Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Tuesday, January 24, 2012

မြန်မာစစ်မျက်နှာ(၂၀)

တိရိစ္ဆာန်ဆေးကုဆရာဝန်နှင့် တိရိစ္ဆာန်များ

ကျွန်တော်တို့တပ်ခွဲမှ တိရိစ္ဆာန်ဆေးကုဆရာဝန်(တိ-မွေး-ကု)သည် တိ-မွေး-ကု ဆရာဝန်များ မလုံလောက်သောကြောင့် ဗိုလ်လောင်းဒုတိယအဆင့်ဖြစ်သော တပ်ကြပ်ရာထူးမှ ကောက်ကာငင်ကာ အစမ်းခန့်အရာရှိဖြစ်လာသူဖြစ်သည်။ သူ့အတွက် ဤရာထူးသည် မိုးပေါ်မှကျလာသည့် အရာရှိအဆင့်ဖြစ်သည်။ တက်သစ်စလူအဖြစ် တောက်မည့်မီးခဲ အရှိန်နှင့်ရဲ ဖြစ်ရမည့်အစား ဝါရင့်စစ်မှုထမ်းများက ဘယ်တော့ ဘာပြဿနာဖြစ်မလဲ ဟုသော်လည်းကောင်း၊ အရာရှိတစ်ယောက်၏လုပ်ပိုင်ခွင့်နှင့်တာဝန်ကို နားမလည်ဘဲ ဘယ်လို အာဏာပြအုံးမလဲဟုသော်လည်းကောင်း တထိတ်ထိတ်ဖြင့် ရဲဘော်များခင်မြာ အသေးအဖွဲပြဿနာများစွာဖြင့် ကြုံတွေ့ကြရလေသည်။

“တိမွေးကုဆရာ နံပါတ် (၀၀) က အစာအိမ်က ပြဿနာတက်နေတယ်။ လာစမ်းသပ်ပါအုံး။”
တပ်သားများက လာရောက် သတင်းပို့၏။
“မင်းက တိ-မွေး-ကု ဒီပလိုမာရထားတာ မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး အစာအိမ်က ပြဿနာလို့ ပြောရတာလဲ။”
ဟု ဟောက်ပြီး တပ်သားကို ပါးရိုက်လေ၏။

ဗိုလ်လောင်းသင်တန်းတွင် သူတို့သည် ပါးရိုက်သော နှိပ်စက်မှုကို ကျင့်သုံးခဲ့ကြဟန်ရှိသည်။ တပ်သားများကို နေ့စဉ် ပါးရိုက်ခြင်းမှာ သူ့အတွက် ထမင်းစားရေသောက်သဖွယ် ဖြစ်နေသည်။ ကျွန်တော်သည် ကြည့်မနေနိုင်သောကြောင့်-
“စစ်သားအတွေ့အကြုံ အတော်လေးရထားပြီးတဲ့ သူဟာ သူ့အတွေ့အကြုံအရ မြင်းရဲ့ခံစားမှုကို နားလည်နေတာ တင်ပြပေစေပေါ့။ ရိုက်စရာမလိုပါဘူး။”-ဟု ကြိမ်ဖန်များစွာ သတိပေးသော်လည်း လက်မခံပေ။ 
တပ်သားများ၏မုန်းတီးမှုကိုခံရသော သူသည် ရမည်းသင်းရောက်ပြီး မကြာခင်မှာပင် ခုံရုံးတွင် ပြဿနာတက်လေတော့သည်။ တပ်သားများ၏ရှေ့တွင် ဝန်ချတောင်းပန်ရမည်ဟူသော အရှက်တကွဲ ဂုဏ်သိက္ခာကျစရာများဖြစ်လာလေသည်။ မိမိ ပျိုးထားသော အကုသိုလ်အစေ့က အကုသိုလ်အညှောက်ပေါက်လာမည်ကို မသိရှာချေ။

ဤတွင်မကသေး ကျွန်တော်၏ ဆေးခန်းသို့လာရောက်ကာ-
တပ်ရင်းမှူးနှင့် တိ-မွေး-ကု အရာရှိများရှေ့တွင် ကျွန်တော်မွေးထားသောခွေးကလေး၏ တင်ပါးကို ခွဲစိတ်စစ်ဆေးရန်အတွက် သူ့ထံ အပ်နှံရမည်ဟုဆိုလေသည်။
ကျွန်တော်သည် ရမည်းသင်းတွင်တပ်ချစဉ် ခွေးငယ်တစ်ကောင်မွေးထားသည်။ ၄င်းခွေးငယ်သည် ဤအခန်းတွင်း၌ရှိသော အရာရှိများအားလုံးနှင့် ယဉ်ပါးပြီး မေတ္တာခံယူနေရသော အချစ်တော် ခွေးကလေးဖြစ်သည်။


“ဘာကိစ္စအတွက် ခွဲစိတ်စစ်ဆေးချင်တာလဲ”
“အင်္ဂါ အစိတ်အပိုင်းတွေ လေ့လာချင်လို့ပါ”
ကျွန်တော်က-
“မင်းပြောနေတာ တိရစ္ဆာန်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို လေ့လာချင်တာဆိုရင်တော့၊ ဒီခွေးကလေးနဲ့ ဘာမှမဆိုင်ဘူး။ ဒီခွေးကို ဘာမှ ခွဲစိတ်စစ်ဆေးစရာ မလိုဘူး။ တိရစ္ဆာန်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို လေ့လာချင်တာနဲ့ ကျွန်တော်မွေးထားတဲ့ခွေးကလေးက ခွဲစိပ်စစ်ဆေးခံ ပေးစရာမလိုဘူး။ တောထဲမှာ ခွေးလေခွေးလွင့်တွေအများကြီးပဲ။ တပ်သားတွေကို ဖမ်းခိုင်းပြီး အဲဒီခွေးတွေကိုသုံးလေ။”ဟု ပြောတော့-

“ဆေးပညာသင်တဲ့လူတိုင်း ခွဲစိတ်ဆရာဝန်ဖြစ်ဖို့အတွက် တိရစ္ဆာန်တွေကို ခွဲစိတ်စစ်ဆေးကြရတာ။ ဘာဖြစ်လို့ နားမလည်နိုင်ရတာလဲ။”ဟု မကြားတကြား ရေရွတ်ကာ ဆေးခန်းအတွင်းမှ ထွက်သွားလေသည်။ 


ဤတွင် ဤကိစ္စပြီးသွားပြီဟု မှတ်ကာရှိသေး လက်စသတ်တော့ သူသည် ခွင့်ပြုချက်မရဘဲ ကျွန်တော့်ခွေးငယ်ကို ဖမ်းရန်ထွက်သွားတာကိုး။
ဘယ်လောက်မျှမကြာလိုက်ပါ။ သူသည် အစာပြ၍ ခွေးကလေးကို ဖမ်းလိုက်၏။ ခွေးအင်္ဂါအစိတ်အပိုင်းကို လေ့လာကြရန် စုရုံးရောက်ရှိလာကြသော တိ-မွေး-ကု အရာရှိများနှင့် တပ်သားများသည် မှင်တက်မိကာ ကြက်သေသေသွားကြလေသည်။ မည်သူတစ်ဦးတယောက်မျှ ကန့်ကွက်ခြင်းတော့ မပြုကြပေ။
တိရစ္ဆာန်အင်္ဂါအစိတ်အပိုင်းကို လေ့လာရန်ဟူသော အကြောင်းပြချက်ဖြင့် သူသည် ဆေးခန်း၏နောက်ဖက်တွင်ရှိသော ခွေးငယ်၏ခေါင်းကို အုတ်ခဲဖြင့်ထုခွဲကာ သတ်လိုက်၏။ ကျွန်တော်၏စိတ်ထဲတွင် ဤခွေးငယ်ကို ရက်ရက်စက်စက် သတ်ရန်သွားသည်ဟု စိုးစဉ်းမျှ မတွေးမိပါ။ ဤကိစ္စသည် ကျွန်တော့်တွင် မည်သို့မျှ ထိခိုက် ဆုံးရှူံးမသွားပါ။ သူနှင့်ပတ်သက်လျှင် ချက်ချင်းပင် ပြန် အမှတ်ရစေသော အကြောင်းများဖြစ်သော်လည်း အစိုင်အခဲဖြစ်လျက်အတိုင်းပင် တစ်ခွန်းမှ ထုတ်မပြောဖြစ်ပါ။ သူ့ကို ထိုးကျိတ်ချင်သော စိတ်က အနည်းနှင့်အများပေါ်လာသော်လည်း ဗိုလ်ကြီးယာမဒက ကြားဝင်၍ ထိုသူကလည်း တောင်းပန်သောကြောင့် ဤအမှုသည် ကျေအေးပြီးဆုံးသွားခဲ့သည်။
ထိုလူလည်း မာယုရေလက်ကြားသို့ ဆုတ်ရသော စစ်မြေပြင်တွင် အရှူံးနှင့်ရင်ဆိုင်ရပြီး၊ မြန်မာပြည်အလယ်ပိုင်းသို့ ရွှေ့ပြောင်းရစဉ် တပ်သား၂၀နှင့်အတူ စစ်မြေပြင်တွင် ပျောက်ဆုံးသွားရခြင်းနှင့်ကြုံရလေသည်။