Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Thursday, March 15, 2012

ရိုတရီ အင်တာနယ်ရှင်နယ်-ဘာကလေခရိုင် အဖွဲ့ခွဲ၏ ကမ္ဘာ့ငြိမ်းချမ်းရေးကြိုးပမ်းသူ ဂုဏ်ထူးဆောင်ဆု အပ်နှင်းခြင်း အခမ်းအနား။

Rotary International ရိုတရီ အင်တာနယ်ရှင်နယ်(Berkeley District ဘာကလေခရိုင်)အဖွဲ့ခွဲသည် ၁၉၅၅ခုနှစ်တွင် ရိုတရီ အင်တာနယ်ရှင်နယ်အဖွဲ့ချုပ်၏သက်တမ်း ရွှေရတုအထိမ်းအမှတ်အဖြစ် ဘာကလေခရိုင် Tilden Park တိုင်လ်ဒန်တောတွင် Sequoia Gigantea စက်ကွေးယား ဂျီ၈ျန်တီး အမျိုးအစား နှစ် ထောင်ကျော် အသက်ရှည်သော Redwood ရက်ဝုသစ်ပင် ၁၀၀ကို စိုက်ပျိုးထားပြီး နှစ်စဉ် ကမ္ဘာ့ငြိမ်းချမ်းရေးကြိုးပမ်းသူ ဂုဏ်ထူးဆောင်ဆုကို လူတစ်ဦးချင်းကိုသော်လည်းကောင်း အဖွဲ့အစည်းကိုသော်လည်းကောင်း ရွေးချယ်ဂုဏ်ပြုလာခဲ့သည်။ ယခု ၄၆ကြိမ်မြောက်တွင် ၂၀၁၁ခုနှစ်အတွက်မူ မြန်မာနိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးချယ်ခဲ့ကြလေသည်။

၂၀၁၂ခု မတ်လ၇ရက်နေ့တွင် ဆုနှင်းသဘင်အခမ်းအနားကို တိုင်လ်ဒန်တောအုပ် ဘရာဇီးအဆောက်အဦးတွင်ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆွေမျိုးတော်စပ်သူ အမျိုးသားညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက တက်ရောက်လက်ခံခဲ့သည်။ 
ဤ ရိုတရီ အင်တာနယ်ရှင်နယ်-ဘာကလေခရိုင် အဖွဲ့ခွဲမှအပ်နှင်းသောဆုကို ၁၉၆၄ခုနှစ်အတွက် မြန်မာနိုင်ငံမှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်က ရရှိခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံမှ ထပ်မံဆွတ်ခူးခြင်းဖြစ်ပေသည်။

၁၉၆၄ခုနှစ်အတွက် ဆုနှင်းသဘင်ကျင်းပစဉ်ကလည်း များမြောင်လှစွာသော လုပ်ငန်းတာဝန်များကြောင့် ဦးသန့်ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပါ။


ရိုတရီ အင်တာနယ်ရှင်နယ်အဖွဲ့ချုပ်သည် ၁၉၀၅ခုနှစ်တွင် ဥပဒေအကျိုးဆောင် Paul Harris ပေါလ်ဟရစ်နှင့် စိတ်တူကိုယ်တူ သူငယ်ချင်း၃ယောက်က စတင်တည်ထောင်ခဲ့ကြသော ကမ္ဘာတွင် ပထမဦးဆုံးသော ပရဟိတအဖွဲ့ဖြစ်သည်။
အဖွဲ့၏ဆောင်ပုဒ်မှာ “Service Above Self ကိုယ်ကျိုးမဖက် များအတွက် ဝန်ဆောင်မှု” ဖြစ်သည်။
စတင်တည်ထောင်စဉ်က ရိုထရီ-ချီကာဂိုကလပ်ဟုသာ အမည်ပေးထားသော်လည်း ၁၀နှစ်အတွင်း ရိုထရီစိတ်ဓါတ်များ ရေပန်းစားလာပြီး ကလပ်သစ်များသည် မြောက်အမေရိကတိုက် အနောက်ခြမ်း ဆန်ဖရန်စစ္စကိုမှ အရှေ့ခြမ်း နယူးယောက်ကိုကျော်လွန်၍ ကနေဒါနိုင်ငံ ဝင်နီပဂ် ထိတိုးပွားလာခဲ့သည်။ ၁၉၂၁ခုနှစ်တွင်မူ ကမ္ဘာ့တိုက်၆ခုလုံးထိပြန့်ပွားသွားခဲ့သောကြောင့် ရိုတရီ အင်တာနယ်ရှင်နယ်အဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။
၁၉၃၂ခုနှစ်တွင် အသင်းဝင် Herbet Taylor ဟားဘတ်တေလာက အသင်းဝင်များဆောင်ရန် ကျင့်စဉ်၎ခုချမှတ်ခဲ့သည်။
၁။ ဒါ မှန်ရဲ့လား
၂။ ဒါ အားလုံးအတွက် တရားမျှတရဲ့လား
၃။ နှစ်ဦး၂ဖက် စိတ်ကောင်းစိတ်မြတ်များ ကြည်ကြည်လင်လင်နဲ့ ဆက်ဆံရေးတွေ ပိုကောင်းလာနိုင်မလား
၎။ လူသားအားလုံးအတွက် အကျိုးဖြစ်ထွန်းနိုင်မလား
ဤမေးခွန်းများကို အမြဲစဉ်းစား၊ ပြောဆို၊ လိုက်နာပါ ဟူ၍ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း ရိုထရီကလပ်များသည် ပိတ်ပင်ခံရခြင်းများရှိသကဲ့သို့ တဖက်တွင်လည်း စစ်ဒုက္ခသည်များကို အရေးပေါ် ကယ်ဆယ်ရေးအကူအညီများ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြသည်။
စစ်ကြီးမပြီးခင် ၁၉၄၂ခုနှစ်၌ နိုင်ငံပေါင်း၂၁နိုင်ငံမှ ရိုထရီအသင်းသားများသည် ညီလာခံခေါ်ယူ၍ လူနေမှုဘဝများတိုးမြင့်လာစေရန် နိုင်ငံအချင်းချင်း ပညာရေး၊ သိပ္ပံနည်းပညာများ၊ ယဉ်ကျေးမှုများ ဖလှယ်ရေးအတွက် အစီအစဉ်များချမှတ်ဆွေးနွေးခဲ့ကြသည်။ ဤညီလာခံ၏ရလာဒ်သည် ယူနက်စကိုဖြစ်ပေါ်လာစေရန် များစွာတွန်းအားပေးခဲ့ပေသည်။
၁၉၄၅ခုနှစ်တွင် ဆန်ဖရန်စစ္စကို၌ကျင်းပသော ကုလသမဂ္ဂပဋိဥာဉ်စာတမ်း ချမှတ်ရေးညီလာခံသို့လည်း ကိုယ်စားလှယ်ပေါင်း၂၉ဦးနှင့်အတူ ရိုထရီအသင်းဝင် ၄၉ယောက်တို့သည် ပူးပေါင်းပါဝင် ဆွေးနွေးကူညီခဲ့ကြသည်။ ဤသို့ဖြင့် တတ်ကျွမ်းပညာရှင် ရိုထရီအသင်းဝင်များနှင့် ကုလသမဂ္ဂသည် ခွဲ မရတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ စာမတတ်သူပပျောက်ရေး၊ အစာငတ်မွတ်သူပပျောက်ရေး၊ ကလေးသူငယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများမဲပေးပိုင်ခွင့် စသည့် စီမံကိန်းများကို ဆောင်ရွက်ရာတွင် ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ် ပါဝင်လာရတော့သည်။

ရိုထရီဘာကလေခရိုင် ကလပ်တစ်ခုပင်လျှင် သက်တမ်း၈၀ကျော်ကြာမြင့်နေပြီး ပထမကမ္ဘာစစ်အပြီး စစ်ဘေးကြုံကြရသော နိုင်ငံများမှ ကလေးများအတွက် ဖိနပ်အရံပေါင်း ၈၀၀၀ကျော်လှူဒါန်းခြင်းမှအစပြုကာ အာဖရိက၊ တောင်အမေရိက၊ အစ္စရေးနိုင်ငံများသို့ စာအုပ်များလှူဒါန်းခြင်း၊ ကမ္ဘာတွင် ပိုလီယိုရောဂါပပျောက်ရေးအတွက် သန်း၃၀၀ကျော်စီမံကိန်းများကို ဦးဆောင်ရှာဖွေလှူဒါန်းခဲ့ခြင်း၊ ပြည်တွင်းပြည်ပ စာကြည့်တိုက်များ၊ ဆေးရုံများ၊ ကျောင်းများ၊ သာရေးနာရေးအဆောက်အဦများလှူဒါန်းခြင်း၊ ပညာရေးဖလှယ်သောအစီအစဉ်များနှင့် ပညာသင်ကြေးထောက်ပံ့ခြင်းများ၊ နှစ်စဉ် ကိုယ်ကျင့်တရားမြှင့်တင်ပေးသော ကျောင်းသုံးစာအုပ်များပြုစု လှူဒါန်းခြင်းများအပြင် စာကြည့်တိုက်များ၊ ကျောင်းများ၊ ဆေးရုံများ၊ လူအိုရုံများတွင် လုပ်အားပေးခြင်းများပါမကျန် ဆောင်ရွက်ခဲ့ပေသည်။
နိုင်ငံပေါင်း၂၀၀ကျော်မှ အဖွဲ့ဝင်ပေါင်း ၁.၂သန်းကျော်ရှိသော ရိုထရီကလပ်များသည် နိုင်ငံ့ခေါင်းဆောင်များ၊ နိုဘယ်ဆုရှင်များ၊ စာရေးဆရာများ၊ ဘာသာရေးခေါင်းဆောင်များ၏ စိတ်ပါဝင်စားမှုခံရကာ ပါဝင်ကူညီကြသောကြောင့် လူသားဂုဏ်သိက္ခာမြှင့်တင်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စများကို အရှိန်အဟုန်ဖြင့် တတတ်တအား ဆောင်ရွက်လျက်ရှိပေသည်။

အခမ်းအနားတွင် ကလပ်ငြိမ်းချမ်းရေးကော်မီတီဥက္ကဌ Maxim Schrogin မက်စင်ရှိုဂျင်မှ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှုပေါ်ပေါက်ရေးကြိုးပမ်းချက်များ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများဟာ မြန်မာပြည်သူများသာမက ကမ္ဘာတဝှမ်းမှ ကျွနုပ်တို့အားလုံးအတွက် အားကျ ဂုဏ်ယူစရာဖြစ်ခဲ့ရကြောင်း၊ ၂၀၁၁ခုနှစ်အတွက်  ကမ္ဘာ့ငြိမ်းချမ်းရေးကြိုးပမ်းသူရွေးချယ်ရာမှာ ရိုထရီအသင်းဝင်များအပြင်  ဘာကလေတက္ကသိုလ်အဓိပတိ၊ ဘာကလေမြို့တော်ဝန်များအပြင်၊ ဂုဏ်သိက္ခာကြီးမားသော ဘာသာရေးခေါင်းဆောင်များရဲ့ ဆန္ဒများလည်းပါဝင်ကြောင်း”ရှင်းပြပါသည်။

ဒေါက်တာစိန်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုအကျိုးကိုကြည့်ပြီး ဦးသိန်းစိန်အစိုးရ ဖွင့်ပေးထားတဲ့ အလွန်ကျဉ်းမြောင်းတဲ့ လမ်းကြောင်းကို ရွေးလိုက်ရခြင်းဖြစ်ကြောင်း။ မြန်မာပြည်သူများရော မြန်မာအစိုးရပါ အမေရိကန်ပြည်သူများရဲ့ လေးစားယုံကြည်မှုကို လိုလားကြောင်း။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်ရန် အခက်အခဲများစွာဖြင့် ကြိုးစားရအုံးမှာဖြစ်ကြောင်း။ အခုကြားဖြတ်ရွေးကောက်ပွဲဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၏ စမ်းသပ်ပွဲတစ်ခုသာဖြစ်ကြောင်း၊ အမေရိကန်ပြည်သူများ၏ စောင့်ကြပ်ကြည့်ရှု ကူညီယိုင်းပင်းမှုများ လိုအပ်ဆဲဖြစ်ကြောင်း” ပြောကြားပါသည်။  
ရိုထရီခရိုင်မြို့တော်ဝန် Dave Dacus ဒေ့ဗ်ဒကပ်စ်က “ဤကမ္ဘာကြီးပေါ်တွင် စစ်ပွဲများမရှိယုံမျှဖြင့် ငြိမ်းချမ်းရေးမရရှိနိုင်သေးကြောင်း လူတစ်ဦးချင်းရဲ့ အတွင်း အဇ္ဈတ္တမှာ ငြိမ်းချမ်းမှုရအောင်လုပ်နိုင်မှသာလျှင် ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ အဲဒီကမှတဆင့် ကမ္ဘာကြီး ငြိမ်းချမ်းအောင် လုပ်နိုင်မည်ဟုယုံကြည်ကြောင်း၊ ရိုထရီအသင်းဝင်များသည် ဤနည်းဖြင့် ဆပွား ကြိုးစားလုပ်ဆောင်ကြဖို့ သန္နိဌာန်ချထားသူများဖြစ်ကြောင်း။ ယခုအခါ ပညာရေး၊ သောက်ရေသန့်ရရှိရေး၊ ရောဂါတိုက်ဖျက်ရေး၊ စီးပွားဖွံ့ဖြိုးရေးစသည့်ကိစ္စများကို ဆောင်ရွက်လျှက်ရှိကြောင်း။” ကို ရှင်းလင်းပြောပြပါသည်။
နိဂုံးတွင် တက်ရောက်သူများအားလုံးက-
“ရိုထရီကျင့်စဉ်များကိုလိုက်နာလျက် ကျွနုပ်တို့သည်-
ကမ္ဘာပေါ်တွင် နိုင်ငံအချင်းချင်းနားလည်မှုရှိရေး၊ စိတ်ကောင်းစေတနာကောင်းများပေါ်ထွန်းရေးနှင့် ငြိမ်းချမ်းရေးရရှိရေးကို ရည်သန်လျက် ဤရက်ဝုသစ်ပင်ရှေ့မှောက်တွင် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့်ဂုဏ်သိက္ခာအတွက် မရပ်မနားကြိုးပမ်းနေသော ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည်။
မြန်မာပြည်သူများလွတ်မြောက်ကြပါစေ။
ကျွနုပ်တို့၏ယုံကြည်ချက် ဆင်ခြင်တုံတရားသည် ဘဝ၏ရံရွေတော်သဖွယ် အပါးမှာအမြဲခစားပါစေ။ သေခြင်း၏နောက်လိုက်မဖြစ်ပါစေနှင့်။
စစ်ပွဲကိုလည်ပတ်စေမည့်ယန္တရားများတွင် အသုံးပြုသောဘဏ္ဍာငွေများသည် အဆုံးသပ်ကာ ငြိမ်းချမ်းမှုတည်ဆောက်ရေးအတွက် ဖြစ်ကြပါစေ။
မိမိတို့နိုင်ငံကိုသာမက ကမ္ဘာ့မိသားစုဝင်များအပေါ် မေတ္တာထားနိုင်ကြပါစေ။
ကျွနုပ်တို့ရိုထရီအဖွဲ့ဝင်များ၏ အသက်၊ စေတနာ သဒ္ဓါတရား၊ စွမ်းအားများကို လူသားတို့၏အကျိုးစီးပွားအတွက်လည်းကောင်း၊ ကမ္ဘာပေါ်တွင် နိုင်ငံအချင်းချင်းနားလည်မှုရှိရေး၊ စိတ်ကောင်းစေတနာကောင်းများပေါ်ထွန်းရေးနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် အသုံးချရန် သန္နိဌာန်ပြုသည်။” ဟု သံပြိုင်ရွတ်ဆိုကြပါသည်။
အိမ်အပြန်လမ်းတွင် ကျွန်မတို့နိုင်ငံအကြောင်းကိုစဉ်းစားနေမိပါသည်။

တကယ်တော့ ကျွန်မတို့သည် မွေးဖွားလာကတဲက ဗုဒ္ဓထံမှ လူ့သားဂုဏ်သိက္ခာမြှင့်တင်နည်း များဖြစ်သော ၅ပါးသီလ၊ မိဘဝတ်၊ ဆရာ့ဝတ်၊ အကြီးအကဲဝတ် စသည်များ၊ လူတင်မက နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဖြစ်အောင်နေထိုင်နည်းများဖြစ်သော ၃၈ဖြာမင်္ဂလာ၊ ဒီဘဝတွင်မက တစ်သံသရာလုံး အမြဲငြိမ်းချမ်းအောင်နေထိုင်နည်းများဖြစ်သော မဂ္ဂင်၈ပါးများကို ကောင်းစွာ ကြားသိပြီးဖြစ်ကြလေသည်။

အမြင့်ဆုံးသော လူ့သိက္ခာဖြစ်သည့် မဂ်ဥာဏ် ဖိုလ်ဥာဏ်ရစေမည့် ဆောင်ပုဒ်ဖြစ်သော-
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြုအောင်စိတ်ကိုထားဟူသည့် သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်ကိုလည်း ၄၅သန်းသောမြန်မာများ ကြားဖူးကြပြီးဖြစ်လေသည်။
ဗုဒ္ဓ၏သင်္ကေတအမှတ်အသားများဖြစ်သော စေတီပုထိုးများ သာသနာ့အဆောက်အဦးများလည်း လက်ညှိုးထိုး၍မလွဲအောင် ရှိနေလေပြီ။
ထိုစေတီပုထိုးများရှေ့တွင်လည်း ဆုတောင်း အာမဘန္တေ ခံကြသည်မှာလည်း အကြိမ်ကြိမ်။
ဗုဒ္ဓ၏တရားတော်များကို သင်ကြားလေ့ကျင့်ပေးနေသော တရားပွဲများ တရားစခန်းများလည်း အသံမစဲ တသဲသဲ။
စိုက်ပျိုး၍ရသောမြေများ၊ မျှတသောရာသီဥတုများ၊ သယံဇာတများ၊ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သည့် လူသားအရင်းမြစ်များလည်းရှိနေပေသည်။
သို့ရာတွင် ကျွန်မတို့မြေပေါ်တွင် အနှစ်၅၀ကျော်ကြာအောင် မငြိမ်းချမ်းနိုင်သေးပါ။

 “သေနတ်ကိုင်သောလက်များကို လက်တော့ပ်ကိုင်သော လက်များအဖြစ်ပြောင်းပေးမည်” ဟူသော သမ္မတကြီးဦးသိန်းစိန်၏ မိန့်ခွန်းနှင့်
ဆရာတော်ဓမ္မဘေရီ၏ “နှုတ်တွင်ဆောင်ပဲရတယ် သရုပ်ဆောင်မှာတော့ညံ့နေသေးတယ်”ဆိုသော အဆုံးအမကိုသာ ကြားယောင်နေမိပါတော့သည်။
၃၊၉၊ ၂၀၁၂။