန့်ရှင်းရေးလုပ်ဖို့ လူခေါ်ထားပေမဲ့ သူတို့က နေ့တွက်ကိုက်အောင်ပဲလုပ်တော့ ဂျီးတွေကို နှူးမတိုက်နိုင်ဘူး။ ကိုယ်က မြန်မြန်ရောင်းထွက်ချင်တယ်။ ဝယ်သူကြိုက်အောင် ပြောင်လက်နေအောင်လိုချင်တော့ သန့်ရှင်းရေးသမားတွေ လာမဲ့ရက်မတိုင်မီမှာ ကိုယ်တတ်နိုင်တာတွေ လုပ်ထားရင်း တရားလဲနာရင်းပေါ့။ အိမ်စောင့်နတ်တွေ ဝိုင်းစောင့်နတ်တွေ ဖလော်ရီဒါပြည်နယ်စောင့်နတ်တွေကိုလည်း တရားနာဖိတ်ခေါ် အမျှဝေလုပ်တယ်။

အိမ်က ၃သောင်း၇ထောင်လောက် ရှုံးတယ်ဆိုပေမဲ့ ဖလော်ရီဒါမှာ လဲ့မွန်နေတဲ့ ၂နှစ်မှာ သူ့ကို ပိုက်ဆံ တလ တစ်ထောင်မပို့ရဘူး။ အိမ်ငှားခနဲ့ လုံလောက်သွားတယ်။ တကယ်က တစ်သောင်း ၇ထောင်လောက် ပဲရှုံးတာပေါ့။ ကိုယ့်သမီး အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံနေရတယ်။ ကိုယ်လဲ အခါအားလျှော်စွာ အတူနေရ စောင့်ရှောက်လိုက်ရတယ်။ သူလဲ ကျောင်းပြီးသွားတယ်ဆိုတော့ ကျေနပ်ပါတယ်။ ကောင်းသောရှုံးခြင်းပါပဲ။
ပိုက်ဆံက ထွက်စရာရှိနေရင် ဘယ်လိုမှ ကိုယ်နဲ့မနေပါဘူး။
အမေတို့ အဖေတို့ လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းခံရတယ်၊ တရားရုံးရောက်တယ်၊ အမှုဖြစ်တယ်၊ မီးလောင်တယ်၊ လှေတွေမြုပ်တယ်၊ ပိုက်ဆံတွေ အကြိမ်ကြိမ် တရားမဝင် ဖြစ်ကုန်တယ်၊ သေလောက်တဲ့ ရောဂါဖြစ်တယ်။ ဘဝမှာ ကြုံခဲ့ကြရတာကို အမြဲ ဆင်ခြင် နှလုံးသွင်းပါတယ်။
ဒီတရားကို ဆရာတော်က မနှစ်က သြဂုတ်လမှာ အင်းစိန်ထောင်ထဲမှာ အကျဉ်းသား ၉ထောင်ကျော်ကို ကြက်သားဒန်ပေါက် လှုဒါန်းခွင့်ရပြီး တရားဟောခွင့် ဗွီဒီယိုရိုက်ခွင့်လဲရလို့ စူးမာတို့လဲ တရားနာရ သာဓုခေါ်ရတာပါ။ မောင်နှမတွေကိုလဲ မျှဝေချင်နေတယ်။

“ကျွန်တော်ဟာ မယ်တော့်ဝမ်းရေထောင်ထဲမှာ ၁၀လ၊ ခမည်းတော်ရဲ့ ပညာရေးစီမံကိန်းသံထောင်ထဲမှာ ၁၆နှစ်နေခဲ့ပြီးပါပြီ။ ထီးနန်းထောင်ထဲမှာ ထပ်မနေပါရစေနဲ့တော့။ အို နာ သေ လွတ်ရာ တရားကျင့်ဖို့ တောထွက်ခွင့်ပေးပါ” လို့ တောင်းဆိုတယ်။ ပြီးတော့-
“သတ္တဝါတွေဟာ တကယ်တော့ အို နာ သေ နဲ့ ပဲ စာချုပ်ထားတာ။ အိုထောင်ကနေ နာထောင်၊ သေထောင်၊ ဒီထောင်တွေကိုပဲ ပြောင်းနေကြရတာ။”
“ခမည်းတော်ရဲ့ ဆင်တပ် မြင်းတပ်တွေကလည်း ဘယ်လောက် အင်အားကောင်းကောင်း ကျွန်တော်တို့ကြောက်တဲ့ ရန်သူသေမင်းကို မချေမှူန်းနိုင်ပါဘူး။”
“အသက်ရှင်နေတယ်ဆိုတာဟာ တကယ်တော့ ဘာမှခိုင်ခိုင်မာမာ မရှိပါဘူး။ လက်တဖြစ်အတွင်း အို နာ သေ ဖြစ်သွားနိုင်တယ်။ နံနက်ခင်းမှာကျတဲ့ မြူလိုပဲ။ နေတက်လာရင် လွင့်ပျောက်ရတော့တာပဲ။”
“အသက်ဟာ လမင်းကြီးလိုမဟုတ်ဘူး။ လဆန်းရက် လဆုတ်ရက်တွေလို ကြီးသွားပြန်လိုက် ငယ်သွားပြန်လိုက် မဟုတ်ဘူး။”
“အသီးပင်က အသီးတွေလိုပဲ။ လေကလေးတချက် တိုက်လိုက်ရင် အကင်းလဲ ကြွေတာပဲ။ အစိမ်းလဲ ကြွေတာပဲ။ မှည့်နေတဲ့အသီးလဲ ကြွေတာပါပဲ။”
“အရက်သမားရဲ့ ပုဆိုးလိုပဲ။ အရက်သမားဟာ အရက်လေးတခွက် သောက်ရဖို့အတွက် ရလာတဲ့ ပိုက်ဆံကိုလဲ ချသုံးတာပဲ။ ရှိတဲ့ပစ္စည်း အကုန် ရောင်းချ သုံးတယ်။ နောက်ဆုံး ဘာမှ မကျန်တော့ရင်တောင် ဝတ်ထားတဲ့ပုဆိုး ချွတ်ရောင်းပြီး အရှက်ကွဲခံပြီး ဝယ်သောက်တယ်။ အရက်ဆိုတဲ့ အသက်ကလေးရှင်ခွင့်ရဖို့အတွက် ရှိတာအကုန်ချသုံးတယ်။ ဘာမှ မကျန်ဘူး။ ပြီးတော့လဲ သေတာပါပဲ။”
ဒါနဲ့ ခမည်းတော်လဲ သံဝေဂရပြီး မင်းသားနဲ့အတူ တောထွက် တရားကျင့်ကြတယ်။
ဒီတရားကို နာပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ပါတယ်။
အယောဂရမင်းသားက ထီးနန်းအပ်တာတောင် အချိန်မပေးနိုင်တော့ဘူး။ စူးမာတို့ ထောင်တခုကနေ နောက်ထောင်တခု ပြောင်းလို့ကောင်းတုန်းပဲလား။ လွတ်ဖို့ မစဉ်းစားမိကြဘူးလား။
ဆရာတော်က-
“ထောင်ဆိုတာ recreation center ပါ။ မကောင်းတဲ့စိတ်တွေ အပြု အပြော အလုပ်တွေ ပြောင်းလဲလာအောင် ပြုပြင်နိုင်အောင် ဖန်တီးထားတဲ့စခန်းတခုတဲ့။ ဒီစခန်းကထွက်လာရင် ကောင်းတဲ့ဖက်ကို ပြောင်းလဲလာမှ ဒီစခန်းရဲ့လုပ်ငန်းအောင်မြင်မယ်။ ဓမ္မတွေတိုးလာမယ်၊ အဓမ္မတွေလျော့လာမယ်၊ ဒီလိုဖြစ်ရမယ်။”
ဒါနဲ့ တရားစခန်း ရိပ်သာတွေကိုပါ သွားသတိရတယ်။ ရိပ်သာမှာတော့ အဟုတ်ပဲ၊ အိမ်ပြန်ရောက်တော့ ဒုံရင်းဒုံရင်း။ ရိပ်သာထောင်ကို ဝင်လိုက် ထွက်လိုက်နဲ့ကို မပြီးနိုင်ဘူး။ အပ္ပါယ်တံခါးကို မပိတ်နိုင်ဘူး။
အိမ်ထောင်ကနေ အပ္ပါယ်တံခါးပိတ်၍ နိဗ္ဗာန်တံခါးကြီးဖွင့်နိုင်ကြပါစေ။
၈၊ ၂၆၊ ၂၀၁၁။
No comments:
Post a Comment