Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Wednesday, November 30, 2011

မြန်မာစစ်မျက်နှာ (၁၉)

ဒေသတွင်းစစ်ဆင်ရေး နှင့် တပ်ခွဲမှုး


ဗိုလ်မှုးမိခါမိ၏တာဝန်ကို လွှဲယူသောအရာရှိက တာဝန်ထမ်းသည့်နေ့မှစ၍ သင်တန်းစည်းကမ်းသည် ယခင်ကထက် ပိုမိုတင်းကြပ်သွားလေသည်။ တပ်ခွဲမှုးသည် တပ်ရင်းနှင့်ဆွေးနွေးညှိနှိုင်းခြင်း မပြုသောကြောင့် ဒေသတွင်းအခြားတပ်ခွဲမှုးများထံမှ အတည်မပြုသောအသံများတွက်လာသည်။
ဒေသတွင်းဗျူဟာမှုးက ပျော်ဘွယ် ရောက်သည်အထိ ဝင်ရောက်ဆောင်ရွက်ရသည်။ ကျွန်တော်တို့တပ်ခွဲ စစ်ဆင်ရေးသည် သတ်မှတ်ရက်မတိုင်ခင်ညနက် အထိ စစ်ဆင်ရေးအစီအစဉ် ပြင်ဆင်ရပြီး ဗိုလ်ကြီးယာမဒ ရေးဆွဲထားသော မူကြမ်းကိုအခြေခံ၍ ရေးဆွဲကာ နောက်ဆုံးမိနစ်တွင် ပြီးသွားလေသည်။
ထို့ကြောင့် ကျွန်တော်တို့ စစ်ဆင်ရေးသည် ဗိုလ်ကြီး၏စစ်ဆင်ရေးနှင့် တသဝေမတိမ်း ဆင်တူနေပြီး အချီးမွမ်းခံရလေသည်။ မှန်းချက်နှင့် နှမ်းထွက်ကိုက်သဖြင့် တပ်ခွဲမှုး၏မျက်နှာသည် ရွှေထုပ်ရသည့်နှယ်တွေ့ရသည်။ ဖြစ်ချင်တော့ ဒေသတွင်းအခြားသော တပ်ခွဲများမှ-
“ဌာနချုပ်က မူကြမ်းနဲ့တိုက်ကြည့်ရင် တချက်မှမလွဲဘူး” ဟု ကျွန်တော်တို့တပ်ခွဲ အရာရှိ နှစ်ယောက်အား ခေါ်မေးရန် အသံများကြားရပြီး တပ်ခွဲမှုးကို မကျေနပ်သံများ စတင် ထွက်ပေါ်လာလေသည်။ ဤသတင်းကိုကြားရသော တပ်ခွဲမှုးသည် ကြံရာမရဖြစ်ပြီး
“မနေ့ညက အထိ အားလုံးနဲ့ ကျေလည်တဲ့အထိ လုပ်ထားတဲ့ကိစ္စပဲ။” ဟုဆိုကာ ကျွန်တော်တို့ထံ စစ်ကူ လှည့်လာလေသည်။
“တပ်ခွဲမှုးပြောတာ မှန်တယ်။ တပ်ခွဲမှုးက အကြိတ်အနယ်လုပ်ထားတဲ့ စစ်ဆင်ရေးက တိုက်တိုက်ဆိုင်ဆိုင် မူကြမ်းနဲ့ ထပ်တူဖြစ်သွားတာ။ မဟုတ်တာလုပ်ထားတာတခုမှမပါဘူး။ လာမေးရင်တော့ ပြောလိုက်မယ်။ ဂရုစိုက်မနေနဲ့။” ဟု အခြားသော တပ်ခွဲမှုးများအရှေ့တွင် ကျွန်တော်က တပ်ခွဲမှုးကို ထောက်ခံလိုက်သည်။ ဤတွင် တပ်ခွဲမှုးသည် မူလက သုန်မှုန်နေသော မျက်နှာမှာ ဝင်းပလျက်-
“ဟုတ်တယ်။ ကြားတဲ့အတိုင်းပဲ။” ဟု ဆိုကာ ထွက်ခွါသွားလေသည်။
ညနေစာစားကြသည့်အခါ တပ်ခွဲမှုးသည် တပ်ခွဲမှုးဆွဲထားတဲ့ စစ်ဆင်ရေးက မူကြမ်းနဲ့ တထပ်တည်းကျနေတာဆိုတဲ့ ကျွန်တော်ရဲ့ ထွက်ဆိုချက်ကို အကျေနပ်ကြီးကျေနပ်လျက် ဗိုလ်ကြီးယာမဒရဲ့ မူကြမ်းကို ကြားဖြတ်ကူးလိုက်သော်လည်း မတော်တဆ တိုက်ဆိုင်သွားတာ ဆိုသည်ကို ကျွန်တော်တို့ထံမှ အာမခံရသည့်နှယ် ညနေစာထမင်းစားကြွကြရန် ဖိတ်ထားလေသည်။
ကျွန်တော့်ကိုမူ တပ်ခွဲမှုးက ထိုသို့ ဖိတ်ကြားသည်ကို လုံးဝမပြောပါ။
ဗိုလ်ကြီးရဲ့သုံးသပ်ချက်နှင့်အတူ အားလုံးက သဘောတူရေးဆွဲထားသည်ဟူသော အတည်ပြုချက်ရသွားပြီးနောက် မည်သို့ဖြစ်သည်မသိ ရုတ်တရက် မိမိဘာသာ တစ်ဦးတည်းရေးဆွဲသည့်နှယ် လက်မထောင်(ခရက်ဒစ်ယူ)လေသည်။
“ဒီလိုလူမျိုးနှင့် ထမင်းအတူစားဖို့ ဘယ်လိုမှ မဖြစ်နိုင်။”ဟု တပ်ခွဲမှုးထံ အကြောင်းပြန်လိုက်သော်လည်း သူ့ထံမှ မည်သို့မျှ အကျိုးအကြောင်းပြန်ကြားမလာတော့ပေ။
“ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်လို့ အနာကတော့ ကျသွားပြီ။”ဟု ရဲဘော်ရဲဘက်များက
နောက်တွင် ပြန် ပြောပြကြလေသည်။ မရိုးမသားလုပ်၍မရပေ။ ကျွန်တော်သည် အာဏာထီးဆောင်း၍ အကြောင်းကျိုးမဆီလျှော်သော ကိစ္စကိုပြောသည်ဟုဆိုပါက ယေဘူယျအားဖြင့် တပ်ခွဲအတွင်း အရှက်မရှိ မည်သူမဆို ဒေါသထွက်နိုင်သောကိစ္စတွင် ငြိမ်ခံမနေနိုင်သော ကျွန်တော်၏သဘာဝကြောင့် ဖြစ်ရပေသည်။ ဤကိစ္စနှင့်ပတ်သက်၍ စစ်တပ်အသိုင်းအဝိုင်းတွင် အကန့်အသတ်ရှိရသည်ကို မှတ်သားလိုက်ရပေသည်။
ကျွန်တော်ယခုကဲ့သို့ မိုက်မိုက်ကန်းကန်း မှန်တယ်ထင်တာလုပ်မိခြင်းမှာလည်း ဤသို့သော တပ်ခွဲမှုးမျိုးနှင့် တွေ့ရသောကြောင့်ပေလားမဆိုနိုင်။
တပ်ခွဲမှုးသည် ပါးစပ်ဖြင့်ဆိပ်ဆိပ်နေသော်ငြားလည်း စိတ်ထဲမှဒေါသထွက်နေမည်မှာ မလွဲပေ။ တပ်ရင်းသို့ အစီရင်ခံစာတင်သည့်အခါတိုင်း အလွန်အခြေအနေဆိုး၏။ ဌာနတွင်းအရာရှိ ဗိုလ်ကြီးယာမဒ၊ ဆရာဝန်ကျွန်တော်၊ ဒီနှစ်ယောက်သည် တပ်ရင်းမှုးက စောင့်ကြည့်သတိထားရမည့်သူများအဖြစ် မှတ်ချက်အရေးခံရလေသည်။

Saturday, November 5, 2011

မြန်မာစစ်မျက်နှာ(၁၈)

ဂျပန်ပြည်မှ အောက်မေ့ဘွယ်ရာ စာတစောင်

ရမည်းသင်းတွင် စောင့်နေစဉ်အတွင်း ဂျပန်ပြည်နှင့် စာအဆက်အသွယ်များ ရရှိလေသည်။ စာရရှိသော ရဲဘော်များ၏မျက်နှာမှာ ပါးစပ်က နားရွက်တွင် တက်ချိတ်တော့မတတ်ဖြစ်နေပြီး၊ စာကိုအစိမ်းလိုက်ပဲမျိုချတော့မလို မြင်ရလေသည်။
စစ်အတွင်းကာလ၌ ရာသီအလိုက် ထုတ်လုပ်သော ပို့စ်ကဒ်များတွင် ပန်းချီဆရာသည် ပန်းများနှင့်အတူ ကြင်နာ သောနှလုံးသားဖြင့်  အားတက်ဖွယ်ရာ စကားလုံးများကိုပါ ရေးချယ်တင်ဆက်ပေးလေသည်။ အထူးသဖြင့် ပန်းချီဆရာမ ခိယ ချိကုဆ၏လက်ရာများကို နှစ်သက်မိသည်။ ကျွန်တော့်မိသားစုထံမှ တတိယမြောက်သမီးမိန်းခလေးမွေးဖွားခြင်းနှင့် မိခင်ရော ခလေးပါကျန်းမာစွာရှိကြကြောင်း စိတ်သက်သာစေရန် သတင်းပို့လေသည်။
တပ်ခွဲ၏စါရင်းကိုင် ဗိုလ်K (အမည်ရင်းမဟုတ်)က-
“ဒီစာ ဖတ်ကြည့်စမ်းပါအုံး”ဟုဆိုကာ ပို့စ်ကဒ်တခုပေးလေသည်။
ဤပို့စ်ကဒ်သည် ဗိုလ်K  ငွေထိန်းထံ လိပ်စာတပ်ထားပြီး ပို့သူမှာ မမေ့နိုင်သော ထိုတပ်စုမှုးဖြစ်လေသည်။ ရေးသားထားသည်မှာ-
“တပ်ခွဲ၌ ကျန်ရစ်နေသော ငါ့စုငွေအကောင့်မှငွေများကို ပို့ပေးလိုက်ပါ”ဟုသာပါရှိလေသည်။ နေ့စဉ်လိုလိုပင် ငွေထိန်းထံက ကျွန်တော်တို့ကို ဤကဲ့သို့သော ရိုင်းပြသည့်စာများအား မျှဝေခံစားသောအားဖြင့် ထုတ်ပြတတ်လေသည်။
ဤစာနှင့်ပတ်သက်၍ ခံစားမိသည်မှာ-
“အတူစုဝေးရောက်ရှိလာကြပြီး ၆လခန့်အချိန်ကာလတွင် အိုးတစ်လုံးထဲမှ အစာများကို အတူတကွ အညီအမျှ စားသောက်ကြပြီး ဘယ်လောက်ကြာအောင် အသက်ရှည်မည်ဟုလည်း သေသေချာချာ မပြောနိုင်သော ရဲဘော်ရဲဘက်များကို-
“နေကောင်းကြလား၊ သတိထားနေကြနော်” လောက်သော နှုတ်ဆက်စကားလေးတောင်မှ မရေးနိုင်ဘူးလား”ဟု သူ့ကို မေးလိုက်ချင်သည်။
ဒီလူသည် ရဲဘော်ရဲဘက်များကို သတိမရနိုင်လောက်အောင် အေးစက်မာကြောသော နှလုံးသားပိုင်ရှင်ပေလား။ သူဆေးရုံတက်စဉ်က ပြောသောစကားများက ဖြတ်ဆို
ခေါင်းထဲ အစီအရီ ဝင်လာသည်။
“မြန်မာစစ်ရေးအခြေအနေက တနေ့တနေ့ အင်အားဆုတ်ယုတ်လာနေတယ်။ အထုတ်အပိုးပြင်ထားဖို့အချိန်က နီးကပ်လာနေပြီလို့ တွက်နေကြတဲ့ကျွန်တော်တို့ကို ငွေစုစာအုပ်ကို ဘယ်မှာထားရမလဲ၊ ဘာလဲ-လုပ်ရမယ့်အချိန်မဟုတ်ဘူး။ ဆေးရုံတက်နေတုန်းက ပြောခဲ့တဲ့စကားကို မေ့သွားပြီလား။” လို့ သူ့ဆီကို စာပြန်လိုက်ပါတယ်။ အဲဒီနောက်-
“ကျွန်တော်ရဲ့သေးသိမ်တဲ့စိတ်ဖြစ်ပေါ်နေတာကို အလွန်နောင်တ ရမိပါတယ်။”ဟူသော ပြန်စာကို တပ်ခွဲမှုး စစ်ဆင်ရေးကိစ္စဖြင့် ရခိုင်သို့ မထွက်ခွါခင်တွင် ရရှိခဲ့ပေသည်။
နှစ်လများကုန်လွန်ခဲ့ပြီးနောက် ၁၉၅၁ခုနှစ် နွေဦးပေါက်တရက်တွင် မမျှော်လင့်ဘဲ ထိုလူ့ထံမှ တယ်လီဖုံးလာ၏။ အလုပ်သမားသမဂ္ဂ၏အလုပ်အမှုဆောင်တာဝန်ခံအဖြစ် နွေဦးပေါက်ညီလာခံကို တက်ရောက်ရန်လာခြင်းဖြစ်ကြောင်း၊ အလုပ်များသည့်ကြားထဲမှ ကျွန်တော့်နာမည်ကို တယ်လီဖုံးလမ်းညွှန်စာအုပ်တွင် ရှာဖွေ၍ ဆက်ခြင်းဖြစ်ကြောင်းပြော၏။
ကျွန်တော်၏ရိုင်းပြကြမ်းတမ်းသော စကားများက အကြိမ်ပေါင်းများစွာ သူ့မေးရိုးကို လက်သီးဖြင့်ထိုးသည့်နှယ် ဖြစ်ခဲ့သော်လည်း၊ သူသည် ဥပက္ခာပြုလျက် ကျွန်တော့်ကို အခင်မပျက်ဘဲ သတိရသည်ကို ဝမ်းသာမိလေသည်။
ထိုနေ့ညက သူသည် ကျွန်တော်၏ မထယ်ဝါသောအိမ်သို့ လာရောက်ခဲ့လေသည်။ ယခင်က အကြောင်းများကို သတိမရတော့ဘဲ တယောက်နှင့်တယောက် ကျန်းမာစွာဖြင့် မိမိတို့၏ သက်ဆိုင်ရာအလုပ်တွင် တာဝန်ထမ်းဆောင်နေကြသည်ကို ကျေနပ်အားရနေကြပေသည်။
နှစ်အနည်းငယ်ကြာပြီးနောက်၊ သူ၏ဆန္ဒဖြင့် ဗိုလ်ကြီးယာမဒအပါအဝင် ၃ယောက်သား အီဇုဒေသတွင် ဆုံ၍ ရှေးဟောင်းနှောင်းဖြစ်များကို ဒူးတိုက် စမြုံ့ပြန်ကြလေသည်။ ၃ယောက်သား ချစ်ခင်မှုက ယနေ့ထက်တိုင် တင်းကျပ်စွာခိုင်မြဲနေလေသည်။
အိုဂဆဝါရကိုယ်ပိုင်တပ်သားများသည် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းမှ သင်ကြားခဲ့ရခြင်းမျိုးမရှိဘဲ တိုက်ရင်းခိုက်ရင်း အတွေ့အကြုံဖြင့် စစ်သားဖြစ်လာကြသူက များပေသည်။ စစ်သားများစုဆောင်းသည့်ကာလသည်လည်း သူ၏ ပျားရည်ဆမ်းခရီး(ဟန်းနီးမွန်း)အချိန်တွင် ဖြစ်ခဲ့သည်။
သူသည် စိတ်ကောင်းရှိပြီး ရိုင်းသော်လည်း မုန်း၍မရသော ပင်ကိုယ်စရိုက်ရှိသူဖြစ်၍ ရဲဘော်ရဲဘက်များ၏ချစ်ခင်မှုကိုရရှိထားပေသည်။ ကံဆိုးသည်မှာ သူသည် စာမတတ်ရှာဘဲ၊ သတို့သမီးထံမှစာရော သတို့သမီးထံပေးစာရော ရဲဘော်ရဲဘက်များကဝိုင်းဖတ်ပေး ရေးပေးရလေသည်။
ရဲဘော်ရဲဘက်များက သူ့အကြောင်း အစုံ သိထားကြသဖြင့် အမြင်ကျယ်ကျယ် စိတ်ရှည်စွာဖြင့် သူ့ကို သီးညည်းခံကြလေသည်။ ကိုယ်စားလှယ်နှင့်ရေးသောစာဖြစ်သဖြင့် အတွင်းစာသားများကို ပေါက်တတ်ကရ ထည့်ရေးလွှတ်ခံရခြင်း၊ ချောက်ကျအောင်နောက်ပြောင်ခြင်း၊ ရဲဘော်ရဲဘက်များ၏ အလှောင်ခံရခြင်းများရှိသော်လည်း သူသည် လုံးဝ စိတ်ဆိုးဟန်မပြဘဲ ဥပက္ခာပြုကာ နေနိုင်ပေသည်။
ဘက်ခ်ရိုးမတောင်တန်းကို ကျော်ဖြတ်စဉ် ဝါးတောကြီးများကိုမြင်၍ ဒီဝါးတွေနဲ့ ထီးတို့ မီးပုံးတို့ လုပ်ရောင်းချင်စိတ်ပေါက်သော တပ်သားသည်လည်း အိုဂဆဝါရကိုယ်ပိုင်တပ်သား တဦးဖြစ်ပေသည်။
သူသည် ပတ်တရောင်တပ်သားအဖြစ် တာဝန်ကိုထမ်းနေစဉ် ကြုံရပုံမှာ အရာရှိကလည်း စစ်ဆေးရေးလာနေခိုက် ထိုလူအား ကာကွယ်ရေးစည်းမျဉ်းများကို မေးလေရာ-
“ကျွန်တော် အဲဒါတွေမသိဘူး”ဟု သွေးအေးအေးဖြင့်ပင် ပြန်ဖြေလေရာ ပတ်တရောင်အရာရှိပင် မှင်တက်မိသွားလေသည်။
အဲဒီနောက်ပိုင်း သူ့ကိုချထားသော တာဝန်မှ ပတ်တရောင်လှည့်ချိန်မပါသော အခြားအလုပ်ဘက်သို့ ရွှေ့ပြောင်းခိုင်းလိုက်ရ၏။ ထိုကလေးဆန်သော အပြစ်ကင်းသောလူသည်လည်း ကံဆိုးစွာပင် မေယုရေလက်ကြား စစ်ဆင်ရေးတွင် ကျဆုံးခဲ့ရှာလေသည်။