Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Tuesday, December 20, 2011

စဉ်းစားတွေးခေါ်တတ်အောင် ပညာရေးစံနစ်ကို ဘယ်လိုပြောင်းကြမလဲ

မှတ်မိလား။ Puzzle တွေကိုစီတဲ့အခါ အနားသတ်တွေကနေ စစီကြရတယ်။ ဒီတော့မှ ပုံပေါ်ပြီး စီလို့လွယ်လာတယ်။

သူတို့ မူကြိုကျောင်းသားကို စဉ်းစားတတ်အောင် ဘယ်လို ကျင့်ပေးသလဲ။

+++++++++++

သားငယ်တို့ ကျောင်းဖွင့်တော့(back to school night) မှာ အတန်းအလိုက် မိဘနဲ့ ဆရာတွေ တွေ့ကြရပါတယ်။ ဆရာမကနေပြီးတော့ ဒီနှစ် သူ့အတန်းက ကလေးတွေကို ဘာဘာသာရပ်တွေသင်မယ်။ အမှတ်ပေးပုံစနစ်၊ စည်းကမ်းတွေ၊ ကလေးတွေလုပ်ရမဲ့ ပရောဂျက်တွေ၊ field trip တွေ၊ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ၊ ငွေအင်အား၊ လူအင်အားတွေ ရှင်းပြပါတယ်။ မိဘတွေဘက်က ဖြည့်ဆည်းပေးရမဲ့အပိုင်းတွေကို မေးမြန်းဆွေးနွေးကြပါတယ်။ အင်္ဂလိပ်စာသင်လိုသူ မိဘများအတွက်လည်း အခမဲ့သင်တန်းတွေ ရှိတဲ့အကြောင်းသတင်းပေးပါတယ်။ စာသင်နှစ် တနှစ်လုံးအတွက် ဆိုင်ရာဆိုင်ရာ လုပ်အားပေးစါရင်း အထောက်ကူပြုပစ္စည်းလှူဒါန်းရန်စါရင်း ဖြည့်ရပါတယ်။

ဒီနေရာမှာ ဒေါ်စုပြောပြောနေတဲ့ အခွင့်အရေးတစ်ခုတိုင်းမှာ တာဝန်တခုတွဲပါနေတယ် ဆိုတဲ့ patten ကို သတိပြုမိမယ်ထင်ပါတယ်။

တခြားကျောင်းတွေနဲ့ မတူတဲ့ Kinder Bear (မူကြိုဝက်ဝံ) စာစီစာကုံးခေါ်မလား report ခေါ်မလား ပရောဂျက်တစ်ခုပါတယ်။ ကျောင်းသားတစ်ယောက်ဟာ သောကြာနေ့တိုင်း မူကြိုဝက်ဝံကို အိမ်အလည်ခေါ်သွားခွင့်ပြုမယ်။ တနင်္လာနေ့ကျရင် ပြန်ခေါ်လာရမယ်။ သူနဲ့အတူ ကျောင်းပိတ်ရက်မှာ ဘာတွေလုပ်တယ်ဆိုတာ report တစ်မျက်နှာရေးလာရမယ်။ အတန်းထဲမှာ ဖတ်ပြမယ်။

စာမရေးတတ် မဖတ်တတ်သေးတဲ့ ကလေးကို ဒီပရောဂျက်ကို ဘယ်လိုလုပ်ပြီး ကူပေးရမလဲပေါ့။ စာကတော့ လူကြီးကရေးရမယ်။ ဒါပေမဲ့ ကလေးပြောတာပဲရေးရမယ်။ သူ့ကိုအင်တာဗျူးပြီး ရေးပေးပါ။ မနှစ်က လူတွေရေးထားတဲ့ နမူနာတခုကိုဖတ်ပြပါတယ်။ အရုပ်တွေဆွဲထည့်လို့ရတယ်။ ဓါတ်ပုံတွေကပ်ပေးလို့ရတယ်။

သားငယ်ဟာ မူကြိုဝက်ဝံလက်ထဲရောက်ပြီးကတဲက အလုပ်ရှုပ်ပါတော့တယ်။ သူ့ကိုတင်ပြီး စက်ဘီးစီးထွက်တယ်။ Park ထဲသွားတယ်။ စကားတွေပြောတယ်။ အရုပ်တွေနဲ့ ကစားကြတယ်။ တီဗွီကြည့်တယ်။ အိပ်တဲ့အခါ အင်္ကျီလဲပေးပြီး သူ့နားမှာသိပ်ပါတယ်။ နောက်တနေ့ ကျမတို့ ပြောင်းမဲ့အိမ်သစ်ကို သွားကြတော့လည်း သူ့ မူကြိုဝက်ဝံက တတွဲတွဲ ပါလျက်ပဲ။ သူ့အိမ်သစ်ကိုလည်း တခန်းဝင်တခန်းထွက် ရှင်းပြနေတယ်။

မှတ်မိသေးတယ်။ ကျမ၄တန်းတုန်းက ရေးတဲ့ ကျောင်းပိတ်ရက် စာစီစာကုံး။ ကျမရဲ့စာစီစာကုံးက ခွက်ထဲကရေနဲ့တူပါတယ်။ သားငယ်ရဲ့ စာစီစာကုံးက တသွင်သွင်စီးနေတဲ့ စမ်းချောင်းနဲ့တူပါတယ်။ သူနဲ့အတူ ကျမပါ ပျော်ရွှင် မြူးတူး တက်ကြွ စူးစမ်းရှာဖွေ မျှဝေခံစားရပါတယ်။ ဒီ မူကြိုဝက်ဝံက သူတို့ ဦးဏှောက်တွေ နှလုံးသားတွေကို အကန့်အသတ်မထားဘဲ ဖွင့်ထုတ်ပါတယ်။ သူ ရင်ထဲက စကားလုံးတွေဟာ cat, rat …. မသင်ရဘဲနဲ့ ထွက်လာပါတယ်။

သူတို့မှာ ကျမတို့လို သင်ပုန်းကြီးစာအုပ် သူငယ်တန်းဖတ်စာ ပြဌာန်းမထားပါဘူး။ မပြဌာန်းထားတဲ့အတွက် အာရုံ၅ပါးနဲ့ထိတွေ့သမျှ ပတ်ဝန်းကျင်ကမ္ဘာကြီးဟာ သူတို့စာအုပ်ပါပဲ။ ကျမတို့ငယ်ငယ်က ဖတ်စာအုပ်ကို အလွတ်ရေးရ ကျက်ကြရပါတယ်။ ကျမတို့ရဲ့တာဝန်က ဒီစာတွေ ရရင်တာဝန်ကျေပြီလို့ ဘောင်ခတ် ကန့်သတ်လိုက်သလို ဖြစ်သွားပါတယ်။

တကယ်တော့ မူကြိုရောက်မှ သူ့ကိုစာဖတ်ပြရမှန်းသိတာ နောက်ကျပါတယ်။ ဂျပန်မှာ မိခင်တယောက်ဟာ သူ့သမီးကို ၂နှစ်ကစပြီး စာဖတ်ပြနေပြီ။ ဂျပန်စာအပြင် အင်္ဂလိပ်စာအုပ်ကို (အသံမှန်အောင်မဖတ်တတ်တဲ့အတွက်) စီဒီနဲ့တွဲပြီး လက်ထောက်ပြီး ဖတ်ပြပါတယ်။ ၃ခေါက်လောက်ဖတ်ပြီးသွားရင် ဒီကလေးဟာ စီဒီမပါဘဲ ဒီပုံပြင်ကို ဤ သည် ၍ မလွဲ အသံနေအသံထားနဲ့ ဖတ်နိုင်သွားပါတယ်။ ကျောင်းမနေသေးပါဘူး။ မျက်စိ နား ပါးစပ် အသုံးပြုပြီး စာဖတ်တတ်နေတာပါ။

ကျမတို့ ခန္ဓာ၅ပါးအကြောင်း ကောင်းကောင်းကြားဖူးကြပါတယ်။ သူတို့အပြန်အလှန် ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာလဲ ပဋ္ဌာန်းတွေ အဘိဓမ္မာတွေမှာ ကောင်းကောင်းကြီးသင်ရပါတယ်။ (ကျမတို့ရဲ့ အားသာချက်။) ဒါပေမဲ့ မသုံးတတ်ပါဘူး။ သူတို့က ဒီ ခန္ဓာ၅ပါး အထက်မြက်ဆုံးအချိန်တွေမှာ သဘာဝလောကကြီးနဲ့ ငြိမ်းချမ်းစွာနေတတ်အောင် မိတ်ဆက်ပေးပါတယ်။ ကြီးလာရင် ဆရာဝန်လုပ်မလား၊ အင်ဂျင်နီယာလုပ်မလားဆိုတဲ့ ပညတ်ဘောင်တွေနဲ့ မခတ်ထားဘူး။

သားငယ် မူကြိုတန်းမှာ သူကိုယ်တိုင်ရေးထားတဲ့ Journal ပါ။




ဘာဖြစ်လို့ ကလေးတယောက်ကို ဒီလောက်ပြုစုပျိုးထောင်နေရတာလဲ။
နောင်လာမဲ့ အနှစ်၁၀၀မှာ လူ့အသိုင်းအဝိုင်းမှာ ငြိမ်းချမ်းမှု လုံခြုံမှုရစေချင်လို့ဖြစ်ပါတယ်။

“If you want one year of prosperity, grow grain.
If you want ten years of prosperity, grow trees.
If you want one hundred years of prosperity, grow people.” 
Chinese Proverb 

Monday, December 19, 2011

ကျောင်းသားတွေ စာဖတ်လာအောင် ဘယ်လိုလုပ်ကြမလဲ


စဉ်းစားတွေးခေါ်တတ်အောင် ပညာရေးစံနစ်ကို ဘယ်လိုပြောင်းကြမလဲ

Facebook ထဲမှာ တက်လာနေတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ ကျမတို့ တစ်သက်လုံးအဖြေရှာနေကြရတဲ့ ပုစ္ဆာတွေပါ။ 
တစ်ယောက်ကလည်း-
ပြဿနာဆိုသည်မှာ အဖြေ (Solution) ကို ပုံဖျက်ထားခြင်းသာ ဖြစ်သည် - တဲ့
ဒါဆိုရင်ရှင်းနေတာပဲ။ puzzle ပဲ။ အစီအစဉ်ကျအောင် ပြန်စီပေးလိုက်ရုံပဲ။

+++++++++++

ပထမမေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်တယ်။ နင်ဘယ်လိုလုပ်ပြီး စာအုပ်ကြိုက်သွားလဲ။
ဟဲ့ ငါတို့ငယ်ငယ်က တခြား entertainment တွေမှမရှိတာ။ စာအုပ်ပဲကိုင်ရတာပေါ့။

ဒါဆိုရင် ဒီအမေရိကန်မှာမွေးတဲ့ နင့်ခလေးတွေရော စာမဖတ်ကြဘူးလား။
ဖတ်တဲ့အကောင်က ဖတ်တယ်။ မဖတ်တဲ့အကောင်က မဖတ်ဘူး။ ဒါပေမဲ့ မြန်မာပြည်က ခလေးတွေနဲ့စာရင်တော့ သူတို့ စာပိုဖတ်တယ်။ စာဖတ်နှူန်းမြင့်တယ်။

သမီး(ဂျပန်မှာမွေးသူ)နဲ့ သားကြီး(အမေရိကန်မှာမွေးသူ)ဆိုရင် National STAR Test မှာ advance level မှာကြီးပဲ တောက်လျှောက်။ သားငယ်က ၇တန်းကျမှ advance  level ဝင်တယ်။
ဂိမ်း ကတော့ ၃ယောက်စလုံး ဆော့သလားမပြောနဲ့။

ဒီလောက် အပမ်းဖြေစရာ အာရုံတွေများတဲ့ကြားက သူတို့ဘယ်လိုလုပ်ပြီး စာဖတ်ရကောင်းမှန်းသိလဲ။

အကြောင်းကိုရှာတော့ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ ပါပဲ။ (မိဘများထံမှ ဆဲစာများကို ကြိုဆိုပါတယ်။)

သူတို့ မူကြိုမှာ စာလုံးဝမသင်ပါဘူး။ စာအုပ်နဲ့စာရေးတာ ဖတ်တာ မစ သေးပါဘူး။ ဂျပန်မှာလဲ မသင်ဘူး။


ရေဆေးနဲ့ ပန်းချီဆွဲရတယ်။ အရောင်ခြယ်ရတယ်။ စက္ကူတွေညှပ် ဖြတ် ကပ် ဆော့ရတယ်။ Play doh နဲ့ ကစားရတယ်။ ပညာရည်တိုးတက်ဖို့ ကစားနည်း (Go Fish, Bingo,…)တွေဆော့ရတယ်။


ပြီးတော့ မြေနဲ့လုပ်တဲ့ အရုပ်လုပ်ပြီး မီးဖုတ်ပေးတယ်။
 မွေးထားတဲ့ တိရစ္ဆာန်တွေ ထဲက ယုန် ကြွက် ငါး လိပ်ပြာမဖြစ်သေးသော ပိုးတုံးလုံး စသည်ဖြင့် အစာကျွေးရတယ်။ မျိုးစေ့ပျိုးပြီး ရေလောင်းရတယ်။

သီချင်းဆိုတယ်။ ပုံနားထောင်တယ်။
 ပုံကို နဲနဲပြောပြီးရင် မေးခွန်းမေး-ဖြေလုပ်ရတယ်။ ဒီဇတ်ကောင်က ရှေ့မှာ ဘာလုပ်မယ်ထင်သလဲ၊ ဘာပြောမယ်ထင်သလဲ။ ပြီးရင် နောက်တစ်ခန်းနဲနဲပြော၊ ထပ်ဆွေးနွေး။ မူရင်းပုံပြင်နဲ့အတူ ကြံကြံဖန်ဖန်တွေးတာတွေ ထွက်လာတယ်။ ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးထွက်လာတယ်။(ကျမသားငယ်ဆိုရင် ဇဝနဥာဏ်ရွှင်လို့ သူ့အဖြေကို အားလုံးက ပွဲကျကြတယ်။)

ပန်းချီဆွဲပြီးရင် ဘာဆွဲထားတာလဲဆိုတာ သူတို့အတွေးအခေါ်ကို အင်တာဗျူးပြီး အောက်မှာ စာတမ်းထိုးပေးရတယ်။ 
သူတို့စာမရေးတတ်သေးပါဘူး။ မျဉ်းဖြောင့် မျဉ်းကောက်တွေ မဆွဲတတ်သေးပါဘူး။ စုတ်တံ၊ ရောင်စုံခရေယွန်တွေနဲ့ ခြစ်ချင်ရာခြစ် ပုံဖော်ချင်သလို ဖော်ထားတဲ့ ပန်းချီကားပါ။ ခဲတံ စုတ်တံ အကိုင်မှန်အောင်သာ လိုက်ပြင်ပေးရပါတယ်။ 
သူတို့နာမယ်ကိုတော့ သူတို့ ကြည့် ရေး ဆွဲရင်း ရေးတတ် ဖတ်တတ်လာပါတယ်။ ဆရာမရေးပြတဲ့စာလုံးတွေကို ကူးရေးတတ်လာပါတယ်။


တကယ်တော့ ဒီအတန်းဟာ မိခင်အင်္ဂလိပ်ဘာသာစကားပြော(mother language: English) အတန်းမဟုတ်ပါဘူး။ ဒီအတန်းထဲမှာ ၁၇နိုင်ငံကရောက်လာတဲ့ ခလေးတွေရှိပါတယ်။ အိမ်မှာ တီဗွီကြည့်ကြတဲ့အတွက် သူတို့ အင်္ဂလိပ်လို ၄၀%-၂၀% လောက်တော့ နားလည်ပါတယ်။ (သူတို့အမေဖြစ်တဲ့ ကျမလည်း ၁၀၀% နားမလည်ပါဘူး။) သူတို့နားလည်သလောက်ပြောပြတဲ့ စာလုံးတွေနဲ့ စာတမ်းထိုးရတာပါ။ ဆရာမပြောတဲ့ ပုံပြင်ကိုလည်း အကုန်လုံး နားမလည်ကြသေးပါဘူး။ နားလည်တဲ့ခလေးက အမေးအဖြေလုပ်နိုင်ပေမဲ့ လုံးဝနားမလည်လို့ အိပ်ငိုက်နေတဲ့ခလေးလဲရှိပါတယ်။ အနားမှာထိုင်ပြီး နှိုးပေးရပါတယ်။ မေးတိုင်း ဖြေတိုင်း လက်ထောင်ပြီး အလှည့်စောင့်ရပါတယ်။

activity တစ်ခုလုပ်ပြီးတိုင်း ၁၅မိနစ်နားတယ်။ အဲဒီအချိန်မှာ အတန်းထဲမှာရှိတဲ့ lego, puzzle, car, Barbie ….ကစားစရာတွေကို ကြိုက်ရာကစားနိုင်တယ်။ ကွန်ပျူတာဂိမ်းလဲ ကစားနိုင်တယ်။ ကွန်ပျူတာက ၂လုံးပဲရှိတော့ ကစားဖို့အတွက် sign up လုပ်ထားရတယ်။ မလုရဘူး။ အလှည့်စောင့်ရတယ်ဆိုတာ အဲဒီထဲက သင်သွားတယ်။ ကိုယ့်အလှည့်ပြီးရင် ထွက်ပေးရမယ်ဆိုတာ တသက်လုံးကျင့်ပြီးသားဖြစ်သွားပါတယ်။

ဒီလိုနဲ့ အေ ဘီ စီ ဒီ က သီချင်းဆိုရင်း ပန်းချီဆွဲရင်း ဂိမ်းကစားရင်းနဲ့ တတ်သွားပါတယ်။ ကြိမ်လုံးမကိုင်ဘူး။ ကျောက်သင်ပုန်းကို တဖြန်းဖြန်းရိုက်ပြီး တိတ်အောင်မလုပ်ဘူး။ ခေါင်းလောင်းလေးသုံးပါတယ်။

အပြင်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် စက်ဘီးစီး၊ ဘောလုံးကန်၊ Play ground မှာ လျှော၊ ဒန်း စီးတာတွေ လုပ်ရတဲ့အချိန်တွေလည်းရှိတယ်။

အတန်းတစ်တန်းမှာ ခလေး၁၈-၂၀ယောက်ပဲထားပါတယ်။ ဆရာမက တစ်ယောက်ပဲ။ ဒါပေမဲ့ ဒီပရိုဂရမ်တွေ နေ့တဓူဝ လုပ်နိုင်ဖို့ ဆရာတစ်ယောက်ထဲ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နှစ်စကတဲက တစ်ရက်ကို မိဘ၂ဦးကျစီ လုပ်အားပေးရတယ်။ ခလေး၆ယောက်ကို လူကြီးတစ်ယောက်နှူန်း ဝိုင်းကူရတယ်။

သူတို့လဲ ရန်ဖြစ်တယ်။ လုတယ်။
ဒါပေမဲ့ ဖြေရှင်းနည်း ဖော်မြူလာကို တခါထဲကျင့်ပေးသွားတယ်။
1.Stop
2.Cool off
3.Listen
4.Teach empathy: How do you feel if someone did that to you?
5.Say sorry to each other and hug each other

ဒီဖြေရှင်းနည်းကိုကြည့်ရင် ဗြဟ္မစိုတရားတွေတွေ့ရပါတယ်။ သူတို့ ဗြဟ္မစိုတရားဆိုတာ လုံးဝမကြားဘူးပါဘူး။ (ကျမတို့ရဲ့အားသာချက်။) 
တကယ်တော့ ဘယ်အဆင့်မှာ မဆို ဒီလိုပဲဖြေရှင်းရတာပါ။ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်စုလဲ ဒီနည်းပါပဲ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်အောင်မြင်တာလဲ ဒီနည်းပါပဲ။ ကျမတို့လက်ထဲမှာ နည်းတွေရှိပြီးသားပါ။

သူတို့က တိရိစ္ဆာန်တွေ ပိုးကောင်တွေ သစ်ပင်တွေနဲ့ အကြောင်းအကျိုးဆက်ပုံတွေကို ထိကြည့် ကိုင်ကြည့် ကိုယ်တိုင်စိုက်ပျိုးကြည့်ရင်း ကမ္ဘာ့မိသားစုကြီးနဲ့ သဘာဝတရားကို နားလည်အောင်ပြပါတယ်။
သူတို့ ၅ပါးသီလကို မသိပါဘူး။ ရှောင်ရမဲ့ စာရိတ္တသီလ၊ ဆောင်ရမဲ့ ဝါရိတ္တသီလ မကြားဘူးပါဘူး။ (ကျမတို့ရဲ့အားသာချက်။)
ဒါပေမဲ့ ပိုးကောင်တွေကို နင်းသတ်တာ ရိုက်သတ်တာ မလုပ်ပါဘူး။ ငှက်တွေ ရှဥ့်တွေကို ပစ်တာ ခတ်တာ မလုပ်ပါဘူး။ 

အပင်တွေ ပန်းတွေ အသီးတွေမြင်ရင် ခူးချင် ဖဲ့ချင် ဆိတ်ချင်တဲ့စိတ် မရှိပါဘူး။ (ရန်ကုန်တက္ကသိုလ်ဝင်းထဲက နှစ်စဉ် ရူးကြောင်ကြောင်များရဲ့ဒုက္ခ ခံရတဲ့ ကံ့ကော်ပင်တွေ ပိတောက်ပင်တွေကို သတိရပါတယ်။ ဒီကိစ္စကို ဆရာတော်ဓမ္မဘေရီကလည်း ဘယ်ကျောင်းနေမလဲ မောင်ရေခဲ မှာရေးပါတယ်။https://sites.google.com/site/theravadatemple/)

ပြီးတော့ အခါအားလျော်စွာ ပတ်ဝန်းကျင် လေ့လာရေးခရီး (City liabrary, Fire Station, Park, Grocery Store, Zoo, Museum,..)  ထွက်ရတယ်။ ဘတ်ဂျက်မလောက်လို့ ဘတ်စ်မငှားနိုင်တော့၊ မိဘတွေထဲက van ကားရှိတဲ့လူတွေက လုပ်အားပေးရတယ်။

လုပ်အားပေးချင်တိုင်းလည်း လက်မခံပါဘူး။ လုပ်အားပေးချင်သူအားလုံး ပထမ တီဘီဆေးစစ်ချက်အောင်ရပါတယ်။ ကားမောင်းမည့်သူများ ကားအာမခံရှိရပါတယ်။ နိုင်ငံသားတိုင်းကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ခြင်းနည်းကို နေရာတိုင်း ဌာနတိုင်းမှာ ကျင့်သုံးပါတယ်။
 နိုင်ငံသားတွေရဲ့ အသက်စည်းစိမ် လုံခြုံရေးကို အာမခံစံနစ်နဲ့ ကြိုတင်ကာကွယ်ထားပါတယ်။ အရေးပေါ်ကိစ္စဖြစ်လာရင် ကျောင်းသားတိုင်းအတွက် အကြောင်းကြားရမဲ့ မိသားစု ဆွေမျိုး မတည့်သောအစားအစာများ ဆေးဝါးများ မိသားစုဆရာဝန် စသည်ဖြင့် စါရင်းလုပ်ပေးထားရပါတယ်။
Intel Museum

သင်ခန်းစာ တစ်ခုလုပ်ပြီးတိုင်း သန့်ရှင်းရေး နေရာတကျပြန်ထားရေး အမှိုက်သိမ်း အကုန် ဝိုင်းလုပ်ရတယ်။

သောကြာနေ့ ကျောင်းဆင်းရင် သူတို့လုပ်ထားတဲ့ ပန်းချီတွေ၊ ပျိုးထားတဲ့အပင်တွေ၊ ကျောင်းစာကြည့်တိုက်က စာအုပ်တွေအပြင် ကစားစရာတမျိုးမျိုး ငှားပေးတယ်။

မူကြိုကျောင်းသားအိမ်စာက-
မိဘတွေက တနေ့ကို ပုံစာအုပ်၅အုပ်ထက်မနဲဖတ်ပြပြီး အပတ်စဉ် စာအုပ်စါရင်းလုပ်ပေးရန်။
ဖတ်တဲ့အခါ အသံထွက်ဖတ်ပြရန်။
စာလုံးတွေကို လက်နဲ့ထောက်သွားပြီး ဖတ်ပြရန်။

ဒီ တနေ့တာကိုကြည့်ရင် သူတို့ဟာ သိပ္ပံ၊ ဝိဇ္ဇာ၊ ပန်းချီ ပန်းပု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွန့်ပစ်ပစ္စည်းအသုံးချရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး, သဘာဝတရားနှင့်အတူ သဟဇာတဖြစ်စွာ ငြိမ်းချမ်းစွာ နေထိုင်ရေး(ecosystems )၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီ…. ဒီဘာသာရပ်တွေ အကုန်သင်တာကို မြင်ရပါတယ်။

တချိန်တည်းမှာပဲ သူတို့ဟာ အတိုင်းတိုင်းအပြည်ပြည်က မတူညီတဲ့ ယဉ်ကျေးမှုကလာတဲ့ မိဘတွေကိုပါ တလက်စထဲ သင်နေတယ်။ သူတို့နိုင်ငံရဲ့ လူနေမှုစနစ်ထဲ အံဝင်ခွင်ကျဖြစ်သွားအောင် ပုံသွင်းပေးနေတာကိုလည်း မြင်ရပါတယ်။

ကဲ ကျမတို့ မြန်မာပြည်ကမိဘတွေ ကျန်တာတွေထားလိုက်အုံး ခလေးတယောက်စာဖတ်ဖို့အတွက် အချိန်ဘယ်လောက်ရင်းနှီးကြပါသလဲ။
၁၂၊ ၁၉၊ ၂၀၁၁။







Wednesday, November 30, 2011

မြန်မာစစ်မျက်နှာ (၁၉)

ဒေသတွင်းစစ်ဆင်ရေး နှင့် တပ်ခွဲမှုး


ဗိုလ်မှုးမိခါမိ၏တာဝန်ကို လွှဲယူသောအရာရှိက တာဝန်ထမ်းသည့်နေ့မှစ၍ သင်တန်းစည်းကမ်းသည် ယခင်ကထက် ပိုမိုတင်းကြပ်သွားလေသည်။ တပ်ခွဲမှုးသည် တပ်ရင်းနှင့်ဆွေးနွေးညှိနှိုင်းခြင်း မပြုသောကြောင့် ဒေသတွင်းအခြားတပ်ခွဲမှုးများထံမှ အတည်မပြုသောအသံများတွက်လာသည်။
ဒေသတွင်းဗျူဟာမှုးက ပျော်ဘွယ် ရောက်သည်အထိ ဝင်ရောက်ဆောင်ရွက်ရသည်။ ကျွန်တော်တို့တပ်ခွဲ စစ်ဆင်ရေးသည် သတ်မှတ်ရက်မတိုင်ခင်ညနက် အထိ စစ်ဆင်ရေးအစီအစဉ် ပြင်ဆင်ရပြီး ဗိုလ်ကြီးယာမဒ ရေးဆွဲထားသော မူကြမ်းကိုအခြေခံ၍ ရေးဆွဲကာ နောက်ဆုံးမိနစ်တွင် ပြီးသွားလေသည်။
ထို့ကြောင့် ကျွန်တော်တို့ စစ်ဆင်ရေးသည် ဗိုလ်ကြီး၏စစ်ဆင်ရေးနှင့် တသဝေမတိမ်း ဆင်တူနေပြီး အချီးမွမ်းခံရလေသည်။ မှန်းချက်နှင့် နှမ်းထွက်ကိုက်သဖြင့် တပ်ခွဲမှုး၏မျက်နှာသည် ရွှေထုပ်ရသည့်နှယ်တွေ့ရသည်။ ဖြစ်ချင်တော့ ဒေသတွင်းအခြားသော တပ်ခွဲများမှ-
“ဌာနချုပ်က မူကြမ်းနဲ့တိုက်ကြည့်ရင် တချက်မှမလွဲဘူး” ဟု ကျွန်တော်တို့တပ်ခွဲ အရာရှိ နှစ်ယောက်အား ခေါ်မေးရန် အသံများကြားရပြီး တပ်ခွဲမှုးကို မကျေနပ်သံများ စတင် ထွက်ပေါ်လာလေသည်။ ဤသတင်းကိုကြားရသော တပ်ခွဲမှုးသည် ကြံရာမရဖြစ်ပြီး
“မနေ့ညက အထိ အားလုံးနဲ့ ကျေလည်တဲ့အထိ လုပ်ထားတဲ့ကိစ္စပဲ။” ဟုဆိုကာ ကျွန်တော်တို့ထံ စစ်ကူ လှည့်လာလေသည်။
“တပ်ခွဲမှုးပြောတာ မှန်တယ်။ တပ်ခွဲမှုးက အကြိတ်အနယ်လုပ်ထားတဲ့ စစ်ဆင်ရေးက တိုက်တိုက်ဆိုင်ဆိုင် မူကြမ်းနဲ့ ထပ်တူဖြစ်သွားတာ။ မဟုတ်တာလုပ်ထားတာတခုမှမပါဘူး။ လာမေးရင်တော့ ပြောလိုက်မယ်။ ဂရုစိုက်မနေနဲ့။” ဟု အခြားသော တပ်ခွဲမှုးများအရှေ့တွင် ကျွန်တော်က တပ်ခွဲမှုးကို ထောက်ခံလိုက်သည်။ ဤတွင် တပ်ခွဲမှုးသည် မူလက သုန်မှုန်နေသော မျက်နှာမှာ ဝင်းပလျက်-
“ဟုတ်တယ်။ ကြားတဲ့အတိုင်းပဲ။” ဟု ဆိုကာ ထွက်ခွါသွားလေသည်။
ညနေစာစားကြသည့်အခါ တပ်ခွဲမှုးသည် တပ်ခွဲမှုးဆွဲထားတဲ့ စစ်ဆင်ရေးက မူကြမ်းနဲ့ တထပ်တည်းကျနေတာဆိုတဲ့ ကျွန်တော်ရဲ့ ထွက်ဆိုချက်ကို အကျေနပ်ကြီးကျေနပ်လျက် ဗိုလ်ကြီးယာမဒရဲ့ မူကြမ်းကို ကြားဖြတ်ကူးလိုက်သော်လည်း မတော်တဆ တိုက်ဆိုင်သွားတာ ဆိုသည်ကို ကျွန်တော်တို့ထံမှ အာမခံရသည့်နှယ် ညနေစာထမင်းစားကြွကြရန် ဖိတ်ထားလေသည်။
ကျွန်တော့်ကိုမူ တပ်ခွဲမှုးက ထိုသို့ ဖိတ်ကြားသည်ကို လုံးဝမပြောပါ။
ဗိုလ်ကြီးရဲ့သုံးသပ်ချက်နှင့်အတူ အားလုံးက သဘောတူရေးဆွဲထားသည်ဟူသော အတည်ပြုချက်ရသွားပြီးနောက် မည်သို့ဖြစ်သည်မသိ ရုတ်တရက် မိမိဘာသာ တစ်ဦးတည်းရေးဆွဲသည့်နှယ် လက်မထောင်(ခရက်ဒစ်ယူ)လေသည်။
“ဒီလိုလူမျိုးနှင့် ထမင်းအတူစားဖို့ ဘယ်လိုမှ မဖြစ်နိုင်။”ဟု တပ်ခွဲမှုးထံ အကြောင်းပြန်လိုက်သော်လည်း သူ့ထံမှ မည်သို့မျှ အကျိုးအကြောင်းပြန်ကြားမလာတော့ပေ။
“ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်လို့ အနာကတော့ ကျသွားပြီ။”ဟု ရဲဘော်ရဲဘက်များက
နောက်တွင် ပြန် ပြောပြကြလေသည်။ မရိုးမသားလုပ်၍မရပေ။ ကျွန်တော်သည် အာဏာထီးဆောင်း၍ အကြောင်းကျိုးမဆီလျှော်သော ကိစ္စကိုပြောသည်ဟုဆိုပါက ယေဘူယျအားဖြင့် တပ်ခွဲအတွင်း အရှက်မရှိ မည်သူမဆို ဒေါသထွက်နိုင်သောကိစ္စတွင် ငြိမ်ခံမနေနိုင်သော ကျွန်တော်၏သဘာဝကြောင့် ဖြစ်ရပေသည်။ ဤကိစ္စနှင့်ပတ်သက်၍ စစ်တပ်အသိုင်းအဝိုင်းတွင် အကန့်အသတ်ရှိရသည်ကို မှတ်သားလိုက်ရပေသည်။
ကျွန်တော်ယခုကဲ့သို့ မိုက်မိုက်ကန်းကန်း မှန်တယ်ထင်တာလုပ်မိခြင်းမှာလည်း ဤသို့သော တပ်ခွဲမှုးမျိုးနှင့် တွေ့ရသောကြောင့်ပေလားမဆိုနိုင်။
တပ်ခွဲမှုးသည် ပါးစပ်ဖြင့်ဆိပ်ဆိပ်နေသော်ငြားလည်း စိတ်ထဲမှဒေါသထွက်နေမည်မှာ မလွဲပေ။ တပ်ရင်းသို့ အစီရင်ခံစာတင်သည့်အခါတိုင်း အလွန်အခြေအနေဆိုး၏။ ဌာနတွင်းအရာရှိ ဗိုလ်ကြီးယာမဒ၊ ဆရာဝန်ကျွန်တော်၊ ဒီနှစ်ယောက်သည် တပ်ရင်းမှုးက စောင့်ကြည့်သတိထားရမည့်သူများအဖြစ် မှတ်ချက်အရေးခံရလေသည်။

Saturday, November 5, 2011

မြန်မာစစ်မျက်နှာ(၁၈)

ဂျပန်ပြည်မှ အောက်မေ့ဘွယ်ရာ စာတစောင်

ရမည်းသင်းတွင် စောင့်နေစဉ်အတွင်း ဂျပန်ပြည်နှင့် စာအဆက်အသွယ်များ ရရှိလေသည်။ စာရရှိသော ရဲဘော်များ၏မျက်နှာမှာ ပါးစပ်က နားရွက်တွင် တက်ချိတ်တော့မတတ်ဖြစ်နေပြီး၊ စာကိုအစိမ်းလိုက်ပဲမျိုချတော့မလို မြင်ရလေသည်။
စစ်အတွင်းကာလ၌ ရာသီအလိုက် ထုတ်လုပ်သော ပို့စ်ကဒ်များတွင် ပန်းချီဆရာသည် ပန်းများနှင့်အတူ ကြင်နာ သောနှလုံးသားဖြင့်  အားတက်ဖွယ်ရာ စကားလုံးများကိုပါ ရေးချယ်တင်ဆက်ပေးလေသည်။ အထူးသဖြင့် ပန်းချီဆရာမ ခိယ ချိကုဆ၏လက်ရာများကို နှစ်သက်မိသည်။ ကျွန်တော့်မိသားစုထံမှ တတိယမြောက်သမီးမိန်းခလေးမွေးဖွားခြင်းနှင့် မိခင်ရော ခလေးပါကျန်းမာစွာရှိကြကြောင်း စိတ်သက်သာစေရန် သတင်းပို့လေသည်။
တပ်ခွဲ၏စါရင်းကိုင် ဗိုလ်K (အမည်ရင်းမဟုတ်)က-
“ဒီစာ ဖတ်ကြည့်စမ်းပါအုံး”ဟုဆိုကာ ပို့စ်ကဒ်တခုပေးလေသည်။
ဤပို့စ်ကဒ်သည် ဗိုလ်K  ငွေထိန်းထံ လိပ်စာတပ်ထားပြီး ပို့သူမှာ မမေ့နိုင်သော ထိုတပ်စုမှုးဖြစ်လေသည်။ ရေးသားထားသည်မှာ-
“တပ်ခွဲ၌ ကျန်ရစ်နေသော ငါ့စုငွေအကောင့်မှငွေများကို ပို့ပေးလိုက်ပါ”ဟုသာပါရှိလေသည်။ နေ့စဉ်လိုလိုပင် ငွေထိန်းထံက ကျွန်တော်တို့ကို ဤကဲ့သို့သော ရိုင်းပြသည့်စာများအား မျှဝေခံစားသောအားဖြင့် ထုတ်ပြတတ်လေသည်။
ဤစာနှင့်ပတ်သက်၍ ခံစားမိသည်မှာ-
“အတူစုဝေးရောက်ရှိလာကြပြီး ၆လခန့်အချိန်ကာလတွင် အိုးတစ်လုံးထဲမှ အစာများကို အတူတကွ အညီအမျှ စားသောက်ကြပြီး ဘယ်လောက်ကြာအောင် အသက်ရှည်မည်ဟုလည်း သေသေချာချာ မပြောနိုင်သော ရဲဘော်ရဲဘက်များကို-
“နေကောင်းကြလား၊ သတိထားနေကြနော်” လောက်သော နှုတ်ဆက်စကားလေးတောင်မှ မရေးနိုင်ဘူးလား”ဟု သူ့ကို မေးလိုက်ချင်သည်။
ဒီလူသည် ရဲဘော်ရဲဘက်များကို သတိမရနိုင်လောက်အောင် အေးစက်မာကြောသော နှလုံးသားပိုင်ရှင်ပေလား။ သူဆေးရုံတက်စဉ်က ပြောသောစကားများက ဖြတ်ဆို
ခေါင်းထဲ အစီအရီ ဝင်လာသည်။
“မြန်မာစစ်ရေးအခြေအနေက တနေ့တနေ့ အင်အားဆုတ်ယုတ်လာနေတယ်။ အထုတ်အပိုးပြင်ထားဖို့အချိန်က နီးကပ်လာနေပြီလို့ တွက်နေကြတဲ့ကျွန်တော်တို့ကို ငွေစုစာအုပ်ကို ဘယ်မှာထားရမလဲ၊ ဘာလဲ-လုပ်ရမယ့်အချိန်မဟုတ်ဘူး။ ဆေးရုံတက်နေတုန်းက ပြောခဲ့တဲ့စကားကို မေ့သွားပြီလား။” လို့ သူ့ဆီကို စာပြန်လိုက်ပါတယ်။ အဲဒီနောက်-
“ကျွန်တော်ရဲ့သေးသိမ်တဲ့စိတ်ဖြစ်ပေါ်နေတာကို အလွန်နောင်တ ရမိပါတယ်။”ဟူသော ပြန်စာကို တပ်ခွဲမှုး စစ်ဆင်ရေးကိစ္စဖြင့် ရခိုင်သို့ မထွက်ခွါခင်တွင် ရရှိခဲ့ပေသည်။
နှစ်လများကုန်လွန်ခဲ့ပြီးနောက် ၁၉၅၁ခုနှစ် နွေဦးပေါက်တရက်တွင် မမျှော်လင့်ဘဲ ထိုလူ့ထံမှ တယ်လီဖုံးလာ၏။ အလုပ်သမားသမဂ္ဂ၏အလုပ်အမှုဆောင်တာဝန်ခံအဖြစ် နွေဦးပေါက်ညီလာခံကို တက်ရောက်ရန်လာခြင်းဖြစ်ကြောင်း၊ အလုပ်များသည့်ကြားထဲမှ ကျွန်တော့်နာမည်ကို တယ်လီဖုံးလမ်းညွှန်စာအုပ်တွင် ရှာဖွေ၍ ဆက်ခြင်းဖြစ်ကြောင်းပြော၏။
ကျွန်တော်၏ရိုင်းပြကြမ်းတမ်းသော စကားများက အကြိမ်ပေါင်းများစွာ သူ့မေးရိုးကို လက်သီးဖြင့်ထိုးသည့်နှယ် ဖြစ်ခဲ့သော်လည်း၊ သူသည် ဥပက္ခာပြုလျက် ကျွန်တော့်ကို အခင်မပျက်ဘဲ သတိရသည်ကို ဝမ်းသာမိလေသည်။
ထိုနေ့ညက သူသည် ကျွန်တော်၏ မထယ်ဝါသောအိမ်သို့ လာရောက်ခဲ့လေသည်။ ယခင်က အကြောင်းများကို သတိမရတော့ဘဲ တယောက်နှင့်တယောက် ကျန်းမာစွာဖြင့် မိမိတို့၏ သက်ဆိုင်ရာအလုပ်တွင် တာဝန်ထမ်းဆောင်နေကြသည်ကို ကျေနပ်အားရနေကြပေသည်။
နှစ်အနည်းငယ်ကြာပြီးနောက်၊ သူ၏ဆန္ဒဖြင့် ဗိုလ်ကြီးယာမဒအပါအဝင် ၃ယောက်သား အီဇုဒေသတွင် ဆုံ၍ ရှေးဟောင်းနှောင်းဖြစ်များကို ဒူးတိုက် စမြုံ့ပြန်ကြလေသည်။ ၃ယောက်သား ချစ်ခင်မှုက ယနေ့ထက်တိုင် တင်းကျပ်စွာခိုင်မြဲနေလေသည်။
အိုဂဆဝါရကိုယ်ပိုင်တပ်သားများသည် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းမှ သင်ကြားခဲ့ရခြင်းမျိုးမရှိဘဲ တိုက်ရင်းခိုက်ရင်း အတွေ့အကြုံဖြင့် စစ်သားဖြစ်လာကြသူက များပေသည်။ စစ်သားများစုဆောင်းသည့်ကာလသည်လည်း သူ၏ ပျားရည်ဆမ်းခရီး(ဟန်းနီးမွန်း)အချိန်တွင် ဖြစ်ခဲ့သည်။
သူသည် စိတ်ကောင်းရှိပြီး ရိုင်းသော်လည်း မုန်း၍မရသော ပင်ကိုယ်စရိုက်ရှိသူဖြစ်၍ ရဲဘော်ရဲဘက်များ၏ချစ်ခင်မှုကိုရရှိထားပေသည်။ ကံဆိုးသည်မှာ သူသည် စာမတတ်ရှာဘဲ၊ သတို့သမီးထံမှစာရော သတို့သမီးထံပေးစာရော ရဲဘော်ရဲဘက်များကဝိုင်းဖတ်ပေး ရေးပေးရလေသည်။
ရဲဘော်ရဲဘက်များက သူ့အကြောင်း အစုံ သိထားကြသဖြင့် အမြင်ကျယ်ကျယ် စိတ်ရှည်စွာဖြင့် သူ့ကို သီးညည်းခံကြလေသည်။ ကိုယ်စားလှယ်နှင့်ရေးသောစာဖြစ်သဖြင့် အတွင်းစာသားများကို ပေါက်တတ်ကရ ထည့်ရေးလွှတ်ခံရခြင်း၊ ချောက်ကျအောင်နောက်ပြောင်ခြင်း၊ ရဲဘော်ရဲဘက်များ၏ အလှောင်ခံရခြင်းများရှိသော်လည်း သူသည် လုံးဝ စိတ်ဆိုးဟန်မပြဘဲ ဥပက္ခာပြုကာ နေနိုင်ပေသည်။
ဘက်ခ်ရိုးမတောင်တန်းကို ကျော်ဖြတ်စဉ် ဝါးတောကြီးများကိုမြင်၍ ဒီဝါးတွေနဲ့ ထီးတို့ မီးပုံးတို့ လုပ်ရောင်းချင်စိတ်ပေါက်သော တပ်သားသည်လည်း အိုဂဆဝါရကိုယ်ပိုင်တပ်သား တဦးဖြစ်ပေသည်။
သူသည် ပတ်တရောင်တပ်သားအဖြစ် တာဝန်ကိုထမ်းနေစဉ် ကြုံရပုံမှာ အရာရှိကလည်း စစ်ဆေးရေးလာနေခိုက် ထိုလူအား ကာကွယ်ရေးစည်းမျဉ်းများကို မေးလေရာ-
“ကျွန်တော် အဲဒါတွေမသိဘူး”ဟု သွေးအေးအေးဖြင့်ပင် ပြန်ဖြေလေရာ ပတ်တရောင်အရာရှိပင် မှင်တက်မိသွားလေသည်။
အဲဒီနောက်ပိုင်း သူ့ကိုချထားသော တာဝန်မှ ပတ်တရောင်လှည့်ချိန်မပါသော အခြားအလုပ်ဘက်သို့ ရွှေ့ပြောင်းခိုင်းလိုက်ရ၏။ ထိုကလေးဆန်သော အပြစ်ကင်းသောလူသည်လည်း ကံဆိုးစွာပင် မေယုရေလက်ကြား စစ်ဆင်ရေးတွင် ကျဆုံးခဲ့ရှာလေသည်။

Tuesday, October 25, 2011

မြန်မာစစ်မျက်နှာ (၁၇)

မီးဖွားခြင်းနှင့် ဆက်စပ်သော နောက်ဆက်တွဲ ဖြစ်ရပ်များ။

တပ်စုဗိုလ်ယာမဒသည် တပ်ဖွဲ့စီးစဉ်ကတဲက ကျွန်တော်နှင့်ရင်းနှီးခဲ့သော သူငယ်ချင်းဖြစ်လေသည်။ စစ်ပွဲတွင် ရှုံးနိမ့်လာသော ဂျပန်တပ်များသည် တောင်ငူအရှေ့ဖက်တွင်ရှိသော အကျဉ်းထောင်တွင် အကျဉ်းသားများအဖြစ် အလုပ်ကြမ်းလုပ်ရလေသည်။
စစ်အတွင်း၌ ယာမဒစံသည် ဗိုလ်အဖြစ်မှ ဗိုလ်ကြီးရာထူးသို့တိုးကာ ထိုစစ်သုံ့ပန်းများကို ကွပ်ကဲရလေသည်။ ထိုအကျဉ်းထောင်ရှိ မြန်မာတာလီစာရေးသည် မကြာခဏ ဗိုလ်ကြီးယာမဒနှင့် စကားစမြည်ပြောလေ့ရှိသည်။ ဗိုလ်ကြီးယာမဒသည် တင်းကြပ်စွာ သတိပေးခံထားရသော်လည်း ထိုတာလီစာရေး၏ သဘောရင်းမှန်ကို အကဲခတ်မိသဖြင့် လက်ခံစကားပြောလေ၏။
ထိုတာလီစာရေးသည် တခြားလူမဟုတ်ပဲ ကျွန်တော်က ရမည်းသင်းတွင် မီးဖွားပေးရသော လူနာ၏ခင်ပွန်း ဖြစ်နေလေသည်။
“အီနဂခိဆရာဝန် ဘယ်များရောက်နေလဲမသိဘူး။ အဖမ်းများခံရပြီး အစာမှစားရရဲ့လားလို့ စိတ်ပူနေမိတယ်။ ဘယ်မှာရှိနေလဲဆိုတာ သိရင်ပြောပြစမ်းပါ။”ဟု ဆိုလေသည်။
ဗိုလ်ကြီးယာမဒက-
“အီနဂခိဆရာဝန်ဟာ ကျွန်တော့်သူငယ်ချင်းပဲ။ ရမည်းသင်းမှာလည်း အတူတူပဲ။ သူ မြန်မာလူမျိုးကို မီးဖွားပေးခဲ့တဲ့ကိစ္စလဲ ကျွန်တော်သိတယ်။ ဆရာဝန်က ဂျပန်ပြန်သွားပြီး ဟိုမှာ ဆရာဝန်လုပ်နေပြီဖြစ်လို့  စိတ်ပူစရာမရှိတော့ဘူး။”ဟု ပြောပြရာ အလွန်ဝမ်းမြောက်သွားသည်ကို တွေ့ရလေသည်။
၎င်းက-
“မာစတာ၊ မနက်ဖန်ကစပြီး ကျွန်တော်က နေ့လယ်စာ ထမင်းဗူးကို ပြင်ဆင်လာခဲ့မယ်။ အားမနာပါနဲ့။ ကျောက်ထုတဲ့အလုပ်လဲ သဘောလောက်ပဲလုပ်ပါ။ စစ်ဆေးရေးလာတဲ့အခါလောက်သာ ဟန်ပြလုပ်ရင် ရတယ်။ နာရီကိုလဲ မိနစ်၃၀လောက် မြန်ထားလိုက်ပါ။ ၅နာရီထိုးရင် ပြန်လို့ရတယ်။” ဟု သက်သာအောင် ကြံဖန်ပေးလေသည်။
“အကယ်၍ စစ်ဆေးရေးက စောပြန်လို့ တွေ့တဲ့အခါ၊ ကျွန်တော့်နာရီက ၅နာရီထိုးနေလို့ ပြန်တာလို့သာ ပြောလိုက်။ ကျန်တာ ကျွန်တော့်တာဝန်သာထား၊ မာစတာကို ဘာမှ ပြဿနာမတက်စေရဘူး။”ဟူသော ဂျပန်စစ်သုံ့ပန်းများကို သက်တောင့်သက်သာဖြစ်စေရန် ကာကွယ်ပေးခဲ့သော အကြောင်းများကို ပြန်ကြားရလေသည်။
ထိုအချိန်က ကျွန်တော်ရော ရဲဘော်များပါ အတော် အနေချောင်ခဲ့ရသည်ဟု ဗိုလ်ကြီးယာမဒက ပြန်လည်ပြောပြလေသည်။
“ဒီလူဟာ ဂျပန်ဆရာဝန် တယောက်က ပြုသွားခဲ့တဲ့ကျေးဇူးကို မမေ့ပဲ ဂျပန်စစ်သုံ့ပန်းတွေအပ်ါမှာ စေတနာ အပြည့်အဝနဲ့ ကျေးဇူးတုန့်ပြန်လိုက်တာပဲ။ ကျွန်တော်တော့ အတိုင်းအဆမသိ ကျေးဇူးတင်နေမိတယ်။” ဟူ၏။

Wednesday, October 5, 2011

မဟာစည်သာသနာ့ရိပ်သာ သမိုင်းမှတ်တမ်းနှင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်နှစ်၅၀ခရီး(၁၉၄၇-၁၉၉၇)


ဦးခင်မောင်ဦး မတင်တင်ဝင်းတို့ ရန်ကုန်ကပြန်လာပြီး ကာလီဖိုးနီးယားကနေ တက်ဆက်စ်ကိုပြောင်းကြတယ်။ သူတို့မသယ်နိုင်လို့ မဟာစည်သာသနာ့ရိပ်သာသမိုင်းမှတ်တမ်းစာအုပ်ကြီးပေးခဲ့တယ်။ ဒါနဲ့ပဲ ဖတ်ကြည့်ဖြစ်တယ်အမေ။



စူးမာတို့မိသားစုရဲ့ဘဝနဲ့ မဟာစည်ရိပ်သာဟာ ခွဲလို့မရဘူး။ စာမျက်နှာတိုင်း စာမှက်နှာတိုင်းမှာ သတိရစရာ အောက်မေ့စရာ အဖြစ်အပျက်တွေ၊ အဆောက်အဦးတွေ၊ နေရာတွေ၊ ဆရာတော်တွေ၊ ဒါယိကာ ဒါယိကာမတွေ၊ ယောဂီတွေ၊ ဝေယျာဝစ္စအဖွဲ့ဝင်တွေကအစ ဟောကြားတဲ့တရားတော်တွေအဆုံး ဖတ်နေရင်းနဲ့ အာရုံမှာ အစီအရီ ပြန်ပေါ်လာတယ်။



စူးမာတို့မမှီလိုက်တဲ့ သာသနာ၂၅၀၀ပြည့်အထိမ်းအမှတ် ဆဋ္ဌသင်္ဂါယနာတင်ကိစ္စ၊ အဖွဲ့ချုပ်က လူကြီးတွေရဲ့ အမျှော်အမြင်ကြီးမားမှု၊ သဒ္ဓါတရား၊ ဗလငါးတန်နှင့် ပြည့်စုံကြသော အဖွဲ့ဝင်၁၂ဦးတို့ရဲ့ အံ့မခန်းစွမ်းဆောင်ချက်၊ ညီညွတ်ချက်တွေကို ဖတ်ရတာ အားကျစရာလဲကောင်း ဂုဏ်ယူစရာ အတုယူစရာလဲကောင်း လက်ကမချနိုင်အောင်ဖြစ်ရပါတယ်။

ပုစ္ဆကထေရ် မဟာစည်ဆရာတော်ဘုရားကြီး

ဝိသဇ္ဇထေရ် မင်းကွန်းဆရာတော်ဘုရားကြီး

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆြာဦးသွင်

အဖွဲ့ဝင် ဝန်ကြီးချုပ် ဦးနု၊ သမ္မတကြီး စဝ်ရွှေသိုက်၊ ဝန်ကြီး၊ မင်းကြီးနှင့် ကုန်သည်ကြီးများ။

အတော်ပဏာရပြီး အလွန်အရေးကြီးတဲ့ သာသနာ့သမိုင်းမှတ်တိုင်ကို စိုက်ထူခဲ့ကြတာပဲ။

အော်  ဗုဒ္ဓဘာသာနိုင်ငံချင်းအတူတူ ကိုယ့်နိုင်ငံက ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင်တဲ့ အာဇာနည်ရဟန်းတော်များ ထွန်းပေါ်ရာနိုင်ငံဖြစ်လို့ ခေတ်မမှီ မတိုးတက်သော်လည်း လေးစားခံရတာကို နားလည်သဘောပေါက်သွားတယ်။

ဆြာဦးသွင်က တော်တော်ချမ်းသာတာပဲ။ သူ့တူ သူဋ္ဌေးဦးစိုးတင်ကို တခါ တခါ မုန့်ဖိုးပေးရင် တစ်သိန်းတဲ့။

ဆြာဦးသွင်မတည်လှုဒါန်းတာကပဲ မနည်းဘူး။ ဒီသာသနာ့စီမံကိန်းတွေအတွက် နိုင်ငံတော်က ထည့်ဝင်ငွေ ၅သိန်းဆိုတာ တကယ်တော့ ဘာမှမရှိပါဘူး။



စူးမာတို့မိသားစုဟာ ပထမဆုံးစတင်ခဲ့တဲ့ မဟာစည်ကမ္မဋ္ဌာနာစရိယဆရာတော်တွေအားလုံးနီးပါးနဲ့ တရားအားထုတ်ခဲ့ကြရတာပါလား။

စံနစ်တကျဖွဲ့စီးထားတဲ့ မြတ်စွာဘုရားရဲ့ ကျောင်းအဆက်ဆက်ကထွက်တဲ့ ကျောင်းသားများလိုပဲ ဂုဏ်ယူမိပါတယ်။



ဆရာတော် ဦးသုဇာတ၊ ဦးပဏ္ဍိတတို့ ကျန်းမာရေးအတွက် အိမ်ကဓါတ်စာချက်ပို့ခဲ့ကြတာကိုလည်း သတိရတယ်။



အမေတို့ ရေးမြို့မှာ မဟာစည်ရိပ်သာခွဲဖွင့်ဖို့ ကြိုးစားခဲ့ကြတာလဲ သတိရတာနဲ့ ရိပ်သာခွဲစါရင်းထဲများပါလေမလားလို့ ရှာကြည့်မိတယ်။ မန္တလေးကျောင်း မဟာစည်ရိပ်သာ၊ ဆရာတော် ဦးသုနန္ဒရ၊ အားထုတ်ပြီး ယောဂီဦးရေ ၁၆၇၀တဲ့။



စဥ့်ကူးဆရာတော်ရဲ့ ဂျပန်မဟာစည်ရိပ်သာခွဲအကြောင်းမှာတော့ နဂိုယာက ကိုချစ်ဆွေ ဒေါက်တာအေးအေးသန်း၊ ကိုမြင့်ဆန်း၊ ဒေါ်သန်းသန်းဝင်းတို့ နာမည်တွေတွေ့ရလို့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုခေါ်လိုက်ပါတယ်။



၁၀၊ ၅၊ ၂၀၁၁။


Friday, September 30, 2011

နယူးယောက်နှင့် ဟာရီကိန်းအိုင်ရင်း

New York နှင့် Hurricane Irene


8/24/11- (ရန်ကုန် 7:30 am)     Online ပေါ်တွင် ဖြစ် ပါသည်

        
           


သမီး                 NY ကို Hurricane ဖြတ် မယ် တဲ့ မေမေ..Category -1 တဲ့ news တွေက သတိပေးနေကြတယ်
အမေ                ဘယ်တော့လဲ?.. သမီးတို့ဘာတွေပြင်ထားကြလဲ?..
သမီး                အင်း..ဘာမှမလုပ်ရသေးဘူး..စား စရာတော့ ယ်ရမယ်ထင်တာဘဲ(အတွေ့ အကြုံမရှိသောသမီးကပြော၏)
အမေ                news တွေက ပြောတဲ့ အတိုင်းလိုက်နာနော်.. mayor ကတော့ well prepare လုပ်ပေးနေတယ်မဟုတ်လား?
သမီ                 ဟုတ်တယ် သူဆီက သတိပေးစကားတွေလဲ ခဏခဏလာနေတယ်..ပြီးတော့ rescue center တွေလဲ ဖွင့်ပေးမယ်တဲ့။

8/26/11-(ရန်ကုန် 8:00 am)

အမေ                သမီး Hurricane ကဘယ်လိုလဲ?
သမီး                 East Coast ကိုတော့ ၀င်လာနေပြီ..TV ထဲမှာပြနေတယ်..တော်တော်ပြင်းတာဘဲ..ပြီးတော့ လမ်းကြောင်းထဲမှာပြနေတာတော့ Hurricane ရဲ့ Eye ကNY City ကိုဖြတ်မယ်တဲ့
အမေ                မြတ်စွာဘုရား
သမီး                 မပူပါနဲ့မေမေ..သမီးတို့စားစရာရော..ရေရော တပတ်စာဝယ်ထားတယ် ..
stores တွေမှာရေ၀ယ်လို့ မရတော့ဘူး မေမေ..ကုန်နေပြီ..







ပြီးတော့အိမ်နားမှာလဲ rescue center ဖွင့်ထားတယ်..တချို့ လူတွေက တခြား state ခဏပြောင်းနေကြတယ်။ မေမေ့အသိတွေတောင်ပါသေးတယ်။ ဘာလို့ဒီလောက်ကြောက်နေသလဲမသိဘူး…..
(အန္တရာယ်ကို မသိနားမလည်သဖြင့် အေးအေးဆေးဆေးဖြစ်နေ၏)
အမေ                ဒါအန္တရာယ်ကြီးလို့သူတို့တွေရွှေ့ ကြတာဘဲ..ဘုရားတရားမမေ့ကြနဲ့ သတိနဲ့နေကြနော်..    ဟိုမှာရှိတဲ့လူကြီးတွေနဲ့လဲ တိုင်တိုင်ပင်ပင်နေကြ လုပ်ကြနော်…  
မေမေ အမြဲonline ဖွင့်ထားမယ် တခုခုဆိုရင် ချက်ချင်း ပြောနော်

8/27/11 -( NY  )
         
သမီး                 ဒီနေ့နေ့လည် 12:00am ကစပြီး sub way တွေပိတ်လိုက်ပြီမေမေ.. flights တွေလဲ cancel လုပ်လိုက်ပြီးဘယ်မှသွားလို့မရတော့ဘူး..
                      













                      
                       Mayorကအားလုံးအိမ်ထဲမှာနေကြဘို့သတိပေးနေတယ် 
မနက်ဖန် မနက် 10:00am မှာHurricane က ၀င်မှာတဲ့..North Carolina  တော့တော်တော် ထိနေတယ်..NYကိုလဲ85-105 mile/hr နဲ့ဝင်နိုင် တယ်တဲ့..power shutdown  ဖြစ်သွားရင်ဒုက္ခဘဲ ဆက်သွယ်ရခက်လိမ္မယ်

သမီးဆီကထိုစကားကြားပြီးကထဲကနေလို့ထိုင်လို့မရတော့ပါ..
ဘာလုပ်ရမှန်းလဲမသိ..ဘုရားရှိခိုးလိုက်ဆုတောင်းလိုက်.. မီးပူဇော်လိုက်နှင့်ထိုင်မရထမရ..
ဘယ်လိုလုပ်ရမလဲ.. ဘယ်လိုလုပ်ရမလဲ..
ကလေးတွေကကိုယ့်ရင်အုပ်နှင့်ကွာဝေးနေ၏..မိသားစုတူတူဆိုရင်..ဆိုးအတူကောင်းအတူရင်ဆိုင်ရဲ၏..
သမီးလေး၏ online ပေါ်ရှိ green dot လေးကိုအပျောက်မခံနိုင်ဖြစ်နေ၏..
သမီးနှင့်တကွ NY City ရှိလူ ၁၂ သန်း အတွက်ကို၎င်း
ထိုမူန်တိုင်း ကြောင့်လူပေါင်း ၆၅သန်း တွေ့ကြရမည့် ဒုက္ခကို၎င်း..
တွေးရင်းတွေးရင်း..နှစ်လုံးခုန်နှုန်းကမြန်လာကာရင်တုန်လာသည်
စိတ်ငြိမ်ရန်မေတ္တာပို့ဘို့ကြိုးစားသော်လည်း..မိမိ၏ခြောက်တိခြောက်ချက်သမာဓိက ..
ဘယ်လိုမှအလုပ်မဖြစ်ဘာမှလုပ်ပေးလို့မရဖြစ်နေသည်က ..ဆိုးဝါးလှသည်..
ဘယ်သူတွေကများဒီလို.. ကြီးမားလှတဲ့သဘာဝဘေးအန္တရာယ်တွေကိုကာကွယ်ပေးနိုင်မှာပါလိမ့်လို့စဉ်းရင်းနည်းလမ်းရှာကြည့်သည်
ဟော..သတိရပြီ
သီလ သမာဓိ ပညာ အားကောင်းသောသူတော်ကောင်းများ မေတ္တာပို့ သစ္စာဆို ပေးလျှင်
သက်သာ လွတ်မြောက် နိုင်ကြောင်း သတိရလာသည်။

8/28/11 နံက် (ရန်ကုန်)

မှော်ဘီမြိုနယ ထဲရှိ အောင်မင်္ဂလာမြေဇင်း တောရ ရိပ်သာ တွင် တရားပြ နေသော ဆရာတော်ဆီကို အကြိုးအကြောင်းပြောကာ.. မေတ္တာပို့ပေးပါရန်လျှောက်ထားလိုက်ပါသည်။
မြေဇင်းရိပ်သာတွင်.. တရားဝင်နေကြကုန်သော ယောဂီတော်တော်များများသည် သမာဓိအား ထက်မြက်ပြီး အလင်းနိမိတ်အားကောင်း သောယောဂီ များရှိကြပါသည်။ မေတ္တာကမ္မဋ္ဌာန်းကိုလဲပွားများကြရပါသည်။ ဥပုသ်နေ့တိုင်းစုပေါင်းမေတ္တာ ပို့ကြပါသည်။
ဆရာတော်က မိမိနှင့်တကွတရားဝင်နေကြသောယောဂီများအား..ဒီနေ့အထူးပြုပြီး..NYC ရှိလူအများ ဘေးရန်ကင်းဝေးစေရန် မေတ္တာပို့ပေးမည့်အကြောင်း အမိန့်ရှိပါသည်။(ထိုနေ့သည် ၀ါခေါင်လကွယ် နေ့ဥပုသ်နေ့လဲဖြစ်သည်)

သမီး                 Virginia မှာ power shutdown ဖြစ်ကုန်ပြီ မေမေ..ဒါပြီးရင် New Jersey နဲ့ New York ရောက်တော့မယ်..

8/28/11 (ရန်ကုန်)

NY တွင် Hurricane Irene င် ရန် နာရီပိုင်း သာလို တော့သည်..
ရန်ကုန် အချိန် နာရီ (NY time 8:30 am) တွင် ဆရာတော်နှင့်တကွယောဂီများ New York မြို့သို့ရည်မှန်းကာ စတင် မေတ္တာပို့ကြပါသည်.. တစ်နာရီတိတိ ပို့ကြပါသည်…..








ထိုနေ့ညသမီးကတော်တော် နှင့် online ပေါ် ရောက်လာသဖြင့် စိတ်မောနေရ၏
ရန်ကုန်အချိန် ည၈နာရီခွဲ(NY time 10:am) ရောက် မှပေါ်လာသော သမီး အား မေးကြည့်သည့် အခါ
Hurricane သည် နံက် 9:00am မှာ NY City ဖြတ်ခဲ့ကြောင်း စတင်ဝင်ရောက်ချိန် တွင်
Hurricane မှ Tropical Storm သို့ အား ပျော့သွားကာလေတိုက်နှုန်းမှာလဲ 65m/hr သာရှိခဲ့ကြောင်း.. ခန့်မှန်းထားသကဲ့သို့အပျက်အစီး မများကြောင်း..









အခုအခါအပြင်ဘက်တွင် လေအနည်းငယ်သာတိုက် လျှက်ရှိပြီး နေရောင်ခြည်ပွင့်လာပြီဖြစ်ကြောင်း….
မ်းမြောက်စရာကြားသိရပါသည်။
သမီး                 အပြင်မှာစါကလေး..လေးတွေ အော်ပြီး အစါရှာနေကြပြီမေမေ








သူတော်ကောင်းများ၏ ပို့သသော မေတ္တာအစွမ်း သစ္စာအစွမ်း ကြောင့်ပါပေ
အောင်မင်္ဂလာမြေဇင်း ရိပ်သာရှိ ဆရာတော်နှင့်သူတော်စင် ယောဂီများအား ရိုသေ ကျေးဇူးတင်စွာဖြင့် ဦးချကန်တော့လျှက်

ဆရာတော် နှင့် ယောဂီ သူတော်စင် များ စုပေါင်းကာမေတ္တာပို့ ဆုတောင်း ပေးခဲ့ကြပါသည်။

လုံးစုံ များစွာ သတ္တ၀ါချမ်းသာကိုယ်စိတ် မြဲပါစေ…..

မမွှေး