Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Monday, August 29, 2011

မြန်မာစစ်မျက်နှာ (၁၅)

အမရပူရ

ပင်းယ၌ ၂ပတ်ခန့်စခန်းချပြီးနောက် မေလ ၂၂ရက်တွင် ကျွန်တော်တို့ တပ်ခွဲသည် မန္တလေးမြို့အနီးရှိ အမရပူရမြို့သို့ရာက်လာ၏။
နာမည်ကျော် ပိုးလုံချည်ထုတ်လုပ်ရာ ဤမြို့သည် လမ်းတဖက်တချက်တွင် ချမ်းသာကြွယ်ဝသော အိမ်ကြီးအိမ်ကောင်းများဖြင့် စီတန်းလျက် ကိုယ်ပိုင်ကားများလည်း ရှိကြလေသည်။ အမပူရရှိ အုန်းဘိုရောစက်ဘီးကို ငှားကာ မန္တလေးသို့ ဈေးဝယ်ထွက်ရလေသည်။


မန္တလေးသည် ယခင်က နန်းတော်ရှိခဲ့သော မင်းနေပြည်တော်ဖြစ်ပြီး မြို့တွင်း၌ ဗုံးဒဏ် တော်တော်ခံထားရကာ ဖုံအလိမ်းလိမ်းဖြင့် ဘယ်နေရာကြည့်ကြည့် လတ်လတ်ဆတ်ဆတ် စစ်၏ဒဏ်ရာဒဏ်ချက်များကို တွေ့ရလေသည်။ 


ဂျပန်တို့ သိမ်းပိုက်ပြီးနောက် ဈေးက ပြန်လည်စည်ကားနေပြီး နေ့စဉ်သုံး ဟင်းခတ်အမွှေးအကြိုင်များက အဖိုးတန်ကုန်စည်များအဖြစ် ဝိုင်းဝိုင်းလည်အောင် ရောင်းချနေရလေသည်။ ဤဒေသမှထွက်သော သရက်သီးသည် အလွန်အရသာရှိပြီး အမြဲတမ်းဝယ်ရလေသည်။


နန်းတော်သည် ပြတိုက်မျှသာကျန်ပြီး၊ ပြတိုက်အတွင်း၌ ပြထားသောပစ္စည်းများသည် အမှိုက်အဖြစ် ဘဝပြောင်းနေသောကြောင့် မကြည့်ခဲ့ရပေ။


တရက်တွင် ဆလင်ဒါ ၈ခုပါသော မောရစ်ကားကိုငှား၍ ယာမဒါစံနှင့် အခြား၂ယောက်ကို တင်ကာ မေမြို့သို့ လည်ပတ်ရန် မောင်းသွားကြလေသည်။ နိကောရှိ အေ ဘီ စီ တောင်တက်နှင့် တူသော်လည်း တောင်တက်တောင်ဆင်း ကွေ့ကွေ့ကောက်ကောက် လမ်းကလေးမှာ ကတ္တရာခင်းထားပြီး  မောင်းနှင်ရသည်မှာ ချောမွေ့နေပေသည်။


မေမြို့သည် အလွန်လှပသော တောင်ပေါ်မြို့ဖြစ်၍ ဗြိတိသျှမြို့တော်ဝန်က နွေရာသီတွင် အပမ်းဖြေရင်း ရုံးစိုက်သောနေရာလည်းဖြစ်ပေသည်။ လည်ပတ်ပြီး တပ်သို့ ပြန်အရောက်တွင် ကျွန်တော်တို့ ပြန်အလာကိုစောင့်နေသော တပ်ခွဲမှုးက-

“အီနာဂခိစံ ဓါတ်ဆီကိုချွေတာနေရတဲ့အချိန်မှာ ခွင့်မတောင်းပဲ ယူသုံးတာ တပ်ခွဲက ဒုက္ခမရောက်ပေဘူးလား။”

အလည်အပတ်ထွက်ရာတွင် သူ့အား မခေါ်သဖြင့် ရစ်နေသည်မှာ သေချာ၏။

“ဓါတ်ဆီက သုံးလိုက်ပြီဆိုတော့ မတတ်နိုင်တော့ဘူး။ အဲဒါဆိုရင်လည်း မသွားခင်တုန်းက ဘာလို့ ဒီအကြောင်း တခွန်းမပြောတာလဲ။”- ဟု

ပြန်ပြောလိုက်ရာ သူ့ထံမှနောက်ထပ် အတွန့်တက်မလာတော့ပေ။


အမရပူရတွင် အလွန်သပ်ယပ် စည်းကမ်းကျသော ဘုန်းကြီးကျောင်းတကျောင်းရှိလေသည်။ ထိုကျောင်းမှ ဆရာဝန်၊ သူနာပြုများက ကျွန်တော်တို့ ဆေးခန်းသို့ မကြာမကြာလာ၍ ငှက်ဖျားဆေးတောင်းလေ့ရှိ၏။ ထိုကွီနိုင်ဆေးများကြောင့် သူတို့တတွေလည်း ချမ်းသာရာရခဲ့ကြလေသည်။


လာမည့်စစ်ရေးအတွက် ရမည်းသင်းဘူတာသို့

၁၉၄၂ခုနှစ် ဇွန်လ ၂၁ရက်နေ့တွင် တပ်ရင်းမှုးက အမရပူရမှခွါ၍ မြန်မာပြည်အလယ်ပိုင်း ရမည်းသင်းတွင်စောင့်ရန် အမိန့်ပေးလေ၏။


ကျွန်တော်တို့ တပ်ခွဲသည် ဘူတာအနောက်ဖက် ကျယ်ဝန်းသောမြေပေါ်တွင် ဆောင်ထားသော ရထားရိပ်သာတွင် စခန်းချရသည်။ မြေကွက်သည် အတော်ကျယ်ဝန်းပြီး သစ်ပင်ကြီးများဖြင့် အုံ့ဆိုင်းနေ၏။ မြင်းဇောင်းအတွက်လည်း လုံလုံလောက်လောက် ကျယ်ပြီး ကျွန်တော်တို့ သယ်/ပို့တပ် အတွက် အလွန်အဆင်ပြေသောနေရာ ဖြစ်ပေသည်။ ရမည်းသင်းတွင် ကြာကြာနေခဲ့ရသောကြောင့် ဒေသခံများနှင့် ရင်းနှီးခွင့်ရခဲ့ပြီး အလည်အပတ် စကားစမြည်ပြောခွင့်လည်း ရခဲ့ပေသည်။ မြန်မာပြည်အကြောင်းလည်း ပိုမိုလေ့လာခွင့်ရခဲ့ပြီး ကျွန်တော့အတွက် အောက်မေ့ဘွယ်ရာ အများကြီးရခဲ့သော နေရာလည်းဖြစ်ပေသည်။


ထိုအချိန်က မိုးရာသီဖြစ်သည့်အတွက် ကံမကောင်းစွာဖြင့် အနီးပတ်ဝန်းကျင် ရွာများ၌ ကော်ရီလာဖြစ်ပွားနေသော အချိန်ဖြစ်သည်။ အထက်အရာရှိ ဆရာဝန်ထံမှ အခေါ်လွှတ်ခံရကာ-

“ခင်ဗျားက ကော်ရီလာအတွေ့အကြုံရှိပြီးသားဆိုတော့”-ဟုဆို၍ ရောဂါဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရန် တာဝန်ပေးလေ၏။


ဗိုလ်ကြီး မိခါမိဟိရောရှိသည် မိတ္ထီလာဖက်တွင် တပ်စစ်ဆေးရင်း ကော်ရီလာရောဂါခံစားရကာ သေဆုံးသွားလေ၏။ သူစိမ်းနိုင်ငံတွင် တာဝန်ထမ်းဆောင်ရင်း ကံကုန်ရရှာသော ဗိုလ်ကြီးကို ဂုဏ်ပြုဆုတောင်းချိန်တွင် အလွန်ကြေကွဲကြလေ၏။ ရေတိမ်နစ်ခဲ့ခြင်းဖြစ်သည်။ တားမြစ်ထားသောအခြေအနေအောက်တွင်ပင် လူသားဆန်သော အစဉ်နွေးထွေးမှုပေးသော ဗိုလ်ကြီးသေဆုံးရမှုသည် ကျွန်တော်တို့အတွက် အလွန်မြင့်မားသော ဆုံးရှုံးရမှုဖြစ်ပေသည်။


ရမည်းသင်း၏တောင်ဖက်မြို့ပေါက်ဝတွင် အဆဟိသတင်းစာ၏စစ်သတင်းထောက် တိုဂါရှိအိုဆမုနှင့် အကရှိမကိုတို တို့၏အုပ်ဂူများက သစ်ပင်ကြီးများ၏အရိပ်အောက်တွင် တည်ထားလေသည်။ ဤရဲဘော်ရဲဖက်များ ကောင်းရာဂတိ ရောက်ကြစေရန်အတွက် ဂူရှေ့တွင် မကြာမကြာ ပန်းများပြင်ဆင်၍ ဆုတောင်းအမျှဝေပေးခဲ့သည်။


ကျွန်တော်တို့တပ်ခွဲသည် ခဏတာသာ စခန်းချရန်ဖြစ်သော်လည်း အမိန့်အရ မွန်းမံ လေ့ကျင့် သင်တန်းဆင်းရသည်။ မြင်းများနှင့် ရဲဘော်များ အစေးမကပ်ဟန် ပြသောကြောင့်ဖြစ်သည်။

Saturday, August 27, 2011

သီတဂူဆရာတော် - အကျဉ်းထောင်တရားတော်    

ဒီတရားကို ဇွန်လကတဲက ဖလော်ရီဒါမှာ အိမ်ရောင်းဖို့ သန့်ရှင်းရေးလုပ်ရင်းနဲ့ နာခဲ့တာ။ ဒီအကြောင်း စိတ်ထဲကနေ အမေ့ကို စာရေးနေတာ နေ့တိုင်းပါပဲ။ ခုမှပဲ စာရွက်ပေါ် ရေးဖြစ်တော့တယ်။

ဖလော်ရီဒါအိမ်က လူငှားကျောင်းသားတွေ ၂နှစ် နေထားတာ သန့်ရှင်းရေး မှန်မှန်မလုပ်ကြတော့ မီးဖိုကို တော်တော် တိုက်ချွတ်ရတယ်။ သန့်ရှင်းရေးလုပ်ဖို့ လူခေါ်ထားပေမဲ့ သူတို့က နေ့တွက်ကိုက်အောင်ပဲလုပ်တော့ ဂျီးတွေကို နှူးမတိုက်နိုင်ဘူး။ ကိုယ်က မြန်မြန်ရောင်းထွက်ချင်တယ်။ ဝယ်သူကြိုက်အောင် ပြောင်လက်နေအောင်လိုချင်တော့ သန့်ရှင်းရေးသမားတွေ လာမဲ့ရက်မတိုင်မီမှာ ကိုယ်တတ်နိုင်တာတွေ လုပ်ထားရင်း တရားလဲနာရင်းပေါ့။ အိမ်စောင့်နတ်တွေ ဝိုင်းစောင့်နတ်တွေ ဖလော်ရီဒါပြည်နယ်စောင့်နတ်တွေကိုလည်း တရားနာဖိတ်ခေါ် အမျှဝေလုပ်တယ်။


အိမ်လဲ ဈေးကွက်တင်ပြီး၂ပတ်အတွင်း ကြိုက်ဈေးရပြီး မြန်မြန်ရောင်းထွက်သွားတယ်။ အိမ်ကို ၉သောင်း၂ထောင်နဲ့ ဝယ်ထားတာ။ အိမ်ဈေးက တဝက်လောက်ကျသွားတယ်။ အခု ၅သောင်း၅ထောင်နဲ့ ရောင်းရတယ် ဆိုတော့ ကြိုးစားရကျိုးနပ်တယ်ဆိုရမှာပဲ။ အထူးသဖြင့် တရားတန်ခိုး နတ်တန်ခိုးတွေ ပါတာပေါ့။

အိမ်က ၃သောင်း၇ထောင်လောက် ရှုံးတယ်ဆိုပေမဲ့ ဖလော်ရီဒါမှာ လဲ့မွန်နေတဲ့ ၂နှစ်မှာ သူ့ကို ပိုက်ဆံ တလ တစ်ထောင်မပို့ရဘူး။ အိမ်ငှားခနဲ့ လုံလောက်သွားတယ်။ တကယ်က တစ်သောင်း ၇ထောင်လောက် ပဲရှုံးတာပေါ့။ ကိုယ့်သမီး အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံနေရတယ်။ ကိုယ်လဲ အခါအားလျှော်စွာ အတူနေရ စောင့်ရှောက်လိုက်ရတယ်။ သူလဲ ကျောင်းပြီးသွားတယ်ဆိုတော့ ကျေနပ်ပါတယ်။ ကောင်းသောရှုံးခြင်းပါပဲ။

ပိုက်ဆံက ထွက်စရာရှိနေရင် ဘယ်လိုမှ ကိုယ်နဲ့မနေပါဘူး။

အမေတို့ အဖေတို့ လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းခံရတယ်၊ တရားရုံးရောက်တယ်၊ အမှုဖြစ်တယ်၊ မီးလောင်တယ်၊ လှေတွေမြုပ်တယ်၊ ပိုက်ဆံတွေ အကြိမ်ကြိမ် တရားမဝင် ဖြစ်ကုန်တယ်၊ သေလောက်တဲ့ ရောဂါဖြစ်တယ်။ ဘဝမှာ ကြုံခဲ့ကြရတာကို အမြဲ ဆင်ခြင် နှလုံးသွင်းပါတယ်။

ဒီတရားကို ဆရာတော်က မနှစ်က သြဂုတ်လမှာ အင်းစိန်ထောင်ထဲမှာ အကျဉ်းသား ၉ထောင်ကျော်ကို ကြက်သားဒန်ပေါက် လှုဒါန်းခွင့်ရပြီး တရားဟောခွင့် ဗွီဒီယိုရိုက်ခွင့်လဲရလို့ စူးမာတို့လဲ တရားနာရ သာဓုခေါ်ရတာပါ။ မောင်နှမတွေကိုလဲ မျှဝေချင်နေတယ်။
တရားထဲမှာ တခါက ဗာရာဏသီပြည့်ရှင်မင်းရဲ့မိဖုရားမှာ ကလေးမွေးတိုင်း ကလေးဟာ ဘီလူးအစားခံရသတဲ့။ ဒါနဲ့ ၃ကြိမ်မြောက် ကိုယ်ဝန်ရှိတဲ့အခါ ပညာရှိတွေခေါ်ပြီး ဘယ်လိုကာကွယ်ရမလဲလို့ အဖြေရှာကြသတဲ့။ ဒီတခါမွေးပြီးရင် ဘီလူးမစားနိုင်အောင် ကလေးကို ထန်းရွက်နဲ့ထုတ်ပြီး သံလှောင်အိမ်မှာထည့်ထားဖို့ အကြံပြုကြတယ်။ တတိယမြောက်ကလေး ဘုရားလောင်းမွေးလာတဲ့အခါ သူ့ကို ထန်းရွက်နဲ့ထုတ်ပြီး သံလှောင်အိမ်ထဲထည့် မွေးထားလိုက်တာ အသက်ရှင်လာတယ်။ ရှင်ဘုရင်က သူ့သား အယောဂရမင်းသားကို သံလှောင်အိမ်(တနည်း) သံထောင်ထဲမှာပဲ အဋ္ဌာရဿ ၁၈ရပ်ကိုသင်ကြားစေတယ်။ အသက်၁၆နှစ်ပြည့်တဲ့အခါ မင်းလုပ်ဖို့ တိုင်းပြည်အပ်နှံတယ်။ မင်းသားက-

“ကျွန်တော်ဟာ မယ်တော့်ဝမ်းရေထောင်ထဲမှာ ၁၀လ၊ ခမည်းတော်ရဲ့ ပညာရေးစီမံကိန်းသံထောင်ထဲမှာ ၁၆နှစ်နေခဲ့ပြီးပါပြီ။ ထီးနန်းထောင်ထဲမှာ ထပ်မနေပါရစေနဲ့တော့။ အို နာ သေ လွတ်ရာ တရားကျင့်ဖို့ တောထွက်ခွင့်ပေးပါ” လို့ တောင်းဆိုတယ်။ ပြီးတော့-

“သတ္တဝါတွေဟာ တကယ်တော့ အို နာ သေ နဲ့ ပဲ စာချုပ်ထားတာ။ အိုထောင်ကနေ နာထောင်၊ သေထောင်၊ ဒီထောင်တွေကိုပဲ ပြောင်းနေကြရတာ။”

“ခမည်းတော်ရဲ့ ဆင်တပ် မြင်းတပ်တွေကလည်း ဘယ်လောက် အင်အားကောင်းကောင်း ကျွန်တော်တို့ကြောက်တဲ့ ရန်သူသေမင်းကို မချေမှူန်းနိုင်ပါဘူး။”

“အသက်ရှင်နေတယ်ဆိုတာဟာ တကယ်တော့ ဘာမှခိုင်ခိုင်မာမာ မရှိပါဘူး။ လက်တဖြစ်အတွင်း အို နာ သေ ဖြစ်သွားနိုင်တယ်။ နံနက်ခင်းမှာကျတဲ့ မြူလိုပဲ။ နေတက်လာရင် လွင့်ပျောက်ရတော့တာပဲ။”

“အသက်ဟာ လမင်းကြီးလိုမဟုတ်ဘူး။ လဆန်းရက် လဆုတ်ရက်တွေလို ကြီးသွားပြန်လိုက် ငယ်သွားပြန်လိုက် မဟုတ်ဘူး။”

“အသီးပင်က အသီးတွေလိုပဲ။ လေကလေးတချက် တိုက်လိုက်ရင် အကင်းလဲ ကြွေတာပဲ။ အစိမ်းလဲ ကြွေတာပဲ။ မှည့်နေတဲ့အသီးလဲ ကြွေတာပါပဲ။”

“အရက်သမားရဲ့ ပုဆိုးလိုပဲ။ အရက်သမားဟာ အရက်လေးတခွက် သောက်ရဖို့အတွက် ရလာတဲ့ ပိုက်ဆံကိုလဲ ချသုံးတာပဲ။ ရှိတဲ့ပစ္စည်း အကုန် ရောင်းချ သုံးတယ်။ နောက်ဆုံး ဘာမှ မကျန်တော့ရင်တောင် ဝတ်ထားတဲ့ပုဆိုး ချွတ်ရောင်းပြီး အရှက်ကွဲခံပြီး ဝယ်သောက်တယ်။ အရက်ဆိုတဲ့ အသက်ကလေးရှင်ခွင့်ရဖို့အတွက် ရှိတာအကုန်ချသုံးတယ်။ ဘာမှ မကျန်ဘူး။ ပြီးတော့လဲ သေတာပါပဲ။”

ဒါနဲ့ ခမည်းတော်လဲ သံဝေဂရပြီး မင်းသားနဲ့အတူ တောထွက် တရားကျင့်ကြတယ်။

ဒီတရားကို နာပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ပါတယ်။

အယောဂရမင်းသားက ထီးနန်းအပ်တာတောင် အချိန်မပေးနိုင်တော့ဘူး။ စူးမာတို့ ထောင်တခုကနေ နောက်ထောင်တခု ပြောင်းလို့ကောင်းတုန်းပဲလား။ လွတ်ဖို့ မစဉ်းစားမိကြဘူးလား။

ဆရာတော်က-

“ထောင်ဆိုတာ recreation center ပါ။ မကောင်းတဲ့စိတ်တွေ အပြု အပြော အလုပ်တွေ ပြောင်းလဲလာအောင် ပြုပြင်နိုင်အောင် ဖန်တီးထားတဲ့စခန်းတခုတဲ့။ ဒီစခန်းကထွက်လာရင် ကောင်းတဲ့ဖက်ကို ပြောင်းလဲလာမှ ဒီစခန်းရဲ့လုပ်ငန်းအောင်မြင်မယ်။ ဓမ္မတွေတိုးလာမယ်၊ အဓမ္မတွေလျော့လာမယ်၊ ဒီလိုဖြစ်ရမယ်။”

ဒါနဲ့ တရားစခန်း ရိပ်သာတွေကိုပါ သွားသတိရတယ်။ ရိပ်သာမှာတော့ အဟုတ်ပဲ၊ အိမ်ပြန်ရောက်တော့ ဒုံရင်းဒုံရင်း။ ရိပ်သာထောင်ကို ဝင်လိုက် ထွက်လိုက်နဲ့ကို မပြီးနိုင်ဘူး။ အပ္ပါယ်တံခါးကို မပိတ်နိုင်ဘူး။
 

အိမ်ထောင်ကနေ အပ္ပါယ်တံခါးပိတ်၍ နိဗ္ဗာန်တံခါးကြီးဖွင့်နိုင်ကြပါစေ။        

၈၊ ၂၆၊ ၂၀၁၁။

Wednesday, August 17, 2011

မြန်မာစစ်မျက်နှာ (၁၄)

တပ်စုမှုး ဆေးရုံတက်ရခြင်း


တပ်စုမှုးဆိုသည်မှာ နာမည်ခံသက်သက်ဖြစ်ပြီး တပ်စုကိုဦးဆောင်သည့် တပ်စုကိုယ်စားပြုသည့် စိတ်ဓါတ် စိုးစဉ်းမျှမရှိပေ။ ဒုတိယခေါင်းဆောင် တပ်ကြပ်ကြီးထံ တာဝန် အားလုံးလွှဲထားလေသည်။ အများအမြင်တွင်မူ အလွန်ပင်ပမ်းနွမ်းနယ်သည့်ဟန်ပြလေ၏။ မြန်မာပြည်သို့ ဝင်ရောက်ပြီးနောက် နေမကောင်းဟုဆိုကာ ကျွန်တော့ထံတွင် ငြီးတွားလေသည်။ ဆေး စစ်ဆေးမှုကိုတော့ လက္မခံချေ။

တောင်ငူမှထွက်ခွါပြီးနောက် ရက်အနည်းငယ်ကြာတွင်ဖြစ်သည်။
မြန်မာစစ်မျက်နှာသည် ရှေ့တန်းတွင် ခရီးရောက်လျက်ရှိပြီး မြန်မာတပြည်လုံး ရပ်ရွာအေးချမ်းမှုတွင် ပြဿနာများဖြင့်ကြုံတွေ့နေလေသည်။ ကျွန်တော်တို့၏ အလှည့်ကျတပ်စုသည် မြန်မာပြည်တွင်းမှ ပြန်လှည့်ရရန် ကောလဟလများထွက်ပေါ်နေ၏။

ခန္ဓာကိုယ်က အားနည်းလာပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိသော တပ်စုမှုးသည် တပ်စုအားလည်း ညွှန်ကြားချက်မပေးနိုင်သဖြင့် တပ်စုသည် ဝန်ထုပ်ဝန်ပိုးပိနေလေ၏။ ဤအချက်ကို တပ်ခွဲမှုးသည် သတိထားမိပြီး စိတ်ပူလေ၏။ ထို့နောက် တပ်စုမှုးအား ဆေးရုံတင်စေလေ၏။ ခန္ဓာကိုယ် အင်အားပြန်လည်ပြည့်ဝလာမည့် နည်းလမ်းများကို စဉ်းစားလျှက် တပ်ခွဲမှုးနှင့်တိုင်ပင်၍ ဆေးရုံတင်ကြခြင်းဖြစ်သည်။

သူ့တွင် အဆုတ်ပွခြင်းနှင့်ပတ်သက်သော ရောဂါရှိခဲ့ဖူးကြောင်း ကျန်းမာရေးမှတ်တမ်းများအရ သိရသော်လည်း ထိုအချိန်က ဤရောဂါနှင့်ပတ်သက်သော လက္ခဏာများ ထူးထူးခြားခြား မတွေ့ရပေ။ ဆေးစစ်မှတ်တမ်းတွင်မူ  အဆုတ်ပွရောဂါ သံသယရှိခြင်းဟူ၍ ဆေးရုံတက်ခွင့်ရရန် မှတ်ချက်ရေးလိုက်၏။

ကျွန်တော်က ဆေးရုံတွင်ရှိသည့်အခါ ဆေးရုံတက်နေသော်လည်း “ဒီဟာက မကောင်းသေး။ ဟိုဟာက မကောင်းသေး” စသဖြင့် ပြောရန် အကြံပေးထား၏။ တပ်ခွဲမှုးက စိတ်ပူသဖြင့် လာကြည့်သည့်အခါတိုင်း “လူနာအခြေနေ ဘယ်လိုနေလဲ”စသည်ဖြင့် မေးမြန်းရန် စည်းဝါးရိုက်ထားကြသည်။

ဤသို့ဖြင့် အလှည့်ကျတပ်များ တသုတ်ပြီးတသုတ်ရွှေ့ကြရာ “အိမ်မြန်မြန်ပြန်ရတော့မယ်”ဟူသော အသံများထွက်လာလေ၏။

“မင်းတို့က အိမ်မြန်မြန် ပြန်ရောက်ပြီး ငါက ဆေးရုံမှာကျန်ရစ်မယ်ဆိုတော့ မင်းတို့ကို မနာလိုဘူးဟေ့”

-ဟုဆိုကာ ဆေးရုံမှဆင်းပြေးလေတော့၏။



လာချေပြီ ကော်လီရာ(ကာလဝမ်းရောဂါ)


ရှေ့တန်းတပ်နောက်သို့လိုက်ရန် မူလ မန္တလေးသို့ အရောက်သွားရန်ဖြစ်သော လမ်းကြောင်းမှ သွေဖီ၍ မိုးခေါင်ရေရှားရပ်ဝန်း မိတ္ထီလာကိုဖြတ်၍ ချီတက်ရန် ကြုံရပြန်လေသည်။ အပူလောင်ခံနေရသောတပ်အား ဒလကြမ်းနှင်သည့်အဖြစ်သို့ ဆိုက်ရောက်ရလေတော့၏။


ချီတက်နေစဉ်အတွင်း အုန်းရေရော သောက်ရေရော လုံးဝ မရရှိခဲ့ပေ။ ခြောက်သွေ့နေသောလည်ချောင်းကို နောက်ကျိနေသော မြစ်ရေ၏ ကမ်းနံဘေး၌ လက်ယက်တွင်းလေးတူးပြီး ရသောရေဖြင့် စိုရလေသည်။ မည်သို့မျှ မသန့်နိုင်ပေ။

ဤအတောအတွင်း ရဲဘော်၂ယောက်မှာ ဆေးရုံတင်ရလေ၏။



မေလ ၆ရက်နေ့တွင် စစ်ကိုင်းအနီး ပင်းယသို့ရောက်ရှိလာပြီး စောင့်နေရလေသည်။ ၄င်းရွာတွင် သံလွင်ချောင်းရှိပြီး သုံးရေလုံလောက်ကာ ကြိုချက်၍သောက်ရသောကြောင့် ရေနောက် သောက်ရသောဒုက္ခမှ ခဏတာ ငြိမ်းအေးသွား၏။


တစ်ညတွင် တပ်ခွဲမှုးအမိန့်ဖြင့် မန္တလေးရှိ ခြေလျင်တပ်မ ၅၅၏ဆေးတပ်မမှုးထံ သွားရ၏။ တပ်ခွဲတွင် “ကော်ရီလာရောဂါကူးစက်နေသည်” ကို အမြန်သတင်းပို့ပြီး ပြန်လာရန်ဖြစ်သော်လည်း မသွားခင်မှာပင် ရဲဘော် ၃ယောက် သေဆုံးလေသည်။ တစ်ယောက်မှာ ကာကွယ်ဆေးထိုးရန် ငြင်းဆန်ခဲ့သူဖြစ်ပြီး၊ ကျန်၂ယောက်မှာ ဆေးရုံတင်ထားရာမှ သေဆုံးသူများဖြစ်သည်။


ကျွန်တော်သည် တပ်မ၅၅ ဆေးတပ်မမှုးအား ညတွင်းချင်းသတင်းပို့ပြီး တပ်ခွဲကို ဆေးစစ်ရာ လူ၂၀မှာ ဝမ်းလျှောနေကြပြီး ရောဂါလက္ခဏာများ တော်တော်ပြနေလေသည်။ ဤရဲဘော်များကို လူနာများအဖြစ် ဆေးရုံတင်ရန် စီစဉ်ရတော့၏။ အုပ်စုလိုက် သီးခြားစီခွဲထားပြီး antiseptic carbolic acid emulsion ကို များများသုံးလိုက်၏။ ဒုတိယဆင့် လူနာများကိုလည်း ကာကွယ်ပြီးသားဖြစ်သွားလေ၏။

ဤ phenol emulsion ကျေးဇူးကြောင့် ကူးစက်ပြန့်ပွားမှုကို ဟန့်တားနိုင်လိုက်ကာ ဆေးတပ်မမှုးထံမှလည်း ထွေထွေထူးထူး အကူအညီ တောင်းစရာမလိုတော့ပေ။

ဆေးတပ်မမှုးက ၄င်းအောက်ရှိ အရာရှိများအား ရောဂါ မကူးစက်စေရန် တပ်ခွဲများကို သီးခြားစီထားရန် ညွှန်ကြားချက်များထုတ်ပြီး “တပ်ခွဲတခုမှာ ဤသို့ကုသမှုဖြင့် ကာကွယ်လိုက်နိုင်သည့် ကျေနပ်စရာကောင်းသည့် ကုထုံးသတင်းကောင်း” ကိုပါ ဖေါ်ပြခြင်းခံရလေသည်။

နေ့စဉ် စစ်ဆေးရေးအုပ်စုက လူနာများ၏တိုးတက်မှုကို အကြိမ်ကြိမ် စစ်ဆေးပေးသောကြောင့် ကံကောင်းထောက်မစွာ နောက်ထပ် တစ်ယောက်မှ အဖိတ်အစင် မရှိတော့ပါ။ ဤအတွက်ကြောင့်ပေလား မဆိုနိုင် ဒီတခါတော့ မြန်မာပြည်တပ်မ ဆေးတပ်မမှုးက အခေါ်တွေ့ခံရပြီး တပ်ခွဲတွင်ဆောင်ရွက်ခဲ့ပုံ တိုးတက်လာပုံများကို အသေးစိတ်မေးမြန်းကာ ချီးကျူးစကားနှင့်အတူ တပ်ခွဲမှုးအောက်မှ အရာရှိများကိုလည်း ဂုဏ်ပြုကျေးဇူးတင်စကားဆိုလေ၏။



အုပ်စုခွဲထားပြီး ၁၀ရက်ကြာတိုင်အောင် ရောဂါမတိုးလာပဲ ကျန်းမာသောလူနာများကိုကား ဒီထက်ပို၍ သီးသန့် ခွဲထားရန်မလိုဟု ဆုံးဖြတ်ပြီး တပ်ခွဲမှုးနှင့် အကျိုးအကြောင်း အချိန်ယူ ဆွေးနွေးကာ အုပ်စုခွဲထားခြင်းကို ရုတ်သိမ်းရန် ဆုံးဖြတ်လိုက်ကြသည်။

ဖြစ်ချင်တော့ စင်္ကာပူတောင်ဖက်ပိုင်း ဆေးတပ်မှ စစ်ဆေးရေးလာမည်ဆိုသော သတင်းက ရောက်ရှိလာလေသည်။ ဤတွင် တပ်ခွဲမှုးသည် ဂယောင်ချောက်ချားဖြင့် နှစ်ဦးသဘောတူ ဆုံးဖြတ်ဆောင်ရွက်ထားသော ကိစ္စကို မေ့သွားလေဟန်ဖြင့်-

“အီနာဂခိစံ အုပ်စုမခွဲပဲ ရောထားလို့ ဒုက္ခမရောက်ပေဘူးလား”-ဟု

ကျွန်တော်တစ်ယောက်ထဲ ဆုံးဖြတ်ချက်ဖြင့် ပြုထားသည့်နှယ် မေးခွန်းထွက်လာလေသည်။

“ဟင့်အင်း နှစ်ယောက်တိုင်ပင်ပြီး လုပ်ထားခဲ့တာကို အခုမှ ကျွန်တော့ကိုချည်း ပုံချလို့ မရဘူး။ စစ်ဆေးရေးမလာခင်မှာ မခွဲပဲထားတဲ့ အခြေအနေတွေကို သုံးသပ်ပြလိုက်ရင်ပြီးတာပဲ၊ ဘာလို့ ခုမှ ဂယောင်ကတမ်းဖြစ်နေရတာလဲ”-ဟု ပြန်ပြောရတော့၏။

ဤစစ်ဆေးရေးကိစ္စလည်း အောင်မြင်စွာပြီးဆုံးခဲ့ပေသည်။ ဤတွင် တပ်ခွဲမှုးက မိမိဆုံးဖြတ်ချက်က မှန်သွားတယ်ဆိုသော အမူအရာသို့ပြောင်းလဲသွားကာ အလွန်ကျေနပ်အားရသော မျက်နှာပေးဖြင့် “တပ်ခွဲကရောဂါကူးစက်မှု မရှိတော့ဘူး”ဟု ဆိုကာ ကျွန်တော့အား

“အီနာဂခီစံ ဒီဝီဇံတပ်ဋ္ဌာနချုပ်ထိသွားပြီး အုန်းပင်တက်လက်မှတ် (ထောက်ခံစာ) သွားယူလို့ရပြီ”-ဟု မြှောက်ထိုးပင့်ကော်နေသည်မှာ ရှုးများနေသလားဟုပင် မဆိုနိုင်ပါ။

မိမိလက်အောက်ငယ်သားများကို အလေးဂရုပြုသည်ဆိုပါက မိမိကိုယ်တိုင် ဋ္ဌာနချုပ်ကိုသွားရန် အစီအစဉ်ရှိရပေမည်။ သူသည် လက်အောက်ငယ်သားများ မျက်နှာကောင်းရသည့်ကိစ္စဆိုသည်မှာ တပ်ခွဲမှုး၏ ကြိုးစားဦးဆောင်မှုနှင့် ဆက်စပ်နေသည်ဆိုသည်ကို မသိလေရော့သလား။

သူသည် မိမိလက်အောက်မှလူ နာမည်ကောင်းရသည့်ကိစ္စတွင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိပေ။



မြန်မာပြည် အလွန်ဝေးသီခေါင်ဖျားသော ရွာ၌ တပ်ခွဲတစ်ခုသည် ကာလဝမ်းရောဂါကူးစက်ခံနေရ၏။ အခုအချိန်ထိ အလေးအနက်ထား၍ ဆေးစစ် ကုသမှုများ လာလုပ်ကြသည်ဆိုသည့် ပုံစံမျိုးလည်း မကြားရသေးပါ။ လူနာအဖြစ် ဆေးရုံတင်ကုသခံနေရသော ရဲဘော်များလည်း အမရပူရတွင် မလွှဲပြောင်းခင်အထိ တစ်တပ်လုံး မိခင်တပ်ရင်းသို့ ပြန်ကြရ၏။


Tuesday, August 9, 2011

Priority in Life: Rocks, Stones or Sand


မွန်တို့မောင်နှစ်မတွေ နွေရာသီကျောင်းပိတ်ထားလို့ အိမ်ထဲမှာပဲ တနေကုန် ဂိမ်းနဲ့ အင်တာနက်နဲ့ အချိန်ကုန်နေကြတယ်။ ဒါနဲ့ ဒီပုံပြင်လေးကို ပြောပြဖြစ်တယ်။

ဒီပုံက ပြင်သစ်က လာတဲ့ပုံပဲ။ ဒီပုံကို ဟမွန်းဘေးက ဆရာတော် ဦးသြသဓက တရားထဲမှာထည့်ဟောလို့ ကြားဖူးသွားပြီး ကြိုက်တာနဲ့ အင်တာနက်မှာ လိုက်ရှာလိုက်တယ်။ မြန်မာပြည်က တူ တူမတွေကိုလဲ မျှဝေလိုက်ပါတယ်။

တခါတုန်းက ပြင်သစ်ကပရော်ဖက်ဆာတယောက်ဟာ အမေရိကန်ပြည်က အောင်မြင်နေတဲ့ ကုမ္ပဏီတွေရဲ့ထိပ်တန်းမန်နေဂျာတွေကို အချိန်ကိုအကျိုးရှိအောင် ဘယ်လို သုံးရမလဲဆိုတာကို မွန်းမံ သင်တန်းပေးဖို့ ရောက်လာတယ်။


သူက စားပွဲပေါ်မှာ အဝကျယ် ဖန်ပုလင်းတခုတင်လိုက်ပြီး ပုလင်းထဲကို ကျောက်ခဲတုံးတွေ အပြည့် ထည့်လိုက်ပါတယ်။


ပြီးတော့ မန်နေဂျာတွေကို မေးလိုက်တယ်။

“ထပ်ထည့်လို့ ရသေးလား။”

“မရတော့ဘူး ဆရာ။”

“ဟုတ်ရဲ့လား။”

ဒါနဲ့ သူက စက္ကူထုပ်ထဲက ခဲသေးသေးလေးတွေကို ထုတ်ပြီး ပုလင်းထဲကို ထပ်ထည့်ပြပါတယ်။

“အို့ အို ….. ဟင်း ဟင်း ဟင်း  ဟဲ ဟဲ ဟဲ။”

ခဲလေးတွေဟာ ကျောက်ခဲတုံးတွေကြားထဲကိုတိုးပြီး ဝင်သွားပါတယ်။

သူက တခါထပ်ပြီး မေးပြန်တယ်။

“ထပ်ထည့်လို့ ရသေးလား။”

“ဒီတခါတော့ ပြည့်နေပြီ ဆရာရေ။”

“သေချာ လား။”

ဒါနဲ့ သူက နောက်စက္ကူထုပ်ထဲက သဲတွေကို ပုလင်းထဲ ထပ်ဖြည့်ပြပါတယ်။

“ဝေါင်း”     “ဝါး   ဟား ဟား ဟား။”

သဲမှုန်တွေဟာ ခဲနဲ့ ကျောက်ခဲတုံးတွေကြားထဲကို အကုန်ဝင်သွားပါတယ်။

ပြီးတော့သူက မေးပြန်တယ်။

“ခင်ဗျားတို့ ဘာတွေ့သလဲ။”

မန်နေဂျာတယောက်က-

“ကျွန်တော်သိပြီဆရာ။ ကျွန်တော်တို့ အချိန်ဇယားတွေက ဘယ်လိုပဲ ပြည့်နေပြီပြောပေမဲ့ အလုပ်တွေ အစည်းဝေးတွေ ထပ်ထည့်လို့ရသေးတယ်။”

“မဟုတ်သေးဘူး။ ကျွန်တော်ဆိုလိုချင်တာက-

အကယ်၍သာ ကျောက်တုံးအကြီးကို အယင်ဆုံး မထည့်ဘူးဆိုရင် ကျွန်တော်တို့လုပ်ငန်းတွေ အားလုံး ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ အံဝင်ဂွင်ကျ ဖြစ်မှာမဟုတ်ဘူး။”

“ဒီမှာကြည့်လေ”- ဟုဆိုကာ ပုလင်းထဲက ကျောက်တုံးတွေ ခဲတွေ သဲတွေကိုပြန်ထုတ်ပြီး သဲကို အယင်ထည့်ပြလေသည်။

ပြီးတော့ ခဲ။

ပြီးမှ ကျောက်တုံး။

အံမဝင်တော့ပါ။

“ဟာ”

အခန်းတခုလုံး တိတ်ဆိပ်သွားလေ၏။

ပြီးတော့ စကားဆက်ပြန်၏။

“ခင်ဗျားတို့ ဘဝမှာ ဘယ်ဟာက ကျောက်တုံးလဲ။ ဘယ်ဟာက ဘဝရဲ့ ပန်းတိုင်လဲ။ အနှစ်သာရလဲ။”

“မိသားစုလား။”

“သူငယ်ချင်းလား။”

“ကျန်းမာရေးလား။”

“ပရဟိတ အလုပ်လား။”

“ကိုယ်ကြိုက်တာ ကိုယ်လုပ်ရဖို့လား။”

“ကိုယ့်ဘဝရဲ့ ကျောက်တုံးကို သေသေချာချာ သတ်မှတ်ပြီး သူ့ကို အယင်ထည့်နိုင်အောင် ကြိုးစားကြပါ။”


ပုံပြင်လေးကတော့ ဒါပါပဲ။ ဒါပေမဲ့ မြတ်စွာဘုရားဟောထားတာနဲ့ရော ကိုက်မနေဘူးလား။

ဗုဒ္ဓတ္တစရိယာ

ဥာတတ္ထစရိယာ

လောကတ္ထစရိယာ  


ရွှေတောင်ကုန်းဆရာတော် ဦးပဏ္ဍိတက-
“မြတ်စွာဘုရားလဲ ကိုယ့်ကိစ္စပြီးအောင် သံသရာကလွတ်မြောက်အောင် အယင်လုပ်တယ်။ ပြီးမှ သားသမီး ဆွေမျိုး ကိုယ့်အသိုင်းအဝိုင်း လောကအတွက် လုပ်တယ်။”


အောင်မြင်တဲ့လူတွေကိုကြည့်ရင်လဲ ဒီနိယာမနဲ့ ကိုက်နေတာတွေ့ရလိမ့်မယ်။

၈၊ ၈၊ ၂၀၁၁။

Wednesday, August 3, 2011

မြန်မာစစ်မျက်နှာ (၁၃)

မန္တလေးသို့အရောက်သွားရန်

ပဲခူး-မန္တလေး အဆန်လမ်းမကြီး

အခက်အခဲများစွာဖြင့် စစ်တောင်းမြစ်ကိုဖြတ်ကျော်ပြီးနောက် ခရီးဆက်ရသော လမ်းများသည် ကောင်းစွာထိန်းသိမ်းထားသော လမ်းများဖြစ်၍ ကျွန်တော်တို့တပ်၏တာဝန်သည် ချောချောမွေ့မွေ့ ခရီးတွင်ခဲ့ပေသည်။

ပဲခူးအဝင်တွင် ကျွန်တော်တို့တပ်မဟာ ၅၅ ၏ ခရီးဆုံးသို့သွားရန်ဖြစ်သော  မန္တလေး အဆန်လမ်းမကြီးကိုတွေ့ရလေသည်။ ပဲခူးသည် ရန်ကုန်-မန္တလေးရထားနှင့် ရန်ကုန်-မော်လမြိုင် ရထားတို့ ဆုံရာဘူတာလည်းဖြစ်ပြီး နာမည်ကျော် ရွှေသာလျှောင်းဘုရားကြီး တည်ရှိရာမြို့လည်းဖြစ်ပေသည်။

မန္တလေး လမ်းမကြီးသည် မြန်မာနိုင်ငံ၏အဝေးပြေးလမ်းမကြီးတခုဖြစ်ပြီး အလယ်လမ်းသည် ကတ္တရာလမ်းဖြစ်၍ ဘေးနှစ်ဖက်တွင် သစ်ပင်ရိပ်များနှင့် နွားလှည်းများအတွက် လမ်းများရှိသောကြောင့် မြင်းများအတွက် သဘောကျစရာလည်းဖြစ်ပေသည်။

မတ်လ ၁၀ရက်တွင် မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်ကို သိမ်းလိုက်ပြီဟု သိရလေသည်။

ရန်ကုန်-မန္တလေး ရထားလမ်းနှင့်အပြိုင် မန္တလေးလမ်းမကြီးတည်ရှိပြီး ဘူတာများတွင် ရန်သူတို့၏ ခဲယမ်းမီးကျောက်များတင်ထားသော ယာဉ်များကကျန်ရစ်နေလေသည်။ ရဲဘော်များက အလွတ်မပေးပဲ သိမ်းဆည်းရလေသည်။ တပ်စိပ်တခုစီအတွက် လိုအပ်သော ရိက္ခာများကို ခွဲတမ်းရရှိခဲ့ပြီး အထူးသဖြင့် ကြံသကာများပါ ရခဲ့လေသည်။ အချိုမစားရသည်မှာ ကြာပြီဖြစ်သော ရဲဘော်လေးများအတွက် ကြံသကာသည် အငမ်းမရ လိုချင်သောပစ္စည်းဖြစ်လေသည်။

တခါတုန်းကလည်း ကျွန်တော်သည် ပင်မှည့်သီးအစေ့များကို ညှစ်၍ ဖျော်ရည်လုပ်နည်းကို သင်ပေးလိုက်ရာ ရဲဘော်များ အလွန်သဘောတွေ့လေ၏။

ကျွန်တော်တို့တပ် တောင်ငူအနီးနားရွာ၌ရှိနေစဉ် စင်္ကာပူစစ်ဆင်ရေး၌ လက်နက်ကြီးများဖြင့် အထိုးနှက်ခံရကြောင်းသတင်းရရှိရာမှ စက်ယန္တရားတပ်၊ ဘိုင်စကယ်တပ်များကို အသုတ်ခွဲရံစေလျှက် မန္တလေးလမ်းမကြီးကို ဆန်တက်ကြရသည်။ စစ်ခရာမှုတ်လိုက်သောအချိန်ကို ကြုံရပြီဟု ဆိုနိုင်ပါသည်။

ကျွန်တော်တို့တပ်၏ရှေ့ပြေးတပ်က တောင်ငူမြောက်ဖက်ရှိ ဆွာချောင်းကိုအဝင်တွင် တရုပ်ပြည်မှတပ်များကိုပြန်စုထားသော မဟာမိတ်တပ်နှင့် တိုက်ပွဲဖြစ်ကြလေသည်။ လက်နက်ကြီးများဖြင့်ပစ်ခတ်သံများ၊ စက်သေနတ်သံများ ဒလစပ်ထွက်ပေါ်နေ၏။ ကျွန်တော်တို့ ခေါင်းနပမ်းကြီးသွားကြ၏။ မဟာမိတ်တပ်များ ဤနေဝင်ချိန်တွင်ပင် အနိုင်ရရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

ဤနေရာမှရှေ့လျှေက် မန္တလေးအထိ  မည်သည့် သေနပ်သံမှ မကြားရတော့ပါ။

ဧပြီလထဲဝင်လာပြီဖြစ်၍ ကျွန်တော်သည် ရဲဘော်များအား ဒုတိယအကြိမ် ကော်လီရာ(ကာလဝမ်းရောဂါ)  cholera ပလိ (ပုလိပ်ရောဂါ)plague ကာကွယ်ဆေးထိုးရန်ဆောင်ရွက်ရလေသည်။ ဤအကြိမ်တွင် မထိုးမနေရ မဟုတ်သည့်အတွက် ကာကွယ်ဆေးမုန်းသူ အချို့ရဲဘော်များက မထိုးကြပါ။

မန္တလေး လမ်းမကြီးတလျှောက် မြို့ကြီးများတွင် လုယက်မှုများနှင့် ရန်သူတပ်များက မီးရှို့ဖျက်ဆီးထားခဲ့သည်များကို တွေ့ရ၏။

ရန်သူတပ်များ၏ မီးရှို့ဖျက်ဆီးသည့် လုပ်ထုံးလုပ်နည်းကြောင့် အိမ်မီးပါ အလောင်ခံရသော မြို့သူမြို့သားများသည် ပါးစပ်မှနေ၍ ခွေးမသားတရုတ်တွေ မီးရှို့သွားတယ်-ဟု ကျွန်တော်တို့တပ်အား ဆီး၍တိုင်လေ၏။ ကျွန်တော်တို့သည် မီးမလောင်ပဲ ကျန်နေသေးသော ဆေးရုံ၏ အစိတ်အပိုင်းမှ ဆေးပစ္စည်းများကို စစ်ဆေး ရွေးထုတ သယ်ထုတ် ကြရ၏။ သုံး၍ရသလောက် စုဆောင်းခဲ့၏။

ကွီနိုင်ဆာလဖိတ် quinine sulfate၊ အမ်မတင်းဟိုက်ဒြိုကလိုရိုက် emetine hydrochloride ဆေးပြားများ၊ ၄င်းအပြင် ဖီနောလစ်အီမာလ်ရှင်း phenolic emulsion ဆေးများ၊ ပိစွိတိုရင် pitsuitorin ထိုးဆေးများတွေ့ရှိခဲ့ပြီး တပ်အတွက်အပြင် အများပြည်သူသုံးရန်အတွက်ပါရည်ရွယ်၍ ထရပ်များပေါ်တွင်သယ်လာခဲ့၏။ အထူးသဖြင့် လူနာများအတွက်၎င်း အရာရှိများအတွက်၎င်း စဉ်းစား၍ စောင်များ ခြင်ထောင်များကိုလည်း သယ်လာခဲ့၏။ ဤပစ္စည်းများကို သယ်ဆောင်နိုင်ခဲ့ခြင်းမှာ ကျွန်တော်တို့တပ်သည် ကံကောင်းထောက်မစွာ သယ်ယူပို့ဆောင်ရေးတပ်ဖြစ်နေသောကြောင့်ဖြစ်ပေသည်။

မြန်မာပြည်တွင် ငှက်ဖျားရောဂါနှင့် ကော်လီရာ(ကာလဝမ်း)ရောဂါများဖြစ်ပွားနေသည်ကို ကြားသိထားသောကြောင့်လည်းဖြစ်သည်။ ဤကဲ့သို့ ကျွန်တော်၏ဆုံးဖြတ်ချက်ကြောင့် ပင်ပင်ပမ်းပမ်း သယ်ဆောင်လာရသည့်အတွက် မကောင်းသည့်အမြင်များရှိသော်လည်း အခြေအနေပေါ်မူတည်၍ ဆုံးဖြတ်ရန် မှတ်ချက်ရေးရ၏။