ဂျပန် ဒေါက်တာရှုဘိုင်းစုရာ(Albert Schweitzer, Noble Peace Prize) - ဒေါက်တာအိုဂါဝါဇောတ
ဒေါက်တာအိုဂါဝါဇောတသည် အဆင့်မြင့်အရာရှိဖြစ်သော ဗိုလ်မှုးယာနဂိတ၏ ကျောင်းနေဖက်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဆေးခန်းဖွင့်ထားရာ နာမည်ကောင်းရနေသူဖြစ်သည်။
တနေ့တွင် ကျွန်တော်သည် ဗိုလ်မှုးယာနဂိတနှင့် အဖော်အဖြစ် ဒေါက်တာအိုဂါဝါဇောတ၏ဆေးခန်းသို့ လိုက်ပါရလေရာ ဆရာအိုဂါဝါသည် အလွန်ဝမ်းမြောက်စွာဖြင့် ဆီးကြို၍ ကြုံတောင့်ကြုံခဲ ညစာထမင်းပွဲဖြင့်ပင် ဧည့်ခံကျွေးမွေးလေ၏။
ဆရာအိုဂါဝါက အပူပိုင်းဒေသ ကူးစက်ရောဂါအမျိုးမျိုးအကြောင်းများကို ပြောပြလေရာ အလွန်တန်ဖိုးရှိသော ဗဟုသုတ အတွေ့အကြုံများ သင်ခန်းစာများကို ကြားနာခဲ့ရလေသည်။
ထိုအချိန်တွင် အဝေးရောက်တရုတ်အမျိုးနွယ်ထဲက တမျိုးဖြစ်သော လူများနှင့်ပတ်သက်၍ -
ရောဂါတမျိုးကို ဘယ်လောက်ကြာအောင် ကုသမှ ရမလဲ ဟူသော စီမံချက်ချ၍လုပ်ဆောင်ရမည့် နက်ရှိုင်းသော စကားများကိုလည်းကြားနာခဲ့ရ၏။
ဆရာအိုဂါဝါသည် မြန်မာပြည်စစ်ရေးကြိုတင်ပြင်ဆင်မှုတွင် တပ်မတော်၏ အဆင့်မြင့် အကြံပေးအရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်က ရန်ကုန်မြို့တော်တွင် ပြန်လည်ဆုံဆည်းကြခိုက် ဆရာက -
“မြန်မာလူမျိုးတွေဟာ ဂျပန်တွေအပေါ် ယုံကြည်အားကိုးမှုရှိတယ်။ ဂျပန်တွေရဲ့ ဆေးပညာကုထုံးတွေကိုလည်း တန်ဖိုးထားတယ်။ ခင်ဗျားတို့ ငယ်ရွယ်တဲ့ ဆရာဝန်တွေဟာ ဒေသခံတပ်ထဲမှာရှိနေတုန်း ရန်ကုန်မှာ ဂျပန်အုပ်ချုပ်တဲ့ ဆေးရုံဖွင့်နိုင်ရင်ကောင်းမယ်။ တပ်ကသိမ်းထားတဲ့ အဆောက်အဦးကြီးကြီးတွေမှာ ဆေးခန်းနဲ့ ဆေးပစ္စည်းတွေက ရှိနှင့်ပြီးသား၊ အဲဒီမှာ ဆေးရုံ တွဲဖွင့်လိုက်ရုံပဲ။ တပ်ကလူတွေကို ကိုယ် ပြောလိုက်မယ်။” ဟု
တကူးတက အဲဒီအဆောက်အဦးတွေကို လေ့လာထားပြီး ဒေသခံလူများ ကျန်းမာရေးအတွက် အလေးအနက်စဉ်းစားခဲ့သည်။
ဆရာ၏အမျှော်အမြင်ကြီးမားသော ထိုသြဝါဒစကားများက ကျွန်တော့်ကို ရွေ့လျားစေရန် နှိုးဆွပေးနေသော်လည်း အခြားသော အသက်အရွယ်ရနေသည့် တပ်ဆရာဝန်များက စာအုပ်ကြီးအတိုင်း မလှုပ်ကြသဖြင့် ဤစီမံကိန်းသည်လည်း ပါးစပ်ဖျားတွင် လမ်းဆုံးသွားလေသည်။
စစ်ကြီးပြီးသောအခါ ဆရာသည် နာဂိုယာသို့ပြန်လာပြီး ချီကုဆမြို့နယ်တွင် ဆေးခန်းဖွင့်၍ မိမိနိုင်ငံအတွက် အလုပ်အကျွေးပြုပြန်လေသည်။
၁၉၅၆ခုနှစ်တွင် စစ်ဒဏ်ခံခဲ့ရသော ကမ္ဘောဒီးယားနိုင်ငံသို့သွားရောက်၍ ဒုက္ခသည်များ၏ ကျန်းမာရေးကို ဆောင်ရွက်ပြန်သည်။ ကမ္ဘောဒီးယားတွင် လူမျိုးစုများ လွတ်မြောက်ရေးအဖွဲ့အစည်းများ၏ ပဋိပက္ခများက ကြီးထွားလာသောကြောင့် ပြည်တွင်းမငြိမ်မသက်မှုများဖြစ်လာကာ ဆရာ၏စေတနာ့ဝန်ထမ်း ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းကို ရပ်လိုက်ရလေတော့သည်။
၁၉၇၅ခုနှစ်တွင် နှလုံးသားမြို့ဟောင်းဖြစ်သော နဂိုယာကိုပြန်ရောက်လာခဲ့သည်။ ၄င်းနောက် အအိချိတိုင်း မိခါဝပင်လယ်အော်ရှိ ဟိမကကျွန်းတွင် ဆရာဝန်မရှိသောအရပ်၌ ဆရာဝန်အဖြစ် အလုပ်အကျွေးပြုပြန်သည်။ ဆေးကုသခွင့်မရရှာသော ကျွန်းသူကျွန်းသားများအတွက် ဗြဟ္မစိုနှလုံးသားဖြင့် ကျန်ရှိသောဘဝအချိန်ကို စွန့်လှူခဲ့လေသည်။
ဆရာ၏ဘဝ တဝက်သည် ထိုင်း ကမ္ဘောဒီးယားနိုင်ငံတို့တွင် စေတနာ့ဝန်ထမ်း ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းများဖြင့် မြှုပ်နှံခဲ့သောကြောင့် “ဒုက္ခသည်များ၏ဖခင်” ဟု အမည်တွင်ခဲ့ပြီး အသက်အရွယ် ကြီးရင့်လာသည့်တိုင်အောင် အနားမယူဘဲ ဟိမကကျွန်းသူကျွန်းသားများ၏ ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် အချိန်ကုန်လွန်စေခဲ့ပေသည်။
၁၉၇၈ခုနှစ် ဧပြီလ အသက်၈၂နှစ်တွင် ဘဝတပါးသို့ ပြောင်းသွားခဲ့လေသည်။
ကျွန်တော် လေးစားချစ်ခင်သောဆရာ ကောင်းရာသုဂတိ ဘုံသို့ရောက်ရန် အမြဲ ဆုတောင်းလျှက် ရှိနေပါသည်။
No comments:
Post a Comment