Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Saturday, April 14, 2012

ညီညီမောင်က ဘဲဥနှစ်လုံးနဲ့။


မကြီး စီလီကွန်ဗယ်လီရောက်နေသည်မှာ နှစ်လရှိသွားပေပြီ။ အခွန်ရာသီ (Tax season)တွင် ရောက်လာသဖြင့် စူးမာအလုပ်များနေသောကြောင့် ညအိပ်ညနေ ခရီးဝေး ဘယ်ကိုမှ လိုက်ပို့ မပေးနိုင်သေးပါ။
အခွန်ရာသီဆိုသည်မှာ အမေရိကန်ပြည်ထောင်စုတွင် ဖေဖေါ်ဝါရီလမှစတင်၍ ဧပြီလလယ်တိုင်အောင် အလုပ်ရှင်ရော အလုပ်သမားပါ ဝင်ငွေရှိသူမှန်သမျှ အမျိုးမျိုးသော အခွန်ကိစ္စအတွက် အလုပ်များကြရသော ကာလဖြစ်လေသည်။
အလုပ်ရှင်များသည် ဖေဖေါ်ဝါရီလကုန်နောက်ဆုံးထား၍ ပြီးခဲ့သောဘဏ္ဍာရေးနှစ်အတွင်းက လစာနှင့်ငှားရမ်းသော အလုပ်သမားမည်မျှကို လစာ၊ ဆုငွေ စသည် မည်မျှထုတ်ပေးထားကြောင်း၊
ပင်စင်နှင့်ဆိုင်သောအခွန်social Security Tax
ဆေးကုသရေးနှင့်ဆိုင်သောအခွန် Medical Tax
ပြည်ထောင်စုအစိုးရသို့ ဆောင်ရသောအလုပ်သမားများ၏ ဝင်ငွေခွန်Federal Income Tax
ပြည်နယ်အစိုးရသို့ ဆောင်ရသော ဝင်ငွေခွန် State Income Tax နှင့်
အလုပ်လက်မဲ့ဖြစ်သည့်အခါ ယာယီထောက်ပံ့ငွေနှင့်ဆိုင်သောအာမခံခွန် Unemployment Insurance စသည်များကို အသီးသီးဆောင်ထားပြီးကြောင်း အလုပ်သမားများသို့လည်းကောင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရသို့လည်းကောင်း အစီရင်ခံရလေသည်။

၎င်းအပြင် မတ်လကုန်နောက်ဆုံးထား၍ ကံထရိုက်ငှားရမ်း၍လုပ်သော အလုပ်အမျိုးစားများအတွက်လည်း မည်၍မည်မျှ ဝန်ဆောင်ခထုတ်ပေးထားကြောင်းကို ကံထရိုက်လုပ်ငန်းရှင်များ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ အသီးသီးသို့ နှစ်ချုပ်အစီရင်ခံရလေသည်။

ဘဏ်လုပ်ငန်းဌာနများသည်လည်း မိမိတို့ဘဏ်တွင် အကောင့်ဖွင့်ထားသော လူများ၊ လုပ်ငန်းများက ငွေစုလက်မှတ်များ၊ အစိုးရစာချုပ်များ၊ အစုရှယ်ယာစသည်များရောင်းဝယ်မှုမှ မည်၍မည်မျှ အရှူံးအမြတ် ရရှိကြကြောင်းကို အကောင့်ရှင်များ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရသို့ အသီးသီး အစီရင်ခံစာပို့ကြရသည်။
ဤအစီရင်ခံစာများနှင့်အတူ လုပ်ငန်းရှင်များသည် နှစ်ချုပ်အရှူံးအမြတ်စါရင်းကိုဆွဲ၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရထံ ဝင်ငွေခွန်ဆောင်ရလေသည်။
လူတဦးချင်းကလည်း ဤအစီရင်ခံစာများနှင့်အတူ ဝင်ငွေခွန်မည်၍မည်မျှကျသင့်ပါကြောင်းကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရထံ အစီရင်ခံကြရလေသည်။
အလုပ်ရှင်များသည် လစာထုတ်တိုင်း အလုပ်သမားအတွက် ကျသင့်သည့် ဝင်ငွေခွန်အချိုးအစားကို ဖြတ်တောက်၍ ဆောင်ထားပေးပြီးဖြစ်သော်လည်း ဤနှစ်ချုပ်တင်သွင်းသော လူတဦးချင်း၏ တစ်နှစ်တာ အခြေအနေအရပ်ရပ်ပေါ် မူတည်၍ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရတို့က အခွန်လျှော့ပေါ့ကာ ပြန်အမ်းပေးလေ့ရှိသည်။ ထို့ကြောင့် လူများနှင့် လုပ်ငန်းရှင်များအတွက် အခွန်ရာသီတွင် အခွန်ပုံစံများကို ပြင်ဆင်တင်သွင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းသည် တစ်နှစ်တစ်ခါ ပေါ်လို့လာရပေသည်။ 


လိုင်စင်ရဝန်ဆောင်သူသည် အခွန်ဥပဒေများကို ကျွမ်းကျင်နိုင်နင်းရသည့်အပြင် အခွန်ထမ်းပြည်သူများကလည်း အခွန်သက်သာခွင့်ပေးသော ရင်းနှီးမြှုပ်နှံမှုများ၌ မြှုပ်နှုံတတ်ရန်လိုပေသည်။
အခွန်ရာသီတွင် အစိုးရဌာနများ၊ ဘဏ်များ၊ လုပ်ငန်းရှင်များနှင့် လူများပါမကျန် မိမိတို့သက်ဆိုင်ရာ ဝင်ငွေထွက်ငွေစါရင်းများကို ပြန်စိစစ်ကြရ၍ ပြီးခဲ့သော ဘဏ္ဍာရေးနှစ်က အတွေ့အကြုံများပေါ်မူတည်ပြီး လာမည့်နှစ်အတွက်၊ နောင်ရေးအတွက်၊ နိုင်ငံဘဏ္ဍာတော်အတွက် ပြင်ဆင်ရန် သတိရစေသော ကာလလည်းဖြစ်ပေသည်။

အမေရိကန်နိုင်ငံ၏ အခွန်စနစ်တွင် ဝင်ငွေရသည့်အပေါ် ဝင်ငွေခွန်၊ စားသုံးဝယ်ခြမ်းတိုင်း စားသုံးခွန်၊ အိမ်ဝယ်ထားသဖြင့် အိမ်ခွန်၊ သုံးပြီးသော လျှပ်စစ်နှင့် အခြားအန္တရာယ်ရှိပစ္စည်းများ စွန့်ပစ်သည့်အခါ စွန့်ပစ်ခွန်၊ စုဆောင်း ရင်းနှီးမြှုပ်နှံ၍တိုးပွားလာသည့်အပေါ်တွင်လည်း   ဝင်ငွေခွန်၊ သေဆုံးသည့်အခါ ကျန်ရစ်သူ၏ပစ္စည်းအပေါ်ကောက်ခံသော သေခွန် စသည်ဖြင့် အမျိုးမျိုးသောအခွန်ဥပဒေများရှိရာ ရှောင်ကွင်းသွားတတ်မှသာ အချိန်တန်လျှင် ပရုပ်လုံးမဖြစ်ဘဲ အငြိမ်းစားယူနိုင်မည်ဖြစ်သည်။

စူးမာက အခွန်ရာသီတွင် လုပ်ငန်းအခွန်ကိစ္စနှင့် လူတဦးချင်းအခွန်ကိစ္စများကို ဝန်ဆောင်မှုလုပ်ပေးသဖြင့် ယခုနှစ် စါရင်းပိတ်ရက်ဖြစ်သော ဧပြီလ၁၇ရက်နေ့အထိ အလုပ်များနေရခြင်းဖြစ်သည်။

မကြီးကိုအလည်ခေါ်ထားပြီး အိမ်တွင်တစ်ယောက်တည်း ပစ်ထားသည်ဖြစ်မှာစိုးသည့်အတွက် အိမ်တွင်လုပ်၍ရသောအလုပ်များကို အိမ်မှာသာလုပ်လေသည်။ ရုံးမှ လက်တော့ပ်တစ်လုံးသယ်လာပြီး အိမ်တွင် လက်တော့ပ် တစ်ယောက်တစ်လုံးဖြင့် စကားပြောလိုက် စားသောက်လိုက် မကြီးကိုလည်း ဒီနိုင်ငံကစနစ်တွေ အင်တာနက်တွေသုံးတတ်အောင် သင်ပေးလိုက်ဖြင့် အလုပ်ဖြစ်နေကြလေသည်။

ပျင်းဖို့ဝေးစွ ဖေ့ဘွတ်၊ ဂျီတော့ခ်၊ စကိုက်ပ်ဖြင့် အွန်လိုင်းပေါ်တက်လာတတ်သော ဆွေမျိုးများနှင့် လှည့်ပတ်အာထုလိုက် အီးမေးလ်ပို့လိုက်ဖြင့် ခေတ်မီနေပေသည်။
အင်တာနက်မှ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးများနှင့်ပတ်သက်သော တိုက်တွန်းနှိုးဆော်မှုများတွင်လည်း (Online Petition Campaign) တတပ်တအားပါဝင် တတ်နေလေပြီ။ မြန်မာပြည်မှာ အလုပ်ချည်းကြုံးလုပ်နေခဲ့ရသဖြင့် နားမထောင်အားသော ဟောပြောပွဲများ၊ မဖတ်အားခဲ့သော သတင်းများ၊ မကြည့်အားခဲ့သော ရုပ်ရှင် အငြိမ့်များ၊ မနာအားခဲ့သော တရားတော်များနှင့်လည်း ထိတွေ့ အပ်ဒိတ်(update) ဖြစ်ကာ အဝေးရောက် သမီးများ၊ တူမများနှင့် နေ့စဉ် ပြောစရာတွေရှိနေတတ်လေသည်။

တနေ့တနေ့ သူ့မှာ ဖေ့ဘွတ်ကိုချောင်းနေတတ်ပြီး သူ့သမီးကိုမတွေ့လျှင် -
“ငါ အီးမေးလ်နဲ့ ပို့လိုက်အုံးမယ်။ ဒီကောင်တွေ ခုတောင် ပေါ်မလာသေးဘူး။”ဟုဆိုကာ တနေ့လုံး စာရိုက်နေတတ်၏။
အစက အင်္ဂလိပ်လိုသာ သင်ထားပေးသဖြင့် အဘိဓါန် တစ်အုပ်ဖြင့် သံချေးတက်နေသော သူ့ဦးဏှောက်ကို ကူရလေသည်။
နောက်တော့ မကြီးကို ဒေါက်တာခင်မောင်ညိုချန်ထားခဲ့သော မြန်မာကီးဘုတ်တပ်ပေးလိုက်သဖြင့် သူ့သမီးများထက်တောင် မြန်မာစာလုံးရိုက်ကျွမ်းကျင်နေပေတော့သည်။ သမီးများက မြန်မာစာလုံးမရိုက်ပဲ အင်္ဂလိပ်စာလုံးဖြင့် မြန်မာအသံထွက်ကိုရိုက်ကာ ပို့သဖြင့် “ဖတ်ရခက်လိုက်တာ”ဟုဆိုကာ ဘဝင်မကျချေ။

“ငါ လည်းခုမှပဲ ကိုဖေကျော်ထင်နဲ့ (သူ့ခင်ပွန်း) စါရေးဖြစ်တော့တယ်။ အိမ်မှာတုန်းက စကားပြောဖို့ အချိန်မရှိဘူး။ ဟား ဟား ဟား။ တော် တော် အဆင်ပြေတာပဲ။ (လွန်ခဲ့သော အနှစ်၂၀ကျော်က ဆုံးသွားသော) အဖေ့ကို သတိရလိုက်တာ။”

တနေ့က တူတော်မောင် “ညီညီမောင် စကာင်္ပူရောက်သွားပြီ ကျောင်းဆက်တက်မလို့”ဟု ကြားသဖြင့် အွန်လိုင်းမှ ချတ် (Chat)လုပ်ချင်သောကြောင့် အီးမေးလ်လိပ်စာမေးလေသည်။
“စူးမာဆီမှာ မရှိဘူး။ ဖေ့ဘွတ်မှာ သူ့ကိုရှာပြီး ဖိတ်လိုက်လေ။”
“ဘယ်လို ဖိတ်ရမလဲ”
“ညီညီမောင်နာမယ်ကိုရိုက်ပြီး search မှာရှာလိုက်။ သူ့စာမျက်နှာ ထွက်လာရင် friend ထဲထည့်လိုက်။ သူလက်ခံလိုက်ရင် မကြီး contact စါရင်းထဲမှာ ပေါ်လာလိမ့်မယ်။ ရုံးသွားလိုက်အုံးမယ်။ မရရင် ပြန်လာမှ လုပ်ပေးမယ်။”












အိမ်ပြန်ရောက်သောအခါ-
“ငါ add လိုက်တာတော့ ဝင်နေပြီ။ ငါစာရေးထားတာ ခုထိ စာပြန်မလာသေးဘူး။”
“ဟုတ်လား ကြည့်ရအောင်။ ညီညီမောင် သူ့ profile ဓါတ်ပုံ ပြောင်းသွားလား။”
“ဟင် ငါမသိဘူး။”
“နေအုံး ကြည့်လိုက်အုံးမယ်။ ဟော ပြောရင်း ဆိုရင်း တက်လာပြီ။” မီးစိမ်းပြနေသဖြင့် အွန်လိုင်းပေါ်ရောက်နေ၏။
“အန်တီတဲ့ ခေါ်နေပြီ။ လူမှားနေပြီထင်တယ်။”
“အော် ငါသိပြီ ညီညီမောင် (ဓါတ်ပုံ)က ဘဲဥ၂လုံးနဲ့။ ဒါ တခြား ညီညီမောင်ဖြစ်မယ်။”
“မကြီးကလဲ ဘဲဥမဟုတ်ပါဘူး။ လက်ဖက်ရည်ပုဂံ၂ခွက်ပါ။ ကော်ဖီထဲမှာ ခရင်အမြှူပ်တွေကို အသဲပုံလေးလုပ်ထားတာကို ရိုက်ထားတာ။ လုပ်တော့မယ်။”
“ဟုတ်လား။ ဟား ဟား ဟား။ ငါက အဖြူရောင်၂လုံးမြင်လို့ ဘဲဥ ထင်နေတာ။”
“သူ့ခင်မြာ ကဗျာဆန်နေတာ မကြီးလုပ်မှပဲ ဘဲဥဖြစ်သွားပြီ။”
“ဟား ဟား ဟား။”

၎၊ ၁၁၊ ၂၀၁၂။

No comments:

Post a Comment