Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Tuesday, September 24, 2013

ဘဝဖလားဗိုလ်လုပွဲ

ပြီးခဲ့သော တနင်္ဂနွေနေ့က ဓမ္မဘေရီဆရာတော်သည် မြန်မာပြည်ပြန်မကြွခင် ဆန်ဖရန်စစ္စကိုဘေး ဧရိယာ၌ နှုတ်ဆက်တရားပွဲ ဟောလေသည်။


ဆရာတော်သည် ယောဆရာတော် ဟောကြားခဲ့သော ဘဝဖလားဘောလုံးပွဲ ဝိပဿနာတရားကို ဥပမာ ဥပမေယျများဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ပြန်လည်တန်ဆာဆင် ဟောပြပါသည်။


ဘဝဘောလုံးပွဲမှာ ကုသိုလ်အသင်းနဲ့ အကုသိုလ်အသင်းတို့ ယှဉ်ပြိုင်ကြရာမှာ -



အိမ်ရှင်အသင်းသည် ကုသိုလ်အသင်း

ကွင်းသည် အိမ်ရှင်ကွင်း

ပရိတ်သတ်သည် အိမ်ရှင်အသင်းကိုသာနိုင်စေချင်သော ကိုယ့်ပရိသတ် - ဖြစ်ပါလျှက်

အိမ်ရှင်ကွင်းမှာ ကိုယ့်အသင်းကို ကိုယ်ပြန်ဂိုးသွင်းမိနေကြပုံကို ထင်ရှား မြင်သာအောင် ဟောပြလေသည်။

ရှေးဘဝက ကုသိုလ်ကံ အားကောင်းခဲ့လို့ ဒီဘဝမှာ လူဖြစ်ရတဲ့အတွက် အိမ်ရှင်သင်းဟာ ကုသိုလ်သင်းသာဖြစ်ကြောင်း။

တရားရှာရမဲ့ ကွင်းသည် မိမိခန္ဒာဖြစ်လို့ ဘောလုံးကစားရမဲ့ကွင်းဟာ အိမ်ရှင်ရဲ့ကွင်းဖြစ်ကြောင်း။

လူတိုင်းဟာ သုဂတိဘုံကိုသာ ရောက်ချင်ကြလို့ ကြိုးစား တရားရှာနေကြတဲ့အတွက် အားပေးတဲ့ပရိသတ်တွေက ကုသိုလ်သင်းကိုသာ နိုင်စေချင်ကြသော ကိုယ့်ပရိသတ်သာလျှင်ဖြစ်ကြောင်း။

နောက်တန်းတွင် ကိုယ့်ဂိုးအတွက် ခံစစ်သည် သီလမဂ္ဂင် ၃ပါးဖြစ်ကြောင်း။ နောက်တန်းလုံရန်အရေးကြီးကြောင်း။
မကောင်းမှုရှောင် ကောင်းမှုဆောင်နိုင်လျှင် သီလခံစစ်လုံပြီဖြစ်လို့ ကိုယ့်ဂိုးနားကို မထိုးဖေါက်နိုင်တော့ကြောင်း။

အလယ်တန်း ထိုးစစ်သည် သမာဓိမဂ္ဂင် ၃ပါးဖြစ်ကြောင်း။
နောက်တန်းလုံနေပြီဖြစ်လို့  ဝင်လာသမျှ ဘောလုံးကို သမာဓိကောင်းကောင်းဖြင့် အခြားတဖက်ကို ရောက်အောင် ပို့ပေးရမှာဖြစ်ကြောင်း။

ရှေ့တန်းတိုက်စစ်သည် ပညာမဂ္ဂင် ၂ပါးဖြစ်ကြောင်း။
မိမိကုသိုလ်သင်း အနိုင်ဂိုးရရှိရေးအတွက် ဘောလုံးကို တဖက်အသင်း၏ ဂိုးသို့ဝင်အောင် ဆောင်ရွက်ပေးရသူဖြစ်ကြောင်း။

ဤဘုရားဖွဲ့ပေးထားသော ကုသိုလ်အသင်းတွင် သတိသည် အသင်းခေါင်းဆောင်ဖြစ်၍ ရှေ့တန်းရော နောက်တန်းပါ ပြေးလွှား ကြီးကြပ်ရသူဖြစ်ကြောင်း။

သီလခံစစ်လုံလျှင် အပါယ်မကျနိုင်သော်လည်း ကမ္မကုသိုလ်လောက်သာပြုသဖြင့် ဘဝမရှူံးရုံသာရှိကြောင်း။
သမာဓိထိုးနှက်အားကောင်းလျှင် ဈာန်ကုသိုလ်ရှိန်ကြောင့် အဆင့်အတန်းမြင့်သော ဗြဟ္မာဘုံသို့ ရောက်နိုင်ကြောင်း။

ဝိပဿနာ ပညာဥာဏ်ကုသိုလ် အားကောင်းမှသာ မဂ်ဥာဏ်ဖိုလ်ဥာဏ်တည်းဟူသော  ၃နှစ်ဆက်တိုက်ဖလားရရှိသဖြင့် အပ္ပါယ်တံခါးပိတ်နိုင်ပြီး အပိုင်ဖလားတည်းဟူသော နိဗ္ဗာန်ဖလားကို ဆွတ်ခူးနိုင်မှာဖြစ်ကြောင်း။

လူ့ဘဝဖလား ခြေစမ်းပွဲကို ထင်သာ မြင်သာအောင် ဟောပြ ဆုံးမပါသည်။
တစ်ချိန်တည်းမှာပင် စကာင်္ပူရောက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာများနှင့်တွေ့ဆုံပွဲတွင် မြန်မာပြည်ကို ပြန်လာကြဖို့ မြန်မာ့ဂုဏ်မြှင့်တင်ကြဖို့ တိုက်တွန်းစကား ပြောပေသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြားပြတ်ရွေးကောက်ပွဲ ပင်မ ရည်ရွယ်ချက် ဖြစ်သော ၂၀၀၈ခု ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကြားပြတ်ရွေးကောက်ပွဲဝင်စဉ် တုန်းကကဲ့သို့ အားပေးကြဖို့ ပြောကြားသွားပေသည်။

၂၀၁၅ခုနှစ် ဒီမိုကရေစီဖလား ရွေးကောက်ပွဲသည်လည်း -


အိမ်ရှင်အသင်းသည် ဒီမိုကရေစီစနစ်

ကွင်းသည် အိမ်ရှင်ကွင်း

ပရိတ်သတ်သည် ကိုယ့်ပရိတ်သတ်

အသင်းခေါင်းဆောင်သည် ကမ္ဘာကလေးစားရသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်

ဤဖလားပွဲမှစ၍ ဒီမိုကရေစီအုတ်မြစ်ဖြစ်သော ကိုယ်ပိုင်ဖလား ပိုက်နိုင်ရန်ပါ အလွန်အရေးကြီးပေသည်။

ပြည်တွင်း ပြည်ပ မြန်မာများ  မြန်မာ့ဂုဏ်မြှင့်တင်ပေးမည့် ဘဝဖလားခြေစမ်းပွဲမှာ အနိုင်ပိုက်နိုင်ရန် နိုးကြားကြပါစို့လား။


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။

Monday, July 1, 2013

စါရင်းချုပ်ကြည့်လိုက်တော့။

မနေ့က ကာလီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့မှာ ကျင်းပတဲ့ ရွှေတောင်ကုန်းဆရာတော် တရားပွဲသွားဖြစ်တယ်။

ဆရာတော်သည် အနာဂတ် သာသနာရေးအတွက်ရော လူ့ယဉ်ကျေးမှုမြှင့်တင်ရေးအတွက်ပါ အခြေခံအကျဆုံးဖြစ်သော သီလကို အမြဲအလေးအနက်ထားကာ တိုက်တွန်း ဆောက်တည်ကြရန် သြဝါဒပေးလေ့ရှိသည်။


ယနေ့တရားပွဲတွင် ဆရာတော်က-
ခုဘဝ ခုအခြေအနေရောက်နေကြတာ ရှေးကပြုခဲ့တဲ့ ကုသိုလ်ကံတွေကြောင့်ပဲ။ ရှေးကပြုခဲ့တဲ့ ကုသိုလ်တွေမှာ ဒါနနဲ့ သီလပဲပြုခဲ့ကြတာဖြစ်လို့ ဒီဘဝ ဒီမျှသာပဲရောက်ကြရတယ်။ ခုဘဝမှာလည်း ဤမျှသာသော ကုသိုလ်ကိုပဲထပ်ပြုရုံဆိုရင် နောင်ဘဝမှာ အရင်းသာပြန်ရဖွယ်ရှိပါတယ်။

ဘယ်လိုလုပ်ပြီး စီးပွားဖြစ်မှာလဲ။

အရင်းပဲပြန်ရတဲ့ စီးပွားရေးပဲလုပ်တတ်ရင် လုပ်နေရင်၊ အချိန်သာကုန်သွားပြီး ဒုံရင်းဒုံရင်းပဲဖြစ်မှာပေါ့။ ဒုံရင်းဆိုရင်တော်သေးတယ်။
မနက်ကလည်း တစ်ကျပ်၊ ညနေကျတော့လည်း တစ်ကျပ်ဆိုရင်၊ စားတဲ့အခါ အရင်းထဲက စိုက်စားရပြီ။ နေရာကျပါ့မလား။
အမြတ်ထွက်အောင်လုပ်တတ်မှ။ အမြတ်ထွက်ဖို့ သေချာမှ ရမယ်။

ဆရာတော်က မြတ်စွာဘုရားသာသနာနှင့်ကြုံခိုက် ဒါန သီလနှင့်သာ အချိန်ကုန်ခံမနေပဲ အမြတ်သေချာသော ဘာဝနာကုသိုလ်သို့ လှမ်းတက် မျှော်ကြည့်တတ်ရန် စါရင်းချုပ်ပြလေသည်။

အို့ အိုး။ ဟုတ်ပါရဲ့။ ကျွန်မတို့ diaspora ဧည့်နိုင်ငံသားများသည် လာတုန်းကလည်း-
ရေကြည်ရာမြက်နုရာ။
ရေကန်အသင့် ကြာအသင့် ဒွေးတော်အိမ်ကိုရှာကြသည်။

ပြန်မလားဟု စဉ်းစားတော့လည်း-
ရေတွင်းတူး မြက်စိုက်ရမည့်ပုံဆို မစဉ်းစား။
ရေကန်တူး ကြာစိုက်ရအုံးမည်ဆိုလျှင် ဝေလာဝေး။
အရင်းထဲကစိုက်စားရအုံးမယ်ဆိုရင်- ဘယ်နှစ်ယောက်ကများ ထပ်ရင်းနိုင်ကြမလဲ။ စောင့်ကြည့်ကြအုံးမည်တဲ့။
(ဒေါ်အောင်ဆန်းစုကြည်ကတော့ ချွင်းချက်ပါ။)

တိုင်းရေးပြည်ရေး မျှော်တွေးကြည့်လိုက်တော့လည်း-
၁၉၄၇ခုနှစ်က ဒီမိုကရေစီ မြန်မာနိုင်ငံသည် ယနေ့ ၂၀၁၃ခုနှစ်တိုင်အောင်ပင် အရင်းပြန်မရောက်သေး။



§  တပ်မတော်ရဲ့ ဗွီတိုအာဏာ
§  ကာကွယ်ရေးဦးစီးချုပ်ရဲ့ ၂၅%တပ်မတော်သားကိုယ်စားလှယ်ခန့်အပ်နိုင်ခွင့်
§  ဝန်ကြီးဌာန ၃ခုဟာ ကာကွယ်ရေးဦးစီးချုပ်တင်ပြသော တပ်ကိုယ်စားလှယ်ထဲမှသာ ခန့်ထားပိုင်ခွင့်
§  နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်နေရာ ၁၁မှာ ၆နေရာက တပ်မတော်မှဖြစ်ခြင်း
§  အရပ်သားအား သမ္မတဖြစ်ခွင့်မှ ပိတ်ပင်သောပြဌာန်းချက်
§  သမ္မတရွေးချယ်ပုံ
§  အရေးပေါ်အခြေအနေတွင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာများစွာပေးထားခြင်း
§  တပ်မတော်စီမံခန့်ခွဲရေးအာဏာသည် တပ်၏လက်ထဲတွင်သာရှိခြင်း
§  နိုင်ငံသားတို့၏အခြေခံအခွင့်အရေးကို တိတိကျကျအဓိပါယ်မဖွင့်ဆိုထားခြင်း
အရင်းထဲက စိုက်စားရပေအုံးမည်။

စါရင်းချုပ်ကြည့်လိုက်တော့ နောက်ကြောင်းသာပြန်မလှည့်တယ် အရင်းကိုပြန်မရောက်တော့။ 

Friday, June 28, 2013

ပြည်ပရောက်နိုင်ငံသားများ (သို့) ဧည့်နိုင်ငံသားများ

Diaspora

ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့အခြေချလာကြသော ဧည့်နိုင်ငံသားများသည် နိုင်ငံတိုင်းတွင် ရှိကြလေသည်။

၂၀၁၂ခုနှစ် ကမ္ဘာဘဏ်၏အစီရင်ခံစာအရ တနှစ်လျှင် မိခင်နိုင်ငံများသို့ တရားဝင် ငွေလွှဲပို့ကြသည်မှာ ၅၃၄ဘီလီယံရှိလိမ့်မည်ဟူသတတ်။ သဇင်ပန်းနတ်မျိုးပီပီ အတော်ပင်ချစ်စရာကောင်းပေသည်။ ဒီထဲမှာ မိသားစု ဆွေမျိုးများထံသို့ တရားမဝင် ငွေလွှဲကြခြင်း cash to cash မပါသေးပါ။


ကမ္ဘာပေါ်တွင် ဧည့်နိုင်ငံသားများ အများဆုံးနှင့် လူမျိုးအစုံဆုံး နေထိုင်ရာအရပ် ဒွေးတော်အိမ်မှာ အမေရိကန်ပြည်ထောင်စုပင်ဖြစ်လေသည်။ ၆၅သန်းကျော် နေထိုင်ကြပြီး ကျောင်းတိုင်း၊ အလုပ်ဌာနတိုင်းတွင် ပျမ်းမျှ လူမျိုးပေါင်း၂၀ အသာလေး ရှိတတ်ပေသည်။ ထို နိုင်ငံ၂၀တွင် မြန်မာသည် စါရင်းမပေါက်နိုင်အောင် လူဦးရေအားဖြင့် နည်းပါးပေသေးသည်။ အမေရိကန်နိုင်ငံမှ ဧည့်နိုင်ငံသားများက တရားဝင်ငွေလွှဲပို့ကြသည်မှာ ၃၂၀ ဘီလီယံကျော်သည်ဟူသတတ်။ မြန်မာတို့လွှဲကြသော cash to cash မပါတာသေချာသည်။

ဒွေးတော်အနေဖြင့် ယနေ့ထက်တိုင် ဝင်လာမစဲ တသဲသဲရှိနေသော လူမျိုးစုံ၊ ဘာသာမျိုးစုံ၊ လူတန်းစားပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ စရိုက်ပေါင်းစုံကို သူ့နိုင်ငံက ချမှတ်ထားသော မူဝါဒ Life, Liberty, Pursuit of Happiness အတွင်းသို့ အံဝင်ဂွင်ကျ လည်ပတ်နိုင်အောင် လေ့ကျင့် ပျိုးထောင် နေရာချရသည့် အလုပ်မှာ တကယ်တော့ မလွယ်ကူလှပါ။

ဘာသာစကားအတွက်လည်း သင်ရပေမည်။


အလုပ်အကိုင်နှင့် ဝင်ငွေမရမီစပ်ကြား အိပ်စိုက် ကျွေးမွေး ဆေးဝါးကုသ ပေးရလေသည်။


ဒီမိုကရေစီ၏ အနှစ်သာရကို နားလည်စေရန်နှင့် capacity building တဦးချင်းအပေါ် အရည်အချင်းမြှင့်တင် ပျိုးထောင်ရာတွင် မူလတန်းကျောင်းများမှစတင်၍ အသက်အရွယ်အလိုက်လည်း သင်ရိုးညွှန်းတန်း ချရပေမည်။ အုပ်စုလိုက် လူ့အခွင့်အရေးအပေါ် အာရုံမထားပဲ လူတဦးချင်းအလိုက် ရှိရမည့် လွတ်လပ်ခွင့်နှင့် တာဝန်ယူမှု ဆင်ခြင်တုံတရား မြင့်မားလာအောင် အခြေခံလေသည်။


ဤဦးတည်ချက်ကို အလုပ်နှင့်ပတ်သက်သော သင်တန်းများတွင်လည်း ထည့်သွင်းရပေမည်။

စီးပွားရေးလုပ်ငန်းထူထောင်ရာတွင်သော်လည်းကောင်း၊ ပရဟိတလုပ်ငန်းထူထောင်ရာတွင်သော်လည်းကောင်း လုပ်ငန်းဖွဲ့စည်းပုံတွင် ဒီမိုကရေစီအလေ့အကျင့်များကို လေ့ကျင့်သွားနိုင်ရန် ဥပဒေပြဌာန်းရပေမည်။

နဂိုလ်ကမှ ရေကြည်ရာ မြက်နုရာသာ စဉ်းစားတတ်သူများအတွက် ရရှိလာသော ဝင်ငွေများမှ ဝင်ငွေခွန်များ၊ သက်ကြီးပင်စင်နှင့် ဆေးဝါးကုသပေးရန် အိုနာစာရံပုံငွေများကို တပါတည်းဖြတ်ယူ စုဆောင်းပေးထားရန်လည်း မမေ့မလျှော့ စဉ်းစား ထားရပေမည်။


သူ့နိုင်ငံကချမှတ်ထားသော လူနေမှုအဆင့်အတန်းနှင့်အညီ နေတတ်ထိုင်တတ်ရန်နှင့် ဝင်ငွေများကို သူ့နိုင်ငံတွင်း၌ပြန်လည်အသုံးပြုနိုင်အောင် စီးပွားရေးထူထောင်ခွင့်၊ အိမ်ဝယ်ခွင့်၊ ရင်းနှီးမြှုပ်နှုံခွင့်များလည်း ဆွဲဆောင် စီစဉ်ထားရပေမည်။


သဘာဝဘေးအန္တရာယ်ကိစ္စ၊ မတော်တဆထိခိုက်မှုကိစ္စ၊ သေဆုံးကိစ္စတို့တွင်လည်း ကျန်ရစ်သူ သူ့မိသားစု ဒုက္ခမရောက်ရလေအောင် ကိုကျော်သူတို့ နာရေးကူညီမှုအသင်းကဲ့သို့ အများပြည်သူတွင် တာဝန်မပိအောင် အာမခံစနစ်များကိုလည်း နားလည်အောင် ဆွဲဆောင်စီစဉ်ထားရပေမည်။

ဤမျှမကသေး ဒွေးတော်သည် ဒီဧည့်နိုင်ငံသားများ၏ အားသာချက်များကိုလည်း လေ့လာကာ အမေရိကန်နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအနုပညာ၊ ပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့တွင် ဦးဆောင်မှုအခန်းကဏ္ဍ၏ မျိုးဆက်သစ်များအဖြစ် ပျိုးထောင်ပေးပြန်လေသည်။


တကယ်တော့ အမေရိကန်နိုင်ငံသည် ရေကြည်ရာမြက်နုရာ ဆိုသည်ထက် ရေကြည်အောင်မြက်နုအောင် စနစ်ချထားရာတွင် ဧည့်နိုင်ငံသားများက ပါဝင် လည်ပတ်နေရခြင်းမျှသာဖြစ်လေသည်။

ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည်ဟုဆိုဆို အလိုတော်ရိ lobbyist ဟုဆိုဆို၊ ဧည့်နိုင်ငံသားများ၏ အရည်အချင်းနှင့် အင်အားသည် မိခင်နိုင်ငံအတွက်ရော ဒွေးတော်နိုင်ငံအတွက်ပါ စီးပွားရေးမူဝါဒများ၊ နိုင်ငံရေးမူဝါဒများနှင့် နိုင်ငံခြားရေးမူဝါဒများကို ပြောင်းလဲနိုင်စွမ်းရှိသည်ကတော့ အမှန်ပင်ဖြစ်လေသည်။


ဤသဘာဝသံတမန် Natural Ambassadors များကို မိခင်နိုင်ငံများက တိုင်းပြည်ပြန်လည်ထူထောင်ရေးတွင် ဖိတ်ခေါ် ကမ်းလှမ်းကြသကဲ့သို့ ဒွေးတော်နိုင်ငံများကလည်း အားပေးသမှုပြုကာ မိဘကျေးဇူးဆပ်ရာတွင် ပါဝင်စေချင်ကြပေသည်။ မိခင်နိုင်ငံက မိမိသားသမီးရင်းများကို ဒွေးတော်ကဲ့သို့ နားလည်မှုရှိကာ ကိုင်တွယ် မြေတောင်မြှောက်တတ်ရန်လိုပေသည်။

ကမ္ဘာတွင် အထင်ရှားဆုံးနှင့် သြဇာအရှိဆုံး သဘာဝသံတမန်သည် ဦးသန့်နှင့် ဒေါ်အောင်ဆန်းစုကြည်ဟုဆိုလျှင် မှားမည်မထင်။

ပြည်တော်ပြန်သင့် မပြန်သင့်သည် မိမိ၏ရွေးချယ်မှုအပိုင်းဖြစ်သည်။



ဓမ္မဘေရီဆရာတော်သည် အတ္တသမာပဏီဒိစ မိမိကိုယ်ကို ကောင်းစွာတည်ဆောက်ခြင်းသည်သာလျှင် အဓိက၊ ဘယ်နေရာမှာနေနေ ရေကန်တူးပြီး ကြာစိုက်ချင်စိတ်ရှိရန်သာလိုကြောင်း မိန့်ကြားပေသည်။ 

Sunday, June 23, 2013

အင်တာနက်နှင့် ဆင်ဆာ

အင်တာနက်သည်-
စာအုပ်၊ သတင်းစာ၊ ရုပ်မြင်သံကြားစသော စာနယ်ဇင်းတို့နှင့်မတူ   တမူထူးခြားသော လူထုဆက်သွယ်ရေးစင်မြင့်ဖြစ်သည်။

လူတစ်ဦးချင်း၏စွမ်းရည်ကို တပြေးညီဖြစ်လာအောင် ဆွဲတင် မြှင့်တင်ပေးနိုင်သော ကြားခံဆက်သွယ်ရေး သွေးကြောမလည်းဖြစ်သည်။

ကြီးငယ်မရွေး လူသားအားလုံးအတွက် လောကသုံးပါးကို သိမြင်စေနိုင်သော တံခါးပေါက်တစ်ခုလည်းဖြစ်သည်။  
     
ဤထူးခြားချက်များကြောင့်-
ဘယ်လောက်ဝေးဝေး နီးနီးလေးဖြစ်အောင် အချိန် နေရာတို့ကို ရှုံ့နိုင်စွမ်းရှိကာ အတူပူးပေါင်း ပါဝင် သင်ယူ လေ့ကျင့် ဖြေရှင်း ခံစားခွင့်ပေးလေသည်။

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ကိုးကွယ်ယုံကြည်မှုတို့တွင် လူသားတို့၏ အတွေးအခေါ် ဆုံးဖြတ်ချက်တို့ကို ကွဲပြား ပြောင်းလဲ သွားစေနိုင်စွမ်းလည်း ရှိပေသည်။

ဒီမိုကရေစီ၏ဖွားဖက်တော်ဖြစ်သော လွတ်လပ်စွာပြောဆိုခွင့် သဘောတရားနှင့်  ဤလွတ်မြောက်သောနည်းပညာသည် “သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး” ဟူသော သဘာဝတရားနိယာမအတွင်းမှာပင် ရှိသောကြောင့် စားသုံးသူ၊ ထုတ်လုပ်သူ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် အစိုးရတို့အကြားတွင် နစ်နာသူနှင့် တာဝန်ရှိသူတို့မှာ မကြာခဏဆိုသလိုပင် အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်(၁)ကို အခြေခံ၍ အငြင်းပွားမှုများ၊ တရားစွဲဆိုမှုများ ဖြစ်ပွားခဲ့ရပေသည်။

အင်တာနက်သည် အထိမ်းအချုပ်မရှိ ပွင့်လင်းမြင်သာလွန်းသဖြင့် လူမသိစေချင်သော မမြင်စေချင်သော ကိစ္စရပ်များတွင်မူကား ဆိပ်ကွယ်ရာမရ၊ မလုံခြုံ၊ အနှောင့်အယှက် ဖြစ်နေပေတော့သည်။

စာနယ်ဇင်းဌာနများကဲ့သို့ အယ်ဒီတာကတာဝန်ယူ၍ တည်းဖြတ်သင့် မသင့်၊ အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီက တာဝန်ရှိ မရှိ စသည်ဖြင့် အငြင်းပွားနေကြရပေသည်။

မည်သို့ဆိုစေကာမူ ဥပဒေတစ်ခု ပြဌာန်းရန်မှာ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးကျေညာစာတမ်းတွင်ပါရှိသော Life, liberty and the pursuit of happiness လူသားအားလုံးတို့၏ ဘဝ အသက် အိုးအိမ် စည်းစိမ် လုံခြုံခွင့်၊ လွတ်လပ်ခွင့် နှင့် ငြိမ်းချမ်းပျော်ရွှင်ခွင့်ကို ဖော်ဆောင်နိုင်သော ဥပဒေသည်သာလျှင် ဖြစ်ရမည်ဟု လွတ်လပ်စွာပြောဆိုခွင့်အတွက် ကန့်ကွက်သူများရှိသကဲ့သို့၊ တဖက်တွင်လည်း လွတ်လပ်စွာပြောဆိုခွင့်သည် အများပြည်သူ၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံခွင့်၊ လွတ်လပ်ခွင့် နှင့် ငြိမ်းချမ်းပျော်ရွှင်ခွင့်တို့ကို နှောင့်ယှက်ထိပါးလာလျှင်မူကား သက်ဆိုင်ရာက ဥပဒေပြုရပေတော့မည်ဟု ထောက်ခံသူများလည်းရှိကြပေသည်။

လူသားတို့၏ကျင့်ဝတ် ဂုဏ်သိက္ခာ၊ ဆင်ခြင်တုံတရားသည်သာလျှင် မိမိတို့၏မူပိုင်ဥပဒေဖြစ်ကြောင်း၊ မိမိအတွင်းအဇ္ဖဥပဒေကို မလိုက်နာနိုင်ပါက ပြင်ပမှဥပဒေက ထိန်းချုပ်ပေးခြင်းခံရမည်မှာ ဓမ္မတာဖြစ်ကြောင်း၊ လူသားဆင်ခြင်တုံတရားမြင့်မားရေးအတွက် self reliant အတ္တာဟိ အတ္တနောနာထော ကိစ္စများကို ဥပဒေပညာရှင်များ၊ ဒဿနိက ပညာရှင်များက တင်ပြ ဆွေးနွေးနေကြပေသည်။

ပွင့်လင်းခါစ မြန်မာပြည်တွင်လည်း ဤပြဿနာကို ကြိုကြားကြိုကြား ကြားနေရပေသည်။


ကျမတို့တွင်လည်း ဗုဒ္ဓယဉ်ကျေးမှုမှ ဆင်းသက်လာသော လူတစ်ဦးချင်းကျင့်ဝတ်၊ မိသားစုအလိုက်ကျင့်ဝတ်၊ အဖွဲ့အစည်းအလိုက်ကျင့်ဝတ်စသည်ဖြင့် ရှိပေသည်။ ဤကျင့်ဝတ်များကို မလေးစား မလိုက်နာနိုင်ပါက သက်ဆိုင်ရာ အဖွဲ့အစည်းမှ ဥပဒေပြု၍ လိုက်နာစေခြင်းခံကြရမည်မှာ မလွဲပါ။

Sunday, March 10, 2013

မြန်မာ့လူ့အခွင့်အရေးနေ့ (၃၊၉၊၂၀၁၃)

Burma Human Rights Day 3-9-2013

မနေ့က မြန်မာ့လူ့အခွင့်အရေးနေ့ အထိန်းအမှတ်ပွဲ သွားဖြစ်တယ်။
ကိုညွန့်သန်းက မြန်မာပြည်သူတွေရဲ့ ပညာရေးတိုးတက်မှုအတွက်  Khan Academy https://www.khanacademy.org/ နဲ့ မိတ်ဆက်ပေးဖို့ စီမံကိန်းမှာ မြန်မာဘာသာပြန် လုပ်အားပေးတွေကို ဖိတ်ခေါ် နှိုးဆော်ပါတယ်။
Khan Academy က free online ပညာဒါနလုပ်ပေးနေတဲ့ ပရဟိတပညာရေးအဖွဲ့တစ်ခုပါ။ မူလတန်းပညာကနေ တက္ကသိုလ်အဆင့်ထိ ဘာသာစုံ ပညာမျက်စိဖွင့်ပေးနေပါတယ်။ သူ့ရဲ့ သင်ခန်းစာတွေကို နိုင်ငံပေါင်း ၁၀၀ကျော်က အင်တာနက်ကတဆင့် ပညာရည်နို့ သောက်သုံးနေကြရတာဖြစ်ပြီး သူရဲ့ သင်ခန်းစာပို့ချချက် ဗွီဒီယိုတွေဟာလည်း ဘာသာပေါင်းများစွာက ဘာသာပြန်ယူ အသုံးပြုနေကြရတာဖြစ်ပါတယ်။

ကိုမင်းဇင်က မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲကာလမှာ ခါတိုင်း တင်ပြနေကြဖြစ်တဲ့ self-governance အပြင် အရေးတကြီး အာရုံစိုက်ရမဲ့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား သဘောတူညီ ရယူချက်ကို သုံးသပ်ပြပါတယ်။
တဆက်တည်းမှာပဲ ဗြိတိသျှအုပ်စိုးမှုကနေ လွတ်လပ်ရေးဆီသို့ အပြောင်းအလဲကာလမှာ အဆင့်ဆင့် သဘောတူညီချက်တွေဖြစ်တဲ့ Aung San-Atlee Agreement 1947 http://burmastar1010.files.wordpress.com/2011/06/44172419-aungsan-atlee-agreement.pdf နဲ့ NU-ATTLEE BURMA INDEPENDENCE AGREEMENT 1947 http://burmastar1010.files.wordpress.com/2011/06/nu-atlee-agreement.pdf
တို့ကိုလည်း သတိရမိပါတယ်။
 NLD က ၂၀၁၅ အောင်နိုင်ရေးကိုသာ အာရုံစိုက်နေပြီး ဒီသဘောတူညီချက်တွေကို မပြင်ဆင်ထားရင် ဒေါ်အောင်ဆင်းစုကြည် ကျန်းမာရေး တခုခုဖြစ်ခဲ့သော် တိုင်းပြည်အတွက် ရင်လေးစရာဖြစ်ကြောင်း ၁၉၉၀ ခုနှစ်အတွေ့အကြုံများကိုလည်း သတိပေး သုံးသပ်တင်ပြပါတယ်။

Professor Larry Diamond က path to Genuine Democracy ကို ရှင်းလင်းပြောပြပြီး 2015 သည် NLD အောင်နိုင်ရေးက အဓိကမဟုတ်ပဲ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခြင်း တရားမျှတခြင်း နိုင်ငံသားများပါဝင်ခွင့်နှင့် ဥပဒေအရာတွင် သာတူညီမျှခြင်း တို့ကို ဦးတည်တဲ့ အခင်းအကျင်းတွေကို ကြိုတင်ပြင်ဆင်နိုင်ရမှာဖြစ်ကြောင်း လာမယ့် ၂နှစ်တာ ကာလမှာ ပြုလုပ်ဖို့ တိုက်တွန်း အကြံပြုပါတယ်။ http://www.journalofdemocracy.org/sites/default/files/17_23.4%20diamond%20(advance).pdf


တပ်မတော်နဲ့ ဒီမိုကရေစီအင်အားစုကြားမှာ အပြန်အလှန် အကာအကွယ်ပေးသော အာမခံသော စနစ် system of mutual security တစ်ခုရှိရပါမယ်။ တနည်းပြောရရင်တော့  ကစားပွဲတစ်ခုအတွက် လိုအပ်တဲ့ စည်းမျဉ်း rule of the game ရှိထားဖို့ လိုကြောင်း ပြောပါတယ်။

Pseudo democracy ပုံမှန်မဟုတ်သော ဒီမိုကရေစီ တနည်း hybrid regime မှ ဒီမိုကရေစီသို့ပြောင်းလဲလာရန် လိုအပ်သော ညှိနိုင်း ပြင်ဆင်မှုများကို ဆွေးနွေး ပြောပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံထဲက မူမမှန်သော အချက်များကို ၂၀၁၅ခုမတိုင်မီမှာ ပြုပြင်ရန်လိုကြောင်း-

·         တပ်မတော်ရဲ့ ဗွီတိုအာဏာ
·         ကာကွယ်ရေးဦးစီးချုပ်ရဲ့ ၂၅%တပ်မတော်သားကိုယ်စားလှယ်ခန့်အပ်နိုင်ခွင့်
·         ဝန်ကြီးဌာန ၃ခုဟာ ကာကွယ်ရေးဦးစီးချုပ်တင်ပြသော တပ်ကိုယ်စားလှယ်ထဲမှသာ ခန့်ထားပိုင်ခွင့်
·         နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်နေရာ ၁၁မှာ ၆နေရာက တပ်မတော်မှဖြစ်ခြင်း
·         ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မှ ပိတ်ပင်သောပြဌာန်းချက်
·         သမ္မတရွေးချယ်ပုံ
·         အရေးပေါ်အခြေအနေတွင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာများစွာပေးထားခြင်း
·         တပ်မတော်စီမံခန့်ခွဲရေးအာဏာသည် တပ်၏လက်ထဲတွင်သာရှိခြင်း
·         နိုင်ငံသားတို့၏အခြေခံအခွင့်အရေးကို တိတိကျကျအဓိပါယ်မဖွင့်ဆိုထားခြင်း

ဒီအချက်တွေကို မပြင်နိုင်ရင် နိုင်ငံတကာက ပိတ်ဆို့မှုတွေလည်း ရုတ်သိမ်းမှာ မဟုတ်ကြောင်း ထောက်ပြပါတယ်။

လိုအပ်တဲ့အခင်းအကျင်းတွေကို ပြင်ဆင်ရန် ဒီမိုကရေစီအတွေ့အကြုံရှိသော အင်အားစု၊ လူလတ်တန်းစားအင်အားစု၊ အင်အားကောင်းသော လူမှုထောက်ကူပြုအဖွဲ့များ၊ ဒီမိုကရေစီနိုင်ငံရေးပါတီ အင်အားစုများ၊ အချိန်နှင့် တပြေးညီ သတင်းပေးပို့နိုင်သော ခေတ်မီသော ဆက်သွယ်ရေးများလည်း လိုအပ်ကြောင်း။

ဒီမိုကရေစီအုတ်မြစ်ခိုင်မာရေးမှာ proportional representation (PR) ကလည်း အရေးပါကြောင်း မဲအများဆုံးရသူက အစိုးရဖွဲ့ခြင်းရဲ့ အားနည်းချက်ကိုလည်းဆွေးနွေးပြပါတယ်။

နိုင်ငံသားများရဲ့ ကြားမြင်သုတရှိခြင်းဟာ အရေးပါကြောင်း
တပ်မတော်က ဂုဏ်သိက္ခာရှိသော တပ်ဖြစ်ရန် မြှင့်တင်ပေးရန်လိုကြောင်း
ပြည်နယ်နှင့်တိုင်းများရဲ့ အစိုးရအဖွဲ့များဟာ မိမိဒေသဖွံ့ဖြိုးရေးအတွက် အဓိပါယ်ရှိသောလုပ်ပိုင်ခွင့်၊ သယံဇာတစီမံခန့်ခွဲခွင့်၊ ယဉ်ကျေးမှုထိန်းသိမ်းခွင့်တို့ ရှိရမှာဖြစ်ကြောင်း
အထူးသဖြင့် ဦးသိန်းစိန်နှင့် ဒေါ်စုကြား စေ့စပ်ညှိနှိုင်းမှုတွေဟာ နှုတ်ကတိမဟုတ်ပဲ အချိန်ကာလ၊ အဆင့်ဆင့်ပါဝင်သော ကြားကာလဖွဲ့စီးအုပ်ချုပ်ပုံဖြင့် သွားရန်လိုကြောင်း ဆွေးနွေးပြပါတယ်။

ဝမ်းသာစရာသတင်းကတော့ Professor Larry Diamond က နောက်လတွင် Stanford University မှ ဒီမိုကရေစီနှင့်ပတ်သက်သော အခမဲ့ ပညာဒါန Mass Online Open Course ဖွင့်မည်ဖြစ်ကြောင်း သတင်းကောင်းပါးပါတယ်။


အလားတူ Harvard University ကလည်း MOOC ဖွင့်ထားပါတယ်။