ဘေးမသီရန်မခဘဲ ထိုင်းသို့ဆိုက်ကပ်ခြင်း
ဆိပ်ခံဘောတွင် ကျောက်ချဆိုက်ကပ်ပြီးသည်နှင့် ရဲဘော်များကအရင်ဆင်းပြီး မြင်းများ ထရပ်ကားများ လက်နက်ခဲယမ်းများစသည်တို့ကို ပြန်ချသည့်အလုပ်စကြရသည်။ ချစ်ချစ်တောက် ပူပြင်းသည့် နေရောင်အောက်တွင် တကိုယ်လုံးချွေးသီးချွေးပေါက်များ ပြိုက်ပြိုက်ကျသည်အထိလုပ်ကြရသော ရဲဘော်များ၏အလုပ်မှာ မသက်သာလှပေ။ ပစ္စည်းများချပြီးသည်နှင့် တပ်စုအလိုက် မြို့တွင်းရှိ Suanlumphini Park ပန်းခြံဧည့်ရိပ်သာတွင် စခန်းချရသည်။
နေ့လည်က ဆိပ်ခံဘောတံတားတွင် ဂျပန်တပ်များ ကုန်းဆင်းနေချိန် ပျားပန်းခတ်မျှ အလုပ်ရှုတ်နေသည်ကို ကြည့်ပြီး ထိုင်းလူမျိုးတဦးသည် ကျွန်တော့အား ဤသို့မှတ်ချက်ချလေသည်။
“ဒီလောက်သေးတဲ့ ဂျပန်နိုင်ငံမှာ ဒီလောက်များတဲ့ စစ်သားတွေရှိမယ်လို့ မထင်မိဘူး။”
“နှုတ်ခမ်းမွေး မုတ်ဆိပ်မွေးတွေနဲ့ စစ်သားတွေက မန်ချူးရီးယားနိုင်ငံကလား။”
“ဂျပန်နိုင်ငံမှာရော ဒီလိုမျိုး စစ်သင်္ဘောတွေရှိလား။”
ဟု မဲနမ်မြစ်အတွင်း၌ ကျောက်ချထားသော စစ်သင်္ဘောများကို လက်ညှိုးထိုး၍ မေးလေ၏။
ပေါက်တတ်ကရစကားဖြင့်ပင်လျှင် ပြန်ဖြေချင်စိတ်ကုန်ခမ်းသွားလေ၏။ ဤစစ်သင်္ဘောများသည် ဂျပန်က ထိုင်းနိုင်ငံအား နှစ်နိုင်ငံ ချစ်ကြည်ရေးဖြင့် ငှားရမ်းထားသော သင်္ဘောများဖြစ်သည်ကို အနှီထိုင်းလူမျိုးသည် မသိသားဆိုးဝါးလှချေ၏။
အကြီးအသေး ဆိုက်မျိုးစုံရှိသော ထိုင်းဘုရင့်ရေတပ်မတော်၏ စူပါစတား သင်္ဘောများကို ဂုဏ်ယူဝင့်ကြွားလျက်
“ထိုင်းမှာ ဒီလိုသင်္ဘောတွေ အများကြီးပဲ၊ ဂျပန်မှာရော ဒါမျိုးတွေရှိလား။”
ကြည့်ရုံမျှဖြင့် ဤသင်္ဘောများသည် ဗြိတိသျှ၊ အမေရိကန်လုပ်သင်္ဘောများဖြစ်ပြီး ထိုင်းအလံလွှင့်ထားသဖြင့် ထိုင်းသင်္ဘောဖြစ်နေသည်ကို နားမလည်ရန်ကော။
၎င်းအပြင် Beck တောင်တန်း၏မတ်စောက်သော တောင်ကမ္ဘာယံတွင် ဂျပန်တပ်နှင့်စာချုပ်၍ စစ်ကြောင်းအတွက် လမ်းဖေါက်နေသော ထိုင်းအင်ဂျင်နီယာတဦးကလည်း ဤသို့မေးပြန်လေသည်။
“အခု ကမ္ဘာမှာ အင်အားအကြီးဆုံးနိုင်ငံဟာ ဘယ်နိုင်ငံလဲသိလား။”
“ဂျာမဏီက နံပတ်တစ်၊ ပြီးတော့ ထိုင်း။”
ဟု အဆက်အစပ်မရှိဆိုလေ၏။
ထိုအချိန်က ဂျာမဏီ၏တန်ခိုးထွားမှုက တောမီးပြန့်သည့်နှယ်ဖြစ်နေပြီး ဆိုဗီယက်နိုင်ငံ၏ပိုင်နက်အတွင်း ထိုးဖေါက်ဝင်ရောက်ကာ ကမ္ဘာကိုကိုင်လှုပ်နိုင်နေသဖြင့် နံပါတ်တစ်ဟုပြောလျှင်ရသော်လည်း တခါမှမကြားဘူးသေးသော နံပတ်နှစ်က ထိုင်းဆိုသည့်အတွက် ကျွန်တော်၏ဦးဏှောက်တွင် ဘယ်လိုမှစဉ်းစားလို့မရနိုင်သည့် လူမျိုးနှင့်တွေ့ခဲ့ရပေသည်။
ထိုအချိန်က ဂျာမဏီ၏တန်ခိုးထွားမှုက တောမီးပြန့်သည့်နှယ်ဖြစ်နေပြီး ဆိုဗီယက်နိုင်ငံ၏ပိုင်နက်အတွင်း ထိုးဖေါက်ဝင်ရောက်ကာ ကမ္ဘာကိုကိုင်လှုပ်နိုင်နေသဖြင့် နံပါတ်တစ်ဟုပြောလျှင်ရသော်လည်း တခါမှမကြားဘူးသေးသော နံပတ်နှစ်က ထိုင်းဆိုသည့်အတွက် ကျွန်တော်၏ဦးဏှောက်တွင် ဘယ်လိုမှစဉ်းစားလို့မရနိုင်သည့် လူမျိုးနှင့်တွေ့ခဲ့ရပေသည်။
ထိုင်းသည် အရှေ့တောင်အာရှတွင် လွပ်လပ်သောနိုင်ငံအဖြစ် ထီးတည်းကျန်ရစ်၍ ရိုးရာထီးနန်းဆက်ခံနိုင်သောနိုင်ငံဖြစ်သော်လည်း အနီးပတ်ဝန်းကျင်မှနိုင်ငံများမှာမူ အနောက်အင်အားကြီးနိုင်ငံများ၏ ကိုလိုနီနိုင်ငံများအဖြစ် အုပ်ချုပ်ခြင်းခံရကာ ဤအင်အားကြီးနိုင်ငံများ၏ လောင်းရိပ်ကို တွန်းလှန်နိုင်စွမ်းမရှိရှာကြပေ။
အထူးသဖြင့် စစ်ရေး နိုင်ငံရေးတွင် ဗြိတိသျှတို့၏အာဏာက အလွန်ကြီးမားလျက်ရှိနေပေသည်။
ဗန်ကောက်မြို့တွင်းရုပ်ရှင်ရုံများ၌ အင်္ဂလိပ် အမေရိကန်ရုပ်ရှင်ကားများဖြင့်သာ ပြသနေပြီး အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအဖြစ် ယေဘူယျ ပြဋ္ဌာန်းထားလေသည်။
ကျွန်တော်တို့၏ broken English မူမမှန်သောအင်္ဂလိပ်စကားကိုပင်လျှင် သဘောပေါက်သဖြင့် ဘုရားမတာပဲဟုဆိုရပေမည်။
No comments:
Post a Comment