Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Tuesday, December 20, 2011

စဉ်းစားတွေးခေါ်တတ်အောင် ပညာရေးစံနစ်ကို ဘယ်လိုပြောင်းကြမလဲ

မှတ်မိလား။ Puzzle တွေကိုစီတဲ့အခါ အနားသတ်တွေကနေ စစီကြရတယ်။ ဒီတော့မှ ပုံပေါ်ပြီး စီလို့လွယ်လာတယ်။

သူတို့ မူကြိုကျောင်းသားကို စဉ်းစားတတ်အောင် ဘယ်လို ကျင့်ပေးသလဲ။

+++++++++++

သားငယ်တို့ ကျောင်းဖွင့်တော့(back to school night) မှာ အတန်းအလိုက် မိဘနဲ့ ဆရာတွေ တွေ့ကြရပါတယ်။ ဆရာမကနေပြီးတော့ ဒီနှစ် သူ့အတန်းက ကလေးတွေကို ဘာဘာသာရပ်တွေသင်မယ်။ အမှတ်ပေးပုံစနစ်၊ စည်းကမ်းတွေ၊ ကလေးတွေလုပ်ရမဲ့ ပရောဂျက်တွေ၊ field trip တွေ၊ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ၊ ငွေအင်အား၊ လူအင်အားတွေ ရှင်းပြပါတယ်။ မိဘတွေဘက်က ဖြည့်ဆည်းပေးရမဲ့အပိုင်းတွေကို မေးမြန်းဆွေးနွေးကြပါတယ်။ အင်္ဂလိပ်စာသင်လိုသူ မိဘများအတွက်လည်း အခမဲ့သင်တန်းတွေ ရှိတဲ့အကြောင်းသတင်းပေးပါတယ်။ စာသင်နှစ် တနှစ်လုံးအတွက် ဆိုင်ရာဆိုင်ရာ လုပ်အားပေးစါရင်း အထောက်ကူပြုပစ္စည်းလှူဒါန်းရန်စါရင်း ဖြည့်ရပါတယ်။

ဒီနေရာမှာ ဒေါ်စုပြောပြောနေတဲ့ အခွင့်အရေးတစ်ခုတိုင်းမှာ တာဝန်တခုတွဲပါနေတယ် ဆိုတဲ့ patten ကို သတိပြုမိမယ်ထင်ပါတယ်။

တခြားကျောင်းတွေနဲ့ မတူတဲ့ Kinder Bear (မူကြိုဝက်ဝံ) စာစီစာကုံးခေါ်မလား report ခေါ်မလား ပရောဂျက်တစ်ခုပါတယ်။ ကျောင်းသားတစ်ယောက်ဟာ သောကြာနေ့တိုင်း မူကြိုဝက်ဝံကို အိမ်အလည်ခေါ်သွားခွင့်ပြုမယ်။ တနင်္လာနေ့ကျရင် ပြန်ခေါ်လာရမယ်။ သူနဲ့အတူ ကျောင်းပိတ်ရက်မှာ ဘာတွေလုပ်တယ်ဆိုတာ report တစ်မျက်နှာရေးလာရမယ်။ အတန်းထဲမှာ ဖတ်ပြမယ်။

စာမရေးတတ် မဖတ်တတ်သေးတဲ့ ကလေးကို ဒီပရောဂျက်ကို ဘယ်လိုလုပ်ပြီး ကူပေးရမလဲပေါ့။ စာကတော့ လူကြီးကရေးရမယ်။ ဒါပေမဲ့ ကလေးပြောတာပဲရေးရမယ်။ သူ့ကိုအင်တာဗျူးပြီး ရေးပေးပါ။ မနှစ်က လူတွေရေးထားတဲ့ နမူနာတခုကိုဖတ်ပြပါတယ်။ အရုပ်တွေဆွဲထည့်လို့ရတယ်။ ဓါတ်ပုံတွေကပ်ပေးလို့ရတယ်။

သားငယ်ဟာ မူကြိုဝက်ဝံလက်ထဲရောက်ပြီးကတဲက အလုပ်ရှုပ်ပါတော့တယ်။ သူ့ကိုတင်ပြီး စက်ဘီးစီးထွက်တယ်။ Park ထဲသွားတယ်။ စကားတွေပြောတယ်။ အရုပ်တွေနဲ့ ကစားကြတယ်။ တီဗွီကြည့်တယ်။ အိပ်တဲ့အခါ အင်္ကျီလဲပေးပြီး သူ့နားမှာသိပ်ပါတယ်။ နောက်တနေ့ ကျမတို့ ပြောင်းမဲ့အိမ်သစ်ကို သွားကြတော့လည်း သူ့ မူကြိုဝက်ဝံက တတွဲတွဲ ပါလျက်ပဲ။ သူ့အိမ်သစ်ကိုလည်း တခန်းဝင်တခန်းထွက် ရှင်းပြနေတယ်။

မှတ်မိသေးတယ်။ ကျမ၄တန်းတုန်းက ရေးတဲ့ ကျောင်းပိတ်ရက် စာစီစာကုံး။ ကျမရဲ့စာစီစာကုံးက ခွက်ထဲကရေနဲ့တူပါတယ်။ သားငယ်ရဲ့ စာစီစာကုံးက တသွင်သွင်စီးနေတဲ့ စမ်းချောင်းနဲ့တူပါတယ်။ သူနဲ့အတူ ကျမပါ ပျော်ရွှင် မြူးတူး တက်ကြွ စူးစမ်းရှာဖွေ မျှဝေခံစားရပါတယ်။ ဒီ မူကြိုဝက်ဝံက သူတို့ ဦးဏှောက်တွေ နှလုံးသားတွေကို အကန့်အသတ်မထားဘဲ ဖွင့်ထုတ်ပါတယ်။ သူ ရင်ထဲက စကားလုံးတွေဟာ cat, rat …. မသင်ရဘဲနဲ့ ထွက်လာပါတယ်။

သူတို့မှာ ကျမတို့လို သင်ပုန်းကြီးစာအုပ် သူငယ်တန်းဖတ်စာ ပြဌာန်းမထားပါဘူး။ မပြဌာန်းထားတဲ့အတွက် အာရုံ၅ပါးနဲ့ထိတွေ့သမျှ ပတ်ဝန်းကျင်ကမ္ဘာကြီးဟာ သူတို့စာအုပ်ပါပဲ။ ကျမတို့ငယ်ငယ်က ဖတ်စာအုပ်ကို အလွတ်ရေးရ ကျက်ကြရပါတယ်။ ကျမတို့ရဲ့တာဝန်က ဒီစာတွေ ရရင်တာဝန်ကျေပြီလို့ ဘောင်ခတ် ကန့်သတ်လိုက်သလို ဖြစ်သွားပါတယ်။

တကယ်တော့ မူကြိုရောက်မှ သူ့ကိုစာဖတ်ပြရမှန်းသိတာ နောက်ကျပါတယ်။ ဂျပန်မှာ မိခင်တယောက်ဟာ သူ့သမီးကို ၂နှစ်ကစပြီး စာဖတ်ပြနေပြီ။ ဂျပန်စာအပြင် အင်္ဂလိပ်စာအုပ်ကို (အသံမှန်အောင်မဖတ်တတ်တဲ့အတွက်) စီဒီနဲ့တွဲပြီး လက်ထောက်ပြီး ဖတ်ပြပါတယ်။ ၃ခေါက်လောက်ဖတ်ပြီးသွားရင် ဒီကလေးဟာ စီဒီမပါဘဲ ဒီပုံပြင်ကို ဤ သည် ၍ မလွဲ အသံနေအသံထားနဲ့ ဖတ်နိုင်သွားပါတယ်။ ကျောင်းမနေသေးပါဘူး။ မျက်စိ နား ပါးစပ် အသုံးပြုပြီး စာဖတ်တတ်နေတာပါ။

ကျမတို့ ခန္ဓာ၅ပါးအကြောင်း ကောင်းကောင်းကြားဖူးကြပါတယ်။ သူတို့အပြန်အလှန် ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာလဲ ပဋ္ဌာန်းတွေ အဘိဓမ္မာတွေမှာ ကောင်းကောင်းကြီးသင်ရပါတယ်။ (ကျမတို့ရဲ့ အားသာချက်။) ဒါပေမဲ့ မသုံးတတ်ပါဘူး။ သူတို့က ဒီ ခန္ဓာ၅ပါး အထက်မြက်ဆုံးအချိန်တွေမှာ သဘာဝလောကကြီးနဲ့ ငြိမ်းချမ်းစွာနေတတ်အောင် မိတ်ဆက်ပေးပါတယ်။ ကြီးလာရင် ဆရာဝန်လုပ်မလား၊ အင်ဂျင်နီယာလုပ်မလားဆိုတဲ့ ပညတ်ဘောင်တွေနဲ့ မခတ်ထားဘူး။

သားငယ် မူကြိုတန်းမှာ သူကိုယ်တိုင်ရေးထားတဲ့ Journal ပါ။




ဘာဖြစ်လို့ ကလေးတယောက်ကို ဒီလောက်ပြုစုပျိုးထောင်နေရတာလဲ။
နောင်လာမဲ့ အနှစ်၁၀၀မှာ လူ့အသိုင်းအဝိုင်းမှာ ငြိမ်းချမ်းမှု လုံခြုံမှုရစေချင်လို့ဖြစ်ပါတယ်။

“If you want one year of prosperity, grow grain.
If you want ten years of prosperity, grow trees.
If you want one hundred years of prosperity, grow people.” 
Chinese Proverb 

Monday, December 19, 2011

ကျောင်းသားတွေ စာဖတ်လာအောင် ဘယ်လိုလုပ်ကြမလဲ


စဉ်းစားတွေးခေါ်တတ်အောင် ပညာရေးစံနစ်ကို ဘယ်လိုပြောင်းကြမလဲ

Facebook ထဲမှာ တက်လာနေတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ ကျမတို့ တစ်သက်လုံးအဖြေရှာနေကြရတဲ့ ပုစ္ဆာတွေပါ။ 
တစ်ယောက်ကလည်း-
ပြဿနာဆိုသည်မှာ အဖြေ (Solution) ကို ပုံဖျက်ထားခြင်းသာ ဖြစ်သည် - တဲ့
ဒါဆိုရင်ရှင်းနေတာပဲ။ puzzle ပဲ။ အစီအစဉ်ကျအောင် ပြန်စီပေးလိုက်ရုံပဲ။

+++++++++++

ပထမမေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်တယ်။ နင်ဘယ်လိုလုပ်ပြီး စာအုပ်ကြိုက်သွားလဲ။
ဟဲ့ ငါတို့ငယ်ငယ်က တခြား entertainment တွေမှမရှိတာ။ စာအုပ်ပဲကိုင်ရတာပေါ့။

ဒါဆိုရင် ဒီအမေရိကန်မှာမွေးတဲ့ နင့်ခလေးတွေရော စာမဖတ်ကြဘူးလား။
ဖတ်တဲ့အကောင်က ဖတ်တယ်။ မဖတ်တဲ့အကောင်က မဖတ်ဘူး။ ဒါပေမဲ့ မြန်မာပြည်က ခလေးတွေနဲ့စာရင်တော့ သူတို့ စာပိုဖတ်တယ်။ စာဖတ်နှူန်းမြင့်တယ်။

သမီး(ဂျပန်မှာမွေးသူ)နဲ့ သားကြီး(အမေရိကန်မှာမွေးသူ)ဆိုရင် National STAR Test မှာ advance level မှာကြီးပဲ တောက်လျှောက်။ သားငယ်က ၇တန်းကျမှ advance  level ဝင်တယ်။
ဂိမ်း ကတော့ ၃ယောက်စလုံး ဆော့သလားမပြောနဲ့။

ဒီလောက် အပမ်းဖြေစရာ အာရုံတွေများတဲ့ကြားက သူတို့ဘယ်လိုလုပ်ပြီး စာဖတ်ရကောင်းမှန်းသိလဲ။

အကြောင်းကိုရှာတော့ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ ပါပဲ။ (မိဘများထံမှ ဆဲစာများကို ကြိုဆိုပါတယ်။)

သူတို့ မူကြိုမှာ စာလုံးဝမသင်ပါဘူး။ စာအုပ်နဲ့စာရေးတာ ဖတ်တာ မစ သေးပါဘူး။ ဂျပန်မှာလဲ မသင်ဘူး။


ရေဆေးနဲ့ ပန်းချီဆွဲရတယ်။ အရောင်ခြယ်ရတယ်။ စက္ကူတွေညှပ် ဖြတ် ကပ် ဆော့ရတယ်။ Play doh နဲ့ ကစားရတယ်။ ပညာရည်တိုးတက်ဖို့ ကစားနည်း (Go Fish, Bingo,…)တွေဆော့ရတယ်။


ပြီးတော့ မြေနဲ့လုပ်တဲ့ အရုပ်လုပ်ပြီး မီးဖုတ်ပေးတယ်။
 မွေးထားတဲ့ တိရစ္ဆာန်တွေ ထဲက ယုန် ကြွက် ငါး လိပ်ပြာမဖြစ်သေးသော ပိုးတုံးလုံး စသည်ဖြင့် အစာကျွေးရတယ်။ မျိုးစေ့ပျိုးပြီး ရေလောင်းရတယ်။

သီချင်းဆိုတယ်။ ပုံနားထောင်တယ်။
 ပုံကို နဲနဲပြောပြီးရင် မေးခွန်းမေး-ဖြေလုပ်ရတယ်။ ဒီဇတ်ကောင်က ရှေ့မှာ ဘာလုပ်မယ်ထင်သလဲ၊ ဘာပြောမယ်ထင်သလဲ။ ပြီးရင် နောက်တစ်ခန်းနဲနဲပြော၊ ထပ်ဆွေးနွေး။ မူရင်းပုံပြင်နဲ့အတူ ကြံကြံဖန်ဖန်တွေးတာတွေ ထွက်လာတယ်။ ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးထွက်လာတယ်။(ကျမသားငယ်ဆိုရင် ဇဝနဥာဏ်ရွှင်လို့ သူ့အဖြေကို အားလုံးက ပွဲကျကြတယ်။)

ပန်းချီဆွဲပြီးရင် ဘာဆွဲထားတာလဲဆိုတာ သူတို့အတွေးအခေါ်ကို အင်တာဗျူးပြီး အောက်မှာ စာတမ်းထိုးပေးရတယ်။ 
သူတို့စာမရေးတတ်သေးပါဘူး။ မျဉ်းဖြောင့် မျဉ်းကောက်တွေ မဆွဲတတ်သေးပါဘူး။ စုတ်တံ၊ ရောင်စုံခရေယွန်တွေနဲ့ ခြစ်ချင်ရာခြစ် ပုံဖော်ချင်သလို ဖော်ထားတဲ့ ပန်းချီကားပါ။ ခဲတံ စုတ်တံ အကိုင်မှန်အောင်သာ လိုက်ပြင်ပေးရပါတယ်။ 
သူတို့နာမယ်ကိုတော့ သူတို့ ကြည့် ရေး ဆွဲရင်း ရေးတတ် ဖတ်တတ်လာပါတယ်။ ဆရာမရေးပြတဲ့စာလုံးတွေကို ကူးရေးတတ်လာပါတယ်။


တကယ်တော့ ဒီအတန်းဟာ မိခင်အင်္ဂလိပ်ဘာသာစကားပြော(mother language: English) အတန်းမဟုတ်ပါဘူး။ ဒီအတန်းထဲမှာ ၁၇နိုင်ငံကရောက်လာတဲ့ ခလေးတွေရှိပါတယ်။ အိမ်မှာ တီဗွီကြည့်ကြတဲ့အတွက် သူတို့ အင်္ဂလိပ်လို ၄၀%-၂၀% လောက်တော့ နားလည်ပါတယ်။ (သူတို့အမေဖြစ်တဲ့ ကျမလည်း ၁၀၀% နားမလည်ပါဘူး။) သူတို့နားလည်သလောက်ပြောပြတဲ့ စာလုံးတွေနဲ့ စာတမ်းထိုးရတာပါ။ ဆရာမပြောတဲ့ ပုံပြင်ကိုလည်း အကုန်လုံး နားမလည်ကြသေးပါဘူး။ နားလည်တဲ့ခလေးက အမေးအဖြေလုပ်နိုင်ပေမဲ့ လုံးဝနားမလည်လို့ အိပ်ငိုက်နေတဲ့ခလေးလဲရှိပါတယ်။ အနားမှာထိုင်ပြီး နှိုးပေးရပါတယ်။ မေးတိုင်း ဖြေတိုင်း လက်ထောင်ပြီး အလှည့်စောင့်ရပါတယ်။

activity တစ်ခုလုပ်ပြီးတိုင်း ၁၅မိနစ်နားတယ်။ အဲဒီအချိန်မှာ အတန်းထဲမှာရှိတဲ့ lego, puzzle, car, Barbie ….ကစားစရာတွေကို ကြိုက်ရာကစားနိုင်တယ်။ ကွန်ပျူတာဂိမ်းလဲ ကစားနိုင်တယ်။ ကွန်ပျူတာက ၂လုံးပဲရှိတော့ ကစားဖို့အတွက် sign up လုပ်ထားရတယ်။ မလုရဘူး။ အလှည့်စောင့်ရတယ်ဆိုတာ အဲဒီထဲက သင်သွားတယ်။ ကိုယ့်အလှည့်ပြီးရင် ထွက်ပေးရမယ်ဆိုတာ တသက်လုံးကျင့်ပြီးသားဖြစ်သွားပါတယ်။

ဒီလိုနဲ့ အေ ဘီ စီ ဒီ က သီချင်းဆိုရင်း ပန်းချီဆွဲရင်း ဂိမ်းကစားရင်းနဲ့ တတ်သွားပါတယ်။ ကြိမ်လုံးမကိုင်ဘူး။ ကျောက်သင်ပုန်းကို တဖြန်းဖြန်းရိုက်ပြီး တိတ်အောင်မလုပ်ဘူး။ ခေါင်းလောင်းလေးသုံးပါတယ်။

အပြင်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် စက်ဘီးစီး၊ ဘောလုံးကန်၊ Play ground မှာ လျှော၊ ဒန်း စီးတာတွေ လုပ်ရတဲ့အချိန်တွေလည်းရှိတယ်။

အတန်းတစ်တန်းမှာ ခလေး၁၈-၂၀ယောက်ပဲထားပါတယ်။ ဆရာမက တစ်ယောက်ပဲ။ ဒါပေမဲ့ ဒီပရိုဂရမ်တွေ နေ့တဓူဝ လုပ်နိုင်ဖို့ ဆရာတစ်ယောက်ထဲ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နှစ်စကတဲက တစ်ရက်ကို မိဘ၂ဦးကျစီ လုပ်အားပေးရတယ်။ ခလေး၆ယောက်ကို လူကြီးတစ်ယောက်နှူန်း ဝိုင်းကူရတယ်။

သူတို့လဲ ရန်ဖြစ်တယ်။ လုတယ်။
ဒါပေမဲ့ ဖြေရှင်းနည်း ဖော်မြူလာကို တခါထဲကျင့်ပေးသွားတယ်။
1.Stop
2.Cool off
3.Listen
4.Teach empathy: How do you feel if someone did that to you?
5.Say sorry to each other and hug each other

ဒီဖြေရှင်းနည်းကိုကြည့်ရင် ဗြဟ္မစိုတရားတွေတွေ့ရပါတယ်။ သူတို့ ဗြဟ္မစိုတရားဆိုတာ လုံးဝမကြားဘူးပါဘူး။ (ကျမတို့ရဲ့အားသာချက်။) 
တကယ်တော့ ဘယ်အဆင့်မှာ မဆို ဒီလိုပဲဖြေရှင်းရတာပါ။ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်စုလဲ ဒီနည်းပါပဲ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်အောင်မြင်တာလဲ ဒီနည်းပါပဲ။ ကျမတို့လက်ထဲမှာ နည်းတွေရှိပြီးသားပါ။

သူတို့က တိရိစ္ဆာန်တွေ ပိုးကောင်တွေ သစ်ပင်တွေနဲ့ အကြောင်းအကျိုးဆက်ပုံတွေကို ထိကြည့် ကိုင်ကြည့် ကိုယ်တိုင်စိုက်ပျိုးကြည့်ရင်း ကမ္ဘာ့မိသားစုကြီးနဲ့ သဘာဝတရားကို နားလည်အောင်ပြပါတယ်။
သူတို့ ၅ပါးသီလကို မသိပါဘူး။ ရှောင်ရမဲ့ စာရိတ္တသီလ၊ ဆောင်ရမဲ့ ဝါရိတ္တသီလ မကြားဘူးပါဘူး။ (ကျမတို့ရဲ့အားသာချက်။)
ဒါပေမဲ့ ပိုးကောင်တွေကို နင်းသတ်တာ ရိုက်သတ်တာ မလုပ်ပါဘူး။ ငှက်တွေ ရှဥ့်တွေကို ပစ်တာ ခတ်တာ မလုပ်ပါဘူး။ 

အပင်တွေ ပန်းတွေ အသီးတွေမြင်ရင် ခူးချင် ဖဲ့ချင် ဆိတ်ချင်တဲ့စိတ် မရှိပါဘူး။ (ရန်ကုန်တက္ကသိုလ်ဝင်းထဲက နှစ်စဉ် ရူးကြောင်ကြောင်များရဲ့ဒုက္ခ ခံရတဲ့ ကံ့ကော်ပင်တွေ ပိတောက်ပင်တွေကို သတိရပါတယ်။ ဒီကိစ္စကို ဆရာတော်ဓမ္မဘေရီကလည်း ဘယ်ကျောင်းနေမလဲ မောင်ရေခဲ မှာရေးပါတယ်။https://sites.google.com/site/theravadatemple/)

ပြီးတော့ အခါအားလျော်စွာ ပတ်ဝန်းကျင် လေ့လာရေးခရီး (City liabrary, Fire Station, Park, Grocery Store, Zoo, Museum,..)  ထွက်ရတယ်။ ဘတ်ဂျက်မလောက်လို့ ဘတ်စ်မငှားနိုင်တော့၊ မိဘတွေထဲက van ကားရှိတဲ့လူတွေက လုပ်အားပေးရတယ်။

လုပ်အားပေးချင်တိုင်းလည်း လက်မခံပါဘူး။ လုပ်အားပေးချင်သူအားလုံး ပထမ တီဘီဆေးစစ်ချက်အောင်ရပါတယ်။ ကားမောင်းမည့်သူများ ကားအာမခံရှိရပါတယ်။ နိုင်ငံသားတိုင်းကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ခြင်းနည်းကို နေရာတိုင်း ဌာနတိုင်းမှာ ကျင့်သုံးပါတယ်။
 နိုင်ငံသားတွေရဲ့ အသက်စည်းစိမ် လုံခြုံရေးကို အာမခံစံနစ်နဲ့ ကြိုတင်ကာကွယ်ထားပါတယ်။ အရေးပေါ်ကိစ္စဖြစ်လာရင် ကျောင်းသားတိုင်းအတွက် အကြောင်းကြားရမဲ့ မိသားစု ဆွေမျိုး မတည့်သောအစားအစာများ ဆေးဝါးများ မိသားစုဆရာဝန် စသည်ဖြင့် စါရင်းလုပ်ပေးထားရပါတယ်။
Intel Museum

သင်ခန်းစာ တစ်ခုလုပ်ပြီးတိုင်း သန့်ရှင်းရေး နေရာတကျပြန်ထားရေး အမှိုက်သိမ်း အကုန် ဝိုင်းလုပ်ရတယ်။

သောကြာနေ့ ကျောင်းဆင်းရင် သူတို့လုပ်ထားတဲ့ ပန်းချီတွေ၊ ပျိုးထားတဲ့အပင်တွေ၊ ကျောင်းစာကြည့်တိုက်က စာအုပ်တွေအပြင် ကစားစရာတမျိုးမျိုး ငှားပေးတယ်။

မူကြိုကျောင်းသားအိမ်စာက-
မိဘတွေက တနေ့ကို ပုံစာအုပ်၅အုပ်ထက်မနဲဖတ်ပြပြီး အပတ်စဉ် စာအုပ်စါရင်းလုပ်ပေးရန်။
ဖတ်တဲ့အခါ အသံထွက်ဖတ်ပြရန်။
စာလုံးတွေကို လက်နဲ့ထောက်သွားပြီး ဖတ်ပြရန်။

ဒီ တနေ့တာကိုကြည့်ရင် သူတို့ဟာ သိပ္ပံ၊ ဝိဇ္ဇာ၊ ပန်းချီ ပန်းပု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွန့်ပစ်ပစ္စည်းအသုံးချရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး, သဘာဝတရားနှင့်အတူ သဟဇာတဖြစ်စွာ ငြိမ်းချမ်းစွာ နေထိုင်ရေး(ecosystems )၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီ…. ဒီဘာသာရပ်တွေ အကုန်သင်တာကို မြင်ရပါတယ်။

တချိန်တည်းမှာပဲ သူတို့ဟာ အတိုင်းတိုင်းအပြည်ပြည်က မတူညီတဲ့ ယဉ်ကျေးမှုကလာတဲ့ မိဘတွေကိုပါ တလက်စထဲ သင်နေတယ်။ သူတို့နိုင်ငံရဲ့ လူနေမှုစနစ်ထဲ အံဝင်ခွင်ကျဖြစ်သွားအောင် ပုံသွင်းပေးနေတာကိုလည်း မြင်ရပါတယ်။

ကဲ ကျမတို့ မြန်မာပြည်ကမိဘတွေ ကျန်တာတွေထားလိုက်အုံး ခလေးတယောက်စာဖတ်ဖို့အတွက် အချိန်ဘယ်လောက်ရင်းနှီးကြပါသလဲ။
၁၂၊ ၁၉၊ ၂၀၁၁။