Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Saturday, October 30, 2010

ကမ္ဘာကျော် စစ်ဧကရာဇ်ကြီး ဂန်ဂျစ်ရှ်ခန် စီလီကွန်ဗယ်လီကို အောင်နိုင်လိုက်ခြင်း

ခေတ်သစ်နည်းပညာများ ရှာဖွေတီထွင်ရာ  Silicon Valley ၏ မြို့တော် San Jose ရှိ Tech Museum တွင် မေလမှစတင်၍ ကမ္ဘာကျော် စစ်ဧကရာဇ်ကြီးဂန်ဂျစ်ရှ်ခန် ပြခန်းကိုပြသလျက်ရှိရာ နေ့စဉ် ထောင်ပေါင်းများစွာသော ဧည့်ပရိဿတ်များ လာရောက်ကြသဖြင့် စီစဉ်သူများက အောက်တိုဘာလ ၂၄ရက်အထိ ရက်တိုးလိုက်ကြရသည်။ ဤ ပြခန်း၌ အနာဂတ်နည်းပညာ ဆန်းသစ်ရှာဖွေတွေ့ရှိမှုများ မကြာမကြာ ပြလေ့ရှိပြီး ဒီတခါတွင် တမူထူးခြားလျက် ၁၃ရာစုမှ စစ်ဧကရာဇ်ကြီး၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘာသာရေးယုံကြည်ကိုးကွယ်မှုများတွင် ဥာဏ်ထိုးထွင်း ကွန့်မြူးပုံများကို ပြသထားပေသည်။
Tech Museum သည် လာရောက်ကြည့်ရှုကြသူ ဧည့်ပရိဿတ်များအား သိပ္ပံနှင့် အဆင့်မြင့်နည်းပညာကို အသက်အရွယ်မရွေး အတန်းပညာမရွေး သိရှိ နားလည် ထိတွေ့ခံစားနိုင်ရန် လက်ဆင့်ကမ်း ပါရမီ ဖြည့်ပေးသောနေရာဖြစ်သည်။ နေ့စဉ်ဘ၀ထဲတွင် ထိတွေ့နေရသော နည်းပညာကို နားလည်ရန်သာမက ၀ါသနာပါသူများအတွက် အသစ်များ ရှာဖွေတွေ့ရှိနိုင်စေရန် စိတ်ကြိုက် စမ်းသပ် ဆော့ကစားခွင့်လည်း ပေးထားပေသည်။ ဤ Silicon Valley တ၀ိုက်ရှိ အဆင့်မြင့်နည်းပညာထုတ်လုပ်နေသော ကုမ္ပဏီများ ကလည်း လက်ရှိ ကြုံတွေ့နေရသော ပြဿနာများကို လာရောက်လေ့လာကြသော ကျောင်းသူ ကျောင်းသားများအား ဆုပေးစိမ်ခေါ်၍ ညဏ်ကစား ကွန့်မြူးစေရာ နေရာလည်းဖြစ်ပေသည်။
Tech Museum တွင် ကမ္ဘာကျော် IMAX Dome Theater ရှိပြီး အမြင့်ဆုံးနည်းပညာဖြင့် ရုပ်ရှင်ဖန်တီးမှု၏ရသကိုလည်း အထွက်အထိပ်တိုင်အောင် ခံစားနိုင်လေသည်။
Tech Museum ဥက္ကဋ္ဌ Peter Friess က “ဂန်ဂျစ်ရှ်ခန်ကို ရက်စက်ကြမ်းကြုတ်သူ စစ်ဝါဒီအဖြစ် လူသိများသော်လည်း ပစိဖိတ်သမုဒ္ဒရာမှ ကက်စ်ပီယံပင်လယ်အထိ တဆက်တည်း ကျယ်ပြောသော မွန်ဂိုပြည်ထောင်စုနိုင်ငံကို တစည်းတလုံးတည်းဖြစ်အောင် ထူထောင်ခဲ့သူ အမျိုးသားခေါင်းဆောင်အဖြစ် သိသူနည်းပါးကြောင်း၊ ကျနော်တို့မျိုးဆက်အား နိုင်ငံကူးလက်မှတ်စံနစ်၊ မြင်းဖြင့်ချောစာပို့ခြင်း Pont Express ပုံနှိပ်ဒင်္ဂါးသုံးစွဲခြင်း၊ ၀က်သားညှပ်ပေါင်မုန့် Hamburger နှင့် ဘောင်းဘီ Pants များပါမကျန် လက်ဆင့်ကမ်းပေးခဲ့သူဖြစ်ကြောင်း သုံးသပ်ပါသည်။
ဂန်ဂျစ်ရှ်ခန်၏ ခလေးဘ၀သည် ရက်စက်မှု၊ နာကျည်းမှု ကြေကွဲဘွယ်ရာများဖြစ် ပြည့်နက်လျက်ရှိသည်။ အသက်၉နှစ်အရွယ်တွင် အဖေအသတ်ခံရပြီး သူတို့မိသားစုကို သူတို့မျိုးနွယ်အုပ်စုက စွန့်ပယ်ခဲ့လေသည်။
ကြီးနိုင်ငယ်ညှင်း လုယက်မှု ပြန်ပေးဆွဲခံရမှုများဖြင့် ပင်ပမ်းဆင်းရဲစွာ အသက်ရှင်ရပ်တည်ခဲ့ရ၏။
မိခင်ဖြစ်သူနှင့် ဂန်ဂျစ်ရှ်ခန်၏မိန်းမဘ၀တို့သည်လည်း လုံခြုံမှုမရခဲ့ကြပေ။ ဤဘ၀အတွေ့အကြုံများက ဂန်ဂျစ်ရှ်ခန်အား အမြော်အမြင်ကြီးမားစေရန်၊ စိတ်ဆုံးဖြတ်ချက်ခိုင်မာရန်နှင့် ရန်သူကိုရက်စက်နိုင်စေရန် တွန်းပို့ပေးခဲ့လေသည်။

ဂန်ဂျစ်ရှ်ခန်လက်ထက်တွင်-
ပထမဆုံးသော မွန်ဂိုစာလုံးထွန်းကားလာသည်။
မြို့ပြဆိုင်ရာဥပဒေနှင့် စစ်ဘက်ဆိုင်ရာဥပဒေများစတင် ပြဌာန်းအုပ်ချူပ်ခဲ့သည်။
မိန်းမနှင့်ခလေးများကို မသတ်ရ။ ပြန်ပေးဆွဲခြင်းမပြုရ။
ယဉ်ကျေးမှုမတူညီသည့်နိုင်ငံများကို အုပ်ချုပ်ရသည့်အတွက် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုသည်။
အုပ်ချုပ်ရေးအမှုထမ်းများခန့်ထားရာတွင် လူမျိုးဘာသာမခွဲခြားရ။
သံတမန်၊ ကုန်သည်များနှင့် စာချွန်တော်များအတွက် နိုင်ငံကူးလက်မှတ်ထုတ်လုပ်သုံးစွဲသည်။
မင်းမှုထမ်း၊ ဆရာဝန်၊ ရာဖြတ်၊ ရှေ့နေ၊ ကျောင်းဆရာ၊ ပညာတော်သင်၊ သာသန့ာဝန်ထမ်း
များအား ၀င်ငွေခွန်ကင်းလွတ်ခွင့်ပြုသည်။
ကျမသည် ၇တန်းရောက်နေသော သားငယ်၏ကျောင်းမှ ကျောင်းသူကျောင်းသားများကို စောင့်ကြပ်လိုက်ပါယင်း ကမ္ဘာကျော် စစ်ဧကရာဇ်ကြီး ဂန်ဂျစ်ရှ်ခန်နှင့်တွေ့ဆုံခွင့်ရခဲ့ပေသည်။ ခလေးများအား ကျောင်းမှပေးလိုက်သော ဂန်ဂျစ်ရှ်ခန်ခေတ်နှင့်ပတ်သက်သော မေးခွန်းစာရွက်နှင့် ခဲတံများကို ဝေငှပေးလိုက်ပြီးနောက် ကျမသည်လည်း
ဤအခွင့်အရေးကို အလွတ်မခံနိုင်ဘဲ စစ်ဧကရာဇ်ကြီးအား အင်တာဗျူးမိလေသည်။

ဧကရာဇ်ကြီးရှင့် အခုလိုရာစုနှစ်တိုင်အောင် မွန်ဂိုပြည်ထောင်စုနိုင်ငံ တည်တံ့အောင်မြင်မှုရတာဟာ ဘာကြောင့်လို့ထင်ပါသလဲ

Be of one mind and one faith, that you may conquer your enemies and lead long and happy lives.”  
ကိုယ့်ပြည်သူတွေနဲ့ တစိတ်တ၀မ်းတည်း တသားတည်းရှိလိှု့ ရန်သူတွေကို အနိုင်တိုက်နိုင်ခဲ့တာ။ ရေရှည်မှာလည်း ဦးဆောင်နိုင်တာ။ သာယာဝပြောတဲ့ ဘ၀တွေကိုလည်း တည်ဆောက်ပေးနိုင်ခဲ့တာပေါ့။

အခုလိုအင်မားကြီးမားတဲ့ စစ်တပ်အင်အားကို စနစ်တကျဖြစ်အောင် ဘယ်လိုစုဆောင်းထူထောင်ခဲ့ပါသလဲ

“Those who were adept and brave fellows I have made military commanders. Those who were quick and nimble I have made herders of horses. Those who were not adept I have given a small whip and sent to be shepherds.”
ငါ့ဦးဆောင်မှုကိုယုံကြည်တဲ့လူတွေထဲက ရဲရင့်တဲ့လူ တိုက်ရည်ခိုက်ရည် ရှိတဲ့လူတွေဆိုရင်တော့ စစ်ဦးစီးချုပ်ပေးလုပ်လိုက်တာဘဲ။ ဖျတ်ဖျတ်လတ်လတ်နဲ့ သွက်တဲ့လူတွေကိုတော့ မြင်းတွေကို လေ့ကျင့်စေတယ်။ နဲနဲညံ့တဲ့လူတွေကိုတော့ ကြိမ်နဲနဲတို့ပြီး သိုးအကျောင်းခိုင်းလိုက်တယ်။ အားလုံးသူ့နေရာနှင့်သူ သုံးလို့ရပါတယ်။

ကျမတို့မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးများကိုရော ဘာများပြောချင်ပါသေးသလဲ

“If the great, the military leaders and the leaders of the many descendants of the ruler who will be born in the future, should not adhere strictly to the Yasa (written code of law), then the power of the state will be shattered and come to an end, no matter how they then seek Genghis Khan, they shall not find him.”
ဘယ် စစ်ဦးစီးချုပ်မဆို၊  နောက်မွေးလာမဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်မဲ့သူမဆို၊ ဥာဏ်အမျှော်အမြင်ကြီးတဲ့လူဆိုရင် အခုပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စုနိုင်ငံဥပဒေကို ပိုပြီးတင်းကြပ်အောင် မလုပ်သင့်ဘူး။ လုပ်ခဲ့ရင်တော့ ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲမှာဘဲ။ နောက်ထပ် ဂန်ဂျစ်ရှ်ခန်ထပ်ရှာလည်း မရဘူး။    
                               
Conquering the world on horseback is easy; it is dismounting and governing that is hard.”
“မြင်းပေါ်ကနေ ကမ္ဘာကြီးကိုအနိုင်တိုက်ရတာလွယ်ပေမဲ့၊ မြင်းပေါ်ကဆင်းပြီး ဒီကမ္ဘာကြီးကို အုပ်ချုပ်ရတာမလွယ်ဘူး။”
“Violence never settles anything.”
“အင်အားသုံးပြီး ဖြေရှင်းရတဲ့ကိစ္စဆိုတာလည်း ဘယ်တော့မှမတည်ငြိမ်ဘူး။”
“ကိုယ်သေတဲ့အခါ ကိုယ့်ကိုယ်လုံးကြီးကိုတော့ သေပေ့စေပေါ့၊ ကိုယ့်နိုင်ငံကိုယ်တော့ ပေးမသေစေနဲ့ပေါ့။”

“ကျေးဇူးအများကြီးတင်ပါတယ်ရှင်”
အိမ်အပြန်လမ်းတွင်-

လှံကိုသို့ထား၊ ဓားကိုသို့ခုတ်
စစ်ဆုတ်စစ်တက်၊ အဘက်ဘက်တွင်
သွက်လက်သေချာ၊ ကျွမ်းကျင်ပါလည်း
ပြည်သူ့နှလုံး မသိမ်းကြုံးသော်၊ ပြည်သူ့ခွန်အားမကိုးစားသော်
ဓားသွားလည်းကြွေ လှံသွားခွေအံ့။

ဟူသော မြန်မာကဗျာကို သတိရနေမိပါသည်။



မေနှင်းလဲ့မွန် ၁၀၊၇၊၂၀၁၀။

Full Sail University ဘွဲ့နှင်းသဘင်အခန်းအနား ၁၀၊ ၂၉၊၂၀၁၀။

Full Sail University သည် private university ဖြစ်ပြီး သမရိုးကျ တက္ကသိုလ်များနှင့်မတူဘဲ လစဉ် ဘွဲ့နှင်းသဘင်အခန်းအနား ကျင်းပခါ အရည်အချင်းပြည့်သည့် ဘွဲ့ရမောင်မယ်များကို မွေးထုတ်ပေးလျက်ရှိသည်။
သမီးကြီး နှင်းလဲ့မွန်သည် “ဘွဲ့ယူကာတွန်းရုပ်ရှင်ကား” ကို အောင်မြင်စွာ တင်ဆက်နိုင်ပါက အောက်တိုဘာလကုန် ဘွဲ့နှင်းသဘင်အခန်းအနားတွင် ပါဝင်နိုင်မည်ကိုပြောပြထားသည်။