အမရပူရ

ပင်းယ၌ ၂ပတ်ခန့်စခန်းချပြီးနောက် မေလ ၂၂ရက်တွင် ကျွန်တော်တို့ တပ်ခွဲသည် မန္တလေးမြို့အနီးရှိ အမရပူရမြို့သို့ရာက်လာ၏။ နာမည်ကျော် ပိုးလုံချည်ထုတ်လုပ်ရာ ဤမြို့သည် လမ်းတဖက်တချက်တွင် ချမ်းသာကြွယ်ဝသော အိမ်ကြီးအိမ်ကောင်းများဖြင့် စီတန်းလျက် ကိုယ်ပိုင်ကားများလည်း ရှိကြလေသည်။ အမပူရရှိ အုန်းဘိုရောစက်ဘီးကို ငှားကာ မန္တလေးသို့ ဈေးဝယ်ထွက်ရလေသည်။
မန္တလေးသည် ယခင်က နန်းတော်ရှိခဲ့သော မင်းနေပြည်တော်ဖြစ်ပြီး မြို့တွင်း၌ ဗုံးဒဏ် တော်တော်ခံထားရကာ ဖုံအလိမ်းလိမ်းဖြင့် ဘယ်နေရာကြည့်ကြည့် လတ်လတ်ဆတ်ဆတ် စစ်၏ဒဏ်ရာဒဏ်ချက်များကို တွေ့ရလေသည်။
ဂျပန်တို့ သိမ်းပိုက်ပြီးနောက် ဈေးက ပြန်လည်စည်ကားနေပြီး နေ့စဉ်သုံး ဟင်းခတ်အမွှေးအကြိုင်များက အဖိုးတန်ကုန်စည်များအဖြစ် ဝိုင်းဝိုင်းလည်အောင် ရောင်းချနေရလေသည်။ ဤဒေသမှထွက်သော သရက်သီးသည် အလွန်အရသာရှိပြီး အမြဲတမ်းဝယ်ရလေသည်။
နန်းတော်သည် ပြတိုက်မျှသာကျန်ပြီး၊ ပြတိုက်အတွင်း၌ ပြထားသောပစ္စည်းများသည် အမှိုက်အဖြစ် ဘဝပြောင်းနေသောကြောင့် မကြည့်ခဲ့ရပေ။
တရက်တွင် ဆလင်ဒါ ၈ခုပါသော မောရစ်ကားကိုငှား၍ ယာမဒါစံနှင့် အခြား၂ယောက်ကို တင်ကာ မေမြို့သို့ လည်ပတ်ရန် မောင်းသွားကြလေသည်။ နိကောရှိ အေ ဘီ စီ တောင်တက်နှင့် တူသော်လည်း တောင်တက်တောင်ဆင်း ကွေ့ကွေ့ကောက်ကောက် လမ်းကလေးမှာ ကတ္တရာခင်းထားပြီး မောင်းနှင်ရသည်မှာ ချောမွေ့နေပေသည်။
မေမြို့သည် အလွန်လှပသော တောင်ပေါ်မြို့ဖြစ်၍ ဗြိတိသျှမြို့တော်ဝန်က နွေရာသီတွင် အပမ်းဖြေရင်း ရုံးစိုက်သောနေရာလည်းဖြစ်ပေသည်။ လည်ပတ်ပြီး တပ်သို့ ပြန်အရောက်တွင် ကျွန်တော်တို့ ပြန်အလာကိုစောင့်နေသော တပ်ခွဲမှုးက-
“အီနာဂခိစံ ဓါတ်ဆီကိုချွေတာနေရတဲ့အချိန်မှာ ခွင့်မတောင်းပဲ ယူသုံးတာ တပ်ခွဲက ဒုက္ခမရောက်ပေဘူးလား။”
အလည်အပတ်ထွက်ရာတွင် သူ့အား မခေါ်သဖြင့် ရစ်နေသည်မှာ သေချာ၏။
“ဓါတ်ဆီက သုံးလိုက်ပြီဆိုတော့ မတတ်နိုင်တော့ဘူး။ အဲဒါဆိုရင်လည်း မသွားခင်တုန်းက ဘာလို့ ဒီအကြောင်း တခွန်းမပြောတာလဲ။”- ဟု
ပြန်ပြောလိုက်ရာ သူ့ထံမှနောက်ထပ် အတွန့်တက်မလာတော့ပေ။
အမရပူရတွင် အလွန်သပ်ယပ် စည်းကမ်းကျသော ဘုန်းကြီးကျောင်းတကျောင်းရှိလေသည်။ ထိုကျောင်းမှ ဆရာဝန်၊ သူနာပြုများက ကျွန်တော်တို့ ဆေးခန်းသို့ မကြာမကြာလာ၍ ငှက်ဖျားဆေးတောင်းလေ့ရှိ၏။ ထိုကွီနိုင်ဆေးများကြောင့် သူတို့တတွေလည်း ချမ်းသာရာရခဲ့ကြလေသည်။
လာမည့်စစ်ရေးအတွက် ရမည်းသင်းဘူတာသို့
၁၉၄၂ခုနှစ် ဇွန်လ ၂၁ရက်နေ့တွင် တပ်ရင်းမှုးက အမရပူရမှခွါ၍ မြန်မာပြည်အလယ်ပိုင်း ရမည်းသင်းတွင်စောင့်ရန် အမိန့်ပေးလေ၏။
ကျွန်တော်တို့ တပ်ခွဲသည် ဘူတာအနောက်ဖက် ကျယ်ဝန်းသောမြေပေါ်တွင် ဆောင်ထားသော ရထားရိပ်သာတွင် စခန်းချရသည်။ မြေကွက်သည် အတော်ကျယ်ဝန်းပြီး သစ်ပင်ကြီးများဖြင့် အုံ့ဆိုင်းနေ၏။ မြင်းဇောင်းအတွက်လည်း လုံလုံလောက်လောက် ကျယ်ပြီး ကျွန်တော်တို့ သယ်/ပို့တပ် အတွက် အလွန်အဆင်ပြေသောနေရာ ဖြစ်ပေသည်။ ရမည်းသင်းတွင် ကြာကြာနေခဲ့ရသောကြောင့် ဒေသခံများနှင့် ရင်းနှီးခွင့်ရခဲ့ပြီး အလည်အပတ် စကားစမြည်ပြောခွင့်လည်း ရခဲ့ပေသည်။ မြန်မာပြည်အကြောင်းလည်း ပိုမိုလေ့လာခွင့်ရခဲ့ပြီး ကျွန်တော့အတွက် အောက်မေ့ဘွယ်ရာ အများကြီးရခဲ့သော နေရာလည်းဖြစ်ပေသည်။
ထိုအချိန်က မိုးရာသီဖြစ်သည့်အတွက် ကံမကောင်းစွာဖြင့် အနီးပတ်ဝန်းကျင် ရွာများ၌ ကော်ရီလာဖြစ်ပွားနေသော အချိန်ဖြစ်သည်။ အထက်အရာရှိ ဆရာဝန်ထံမှ အခေါ်လွှတ်ခံရကာ-
“ခင်ဗျားက ကော်ရီလာအတွေ့အကြုံရှိပြီးသားဆိုတော့”-ဟုဆို၍ ရောဂါဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရန် တာဝန်ပေးလေ၏။
ဗိုလ်ကြီး မိခါမိဟိရောရှိသည် မိတ္ထီလာဖက်တွင် တပ်စစ်ဆေးရင်း ကော်ရီလာရောဂါခံစားရကာ သေဆုံးသွားလေ၏။ သူစိမ်းနိုင်ငံတွင် တာဝန်ထမ်းဆောင်ရင်း ကံကုန်ရရှာသော ဗိုလ်ကြီးကို ဂုဏ်ပြုဆုတောင်းချိန်တွင် အလွန်ကြေကွဲကြလေ၏။ ရေတိမ်နစ်ခဲ့ခြင်းဖြစ်သည်။ တားမြစ်ထားသောအခြေအနေအောက်တွင်ပင် လူသားဆန်သော အစဉ်နွေးထွေးမှုပေးသော ဗိုလ်ကြီးသေဆုံးရမှုသည် ကျွန်တော်တို့အတွက် အလွန်မြင့်မားသော ဆုံးရှုံးရမှုဖြစ်ပေသည်။
ရမည်းသင်း၏တောင်ဖက်မြို့ပေါက်ဝတွင် အဆဟိသတင်းစာ၏စစ်သတင်းထောက် တိုဂါရှိအိုဆမုနှင့် အကရှိမကိုတို တို့၏အုပ်ဂူများက သစ်ပင်ကြီးများ၏အရိပ်အောက်တွင် တည်ထားလေသည်။ ဤရဲဘော်ရဲဖက်များ ကောင်းရာဂတိ ရောက်ကြစေရန်အတွက် ဂူရှေ့တွင် မကြာမကြာ ပန်းများပြင်ဆင်၍ ဆုတောင်းအမျှဝေပေးခဲ့သည်။
ကျွန်တော်တို့တပ်ခွဲသည် ခဏတာသာ စခန်းချရန်ဖြစ်သော်လည်း အမိန့်အရ မွန်းမံ လေ့ကျင့် သင်တန်းဆင်းရသည်။ မြင်းများနှင့် ရဲဘော်များ အစေးမကပ်ဟန် ပြသောကြောင့်ဖြစ်သည်။
No comments:
Post a Comment