ဤသို့ဖြင့် ထွက်ခွာရမည့်နေ့ရောက်လာခြင်း
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နာဂိုယာမှထွက်ခွာ၍ အိုဆာကာသို့ရောက်ရှိလာသည်။ အိုဆာကာတွင် ကျွန်တော်တို့တပ်ရင်းသည် ဂေါ်တိုးကင်ဧည့်ရိပ်သာတွင် စခန်းချပြီး စီးရမည့် သင်္ဘောအလှည့်ကိုစောင့်နေရပြန်သည်။ ဤအတောအတွင်း တပ်ရင်းနောက်ကို လိုက်လာသည့် ဧည့်သည်တွေ့ခွင့်တောင်းထားသောမိသားစုများကလည်း အနီးရှိတည်းခိုခန်းများတွင် အလျှိုအလျှို ရောက်ရှိလာကြလေသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တပ်ရင်းသည် ၂ သုတ်ခွဲ၍ တဝက်က ရေကြောင်းခရီးဖြင့် မာယမာရု ကုန်တင်သင်္ဘောတွင် လိုက်ပါရလေသည်။ မာယမာရုသည် ကုန်တင်သင်္ဘောဖြစ်ပြီး မြင်းများ၊ ထရပ်ကားများ၊ လက်နက်ကရိယာများအပြင် စစ်သည်များကိုပါ အပြည့်တင်ဆောင်ထားရာ မိုမောက်အံထွက်သည့်နှယ်တွေ့ရ၏။
ဆိပ်ခံကမ်းလုံးပြည့်မျှ လာရောက်နှုတ်ဆက်ကြသော လူထုကြီးအား ဝှေ့ရမ်းနှုတ်ဆက်ရင်း အိုဆာကာကမ်းကို ခွါခဲ့လေသည်။
သားကိုကျောမှာလွယ် အလံကိုဝှေ့ရမ်း
ချစ်ဇနီးကို နှစ်သိမ့်ကာ
ခွါခဲ့ရ ဆည်းဆာဆိပ်ကမ်း
ကျူးရှုးကျွန်းရှိ မွန်ရှိဆိပ်ကမ်းသို့ ဆိုက်ကပ်သောအခါ နာမည်ကျော် ငါးပူတင်းဆာရှီးမိ(ငါးအစိမ်း) ကိုလွှေးခဲ့ရ၏။
ဒီတသက်တွင် တခါမှမစားဘူးသေးသော ငါးပူတင်းကို လျှာပေါ်တင်ဖူးခြင်းဖြစ်သော်လည်း ဘယ်လိုကောင်းမှန်းမသိသော ဒီငါးပူတင်းအရသာကို ယခုထက်တိုင်မေ့မရနိုင်ပါ။
မွန်ရှိပင်လယ်ဝတွင် စီတန်းလျက်ရှိသော သင်္ဘောအုပ်စုသည် တောင်ဖက်သို့ ဦးတည်ခုတ်မောင်းနေကြလေသည်။ ဘယ်ဆီဘယ်ဝယ် ဆိုက်ကပ်မည်ကိုမူ မသိကြရပါ။
၁၉၄၂ခုနှစ် နှစ်သစ်ကို တိုင်ဝမ်ပင်လယ်တွင် ကြိုကြရ၏။
သင်္ဘောအတွင်း၌ ကောက်ညှင်းကို ဆုံဖြင့်ထောင်း၍ မိုချိ(ခေါပုတ်)လုပ်ကြပြီး နှစ်သစ်ကူးအထိန်းအမှတ်ဖြစ်သော တာအိုးများထိုးခြင်း ကောက်ရိုးများ စက္ကူများဖြင့်ပြုလုပ်သော နဖူးစီးကြိုးများ ချိတ်ဆွဲခြင်း မိုချိထည့်ထားသော နှစ်သစ်ကူးအစားအစာများကို စားသောက်ကြရင်းဖြင့် ဆုမွန်ကောင်းတောင်းကြလေသည်။
တိုင်ဝမ်ကျွန်း Kaohsiung ကိုဆင်းဆိပ်ကမ်းသို့ ဆိုက်ကပ်သောအခါ အောက်သို့ဆင်း၍ ငှက်ပျောသီး လိမ္မော်သီးများဝယ်ပြီး ရှည်လျားသော ရေကြောင်းခရီးကိုဆက်ရပြန်သည်။
တောင်လတ္တီတွဒ်ဖက်သို့ရောက်သွားသောကြောင့် အပူချိန်ပြောင်းလဲသွားပြီး သင်္ဘောအတွင်းဝယ် နွေဝတ်များကိုပြောင်းလဲဝတ်ကြရသောကြောင့် ပေါ့ပါးသွားလေသည်။
သင်္ဘောအုပ်စုသည် လေယာဉ်ဖြတ်မပျံရ ရေယာဉ်ဖြတ်မမောင်းရစသည့် ဥပဒေသတ်မှတ်ချက်များကြားမှ ခုတ်မောင်းရခြင်းဖြစ်သော်လည်း ထိုအချိန်က လေယာဉ်ပျံသန်းခွင့် ရေယာဉ်ခုတ်မောင်းခွင့် ၂ခုလုံးသည် ကျွန်တော်(ဂျပန်)တို့ လက်ထဲမှာရှိသည့်အတွက် ဤရေကြောင်းခရီး၌ စိတ်ပူပန်စရာဟူ၍ စိုးစဉ်းမျှ မရှိခဲ့ပါ။
သင်္ဘောအုပ်စုသည် ဗီယက်နမ်နိုင်ငံ Cam Ranh ကမ်ရန်းပင်လယ်အော်ကိုဖြတ်မောင်းသောအခါတွင်မှ တပ်ရင်းမှုးက ထိုင်းနိုင်ငံတွင်ဆိုက်ကပ်မည်ကို ထုတ်ဖော်ပြောလေ၏။
ငြိမ်သက်သော လှိုင်းပြာပြာရှိသည့် ထိုင်းပင်လယ်အော်ကိုဖြတ်ပြီး မဲခေါင်မြစ်ဝသို့ ချဉ်းကပ်လာသောအခါ၌ သင်္ဘောအုပ်စုသည် ရပ်တံ့သွားလေသည်။ သင်္ဘောဝမ်းအတွင်း၌ ရှိသော စက်ခန်းအရာရှိကိုဂျီးမားထံသို့ ရေကြောင်းပြ(ပိုင့်လော့)နှင့် အရာရှိချုပ်စသည်တို့က ရေကြောင်းညွှန်ကြားချက်များကို ဆင့်ကဲဆင့်ကဲ တခုပြီးတခု အမိန့်ပေးနေကြသည်။
ဤသို့ဖြင့် သင်္ဘောသည် တဖြေးဖြေး မဲနမ်မြစ်ထဲကို ခုတ်မောင်းဝင်ရောက်လာပြီး ၁၉၄၂ခုနှစ် ဇန္နဝါရီလ ၁၃ရက်နေ့တွင် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ဆိပ်ကမ်း၌ ဆိုက်ကပ်လေတော့သည်။
No comments:
Post a Comment