Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Saturday, July 23, 2011

မြန်မာစစ်မျက်နှာ (၁၂)

ရောက်နိုင်ခဲသော မြန်မာပြည်သို့ ခြေချခြင်း


မဲဆောက်မှထွက်ပြီး ဖေဖေါ်ဝါရီလ ၁၇ရက်တွင် မြန်မာပြည်သို့ ဝင်ရောက်လာ၏။ ကျွန်တော်တို့တပ်ရင်းသည် အမှတ်၅၅ တပ်မဟာအောက်တွင်ဖြစ်သောကြောင့် ရှေ့ပြေးတပ်နှင့်အတူ ဆက်လက်၍ နေ့ရောညပါ ဝန်စည်စလယ်များကို သယ်ရ၏။

ထိုင်းတွင်ဆွတ်ခူးခဲ့သော ပင်မှည့်သီးအစိမ်းကလည်း တဖြေးဖြေး ဝင်းလာလေသည်။ ပထမဆုံးအကြိမ်စားဖူးခြင်းဖြစ်သော ဤအပူပိုင်းဒေသသီးနှံကို ရဲဘော်များသည် အရသာခံရင်း ခရီးကြမ်းကို တရွေ့ရွေ့ ဆက်ခဲ့ကြလေသည်။

ပထမဆုံးရန်သူတော်  ငှက်ဖျား

ဤအချိန်တွင် ရဲဘော်များသည် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာခြင်း၊ အရေပြားတွင် အဖိန်းဖိန်းထခြင်းစသည့် လက္ခာဏာရပ်များပေါ်သော ရဲဘော်များက တိုး၍တိုး၍လာလေသည်။ အတွေ့အကြုံများရလာသဖြင့် ဒါ ငှက်ဖျားထတာပဲဟူ၍ သဘောပေါက်လာလေ၏။ လူနာရဲဘော်များကို လှည်းတွင်တင်ဆောင်၍ ဆေးကုသသောအခါ တပတ်ကြာလျှင် အဖျားကျပြီး အလုပ်ခွင်ဝင်နိုင်လာသည်ကို တွေ့ရလေသည်။

နာလံထူလာသည့် ရဲဘော်များက တလှည့်စီ အလုပ်ပြန်ဝင်ကြသဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်သည်အထိ မဖြစ်ခဲ့ပေ။ ငှက်ဖျားကို တိုက်ဖွိုက်ဟုထင်၍ ဆေးစစ်ခံနေကြရသော ရဲဘော်များလည်းရှိသေး၏။ ၄င်းအတွက်ကြောင့် အလုပ်များနှောင့်နှေးကုန်ကာ ဒုက္ခရောက်ကြရသော တပ်ခွဲများအကြောင်းကို ရမည်းသင်းရောက်သောအခါတွင် ကြားရလေသည်။


မြင်းရူးပြန်ခြင်း

မြန်မာပြည်တွင်လည်း တရုပ်ပြည်မှာကဲ့သို့ တောင်ကျချောင်းများရှိလေသည်။ တောင်ဖက်ဒေသတွင် ရေအနည်းငယ်သာ စီးဆင်းနေသော တောင်ကျချောင်းပေါင်းများစွာရှိလေသည်။ ဤချောင်းများတွင် ဖြတ်ကူးရန် တံတားဆောက်လုပ်ထားခြင်းမရှိချေ။ မိုးရွာလျှင် ဤချောင်းများသည် ရေစီးသန်ကာ ရေလျှံပြီး ကွင်းပြင်တခုလုံး ပင်လယ်ကဲ့သို့ဖြစ်သွားလေသည်။ လှေ ဖောင် တို့ဖြင့်မှလွဲ၍ ဖြတ်ကူးရန် မဖြစ်နိုင်ပါ။ တံတားဆောက်၍ မဖြစ်နိုင်လို့လား မဆိုနိုင်ပေ။

ကျွန်တော်တို့တပ်ရင်းက မြန်မာပြည်တွင်းဝင်ရောက်သည့်အချိန်က ခြောက်သွေ့ရာသီဖြစ်ပြီး ပူပြင်းသောနေရောင်အောက်တွင် မျက်စိပသာဒဖြစ်စရာ တောပန်းရောင်စုံကလေးများ ညအခါများ တောက်ပသောကြယ်များ တလင်းလင်းတလက်လက် ပိုးစုန်းကြူးလေးများဖြင့် နေ့စဉ် ညဥ့်သန်းကောင်ယံတိုင်အောင် တရွေ့ရွေ့ချီတက်နေရသည်ကိုပင် မေ့နေ၏။ သို့ရာတွင် ကျွန်တော်တို့တပ်က ထပ်ခါတလဲလဲ မြစ်ဖြတ်ကူးရန် အလုပ်ကိုလုပ်ရသည်မှာတော့ အတော်ခေါင်းခဲစရာဖြစ်ခဲ့ပေသည်။ လူကုန်စိတ်ပမ်းကျမည့် အလုပ်တွေချည်းဖြင့် နပမ်းလုံးရမည်ဟု စိတ်ကူးမျှပင်မပေါ်ခဲ့ပေ။

သံလွင်မြစ်ကိုဖြတ်ကူး၍ ဒုံဆန်သို့ သွားရာလမ်းတွင် ညဥ့်သန်းကောင်ယံအချိန် ရုတ်တရက် မြင်းတကောင်က အသံနက်ကြီးဖြင့်အော်မြည်ပြီး ပတ်ချာလည်ပြေးလေ၏။ တပ်တခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွား၏။ 


ကျွန်တော်တို့တပ်သည် ဤအဖြစ်မျိုးကြုံရမည်ဟု မျှော်လင့်မထားခဲ့ပါ။ တပြိုင်နက်တည်း လူ ၃၀ကျော် ဒဏ်ရာရခဲ့လေသည်။ ဤခရီးတွင် ခြေကုန်လက်ပမ်းကျနေသော အိပ်ရေးမဝသော ရဲဘော်များ မြင်းများအား အတိုက်ခိုက်ခံရသကဲ့သို့ဖြစ်လေသည်။ မည်သည့်မြင်းက မည်သို့ ခံစားနေရသည်ကို သတိထားမိသည့် ရဲဘော်တစ်ယောက်မျှ မရှိပါ။

အမှောင်ထဲတွင် ချက်ချင်း ပြုစုကုသရန် ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြသည်မှာ နံနက် အာရုဏ်တက်လာသည်ကိုပင် သတိမထားနိုင်ခဲ့ပေ။ အဆိုးထဲက အကောင်းက မေးရိုးအောက်မှ ကြီးမားသောဒဏ်ရာရသည့်နေရာကို ဖြတ်ထုတ်နိုင်ခြင်းဖြစ်ပြီး တော်တော်များများမှာမူ ပါးစပ်ကို ဟ ၍ လျှာအောက်မှ ဒဏ်ရာရသည့်နေရာကို ဖြတ်ထုတ်ရလေသည်။ ဒဏ်ရာများကို ချုပ်ပြီး ပတ်တီး ပလာစတာတို့ဖြင့် စေ့ထားရလေသည်။ အတော်များများ ဆေးရုံတင်ရပြီး ကျန်လူများကိုလည်း အမိန့်ဖြင့် ကာကွယ်ဆေးထိုးရလေသည်။

ဤအဖြစ်အပျက်ကို “ဂါလဂါလ” ရောဂါကျရောက်ခြင်းဟုခေါ်ကြလေသည်။ ကျွန်တော်တို့တပ်၏ တတိယနှစ်လည်မဂ္ဂဇင်း “ရှုဆိုးခ”တွင် သေဆုံးသူများလည်းရှိသည်ဟု ဖော်ပြထားသော်လည်း ကြားစကားသာလျှင်ဖြစ်ပေသည်။ သေသူမရှိခဲ့ပါ။ ဒဏ်ရာရသော်လည်း ကျိုးပဲ့ခြင်းမရှိသဖြင့် ကံကောင်းထောက်မသည်ဟုဆိုရပေမည်။



ဗြိတိသျှစစ်သားများ၏ကံကြမ္မာ

ဂျပန်တပ်၏ဒလကြမ်းချီတက်မှုကြောင့် ဗြိတိသျှအင်ဒီယန်းတပ်သည် ကစင့်ကလျားဖြင့်ဆုတ်ခွါရရာ ဝမ်းနည်းဖွယ်ရာများကိုလည်း တွေ့ရလေသည်။

ဗြိတိသျှတပ်သည် စစ်တောင်းမြစ်တံတားတွင် ဂျပန်တို့ဖြတ်ကျော်လာမည်ကို စိုးရိမ်သဖြင့် မိမိတပ်များအားလုံး ဆုတ်ပြီးသည်အထိမစောင့်နိုင်ပဲ တံတားကိုဖေါက်ခွဲရလေ၏။ ကျန်ခဲ့သော အင်ဒီးယန်းတပ်များသည် ဤစစ်တောင်းတံတားနေရာတွင် အချိန်မီ မဖြတ်ကူးနိုင်တော့ပဲ တံတားပေါက်ကွဲလေသည်။ နောက်ဆုံးခံစစ်ကို ဤနေရာတွင် ကြိုးစားခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ အင်ဒီးယန်းတပ်များ ပိတ်မိပြီး အတုံးအရုံးသေဆုံးနေသည်ကို မကြည့်ရက်နိုင်ပဲ မျက်နှာလွှဲထားရသည်။

အကယ်၍များ အင်ဒီယန်းတပ်မဟုတ်ပဲ ဗြိတိသျှတပ်ဆိုပါက ဗြိတိသျှတို့ ဤသို့ပင်လုပ်လေမလား။ ကျွန်တော် မစဉ်းစားတတ်တော့ပါ။