Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Monday, April 30, 2012

Google Map, GPS and Bok Kai Temple


ဧပြီ၁၇ရက်နေ့ အခွန်ရာသီ ပြီးသွားပြီးနောက် လမ်းထွက်ချင်နေမိလေသည်။ ရာသီဥတုကလည်း အမြင့်ဆုံးအပူချိန် ၅၈-၆၅ဒီဂရီဖါရင်ဟိုက်ရှိရာမှ စနေ တနင်္ဂနွေတွင် ရုတ်တရက် ၈၀-၉၀ဒီဂရီဖါရင်ဟိုက်သို့ တက်သွားလေရာ နွေဦးပေါက်ရာသီမှ ငှက်များကဲ့သို့ အိမ်ထဲတွင် ငြိမ်မနေနိုင်တော့ပေ။
မကြီးသည် ပူလာသဖြင့် အလွန်ပျော်၍-
“နွေပေါက်လာပြီထင်တယ် ဂွမ်းစောင်တွေသိမ်းလိုက်တော့မှ။”
“သိပ်မချီးမွမ်းနဲ့အုံး မကြီးရေ Heat Wave တွေလာနေလို့၊ မေလထဲရောက်တော့မှ ပုံမှန်ဖြစ်မှာ။”
တနင်္ဂနွေနေ့ မနက်၁၀နာရီတွင် အန်တီအိထံမှ ဖုံးဝင်လာ၏။
အန်တီအိသည် စကာင်္ပူမှာ မလေးတရုတ်နှင့်အိမ်ထောင်ကျပြီး ရောက်လာသူနွယ်နီနှင့် ဂျပန်မှမျိုးမင်းထွဋ်၏ အမေဖြစ်ပြီး လူသေလူဖြစ်ရှင်ဥက္ကဌ၏ဒါယိကာမိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ခရီးသွားခြင်း စာဖတ်ခြင်း အလွန်ဝါဿနာပါသူဖြစ်ပြီး မြန်မာပြည်တွင်းရော နိုင်ငံခြားခရီးပါ အတော်သွားသူဖြစ်လေသည်။ တမလွန်ဘဝများ နတ် ဘိုးတော် ဗေဒင်ယတြာများကို လုံးဝအယုံအကြည်မရှိ။ သူနှင့်ဆန့်ကျင်ဖက် သမီးဖြစ်သူနွယ်နီနှင့် အန်တီအိ၏မောင်ဖြစ်သူ ကိုသိန်းတိုးတို့သည် နတ်များ အဓိဌာန်များ ပူဇော်ပသခြင်းများ၊ အလှူဒါနပြုခြင်းများဖြင့် ဝါဿနာထုံကြလေရာ ဤကိစ္စများနှင့်ပတ်သက်လျှင် နှံ့စပ်ကြလေသည်။

“နွယ် အင်္ဂါနေ့မှာ ခွဲရမယ်။ ဆေးရုံကဆင်းလာရင် အန်တီအိတော့ တစ်ညသွားစောင့်ပေးလိုက်မယ်။”
“ကောင်းတာပေါ့။ မနေ့က မမမူကတောင် သွား အားပေးရအောင်ဆိုပြီး ဖုံးထဲမှာ massage ထည့်ထားတယ်။ ဌေးဌေးပြန်ရောက်တာ နောက်ကျနေလို့ ပြန်တောင်မဆက်ဖြစ်သေးဘူး။ မနေ့ကလည်း ဝါဝါတို့ဆွမ်းကြွေးဖိတ်လို့ Fremont သွားသေးတယ်။ အန်တီအိ ဒီနေ့ ဘယ်မှမသွားဘူးလား။”
“မသွားဘူး။ အခု San Carlos ကနွယ်နီ့အိမ်မှာ။ မနက်ကတောင် သိန်းတိုးက Sacramento က ဘုံကျောင်းမှာ ဆွမ်းသွားတင်မလို့ဆိုပြီး ခေါ်နေသေးတယ်။ ဝက်ကောင်လုံးကင်တွေရော သစ်သီးတွေရော အကြီးအကျယ်ပဲ။ သူအဓိဌာန်တာအောင်လို့ဆိုပြီး။ မတွေ့ဘူးလား Half Moon Bay ကျောင်း သင်္ကြန်ပွဲမှာလဲ မုန့်ဟင်းခါးစတုဒီသာတွေလှူနေတာ။”
“အော် ဟုတ်လား။ ဟိုနာမယ်ကြီးတယ်ဆိုတဲ့ ဘုံကျောင်းလား။ အမြဲတမ်းမဖွင့်ဘူး appointment နဲ့သွားရတယ် ဆိုတဲ့ ဟာလား။”
“ဟုတ်တယ် အဲဒီဘုံကျောင်းက နှစ်ပေါင်း၁၀၀ကျော်ပြီဆိုပဲ။ ဒီနေ့ သူတို့ အပွိုင့်မန့်လုပ်ပြီး သွားကြတာ။ အန်တီအိတော့ နွယ်နီနဲ့ပါသွားတာ ၃ခေါက်ရောက်ဖူးတယ်”
“ဟယ် ဌေးဌေး တစ်ခါမှမရောက်ဖူးသေးဘူး။ မနွယ်လား ဘယ်သူလဲမသိဘူး ပြောသံကြားဖူးတာ။ ဒီနေ့ဖွင့်တယ်ဆိုရင် သွားကြည့်ရရင်ကောင်းမလားမသိဘူး။ မှီသေးလား ဘယ်သူ့ကိုမေးရမလဲ။”
“နေအုံး သိန်းတိုးကိုဆက်ကြည့်လိုက်အုံးမယ်။” အန်တီအိဖုံးချသွား၏။ မကြီးအား-
“မကြီး Sacramento မှာ နှစ်ပေါင်း၁၀၀ကျော်က ဘုံကျောင်းတခုရှိတယ်။ နာမယ်ကြီးတယ်။ စူးမာတခါမှ မရောက်ဘူးသေးဘူး။ အမြဲတမ်းလည်းမဖွင့်ဘူး။ အပွိုင့်မန့်နဲ့မှ။ အန်တီအိကိုမေးခိုင်းထားတယ်။ သွားမလား။ အန်တီအိပြန်ဆက်လိမ့်မယ်။”
“အေး သွားတာပေါ့။”
အန်တီအိပြန်ဆက်လာ၏။
“သိန်းတိုးက ကားမောင်းနေလို့ ဖုံးနံပါတ်ကြည့်လို့မရဘူး။ နွယ်နီကလည်း night shiff ဆင်းထားလို့ အိပ်နေတယ်။ နေအုံး နွယ်ကိုမေးကြည့်လိုက်မယ်။ မစိုးလည်းသွားဖူးတယ်ပြောတယ်။”
“ဌေးဌေး မစိုးဆီကို ဆက်လိုက်မယ်။”
မစိုး ဖုံးမကိုင်။ ဘယ်သူ့ကိုမေးရင် ရမလဲ။ ဦးခင်မောင်ဦး မတင်တင်ဝင်းကိုဆက်ကြည့်မှ။ သူတို့က Sacramento မှာနေခဲ့တာ။
“အမ Sacramento ကဘုံကျောင်း ရောက်ဖူးလား။ အပွိုင့်မန့်နဲ့မှဖွင့်တယ်ဆိုတာ။”
“ရောက်ဖူးတယ် ရောက်ဖူးတယ်။ သွားမလို့လား။ ပိတ်ရက်ဆိုရင် ဖွင့်တတ်တယ်။ ဖုံးဆက်ကြည့်လိုက်။”
“အမ ဖုံးနံပါတ်သိလား။”
“မသိဘူး။ သူ့ website ရှိတယ်။ Bok Kai Temple ခေါ်တယ်။ ဝက်ဘ်ဆိုက်မှာတက်ကြည့်လိုက်။”
ဖုံးချလိုက်ပြီး-
“မကြီးရေ ဘုံကျောင်းနာမယ်သိရပြီ။ ဝက်ဘ်ပေါ်တက်ပြီး ဖုံးနံပါတ်ရှာလိုက်မယ်။”  
ဖုံးဆက်ကြည့်လိုက်ရာ-
“၃နာရီအထိဖွင့်မယ်။ ၂နာရီခွဲရောက်အောင်လာ။ နင်တို့ Sunnyvale ကလာရင် အခုချက်ချင်းထွက်မှ ရောက်နိုင်မယ်။ အခု၁၁နာရီခွဲနေပြီ။”
“အိုကေ အခုထွက်လာမယ်။”
ဖုံးချပြီး-
“မကြီး ထမင်းဗူးထည့်။ အခုထွက်မှရမယ်။ ၂နာရီလောက်မောင်းရမှာ။”
Google မှမြေပုံထုတ်ကာ လမ်းညွှန် print လုပ်နေရပြန်သည်။ ဘုံကျောင်းက မြေပုံတင်ထားသော်လည်း လိပ်စာကိုရေးမထားပဲ PO Box သာပါ၏။ 

အိမ်က GPS (Global Positioning System)သည် အလယ်အလတ်စားသာဖြစ်၍ လူသိများသော လည်ပတ်စရာ၊ ဈေး၊ စာတိုက်၊ ဟိုတယ် စသည်များပါဝင်သော Point of Interest list တွင်ရှာမတွေ့ပါက လမ်းထဲကျမှ ရွာလည်ကာ ဟိုဖုံးလှမ်းဆက် ဒီဖုံးလှမ်းဆက် ဖြစ်နေလေမည်။ သူ့မြေပုံထဲမှ SR-65 ကိုသာအကြမ်းပြင်းမှတ်ထားကာ ထွက်ရန်ပြင်ဆင်ရတော့သည်။



အန်တီအိထံမှ ဖုံးဝင်လာပြန်၏။
“ဌေးဌေးရေ နွယ်က ဖုံးနံပါတ်မသိဘူး။ နွယ်ဆီမှာ မမမူရောက်နေလို့ သွားဖြစ်ရင် ဆရာ Allan အတွက်ဆုတောင်းပေးခဲ့ပါလို့ မှာနေတယ်။”
မမမူဆီက အော်ဒါတော့ရပြီ။ မနွယ်အတွက်ပါဆုတောင်းပေးရမည်။ သူကသဘက်ခါခွဲရမှာ။ မကြီးသမက် ဖိုးသားလည်း မလေးရှားမှာ ဆေးရုံတက်နေ၏။
“ဖုံးဆက်လိုက်ပြီ အန်တီအိ။ မတင်တင်ဝင်းပြောပြလို့ ဝက်ဘ်ဆိုက်ကရတယ်။ အခုထွက်တော့မှာ။ အန်တီအိကို ဝင်ခေါ်မယ်။”
“ဟင် အန်တီအိပါလိုက်ရမှာလား။ ဒါဆိုရင် Nomandy ကိုထမင်းကျွေးလိုက်အုံးမယ်။”
နော်မန်ဒီသည် ၁၂နှစ်အ၇ွယ်ရှိသော နွယ်နီ့သားဖြစ်သည်။

အိမ်ကထွက်တော့ ၁၂နာရီ၁၀မိနစ်ရှိနေပေပြီ။ မြေပုံမှ သတင်းအရ အိမ်မှဘုံကျောင်းအထိ စုစုပေါင်း၁၆၄မိုင်မောင်းရမည်။ ၂နာရီခွဲနဲ့မရောက်နိုင်။ အန်တီအိကို ဝင်ခေါ်ရအုံးမည်။ ၃နာရီမထိုးခင်တော့ ရောက်အောင်မောင်းရမှာပဲ။

အန်တီအိကိုကြိုပြီးချိန်မှာ ၁နာရီထိုးရန်၁၅မိနစ်။ မှီပါ့မလား မသိ။
မကြီးကိုမြေပုံဖတ်ခိုင်းကာ ၃ယောက်သားထွက်လာကြလေသည်။ US Highway 101 ကနေ San Mateo Bridge ကိုဖြတ်ပြီး CA Freeway I-880 ပေါ်သို့ရောက်သောအခါ မကြီးက-
“ဟဲ့ ခုမှ Hayward ပဲရောက်သေးတယ်။ ၃ပုံတပုံတောင်မရှိသေးဘူး ၁နာရီကျော်နေပြီ။”
ကားများကိုကျော်တက်လိုက် လမ်းရှင်းလျှင် တစ်နာရီမိုင်၈၀နှုံးဖြင့် မောင်းလိုက် အရှေ့အနောက် ရဲကားများကို သတိထားလိုက်ဖြင့် Oakland ကျော်လာ၏။
 
I-880 မှ I-80 သို့ဝင်သောအခါ ဆန်ဖရန်စစ္စကိုနားဖြတ်သည့်အတွက် ရာသီဥတုပြောင်းသွားလေသည်။ အပူချိန်လျော့သွားသဖြင့် မကြီးက-
“အဲယားကွန်း ခဏပိတ်ရအောင် ငါချမ်းတယ်။ I-80 ထဲမှာ ၇၇မိုင်တောင်မောင်းရအုံးမှာ အခု၂နာရီထိုးတော့မယ်။”
ဘုံကျောင်းမှ ဝန်ထမ်းဆီက ဖုံးဝင်လာ၏။
“နင်တို့လာဖြစ်လား။ အခုဘယ်ရောက်နေပြီလဲ။”
“အိုင် ၈၀ ပေါ်မှာ။”
“ဆာကရာမန်တိုရောက်ပြီလား။”
“မရောက်သေးဘူး။” 
“နင်တို့ ဘာဖြစ်လို့ နောက်ကျနေတာလဲ။”
“မိတ်ဆွေတယောက်ကို ဝင်ခေါ်နေလို့။”
“၂နာရီခွဲမှမရောက်ရင် ငါတော့ တံခါးပိတ်ပြီးပြန်မှာပဲ။”
“မလုပ်ပါနဲ့ ငါတို့က အဝေးကြီးက လာရတာ စောင့်ပါအုံး။ Please Please”

Davis မြို့ရောက်သောအခါ ဆာကရာမန်တိုနှင့်နီးလာသဖြင့် မြေပုံနှင့်တိုက်ရပြန်သည်။
“မကြီး အိုင်-၈၀ကနေ နောက် ဘယ်ပြောင်းရအုံးမလဲ”
“Exit 86 လို့ပြောတယ်။” ကိုယ်မှတ်ထားသော SR-65 နှင့် မကြီးဖတ်ပြနေသော Exit 68 ကိုရောသွားကာ လမ်းကြောင်း 68 ဆိုင်းဘုတ်များတွေ့လေမလား ရှာနေရ၏။
ဆာကရာမန်တိုအဝင်တွင် I-80 နှင့် State Route SR 80 သို့ ၂မျိုးပြနေသဖြင့် ဘယ်ဖက်လိုက်ရမှန်းမသိတော့။ 
ဓါတ်ဆီကုန်သဖြင့် ဆီထည့်ရပြန်သည်။
“အန်တီအိ ဘုံကျောင်းကိုဆက်လိုက်ပါအုံး။ ဆာကရာမန်တိုရောက်နေပြီလို့။” အန်တီအိက-
“သူက နင်တို့ နောက်ထပ်မိနစ်၂၀မောင်းရမယ်။ ၃နာရီမထိုးခင်ရောက်အောင်လာတဲ့။”
“နောက်ထပ်မိနစ်၂၀ဆိုတော့ ဂျပန်လိုဆိုရင် ဂီးရိဂီးရိပဲ။ မှီနိုင်ပါတယ်။”

သို့ရာတွင် I-86 ကိုမတွေ့ပဲ I-5 ကိုသာတွေ့သဖြင့် မကြီး မြေပုံကြည့်ပါအုံးဆိုတော့-
“အန်တီအိ ဖတ်ရင်ကောင်းမယ်ထင်တယ်၊ ကျမသိပ်နားမလည်ဘူး။”
“ဟင် အန်တီအိက မျက်မှန်မပါဘူး။” နွယ်နီကို ဆက်ပြန်၏။
“I-5 Redding ကိုလိုက်ရမှာတဲ့ ပြန်ကွေ့ ပြန်ကွေ့ I-5 Redding ကိုတွေ့လိုက်တယ်။ ပြီးတော့ SR 99 Yuba။ ပြီးရင် SR 70 Marysville။ 3rd Street မှာထွက် ပြီးရင်ညာကွေ့ အဲဒီနား ရောက်ရင် အမေမှတ်မိပြီ ရပြီ ရပြီ”
SR 99 Yuba ထဲဝင်လာတော့၃နာရီထိုးရန် ၁၀မိနစ်သာကျန်တော့သည်။
“ဘုံကျောင်းက 3rd Street မှာတဲ့ လိပ်စာရိုက်လို့ရပြီ။ မကြီး GPS ထုတ်။”

“ဘာနှိပ်ရမလဲ။”
“Main ကိုသွား”       ဖေါက်(အသံ)
“Enter address”     ဖေါက်
“Enter City”          ဖေါက်
“M-A-R-Y-S-V-I……”   ဖေါက် 
“Marysville ထွက်လာပြီ။ ၃ခုတောင်မှ။”
“CA (ကာလီဖိုးနီးယား)ကိုရွေး။”        ဖေါက်
“Street Name”     ဖေါက်
“3rd Street”
“ငါဘယ်လိုနှိပ်ရမလဲ ဂဏန်းလဲမတွေ့ဘူး။”
“T-H-I-R-D နှိပ်ကြည့်။”
“မရဘူးဟဲ့။”
“ဒါဆိုရင် ကီးဘုတ်ကို ဂဏန်းကိုပြောင်းလိုက်။”
“ဘယ်လိုပြောင်းရမလဲ ရော့ ဒီမှာကြည့်။”
“ဒီမှာလေ Key board မှာ 123 ပြထားတာ။ အဲဒါကိုနှိပ်။”  မောင်းနေရင်း ကြည့်ရပြန်သည်။    ဖေါက်
“အော် …ပေါ်လာပြီ။ 3rd Street, 3rd Ave”
“3rd Street ကိုယူ။”       ဖေါက်
“အိမ်နံပါတ် ဘယ်လောက်လဲ။”
“မသိဘူး။ နံပါတ်တခုခုနှိပ်လိုက်။”
“123 ထည့်လိုက်ပြီ။”    ဖေါက်
“Firstest Time  ကိုရွေး။”       ဖေါက်
ပြောနေရင်း ဆိုနေရင်း SR 70 လမ်းခွဲကို လွန်သွားပြန်သည်။ တနာရီ မိုင်၈၀နှူံးမောင်းနေသဖြင့် လမ်းခွဲတွင် လိုင်းပြောင်းရန် မမှီလိုက်။ ထိုစဉ် GPS မှ အသံထွက်လာ၏။
“Turn right onto next 1.5 mile”
“ဟော ရှေ့မှာ ပြောင်းလို့ရတယ်တဲ့။”
“Turn left onto SR 70”
SR 70 ပေါ်ရောက်တော့ ၃နာရီထိုးနေပြီ။ ဘုံကျောင်းမှ ဖုံးမြည်ပြန်၏။
“We have to exit 3rd St, right? And D Street, right?  Please wait Please.”
“I’ll wait 5 more minutes.”
ဘုံကျောင်းရောက်တော့ ၃နာရီ၁၄မိနစ်။
“ဟိုမှာစောင့်နေတယ် ပြေးပြေး။”

ဝန်ထမ်းအမျိုးသမီးက-
“ငါ့ကိုဖုံးဆက်တာ နင်တို့လား။ အတူတူပဲလား။ ငါ့ဖုံးထဲမှာ နံပါတ်၂ခုတွေ့တယ်။ ဧရိယာကုတ် 408 နဲ့ 605။”
“ဟုတ်တယ်အတူတူပဲ။ စောင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”
အထဲရောက်တော့ အန်တီအိက အပြေးအလွှား စာချရန် ဝါးကျည်တောက်ဗူးကို ကိုင်လေသည်။
“No. No. No, Not like that. You should worship first. ဒီလိုမလုပ်ရဘူး။ ဘုရား(နတ်)ကိုအရင် ကန်တော့ရတယ်။ သူ့ကို မကန်တော့ဘဲ စာချလို့ အလုပ်မဖြစ်ဘူး။ နင်တို့ ဘာလူမျိုးလဲ။ တရုတ်မဟုတ်ဘူးလား။”
“ဟင့်အင်း ဗမာလူမျိုး။ ဒါငါ့အမ သူဗမာပြည်ကလာတာ။” ထမီဝတ်ထားသော မကြီးကို အားနာလိုငြား မိတ်ဆက်ပေးလိုက်သည်။ သူလည်း နဲနဲပျော့ပြောင်းသွားလေ၏။
“နင်တို့ တစ်ခါမှ စာမချဖူးဘူးလား။”
“ဟင့် အင်း။ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပါအုံး။”
အန်တီအိက-
“ငါအရင်က ဒီကိုရောက်ဖူးတယ်။ နင်သိလား မနက်က  ဝက်တွေနဲ့လာတာ ငါ့မောင်ပေါ့။”
“အော် ဟုတ်လား။ နင်တို့ တခါထဲ အတူတူလာရောပေါ့။ ၁၂နာရီမထိုးခင်မှာ ဘုရားကို ဆွမ်းတွေဘာတွေကပ်ရတယ်။ ပြီးမှ နင်တို့ မေးချင်တာကို ခွင့်တောင်းရတယ်။  အဲဒီမှာ ခုံတွေရှိတယ်။ အရင်ကန်တော့လိုက်အုံး။”
ခုံပေါ်တွင် ဒူးထောက်ပြီး ကန်တော့ကြလေသည်။ အန်တီအိ စာချနေသည်ကိုကြည့်၍-
“အန်တီအိ ဘယ်လိုလုပ်ရတာလဲ။”
“ဒီအတုံး၂တုံးကို ပြစ်ချလိုက်။ စုံဆိုရင်မရသေးဘူး။ တခုကမှောက် တခုကလှန်မှ ရတယ်။ ပြီးတော့မှ ဒီကျည်တောက်ထဲက တုတ်တွေကို ခါထုတ်။ တစ်ချောင်းပဲကျရတယ်။ မရရင်ပြန်လုပ်။”
ခဏကြာတော့ အန်တီအိက-
“ရပြီ ဒါ နွယ်အတွက်။”
“ဌေးဌေးဟာရပြီအန်တီအိ။ ၂၆တဲ့။”
“၂၆က ဟောစတမ်းမရှိဘူး။ ပြန်လှုပ်အုံး။”
“အမလေး ဒုက္ခပါပဲ။ အကြာကြီးလှုပ်ရတာ။”
“ဒီမှာ ရပြီ။ ဒါဆရာ အယ်လန်အတွက်။”
မကြီးက- “ငါ့ဟာရပြီ။ နံပါတ်၅။”
“ဟာ စူးမာ(ဌေးဌေး)လဲ နံပါတ်၅ပဲ။”
ဝန်ထမ်းအမျိုးသမီးအား- “ကျေးဇူးအများကြီးတင်ပါတယ်။ နောက်တခါကျရင် သေသေချာချာ ဆွမ်းတွေဘာတွေယူလာပါ့မယ်။” အပြင်ဖက်၌-

“မောလိုက်တာ။ ဒီအပြင်မှာ ခဏထိုင်ပြီး ပရိတ်လေးဘာလေးရွတ် ဆာကရာမန်တိုမြို့စောင့်နတ်ကို အမျှဝေရအောင်။” အန်တီအိက-
“ဒီမှာထိုင်လို့မရဘူး။ ဝင်းအပြင်ထွက်မှ။ သူတံခါးပိတ်ရမယ်။”
“အော် ဟုတ်လား။ အိုကေ။”

နောက်တနေ့ နွယ်နီအိမ်ရောက်လာတော့ ဘုံကျောင်းကိုဝင်လို့ရခဲ့ကြောင်းပြောပြလေသည်။
“အမတို့က တရုတ်စာဖတ်တတ်လား။”
“ဘယ်ကဖတ်တတ်ရမှာလဲ။”
“ဟင် ဒါဆို အခုထိ မဖတ်ရသေးဘူးပေါ့။”
“အေး နောက်မှ ကိုလင်းကြည်အမျိုးသမီး မဂျူးလီဖြစ်ဖြစ် ဒေါ်ထွေးလေးဖြစ်ဖြစ် ကြုံတော့မှဖတ်ခိုင်းလိုက်မယ်။ ဒါနဲ့နေပါအုံး။ စာချတာ ဘယ်လိုချတာလဲ။ င့ါကို အန်တီအိက အဲဒီအတုံး၂တုံးအရင်ပစ်ချဆိုလို့ ငါလည်း ထွေခင်းသလို  တခုကမှောက် တခုကလှန် မဖြစ်မချင်း ပစ်ချလိုက်တာပဲ။”
“အောင်မယ်လေး သေပါပြီ။ သေပါပြီ။ မတတ်တဲ့လူက မသိတဲ့လူကို ဆရာလုပ်လာတာပေါ့။ ဖြစ်မှဖြစ်ရလေ။”
“ဝါး ဟား ဟား။”
“အတုံးတွေ မပစ်ခင် မေးခွန်းမေးရသေးတယ်။”
“ဟုတ်လား။ ငါ ဘာမှ မမေးဘူး။ ဒီအတိုင်းပစ်ပြီး ဒီအတိုင်းပဲလှုပ်ပေးလိုက်တယ်။”
“ဘာမှမမေးရင် ဒီဟောစတမ်းကို ဘယ်လိုအဓိပ္ပါယ်ကောက်မလဲ။”
“အော် အဲလိုလား။ ဝါး ဟား ဟား ဟား။”

၎၊ ၂၇၊ ၂၀၁၂။

Saturday, April 14, 2012

ညီညီမောင်က ဘဲဥနှစ်လုံးနဲ့။


မကြီး စီလီကွန်ဗယ်လီရောက်နေသည်မှာ နှစ်လရှိသွားပေပြီ။ အခွန်ရာသီ (Tax season)တွင် ရောက်လာသဖြင့် စူးမာအလုပ်များနေသောကြောင့် ညအိပ်ညနေ ခရီးဝေး ဘယ်ကိုမှ လိုက်ပို့ မပေးနိုင်သေးပါ။
အခွန်ရာသီဆိုသည်မှာ အမေရိကန်ပြည်ထောင်စုတွင် ဖေဖေါ်ဝါရီလမှစတင်၍ ဧပြီလလယ်တိုင်အောင် အလုပ်ရှင်ရော အလုပ်သမားပါ ဝင်ငွေရှိသူမှန်သမျှ အမျိုးမျိုးသော အခွန်ကိစ္စအတွက် အလုပ်များကြရသော ကာလဖြစ်လေသည်။
အလုပ်ရှင်များသည် ဖေဖေါ်ဝါရီလကုန်နောက်ဆုံးထား၍ ပြီးခဲ့သောဘဏ္ဍာရေးနှစ်အတွင်းက လစာနှင့်ငှားရမ်းသော အလုပ်သမားမည်မျှကို လစာ၊ ဆုငွေ စသည် မည်မျှထုတ်ပေးထားကြောင်း၊
ပင်စင်နှင့်ဆိုင်သောအခွန်social Security Tax
ဆေးကုသရေးနှင့်ဆိုင်သောအခွန် Medical Tax
ပြည်ထောင်စုအစိုးရသို့ ဆောင်ရသောအလုပ်သမားများ၏ ဝင်ငွေခွန်Federal Income Tax
ပြည်နယ်အစိုးရသို့ ဆောင်ရသော ဝင်ငွေခွန် State Income Tax နှင့်
အလုပ်လက်မဲ့ဖြစ်သည့်အခါ ယာယီထောက်ပံ့ငွေနှင့်ဆိုင်သောအာမခံခွန် Unemployment Insurance စသည်များကို အသီးသီးဆောင်ထားပြီးကြောင်း အလုပ်သမားများသို့လည်းကောင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရသို့လည်းကောင်း အစီရင်ခံရလေသည်။

၎င်းအပြင် မတ်လကုန်နောက်ဆုံးထား၍ ကံထရိုက်ငှားရမ်း၍လုပ်သော အလုပ်အမျိုးစားများအတွက်လည်း မည်၍မည်မျှ ဝန်ဆောင်ခထုတ်ပေးထားကြောင်းကို ကံထရိုက်လုပ်ငန်းရှင်များ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ အသီးသီးသို့ နှစ်ချုပ်အစီရင်ခံရလေသည်။

ဘဏ်လုပ်ငန်းဌာနများသည်လည်း မိမိတို့ဘဏ်တွင် အကောင့်ဖွင့်ထားသော လူများ၊ လုပ်ငန်းများက ငွေစုလက်မှတ်များ၊ အစိုးရစာချုပ်များ၊ အစုရှယ်ယာစသည်များရောင်းဝယ်မှုမှ မည်၍မည်မျှ အရှူံးအမြတ် ရရှိကြကြောင်းကို အကောင့်ရှင်များ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရသို့ အသီးသီး အစီရင်ခံစာပို့ကြရသည်။
ဤအစီရင်ခံစာများနှင့်အတူ လုပ်ငန်းရှင်များသည် နှစ်ချုပ်အရှူံးအမြတ်စါရင်းကိုဆွဲ၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရထံ ဝင်ငွေခွန်ဆောင်ရလေသည်။
လူတဦးချင်းကလည်း ဤအစီရင်ခံစာများနှင့်အတူ ဝင်ငွေခွန်မည်၍မည်မျှကျသင့်ပါကြောင်းကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရထံ အစီရင်ခံကြရလေသည်။
အလုပ်ရှင်များသည် လစာထုတ်တိုင်း အလုပ်သမားအတွက် ကျသင့်သည့် ဝင်ငွေခွန်အချိုးအစားကို ဖြတ်တောက်၍ ဆောင်ထားပေးပြီးဖြစ်သော်လည်း ဤနှစ်ချုပ်တင်သွင်းသော လူတဦးချင်း၏ တစ်နှစ်တာ အခြေအနေအရပ်ရပ်ပေါ် မူတည်၍ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရတို့က အခွန်လျှော့ပေါ့ကာ ပြန်အမ်းပေးလေ့ရှိသည်။ ထို့ကြောင့် လူများနှင့် လုပ်ငန်းရှင်များအတွက် အခွန်ရာသီတွင် အခွန်ပုံစံများကို ပြင်ဆင်တင်သွင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းသည် တစ်နှစ်တစ်ခါ ပေါ်လို့လာရပေသည်။ 


လိုင်စင်ရဝန်ဆောင်သူသည် အခွန်ဥပဒေများကို ကျွမ်းကျင်နိုင်နင်းရသည့်အပြင် အခွန်ထမ်းပြည်သူများကလည်း အခွန်သက်သာခွင့်ပေးသော ရင်းနှီးမြှုပ်နှံမှုများ၌ မြှုပ်နှုံတတ်ရန်လိုပေသည်။
အခွန်ရာသီတွင် အစိုးရဌာနများ၊ ဘဏ်များ၊ လုပ်ငန်းရှင်များနှင့် လူများပါမကျန် မိမိတို့သက်ဆိုင်ရာ ဝင်ငွေထွက်ငွေစါရင်းများကို ပြန်စိစစ်ကြရ၍ ပြီးခဲ့သော ဘဏ္ဍာရေးနှစ်က အတွေ့အကြုံများပေါ်မူတည်ပြီး လာမည့်နှစ်အတွက်၊ နောင်ရေးအတွက်၊ နိုင်ငံဘဏ္ဍာတော်အတွက် ပြင်ဆင်ရန် သတိရစေသော ကာလလည်းဖြစ်ပေသည်။

အမေရိကန်နိုင်ငံ၏ အခွန်စနစ်တွင် ဝင်ငွေရသည့်အပေါ် ဝင်ငွေခွန်၊ စားသုံးဝယ်ခြမ်းတိုင်း စားသုံးခွန်၊ အိမ်ဝယ်ထားသဖြင့် အိမ်ခွန်၊ သုံးပြီးသော လျှပ်စစ်နှင့် အခြားအန္တရာယ်ရှိပစ္စည်းများ စွန့်ပစ်သည့်အခါ စွန့်ပစ်ခွန်၊ စုဆောင်း ရင်းနှီးမြှုပ်နှံ၍တိုးပွားလာသည့်အပေါ်တွင်လည်း   ဝင်ငွေခွန်၊ သေဆုံးသည့်အခါ ကျန်ရစ်သူ၏ပစ္စည်းအပေါ်ကောက်ခံသော သေခွန် စသည်ဖြင့် အမျိုးမျိုးသောအခွန်ဥပဒေများရှိရာ ရှောင်ကွင်းသွားတတ်မှသာ အချိန်တန်လျှင် ပရုပ်လုံးမဖြစ်ဘဲ အငြိမ်းစားယူနိုင်မည်ဖြစ်သည်။

စူးမာက အခွန်ရာသီတွင် လုပ်ငန်းအခွန်ကိစ္စနှင့် လူတဦးချင်းအခွန်ကိစ္စများကို ဝန်ဆောင်မှုလုပ်ပေးသဖြင့် ယခုနှစ် စါရင်းပိတ်ရက်ဖြစ်သော ဧပြီလ၁၇ရက်နေ့အထိ အလုပ်များနေရခြင်းဖြစ်သည်။

မကြီးကိုအလည်ခေါ်ထားပြီး အိမ်တွင်တစ်ယောက်တည်း ပစ်ထားသည်ဖြစ်မှာစိုးသည့်အတွက် အိမ်တွင်လုပ်၍ရသောအလုပ်များကို အိမ်မှာသာလုပ်လေသည်။ ရုံးမှ လက်တော့ပ်တစ်လုံးသယ်လာပြီး အိမ်တွင် လက်တော့ပ် တစ်ယောက်တစ်လုံးဖြင့် စကားပြောလိုက် စားသောက်လိုက် မကြီးကိုလည်း ဒီနိုင်ငံကစနစ်တွေ အင်တာနက်တွေသုံးတတ်အောင် သင်ပေးလိုက်ဖြင့် အလုပ်ဖြစ်နေကြလေသည်။

ပျင်းဖို့ဝေးစွ ဖေ့ဘွတ်၊ ဂျီတော့ခ်၊ စကိုက်ပ်ဖြင့် အွန်လိုင်းပေါ်တက်လာတတ်သော ဆွေမျိုးများနှင့် လှည့်ပတ်အာထုလိုက် အီးမေးလ်ပို့လိုက်ဖြင့် ခေတ်မီနေပေသည်။
အင်တာနက်မှ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးများနှင့်ပတ်သက်သော တိုက်တွန်းနှိုးဆော်မှုများတွင်လည်း (Online Petition Campaign) တတပ်တအားပါဝင် တတ်နေလေပြီ။ မြန်မာပြည်မှာ အလုပ်ချည်းကြုံးလုပ်နေခဲ့ရသဖြင့် နားမထောင်အားသော ဟောပြောပွဲများ၊ မဖတ်အားခဲ့သော သတင်းများ၊ မကြည့်အားခဲ့သော ရုပ်ရှင် အငြိမ့်များ၊ မနာအားခဲ့သော တရားတော်များနှင့်လည်း ထိတွေ့ အပ်ဒိတ်(update) ဖြစ်ကာ အဝေးရောက် သမီးများ၊ တူမများနှင့် နေ့စဉ် ပြောစရာတွေရှိနေတတ်လေသည်။

တနေ့တနေ့ သူ့မှာ ဖေ့ဘွတ်ကိုချောင်းနေတတ်ပြီး သူ့သမီးကိုမတွေ့လျှင် -
“ငါ အီးမေးလ်နဲ့ ပို့လိုက်အုံးမယ်။ ဒီကောင်တွေ ခုတောင် ပေါ်မလာသေးဘူး။”ဟုဆိုကာ တနေ့လုံး စာရိုက်နေတတ်၏။
အစက အင်္ဂလိပ်လိုသာ သင်ထားပေးသဖြင့် အဘိဓါန် တစ်အုပ်ဖြင့် သံချေးတက်နေသော သူ့ဦးဏှောက်ကို ကူရလေသည်။
နောက်တော့ မကြီးကို ဒေါက်တာခင်မောင်ညိုချန်ထားခဲ့သော မြန်မာကီးဘုတ်တပ်ပေးလိုက်သဖြင့် သူ့သမီးများထက်တောင် မြန်မာစာလုံးရိုက်ကျွမ်းကျင်နေပေတော့သည်။ သမီးများက မြန်မာစာလုံးမရိုက်ပဲ အင်္ဂလိပ်စာလုံးဖြင့် မြန်မာအသံထွက်ကိုရိုက်ကာ ပို့သဖြင့် “ဖတ်ရခက်လိုက်တာ”ဟုဆိုကာ ဘဝင်မကျချေ။

“ငါ လည်းခုမှပဲ ကိုဖေကျော်ထင်နဲ့ (သူ့ခင်ပွန်း) စါရေးဖြစ်တော့တယ်။ အိမ်မှာတုန်းက စကားပြောဖို့ အချိန်မရှိဘူး။ ဟား ဟား ဟား။ တော် တော် အဆင်ပြေတာပဲ။ (လွန်ခဲ့သော အနှစ်၂၀ကျော်က ဆုံးသွားသော) အဖေ့ကို သတိရလိုက်တာ။”

တနေ့က တူတော်မောင် “ညီညီမောင် စကာင်္ပူရောက်သွားပြီ ကျောင်းဆက်တက်မလို့”ဟု ကြားသဖြင့် အွန်လိုင်းမှ ချတ် (Chat)လုပ်ချင်သောကြောင့် အီးမေးလ်လိပ်စာမေးလေသည်။
“စူးမာဆီမှာ မရှိဘူး။ ဖေ့ဘွတ်မှာ သူ့ကိုရှာပြီး ဖိတ်လိုက်လေ။”
“ဘယ်လို ဖိတ်ရမလဲ”
“ညီညီမောင်နာမယ်ကိုရိုက်ပြီး search မှာရှာလိုက်။ သူ့စာမျက်နှာ ထွက်လာရင် friend ထဲထည့်လိုက်။ သူလက်ခံလိုက်ရင် မကြီး contact စါရင်းထဲမှာ ပေါ်လာလိမ့်မယ်။ ရုံးသွားလိုက်အုံးမယ်။ မရရင် ပြန်လာမှ လုပ်ပေးမယ်။”












အိမ်ပြန်ရောက်သောအခါ-
“ငါ add လိုက်တာတော့ ဝင်နေပြီ။ ငါစာရေးထားတာ ခုထိ စာပြန်မလာသေးဘူး။”
“ဟုတ်လား ကြည့်ရအောင်။ ညီညီမောင် သူ့ profile ဓါတ်ပုံ ပြောင်းသွားလား။”
“ဟင် ငါမသိဘူး။”
“နေအုံး ကြည့်လိုက်အုံးမယ်။ ဟော ပြောရင်း ဆိုရင်း တက်လာပြီ။” မီးစိမ်းပြနေသဖြင့် အွန်လိုင်းပေါ်ရောက်နေ၏။
“အန်တီတဲ့ ခေါ်နေပြီ။ လူမှားနေပြီထင်တယ်။”
“အော် ငါသိပြီ ညီညီမောင် (ဓါတ်ပုံ)က ဘဲဥ၂လုံးနဲ့။ ဒါ တခြား ညီညီမောင်ဖြစ်မယ်။”
“မကြီးကလဲ ဘဲဥမဟုတ်ပါဘူး။ လက်ဖက်ရည်ပုဂံ၂ခွက်ပါ။ ကော်ဖီထဲမှာ ခရင်အမြှူပ်တွေကို အသဲပုံလေးလုပ်ထားတာကို ရိုက်ထားတာ။ လုပ်တော့မယ်။”
“ဟုတ်လား။ ဟား ဟား ဟား။ ငါက အဖြူရောင်၂လုံးမြင်လို့ ဘဲဥ ထင်နေတာ။”
“သူ့ခင်မြာ ကဗျာဆန်နေတာ မကြီးလုပ်မှပဲ ဘဲဥဖြစ်သွားပြီ။”
“ဟား ဟား ဟား။”

၎၊ ၁၁၊ ၂၀၁၂။

Monday, April 2, 2012

ပါးစပ် ဟ လို့ မရလို့ပါ။


မတ်လ ၃၁ ရက် စနေနေ့က မြန်မာအမေရိကန်အမျိုးသမီးမဟာမိတ်အသင်း Burmese American Women’s Alliance BAWA က အသစ်ရောက်လာတဲ့ မြန်မာများကို ဒီနိုင်ငံရဲ့ စား ဝတ် နေရေး ကိစ္စတွေမှာ အခက်အခဲ နည်းရလေအောင် ကူညီနိုင်ဖို့အတွက် အသစ်ရောက်လာသူများနဲ့ မိတ်ဆက်တွေ့ဆုံပွဲလေးလုပ်ပါတယ်။
မကြီးရောက်လာပြီးမှ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့ကလည်း အသစ်ရောက်လာသူ မြန်မာများကို အမြဲတမ်းနေထိုင်ခွင့်ကိစ္စ၊ နိုင်ငံသားအဖြစ်လျှောက်ရန်ကိစ္စ၊ မိသားစုခေါ်ရန်ကိစ္စစတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စတွေမှာ အခက်အခဲမရှိရလေအောင် သက်ဆိုင်ရာ ရှေ့နေများကို ဖိတ်ခေါ်ပြီး ဆွေးနွေး မေးမြန်းပွဲလေးလုပ်ပေးခဲ့ပါသေးတယ်။

BAWA ကို ၁၉၉၉ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အမျိုးသမီးတွေရဲ့ အားသာချက်နယ်ပယ်တွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုကိစ္စရပ်တွေမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှု တိုးမြှင့်လာစေဖို့အတွက် ရည်ရွယ်ပြီး ဒီအသင်းကိုဖွဲ့စည်းခဲ့ကြတာပါ။
စနေနေ့အခမ်းအနားမှာ အသစ်ရောက်လာကြသူတွေက မွန်ပြည်နယ် နှစ်ကရင်ကတစ်ယောက်၊ ချင်းပြည်နယ် ဟားခါးနဲ့ တီးတိန်က၂ယောက်၊ ကချင်ပြည်နယ်ကတစ်ယောက်ဖြစ်တယ်။ မကြီးကတော့ ဆွေမျိုးစပ်လို့ ကောင်းသွားတာပေါ့။
BAWA နဲ့ အတူ မြန်မာများကိစ္စကို အကူအညီပေးနေတဲ့ One Developing World http://www.magiclink.net/~odw/ အဖွဲ့မှ ဒါရိုက်တာ ဘာဘီက သြဂုတ်လတုန်းက မြန်မာပြည်သွားခဲ့တဲ့ အတွေ့အကြုံများကိုလည်း ဖေါက်သည်ချပါတယ်။ အဲဒီထဲမှာ လူရွှင်တော်ပါပါလေးရဲ့ ပျက်လုံးလည်းပါတယ်။

တနေ့မှာ ဂျပန်ပြည်က သွားဆေးခန်းတစ်ခုကို မြန်မာတစ်ယောက်ရောက်လာပါတယ်။ သူ့သွားကျန်းမာရေးကိစ္စ ကုသချင်တယ်လို့ ပြောပါတယ်။ ဒါနဲ့ ဆရာဝန်က-
“ခင်ဗျား ဂျပန်ပြည်မှာ ကုရင် ပိုက်ဆံ အများကြီး ကုန်မှာပေါ့။ မြန်မာပြည်ကျမှ ကုပါလား။”
လို့ အကြံပေးပါတယ်။ ဒါနဲ့ အဲဒီမြန်မာက-
“ဟာ မဖြစ်ဘူးဆရာ၊ ဒီမှာပဲ ကုပေးပါ”
“ဟင် ဘာဖြစ်လို့လဲ”
“မြန်မာပြည်မှာ ပါးစပ် ဟ လို့မရဘူး ဆရာရဲ့”
ဝါး ဟား ဟား။
အခု အဲဒီသွားဆရာဝန်က မြန်မာပြည်ကိုရောက်သွားပြီး သွားဆေးခန်းတစ်ခုကို ရောက်သွားပါတယ်။ အဲဒီမှာ သူ့ဆီမှာ သွား လာကုဖူးတဲ့ မြန်မာကို ပြန်တွေ့ပါတယ်။
“ဟင် ခင်ဗျား ဟိုတခါတုန်းက ဂျပန်မှာ သွားလာကုတဲ့လူမဟုတ်လား”
“ဟုတ်ပါတယ် ဆရာ”
“ဂျပန်မှာ သွား လာမကုတော့ဘူးလား”
“အခု ဒီမှာ ကျွန်တော်တို့ ပါးစပ်နဲနဲ ဟ လို့ ရသွားပြီဆရာ”
ဝါး ဟား ဟား။

တရားမျှတသောရွေးကောက်ပွဲကို ဂုဏ်ပြုလျှက်။
၎၊ ၁၊ ၂၀၁၂။

Sunday, April 1, 2012

အိုခြင်းဒုက္ခ


တနေ့က အမေနဲ့ စကားပြောရင်း အမေ့ကို နောက်၂နှစ်လောက် အသက်ရှည်အောင်ကြိုးစားပြီးနေပါအုံးလို့ ပန်ကြားလိုက်တယ်။ အမေက-
“နင်တို့ အိုတဲ့ဒုက္ခအကြောင်း မသိသေးဘူး”
ဟုတ်မှာပဲ။ တဆက်တည်းမှာပဲ ဆန်ဟိုဆေးကျောင်းက ဆရာတော်ဦးသုဇန တရားဟောရင်း မေးတဲ့မေးခွန်းကို သတိရသွားတယ်။

မြန်မာသင်္ဘောသားတယောက် နိုင်ငံခြားမှာကွယ်လွန်သွားလို့ သူ့မိခင်က သင်္ကန်း၊ ထီး၊ ဘိနပ်အစုံနဲ့ နိုင်ငံခြားဘုန်းကြီးကျောင်းမှာ လှူပေးပါလို့ ဆရာဦးခင်မောင်ဦးကို အကူအညီတောင်းတယ်။ ဆရာတို့က အိမ်ပြောင်းနေတော့ အလုပ်များပြီး ဒီအလှူက အထမမြောက်နိုင်ဘူးဖြစ်နေတယ်။ မတင်တင်ဝင်းက စူးမာကို အကူအညီထပ်တောင်းတယ်။ ဒါနဲ့ပဲ အလှူတခု စူးမာကမ္မကထလုပ်ဖို့ဖြစ်လာတယ်။ ဆန်ဟိုဆေးကျောင်းမှာ အာရုံဆွမ်းကို နန်းကြီးသုတ်၊ ကြာဇံဟင်းခါးလေးချက်ကပ်ပြီး ရေစက်ချ အမျှဝေပေးလိုက်တယ်။ ဆရာတော်က-
“တကယ်က အချိန်တိုင်း သေနေတာ။ အချိန်တိုင်း အိုနေတာ။ အချိန်တိုင်း နာနေတာ။
သေနေတဲ့ ဒုက္ခ၊ အိုနေတဲ့ဒုက္ခ၊ နာနေတဲ့ ဒုက္ခတွေကို နေ့တိုင်း သတိထားမိလား။”
“ဒုက္ခအနေနဲ့တော့ သတိ မထားမိပါဘုရား။ အသက်၅၀ကျော်လာတဲ့အခါမှာတော့ သေဖက်နီးလာတာ၊ အိုလာတာ၊ နာလာတာကို ပို သတိထားမိပါတယ်ဘုရား။”
“နာတဲ့ဒုက္ခကိုတော့ လူတိုင်း သတိထားမိကြတယ်၊ အိုတဲ့ဒုက္ခ သေတဲ့ဒုက္ခကိုတော့ သတိမထားမိကြဘူး။”
“တင်ပါဘုရား။ ဒုက္ခက ခံသာနေလို့ သတိမထားမိတာလို့ ထင်ပါတယ်ဘုရား။”

အိုလာနေရက်သားနဲ့ အိုခြင်းဒုက္ခကို မမြင်နိုင်ပါလားလို့ ခေါင်းထဲဝင်လာတယ်။ ဓမ္မဘေရီဆရာတော်က-
“အိုခြင်းက ဒုက္ခမဟုတ်ဘဲ အိုလို့ အပယ်ခံရတာကို ဒုက္ခအဖြစ်ခံစားရတာ။ အိုပယ်ဒုက္ခ။” လို့ ရှင်းပြပါတယ်။
ဒါနဲ့ပဲ “မေအို” ပြောတဲ့ စကားတွေကို သတိရသွားတယ်။
မေအိုက ဟင်းခတ်တဲ့အခါ ဘယ်လက်နဲ့ မခတ်ဘဲ စားနေတဲ့ ညာလက်နဲ့ ခတ်တော့ မြေးတွေက ပူညံပူညံလုပ်ကြတယ်။ မေအိုက-
“ငါ ဒါတွေ(အိုဒုက္ခတွေ) မယူသွားဘူး။ သေရင် နင်တို့အတွက် ထားခဲ့မယ်။” တဲ့။

အိုခြင်းဒုက္ခပဲခေါ်ခေါ် အိုပယ်ဒုက္ခပဲခေါ်ခေါ် အမေပြောနေတာတော့ ဒီဒုက္ခတွေပဲနေမှာပဲ။
စူးမာတို့ မလိုချင်တဲ့အမွေတွေ တဖြေးဖြေးနဲ့ ရမှန်းမသိ ရလာကြပြီ။

မေအိုက ဆွမ်းတော်စွန့်ဖို့ လှေခါးတက်ရင်း လိမ့်ကျသွားတယ်။ လုပ်နေကျပဲ ဒီလောက်အင်အားကတော့ လုပ်နိုင်မှာပဲ၊ ဒီအင်အားလေး မြဲနေမှာပဲလို့ ထင်တာပေါ့။ အသက်ကြီးလာတဲ့အခါ အများဆုံးဖြစ်ကြတဲ့ ကိစ္စပါ။ ဦးဏှောက်နဲ့ အာရုံကြောတွေက စက္ကန့်မလပ် သတင်းပို့တာတွေ ဖမ်းယူပြီးအမိန့်ပေးတာတွေ အမြဲ မစီးဆင်းနိုင်တော့ဘူး။ မေ့တာတွေများလာနေပြီ။ ခြေတဖက်လှမ်းပြီး နောက်ခြေတဖက် မလှမ်းခင်မှာ အဆက်ပြတ်သွားတာ။ သတိပြန်ရတော့ ဘယ်လိုလုပ်ပြီး လှေခါးအောက် ရောက်သွားပါလိမ့် ဖြစ်သွားတယ်။

လူငယ်တွေကတော့ ဒါတွေ ဝင်ပူမနေနဲ့ ဝင်ပါမနေနဲ့လို့ ပြောကြမှာပဲ။ ကိုယ်နိုင်တဲ့ တာဝန်လည်း ထမ်းချင်သေးတာကိုး။ ထမ်းနိုင်မယ်လည်း ထင်နေတုန်းပဲကိုး။ မလျှော့ချင်သေးဘူး။

လူတယောက်နဲ့ တယောက် အရေးကြီးတဲ့ကိစ္စခြင်းလဲ မတူကြဘူးလေ။
ကိုယ့်နေရာကနေ ကိုယ်ကြည့်ပြီး အရေးကြီးနေကြတယ်။ ကိုယ်ကောင်းမယ်ထင်တာ ကိုယ်လုပ်နေကြတယ်။
ဓမ္မဘေရီဆရာတော်က-
“လူတွေကြီးပဲ ကိုယ်ကောင်းမယ်ထင်တာ ကိုယ်လုပ်တတ်တာမဟုတ်ဘူး။ တိရစ္ဆာန်တွေလည်း သူတို့ ကောင်းမယ်ထင်တာ သူတို့လုပ်ကြတာပဲ”
“ကောင်းမယ်ထင်လို့ အိပ်တယ်၊
ကောင်းမယ်ထင်လို့ ဟောင်တယ်၊
ကောင်းမယ်ထင်လို့ လျောက်သွားတယ်၊ ဘာထူးလဲ။”

အင်း ဒီလိုဆိုတော့ တိရစ္ဆာန်တွေနဲ့ မတူအောင်နေမှဖြစ်တော့မယ်။
ကိုယ်ပိုင်စည်းကမ်းတွေ ကိုယ်ပိုင်ဥပဒေတွေ တတ်နိုင်သလောက် လျှော့ပြီး အများအတွက် အဆင်ပြေမယ့် အချိန်၊ နေရာကို ဦးစားပေးရတော့မယ်။
ကိုယ့် စိတ်ထဲမှာ အရင်တုန်းကလိုပဲလို့ ထင်နေ စွဲနေတာတွေကို ဖြုတ်ရတော့မယ်။
လုပ်ချင်ကိုင်ချင်တုန်း ဖြစ်နေသေးတဲ့ ကိုယ့်စိတ်ကို သည်းခံရမယ်။



ဒီတရားတွေမသိခင်က အမေ့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားခဲ့တာရှိရင် ခွင့်လွှတ်ပါအမေ။
သမီး စူးမာ (၁၊ ၃၀၊ ၂၀၁၂)