Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Sunday, January 23, 2011

မြန်မာစစ်မျက်နှာ (၄)

စောင့်စားနေသည့်အချိန် ရောက်တတ်ရာရာ

စစ်မြေပြင်သို့ထွက်ရန် လေ့ကျင့်မှုများပြီးဆုံးပြီး အဆင်သင့်ဖြစ်နေသော်လည်း ထွက်မိန့်ရောက်မလာသေးသဖြင့် စောင့်စားရသည့်ရက်များဖြင့်သာ ကုန်ဆုံးနေရ၏။ မြင်းသည်လည်း အသက်ရှိသော စစ်သည်တမျိုးဖြစ်၍ ယခုရှေ့လျောက် သေမလားရှင်မလားမသိနိုင်သော ရဲဘော်ရဲဘက်များပင်ဖြစ်လေသည်။ စစ်မြင်းကို ထိန်းကျောင်းလေ့ကျင့်ရသော ရဲဘော်များ၏သံယောဇဉ်ကိုလည်းတွေးကြည့်နိုင်ပေသည်။

မြင်းဇောင်းဖြစ်နေသော မြောက်ပိုင်းလေ့ကျင့်ရေးစခန်းတွင် ပထမဆုံးအကြိမ် ရဲဘော်များ၏သားသမီးများ၊ ဇနီးများကို တွေ့ဆုံခွင့်ပေးသည့် ဧည့်ဋ္ဌာနထားရှိသောကြောင့် မိသားစုများက နေ့စဉ်လာရောက်တွေ့ဆုံကြသည်ကိုလည်း မြင်ရ၏။ မြင်းတပ်တွင် မြင်းများကို သင်ကြားလေ့ကျင့်ခြင်း အကြံဥာဏ်ပေးရခြင်းစသည်တို့အပြင် ဤဧည့်ဋ္ဌာနကြောင့် မိသားစုများကိုပါ တွေ့ဆုံခွင့် ကူညီနိုင်ခွင့်လည်း ရရှိခဲ့လေသည်။

ခွင့်ပြုထားသောဘောင်အတွင်းဝယ် ရဲဘော်ရဲဘက်များ၏ ဆန္ဒကိုလည်း ဖြည့်စွမ်းနိုင်စေရန် ဆောင်ရွက်ရသည်များလည်းရှိ၏။ ဧည့်ချိန်ကုန်၍ ပြန်ကြရသော မိသားစုများ၊ ကျေနပ်အားရသွားသော အမူအရာများကိုမြင်ရ၍ ကျွန်တော်လည်းကြည်နူးရလေသည်။

အရာရှိတဦး၏ဇနီးသည် ဧည့်ချိန်တွင်မှန်မှန်လာလေ့ရှိ၏။ ထိုအရာရှိသည် နေ့ဆိုင်းတာဝန်ကျသည့်အခါမျိုး၊ အပတ်စဉ်တာဝန်ကျသည့်အခါမျိုးတွင် bachelor လူလွတ်ရဲဘော် Y (နာမည်ဝှက်) အား တာဝန်ခဏ လွှဲထားပြီး အပြင်ထွက်လေ့ရှိ၏။ ဟိုနားဒီနား ခဏဆိုပြီး တော်ရုံနှင့် ဋ္ဌာနသို့ ပြန် ပေါ်မလာပေ။ သူ့နေရာအစားကိုဝင်ရသော ရဲဘော် Y ခမြာ ကျွန်တော့ကိုတွေ့သည့်အခါ ဒီလူတော်တော်ခရီးရောက်နေပြီထင်တယ် ဟုဆိုကာ စိတ်ပျက်လက်ပျက်ဖြစ်ရလေတော့၏။
ထိပ်တန်းတက္ကသိုလ်တခုမှအောင်မြင်ပြီး ကုမ္ပဏီကြီးတခုတွင် လုပ်ကိုင်နေသူ ရေပေါ်ဆီ အထက်တန်းလွှာမှ ထိုအရာရှိသည် စစ်သည်ဘဝ စစ်စည်းကမ်းများကို မလေးစားလို့ဘဲလား လေးစားချင်စိတ်ပဲမရှိလို့လား မဆိုနိုင်၊
သို့တည်းမဟုတ် စစ်သားဘဝသည် ဦးဏှောက်မပါသောအလုပ်ဖြစ်၍ မိမိဝါဿနာပါရာအလုပ်တွင် စိတ်ကိုထားခဲ့ကာ ယူနီဖေါင်းတခြား စိတ်တခြား ဖြစ်နေသလားမဆိုနိုင်ပေ။ အခြားသော စစ်သားများကဲ့သို့ တိုင်းပြည်အတွက် မလွှဲမရှောင်သာ ကျရောက်လာသောတာဝန်ကို ထမ်းဆောင်ခြင်းဆိုသော စိတ်ဓါတ်မျိုးကိုမူ သူ့တွင် မတွေ့ရပေ။

တနေ့တွင် ဆရာဝန်တဦးအား ဆေးပစ္စည်းများထားသော ဆရာဝန်များအခန်းတွင် တကိုယ်လုံး ဆေးစစ်ခံနေစဉ် ဝရမ်း ရောက်လာလေသည်။ ရင်ခေါင်းပိုင်းဆိုင်ရာ ရောဂါများခံစားနေရပြီး ဆေးစစ်နေသောအချိန်ပင်လျှင် Hemothorax  အဆုတ်အမှေးထဲ သွေးဝင်နေသော လက္ခဏာများကိုမြင်ရ၏။

၎င်းအား ယခင် အစီရင်ခံစာ အိမ်သို့ပြန်၍ ဆေးကုသခံရန် ခွင့်တောင်းထား၏။ ဆေးကုသခံယူနေစဉ်ဖြစ်သော်လည်း ဆရာဝန်မလုံလောက်သောအခြေအနေဖြစ်၍ အိမ်ပြန်ခွင့်မပေးနိုင်ကြောင်း ဝရမ်းဖြစ်၏။
ဆေးစစ်တာဝန်ခံက စစ်ဆေးလို့အပြီးမှာ-
“မင်းကို မန်ချူးကတပ်ကို ဆရာဝန်အဖြစ်နဲ့ သွားဖို့ အမိန့်ပဲ။ ရက်အတိအကျ သိရတဲ့အထိ တိုက်ခိုက်ရေး
ဋ္ဌာနမှုးအောက်မှာ တာဝန်ကျတယ်။”

“ဒီရောဂါနဲ့ စစ်မှုထမ်းဖို့က လုံးဝမဖြစ်နိုင်တာဘဲ။ သွားရင်လည်း မန်ချူးက အသဲခိုက်အောင် အေးနေတာ သေခိုင်းတာနဲ့ ဘာမှမထူးဘူး။”
ဆေးစစ်တာဝန်ခံက-
“ဒါက အမိန့်ပဲ။ ကျွန်တော်တယောက်ထဲနဲ့ လုပ်ထားတဲ့ကိစ္စလဲမဟုတ်ဘူး။ အထူးသဖြင့် မန်ချူးတပ်မှာ တာဝန်ထမ်းဖို့လိုနေတယ်။ မန်ချူးရောက်ရင် စစ်ဆေးရုံမှာ တက်ဖို့စီစဉ်ပေါ့။ အဲဒီကျတော့ မင်းသဘောပဲ။
ဒါပေမဲ့ ဒီကဆေးရုံနဲ့ ကိုရီးယားဆေးရုံမှာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

ဤကဲ့သို့သော ဦးဏှောက်မပါသော ဘယ်လိုမှ သဘာဝမကျသော ယထာဘူတကျကျ စဉ်းစားလို့မရနိုင်သော ကိစ္စများကို ထမင်းစားရေသောက်သဖွယ် လုပ်ကိုင်နေကြသည်မှာ စစ်တပ်များတွင်သာတွေ့ရပေသည်။

သူ့ရောဂါက ဘယ်လောက်အခြေအနေဆိုးနေသည်ကို သိခွင့်မရသော်လည်း လူနာကို အတင်းဆွဲထုတ် မောင်းနှင်သည်အထိ စစ်မှုထမ်းချင်စိတ်ကုန်ခမ်းလောက်အောင် ဖြစ်ရသော်လည်း အဲဒီအချိန်က စစ်မှုထမ်းဆရာဝန်များ မလုံလောက်ခဲ့ပါ။

Sunday, January 16, 2011

မြန်မာစစ်မျက်နှာ (၃)

သဘောမတွေ့ချင်စရာ ဒုတပ်ရင်းမှုး

တပ်ခွဲ ဖွဲ့ပြီးနောက် တပ်ခွဲမှုးက မိမိ အဖွဲ့ဝင်များအား မိန့်ခွန်းပြောပြန်၏။ အဓိကပြောသည်မှာ- “မင်းတို့အသက်ရှင်ခွင့်ဟာ ဒီ ကျုပ်လက်ထဲမှာ။ အမိန့်ကို ဖီဆန်တဲ့လူ၊ စည်းကမ်းဖေါက်တဲ့လူ၊ တပ်ရဲ့ဂုဏ်သိက္ခာကို သေးသိမ်အောင်လုပ်တဲ့လူဆိုရင် နဲနဲမှ လျှော့မပေးဘူး၊ တပ်ကပါ ထုတ်ပစ်မယ်။” ဟု သတ်ပိုင်ခွင့်အာဏာကိုပင် ထုတ်ပြောလေ၏။
တပ်ရင်းမှုးကဲ့သို့ အနှစ်သာရရှိသော မိန့်ခွန်းမျိုးကိုကြားရမည်ဟုမျှော်လင့်ထားသော ကျွန်တော်သည် တုန်လှုပ်အံ့သြလျက် ဒုတပ်ရင်းမှုးအာဏာတပဲသားရထား၍ ရွှေထီးဆောင်းပြနေသော ဒီခွဲမှုးကို သတိထားပြီး ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်နေမှဘဲဟု စဉ်းစားမိလေ၏။
အရာရှိများအခန်းတွင် စုဝေးကြသည့်အခါ သူသည် မြောက်ပိုင်းစစ်မျက်နှာ(တရုတ်- မန်ချူး)ခြေမြန်တပ်၌ ဒုဗိုလ်အဖြစ် အမှုထမ်းစဉ်ကာလ အတွေ့အကြုံများ၊ စွန့်စားခန်းများကို ကိုယ်ရည်သွေးတတ်ပြီး၊ ခြေမြန်တပ်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ မသိတာမရှိသလောက် အာပေါင်အာရင်းသန်သန် ပြောလေ့ရှိ၏။
သူသည် ဆရာဝန်များအခန်းသို့လည်း လာလေ့ရှိပြီး ဆေးနှင့်ပတ်သက်သောကိစ္စများ၊ သုတေသနပြု၍ ကုသရမည့် ကိစ္စများတွင်လည်း လက်ညှိုးထိုး၍ ဆရာဝင်လုပ်သဖြင့် ရောဂါပိုးသန့်စင်ရသည့် ကွန်ပေါင်ဒါ ရဲဘော်များခမြာလည်း ဒုက္ခရောက်ရ၏။ ဆရာဝန်၏နယ်ပယ်အထိ နှုတ်သရမ်းလာသည်။
“တပ်ခွဲမှုးရဲ့ ထင်မြင်ချက်က ခင်ဗျားတယောက်ထဲရဲ့ ထင်မြင်ချက်ပဲ။ ကျွန်တော့အနေနဲ့ပြောရရင် ဒါကို အမှန်လို့တထစ်ချ လက်မခံနိုင်ဘူး။ ဆေးပညာအလုပ်ထဲအထိ ဝင်ပါတာတော့ မသင့်တော်ဘူး။ ခင်ဗျားအခုလို မအပ်စပ်တာတွေ ၀င်ပါနေမယ်ဆိုရင် ဒီကရှေ့လျှောက် ခင်ဗျားကဆရာဝန်အလုပ်လုပ်မှာလား ကျွန်တော်ကဆရာဝန်လုပ်ရမှာလား” ဟု မျက်နှာချင်းဆိုင်ပြောရတော့၏။ သူသည်တခွန်းမှ ပြန်မပြောပေ။ ကျွန်တော်သည် ကိုယ့်အလုပ်ကိုယ်လုပ်နေလျှင် ပြီးတာဘဲဟုနှလုံးသွင်းနိုင်သော်လည်း သူဝင်စွက်သမျှခံနေပါက တဖြေးဖြေး ကျွန်တော်တို့အပေါ် လွှမ်းမိုးလာမည်ကို စဉ်းစားမိသောကြောင့်ဖြစ်သည်။
၎င်းနောက်ပိုင်းတွင် ဆရာဝန်များအခန်း၌ တပ်ခွဲမှုးကို မတွေ့ရသည်သာမက ၀င်ရောက်စွက်ဖက်ခြင်းလည်း မပြုတော့ပေ။ ဆရာဝန်များအခန်းသည် တပ်ခွဲမှုး၏ အာဏာစက် ပြင်ပသို့ရောက်သွားပြီး ဋ္ဌာနတွင်းရှိ ကွန်ပေါင်ဒါ ရဲဘော်များသည်လည်း စိတ်ချမ်းသာသွားကြလေ၏။ ခင်ဗျားကို ဘယ်လိုကျေးဇူးတင်မှန်းမသိဘူး ခုမှ အလုပ်ကိုဖြောင့်ဖြောင့် လုပ်နိုင်တော့တယ်၊ ဟူ၍ဝမ်းသာအားရ ဆိုကြလေသည်။

မြန်မာပြည်ထဲသို့ဝင်ရောက်ပြီးမကြာမီမှာပင် သူသည် မြောက်ပိုင်းစစ်မျက်နှာမှ ရရှိခဲ့သော ခြေထောက်မှ ဒဏ်ရာဟောင်းက ပြန်ယောင်လာလေ၏။ ဤအနာမျိုးသည် ဆေးမှန်မှန် စားသုံးရုံဖြင့် ပျောက်နိုင်သော်လည်း အကင်းမသေခဲ့ဘဲ ပြန်ထလာခြင်းဖြစ်သည်။ အချိန်ကြာမြင့်စွာ ချီတက်ရသောခရီး၌ မခံမရပ်နိုင်အောင်နာကျင်လာပြီး ဒုက္ခပေးလေတော့သည်။ ဆေးပေးရုံဖြင့် မရတော့သောကြောင့် အခြေအနေကိုမေးမြန်းကာ ကုထုံးကိုဆွေးနွေးရတော့၏။ အနာကိုဖြတ်ထုတ်လိုက်ရင်တော့ နောက်ထပ် မနာနိုင်တော့ပါဘူး။ ခွဲစိပ်ကုသမှုခံရန် ရှင်းပြ တိုက်တွန်းရတော့၏။ သူသည် ကျွန်တော့ကို အလွန်ယုံကြည် အားကိုးလျှက် မြောက်ပိုင်းစစ်မျက်နှာ၌ ခွဲစိပ်ကုသခဲ့ရမှုကိုမူ မကောင်းပြောလေတော့၏။ ခွဲစိပ်မှုသည် မည်မျှပင် သေးငယ်သော်လည်း စစ်မြေပြင်ဟူသော ပတ်ဝန်းကျင်တွင်မတော့ အခြေအနေနှင့် အချိန်အခါအရ ဆေးဝါးသာမက ကာကွယ်မှုလည်းလိုသည်ကို သိထားရမည် ဖြစ်သည်။ သူ၏ မြောက်ပိုင်းစစ်မျက်နှာမှ ဆရာဝန်အပေါ် ပြစ်တင်သံများကို ပြန်လည် ကြားယောင်နေမိပါသည်။

ရမည်းသင်းသို့ရောက်သောအခါ ဆေးကုသမှု ဘေးထွက်ဆိုးကျိုးကြောင့် သူ၏ခေါင်းနောက်တွင် ၁၀ယန်းစေ့ခန့် ဆံပင်များကွက်၍ ကွက်၍ ကျွတ်နေသည်ကို တွေ့ရ၏။ စစ်သည်တော်အား ဆေးကုသနည်းအရ အနာကိုဖန်ရည်ဆေးပြီး နေ့စဉ်မှန်မှန် ဆေးထည့်ပေးရန်သာလိုကြောင်း ရှင်းပြရ၏။ သို့ရာတွင် ထိုအခါမှစ၍ တပ်သားများက သူ့ကို “ကတုံး”ဟုခေါ်ကြလေတော့သည်။

တပ်ခွဲမှုးသည် တပ်ခွဲတွင်းရေးရာကိစ္စများအပြင် တပ်ရင်းသို့ အစီရင်ခံရသည့်ကိစ္စ၊ ညှိနှိုင်းလုပ်ကိုင်ရသည့်ကိစ္စများတွင်လည်း နာမည်ပျက်ရှိလေသည်။ တပ်ရင်းမှ တပ်ခွဲမှုးထံ ဆက်သားစေလွှတ်လိုက်၍ ရောက်လာသောအခါတွင်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိ ထွက်မတွေ့နိုင်လောက်အောင် မူမမှန် ထူးဆန်းသည့် ဖြစ်ရပ်မျိုးလည်းတွေ့ရပေသည်။
ထိုဖြစ်ရပ်များအပြင် အခြားသော တပ်ခွဲမှုးများထံမှ တပ်ရင်းမှုး၏မျက်နှာရောင်းစားခြင်း တနည်းပြောရလျှင် အခြားသူများအား မလိမ့်တပတ် လုပ်ခဲ့သည့်ကိစ္စများ၊  တခုပြီးတခု မှိုလိုပေါက်လာသည့် သတင်းများကိုလည်း ပြန်ကြားရလေသည်။ သူ၏အမျိုးမျိုးသော လုပ်ရပ်များသည် တပ်ခွဲ အတွင်းအပြင် တခုလုံး လှုပ်လှုပ်ရွရွဖြစ်သွားသည်သာမက သူ့အမှုကို အထူးအမှုအဖြစ် အထက်ရုံးသို့တင်ရသည်အထိ ဖြစ်ခဲ့ပြီး တဖက်တွင်လည်း တပ်ရင်းတခုလုံးအောက်တွင် သမရိုးကျမဟုတ်သည့် နောက်ဆက်တွဲ စည်းကမ်းချက်များဖြင့် တင်းကျပ်သွားလေသည်။

Saturday, January 8, 2011

၂၀၁၀ ခရစ္စမတ်နေ့

ဒီနှစ် ခရစ္စမတ်နေ့မှာ မွန်အတွက်ရော ကိုကျော်တင့်မွေးနေ့အတွက်ရော ဘုန်းကြီးပင့် ဆွမ်းကပ်ဖြစ်တယ်။ ဝိုင်းကူမယ့်လူတွေလဲ ရှိလို့ပေါ့လေ။ ဆွမ်းမကပ်ဖြစ်တာ ၂နှစ်လောက်ရှိသွားပြီ။
ဒေါက်တာခင်မောင်ထွေး၊ မီးမီး မိသားစုက Arkansas ပြည်နယ်က လာလည်ကြမယ်။ ၂ရက်လောက် ကားမောင်းရမယ်။ ဒေါက်တာအေးအေးသန့်(ပူစူး)သားအမိက LA ကလာကြမယ်။
“ဒါဆိုရင် လူစုံတုန်း ဆွမ်းပါကပ်လိုက်မယ်။ ကုသိုလ်လုပ်ဖြစ်သွားတာပေါ့။”


သံဃာတော်တွေကြွမယ်ဆိုတော့ အိမ်ရှင်းယင်းနဲ့ အဖေနဲ့အမေအကြောင်းတွေ ပြန်စဉ်းစားကြည့်မိတယ်။
အမေတို့အိမ်မှာလည်း အနဲဆုံး တနှစ်တခါတော့ သံဃာတော်တွေပင့် ဆွမ်းကပ်ဖြစ်တယ်။ အိမ်လည်းရှင်းဖြစ်တယ်။ အင်မတန်ကောင်းတဲ့ အလေ့ပဲ။ ရွှေဥမင်မှာလည်း တလတခါ အပြင်သံဃာတွေကိုပင့်ပြီး ဆွမ်းကပ်တော့ ယောဂီတွေ ဓမ္မာရုံကို ဝိုင်းရှင်းကြရတယ်။
ဂျပန်မှာ နှစ်မကူးခင် တအိမ်လုံးသန့်ရှင်းရေးလုပ်ကြတယ်။ ဂျီးတွေ နှစ်သစ်ထဲမပါအောင်လို့တဲ့။








ဒီအလေ့ကောင်းတွေကို အမွေရလာပေါ့။
ကိုယ့်မိဘ လုပ်ခဲ့တာတွေကို အမွေခံပြီးလိုက်လုပ်လာတာပေါ့။ မွန်တို့လည်း တချိန်ကြရင် သတိရပြီး အကျင့်ရလာမှာပဲလို့ မျှော်လင့်ပါတယ်။
ထူးခြားတာတခုက ဓမ္မမိတ်ဆွေရေးတဲ့ “လူ့ပြည်ကအပြန် သင်ဘာတွေကြံနေသလဲ”ကိုဖတ်မိတယ်။ အဲဒီအထဲမှာ “ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာဒေသအမြဲနေ”ဆိုတာ တခုခုကို ရရမှာလို့ ဆိုလိုတာမဟုတ်ဘဲ ၃ခုလုံးတပြိုင်နက်ပြီးနိုင်အောင်လုပ်ဖို့ပြောတာလို့ ရေးထားတယ်။
ဟောတော့ အဆင်မပြေဘူးဆိုတာတွေဟာ ဒါတွေတခုခုလွဲနေတာကြောင့်ကိုးလို့ စဉ်းစားမိလာတယ်။
    
တိုက်တိုက်ဆိုင်ဆိုင် တောင်ပုလုစေတီတော်ကျောင်းက ဆရာတော်ဦးဝိဇယ တရားဟောပါတယ်။
အနာထပိဏ်သူဋ္ဌေးကို မြတ်စွာဘုရားက ဟောတဲ့ ပတ္တကမ္မသုတ္တန်။


ရခဲတဲ့ အကျိုးစီးပွား ၄ပါး-
ဥစ္စာစီးပွား၊ ချွေရံများ၊ ရှည်လျားသက်ဇီဝ သေလျင်သော်ကား နတ်ရွာလား
၎ပါးရခဲစွ။ ကိုလိုချင်ရင်-
အကြောင်း၎ပါး-
သဒ္ဒါ သီလ စာဂ ပညာ သပ္ဗဓါ(ပြည့်စုံ) အောင် လုပ်ရမယ်တဲ့။
သုံးတဲ့အခါမှာလည်း-                                                   
ကိုယ်လည်းသုံးဆောင်၊ ဘေးလွတ်အောင်ပြု
၅ခုဗလိ ပူဇော်ဘိ၍၊ ဒက္ခိဏမည် လှုဒါန်းသည်
လေးမည်ပတ္တ မြတ်ကမ္မ။ အင်္ဂါ၎ပါးလုံး ပြည့်စုံပါစေတဲ့။
အမေစာမျှော်နေမှာစိုးလို့ အတိုပဲရေးလိုက်တယ်။

Sunday, January 2, 2011

Mystery Spot : အဖြေမသိသေးတဲ့ ပဟေဠိနေရာလေးတကွက်


ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသရဲ့တောင်ဘက် ကျမတို့နေထိုင်တဲ့ ဆီလီကွန်ဗယ်လီ ဟာ ကမ္ဘာ့ကွန်ပြူတာနဲ့ အိုင်တီနည်းပညာတို့ရဲ့ ဗဟိုချက်လို့ တင်စားတဲ့နေရာဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာများတိုးတက်ထွန်းကားရာ၊ သုတေသနပြုရှာဖွေရာ၊ အသုံးချလုပ်ကိုင်ရာ နေရာဒေသတခုဖြစ်ပြီး အဆင့်မြင့်နည်းပညာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးပေါင်း ၁၅၀၀ ကျော် ရုံးစိုက်ရာဒေသလည်းဖြစ်ပါတယ်။
အလည်လာကြတဲ့ ဧည့်သည်တွေကို ဒီဒေသရဲ့အမှတ်သင်္ကေတတခုဖြစ်တဲ့ လူသားတွေရဲ့ စိတ်ကူးနဲ့ တီထွင်ကြံဆမှုများ၊ ရှာဖွေတွေ့ရှိမှုများကို ပြသထားပြီး ကိုယ်တိုင်လည်း စမ်းသပ်ခံစား ကြည့်နိုင်တဲ့ နည်းပညာပြတိုက် Tech Museum ကို လိုက်ပို့ရလေ့ရှိပါတယ်။

လူသားတို့ရဲ့ အံ့သြဖွယ်ရာတီထွင်မှုများကို သိပ္ပံနည်းနဲ့ စနစ်တကျ ရှင်းလင်းဖော်ပြနိုင်ပေမဲ့ ကမ္ဘာအရပ်ရပ်ကသိပ္ပံပညာရှင်များ ယခုထက်တိုင် အဖြေရှာလို့မရသေးတဲ့ သဘာဝဖြစ်ရပ်နေရာတခုလည်း ဒီဒေသမှာရှိနေပါသေးတယ်။ Mystery Spot လို့ခေါ်တဲ့နေရာမှာ ရူပဗေဒနိယမတွေ ဖီဆန်နေတာတွေ့ရပါမယ်။ ဆီလီကွန်ဗယ်လီရဲ့အချက်အချာ ဆန်ဟိုဆေးမြို့မှ တောင်ပုလုကမ္ဘာအေးစေတီတော်တည်ရှိရာ ဆန်တာခရုဇ်မြို့ဖက်သွားရာလမ်း စကော့ဗယ်လီတောအုပ်အတွင်းမှာ တည်ရှိပါတယ်။

ဒီပေ ၁၅၀ လောက်ရှိတဲ့ နေရာလေးမှာ ရူပဗေဒနိယမတွေဖြစ်တဲ့ အကွာအဝေးကြောင့် အရွယ်အစား အကြီးအသေး ပြောင်းလဲမြင်ရခြင်း(Perspective)  မြေဆွဲအားကြောင့် အရှိန်တိုးခြင်း(velocity) တောင်နှင့်မြောက်အရပ်သို့သာ အမြဲညွှန်ရမည်ဖြစ်သောသံလိုက်အိမ်မြှောင်သဘာဝ်(compass) မြင့်ရာမှနိမ့်ရာသို့သာကျဆင်းရမည်ဖြစ်သောမြေဆွဲအား(gravity) ရေပြင်ညီတွင် တသမတ်တည်းတူညီရမည်ဖြစ်သော အမြင့်(height)တို့ဟာ မမှန်ကန်တော့ပါဘူး။

ဒီမြေကွက်ရဲ့မူလပိုင်ရှင် မစ္စတာ ပရက်သာက နွေရာသီတဲတခုဆောက်ဖို့လုပ်တဲ့အခါ သံလိုက်အိမ်မြှောင် အလုပ်မလုပ်ကြောင်း စပြီးသတိပြုမိတယ်တဲ့။ ပြီးတော့ ခေါင်းမူးဝေသလို လေးလံသလိုလဲခံစားရပြီး ဒီနေရာကနေ ဆင်းပြေးချင်စိတ်ပေါက်နေခဲ့တယ်။
ပညာရှင်များကိုမေးမြန်းကြည့်တဲ့အခါ အနီးအနားနဲ့ မြေကြီးထဲမှာ သံဆူးကြိုးတို့ သတ္တုတို့လဲမရှိပဲနဲ့ ထူးဆန်းနေတာကိုသာတွေ့ခဲ့ရပြီး ၁၉၄၀ ခုနှစ်မှာတော့ အများပြည်သူကို စမ်းသပ်ကြည့်ရှုခွင့်ပြုခဲ့ပါတယ်။

ကျမတို့မိသားစု ပထမဆုံးအကြိမ် သွားရောက်စူးစမ်းလေ့လာခဲ့စဉ်က ကျမရဲ့ခင်ပွန်းသည် ရူပဗေဒနဲ့အီလက်ထရွန်းနစ်ပညာရှင် ဒေါက်တာကျော်တင့်က ဦးဆောင်ခဲ့ပါတယ်။

ဧည့်လမ်းညွှန်က ဒီမြေကွက်တောင်စောင်းထဲမှာပေါက်နေတဲ့ သစ်ပင်များကို အရင်ဆုံးရှင်းပြပါတယ်။ သစ်ပင်တွေဟာ မြောက်ကမ္ဘာလုံးခြမ်းမှာရှိသော်လည်း တောင်ကမ္ဘာလုံးခြမ်းက သစ်ပင်များကဲ့သို့ နာရီလက်တံနဲ့ ပြောင်းပြန်စောင်းပြီးပေါက်နေပါတယ်။ University of California (Davis)က ရုက္ခဗေဒဋ္ဌာနမှ သိပ္ပံပညာရှင်များက ဘာကြောင့် ဒီထဲကသစ်ပင်တွေ သဘာဝနဲ့ဆန့်ကျင်ပြီးစောင်းနေတာကို သက်သေမပြနိုင်ခဲ့ပါဘူး။

ဟောတော့ သစ်ပင်တွေသာမက ကျမတို့လဲ နာရီလက်တံနဲ့ပြောင်းပြန် စောင်းရပ်နေကြပါရောလား။

ကျမတို့ရပ်နေတဲ့ တောင်တက်လမ်းကလေးဟာ ၂၇ ဒီဂရီသာပြေပြေလေးစောင်းပေမဲ့ အများကြီးပိုပြီး မတ်စောက်သယောင်ထင်နေရတယ်။ ခြေလှမ်းတွေလည်း လေးလံပြီးမနည်းလှမ်းတက်နေရသလိုခံစားရတယ်။

ဧည့်လမ်းညွှန်က-
“ခင်ဗျားတို့မှာ လက်ကိုင်ဖုန်းတွေပါသလား။”
“ပါတယ်။”
“ဒါဆိုရင် ပိတ်ကြည့်ပါအုံး။”
လက်ကိုင်ဖုန်းတွေဟာ ခေါ်လို့လဲမရ ပိတ်လို့လဲမရ သခင်အမိန့်ကို မနာခံကြတော့ပါဘူး။

ဧည့်လမ်းညွှန်က ကျမတို့ကို တောင်ကုန်းပေါ်က အိမ်ကလေးဆီကို ခေါ်လာခဲ့ပါတယ်။ အိမ်ထဲမဝင်ခင် အမြှောင်းဖော်ထားတဲ့ သစ်သားပြားတခုကို ပြတင်းပေါက်မှာတင်လိုက်ပြီး ပါလာတဲ့ ရေပြင်ညီတိုင်းကရိယာနဲ့ သစ်သားပြားဟာ ရေပြင်နဲ့တပြေးညီဖြစ်ကြောင်း ပြပါတယ်။ ပြီးတော့ ဘိလိယက်ဘောလုံးတလုံးကို သစ်သားပြားပေါ်တင်ပြီး အားနည်းနည်းထည့်ပြီး လှိမ့်လိုက်ပါတယ်။ ဘောလုံးဟာ သစ်သားပြားရဲ့တဖက်စွန်းကို လိမ့်သွားပြီး အောက်ကိုကျသွားရမယ့်အစား ကျန်တဖက်စွန်းဖက်ကို ပြန်လိမ့်လာတာကို အံ့သြဖွယ်ရာတွေ့ရပါတယ်။
“ဟယ်။”
အာမေဋိတ်သံများထွက်လာပြီ့း ဧည့်လမ်းညွှန်က-
“ခင်ဗျားတို့မှာ လှိမ့်စရာ ရေသန့်ဗူး၊ နှုတ်ခမ်းဆိုးဆေးပါရင် လှိမ့်ကြည့်ကြပါအုံး။”
စိမ်ခေါ်ပြန်တယ်။
ကျမရဲ့သောက်လက်စ ရေသန့်ဗူးကလဲ မြေဆွဲအားကို ဆန့်ကျင်ပြီး ရွေ့လျားတာတွေ့ရပါတယ်။

အဲဒီသစ်သားအိမ်ထဲမှာ မြေဆွဲအားကို ဆန့်ကျင်တဲ့ ဖြစ်ရပ်အမျိုးမျိုးတွေကို စမ်းသပ်ပြပြန်ပါတယ်။ နံရံမှာ အထစ်လေးတွေလုပ်ထားပြီး အဲဒီပေါ်မှာ မတ်တပ်ရပ်ပြပါတယ်။ စပိုင်ဒါမင်းလို နံရံပေါ်မှာ မတ်တပ်ရပ်နိုင်တဲ့ လူသားကို မြက်ဝါးထင်ထင် မြင်ရယုံမက ကိုယ်တိုင်လည်း တက်ရပ်ကြည့်နိုင်ပါတယ်။ ပြီးတော့ ကိုယ်ကိုမတ်တပ်ရပ်ရင်းက နောက်ပြန်လှန်ချလိုက်တဲ့အခါမှာလည်း လဲကျမသွားဘဲ ကော့ကော့ကြီးနေနိုင်ပြန်တယ်။

အဲဒီအိမ်ထဲမှာ စွမ်းအားတခုသက်ရောက်နေသလို လှုပ်ရှားရတာလေးလံနေပြီး ခေါင်းမူးဝေတာကိုလည်းခံစားရပါတယ်။

သစ်သားအိမ်ထဲကနေအပြင်ထွက်တဲ့နေရာမှာ သစ်သားတုံးရှည်တခုချထားပါတယ်။ ဧည့်လမ်းညွှန်က ဒီသစ်သားတုံးရှည်နေရာမှာ အရပ်အနိမ့်အမြင့် မမှန်တော့ကြောင်း ပြောပြပြီး-
“ဘယ်သူ သရုပ်ပြအဖြစ် လုပ်ပေးနိုင်မလဲ။”    
ကျမနဲ့ ကိုကျော်တင့်က အဲဒီသစ်သားတုံးရှည်ရဲ့ တဖက်တချက်ပေါ်တွင် မတ်တပ်ရပ်လိုက်ကြပါတယ်။ ကျမတို့အချင်းချင်းကိုလည်း အရပ်အမြင့် ဘယ်လိုမြင်ရသလဲဆိုတာ ကြည့်ထားခိုင်းပါတယ်။ ပြီးတော့ နေရာချင်းလဲခိုင်းပါတယ်။


“Wow”
ကျမမျက်စိအောက်မှာ ကိုကျော်တင့်ဟာ zoom နဲ့ဆွဲဆန့်လိုက်သလို တထွာလောက်မြင့်တက်သွားတာတွေ့လိုက်ရပြီး ကိုကျော်တင့်ကလည်း ကျမအရပ် သေးကြုံ့သွားတာကိုမြင်ရတယ်။
ဧည့်သည်တယောက်က သူ့မှာပါလာတဲ့ ဘူမိဗေဒပညာရှင်သုံး သံလိုက်အိမ်မြှောင်ကို ထုတ်ကြည့်တဲ့အခါ မတည်ငြိမ်ဘဲ တမျိုးပြီးတမျိုးပြောင်းပြနေပါတယ်။
ဧည့်လမ်းညွှန်က-
“ဒီမြေပေါ်မှာတင် ဒီလိုဖြစ်တာမဟုတ်ဘူး၊ ဒီမြေအပေါ်က ဖြတ်ပျံတဲ့ လေယာဉ်တွေမှာလည်း ဒီလိုပဲဖြစ်ကြတယ်။ ကျေးငှက်တွေနဲ့ တိရစ္ဆာန်တွေလည်း ဒီမြေကွက်ထဲဝင်လာပြီးရင် ချက်ချင်းပြန်ထွက်ပြေးကုန်ရော။”
ဒီနေရာကိုလာရောက်ကြတဲ့ ဧည့်သည်တွေထဲမှာ အမေရိကန်ပြီးရင် ဂျပန်တွေက ဒုတိယအများဆုံးတဲ့။
အိမ်အပြန်လမ်းမှာ သားများနဲ့ သမီးတို့က-
“Why daddy? Why?”
မေးခွန်းတခုပြီးတခု ထုတ်ကြတော့တာပေါ့။ နဂိုယာတက္ကသိုလ်ကပါရဂူဘွဲ့ရလဲ အဖြေမပေးနိုင်တော့-
“Mystery ပါဆိုမှဘဲ”ဟု ကားမောင်းရင်းကျွဲမြီးတိုနေပါတော့တယ်။

မေနှင်းလဲ့မွန်
၂၀၀၅ ခုနှစ် အောက်တိုဘာလထုတ် ဧရာဝဏ်ဂျာနယ်(ဂျပန်)