Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Saturday, February 26, 2011

မြန်မာစစ်မျက်နှာ (၈)

ဂျပန် ဒေါက်တာရှုဘိုင်းစုရာ(Albert Schweitzer, Noble Peace Prize)  - ဒေါက်တာအိုဂါဝါဇောတ

ဒေါက်တာအိုဂါဝါဇောတသည် အဆင့်မြင့်အရာရှိဖြစ်သော ဗိုလ်မှုးယာနဂိတ၏ ကျောင်းနေဖက်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဆေးခန်းဖွင့်ထားရာ နာမည်ကောင်းရနေသူဖြစ်သည်။
တနေ့တွင်  ကျွန်တော်သည် ဗိုလ်မှုးယာနဂိတနှင့် အဖော်အဖြစ် ဒေါက်တာအိုဂါဝါဇောတ၏ဆေးခန်းသို့ လိုက်ပါရလေရာ ဆရာအိုဂါဝါသည် အလွန်ဝမ်းမြောက်စွာဖြင့် ဆီးကြို၍ ကြုံတောင့်ကြုံခဲ ညစာထမင်းပွဲဖြင့်ပင် ဧည့်ခံကျွေးမွေးလေ၏။

ဆရာအိုဂါဝါက အပူပိုင်းဒေသ ကူးစက်ရောဂါအမျိုးမျိုးအကြောင်းများကို ပြောပြလေရာ အလွန်တန်ဖိုးရှိသော ဗဟုသုတ အတွေ့အကြုံများ သင်ခန်းစာများကို ကြားနာခဲ့ရလေသည်။
ထိုအချိန်တွင် အဝေးရောက်တရုတ်အမျိုးနွယ်ထဲက တမျိုးဖြစ်သော လူများနှင့်ပတ်သက်၍ -
ရောဂါတမျိုးကို ဘယ်လောက်ကြာအောင် ကုသမှ ရမလဲ ဟူသော စီမံချက်ချ၍လုပ်ဆောင်ရမည့် နက်ရှိုင်းသော စကားများကိုလည်းကြားနာခဲ့ရ၏။

ဆရာအိုဂါဝါသည် မြန်မာပြည်စစ်ရေးကြိုတင်ပြင်ဆင်မှုတွင် တပ်မတော်၏ အဆင့်မြင့် အကြံပေးအရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်က ရန်ကုန်မြို့တော်တွင် ပြန်လည်ဆုံဆည်းကြခိုက် ဆရာက -


“မြန်မာလူမျိုးတွေဟာ ဂျပန်တွေအပေါ် ယုံကြည်အားကိုးမှုရှိတယ်။ ဂျပန်တွေရဲ့ ဆေးပညာကုထုံးတွေကိုလည်း တန်ဖိုးထားတယ်။ ခင်ဗျားတို့ ငယ်ရွယ်တဲ့ ဆရာဝန်တွေဟာ ဒေသခံတပ်ထဲမှာရှိနေတုန်း ရန်ကုန်မှာ ဂျပန်အုပ်ချုပ်တဲ့ ဆေးရုံဖွင့်နိုင်ရင်ကောင်းမယ်။ တပ်ကသိမ်းထားတဲ့ အဆောက်အဦးကြီးကြီးတွေမှာ ဆေးခန်းနဲ့ ဆေးပစ္စည်းတွေက ရှိနှင့်ပြီးသား၊ အဲဒီမှာ ဆေးရုံ တွဲဖွင့်လိုက်ရုံပဲ။ တပ်ကလူတွေကို ကိုယ် ပြောလိုက်မယ်။” ဟု

တကူးတက အဲဒီအဆောက်အဦးတွေကို လေ့လာထားပြီး ဒေသခံလူများ ကျန်းမာရေးအတွက် အလေးအနက်စဉ်းစားခဲ့သည်။

ဆရာ၏အမျှော်အမြင်ကြီးမားသော ထိုသြဝါဒစကားများက ကျွန်တော့်ကို ရွေ့လျားစေရန် နှိုးဆွပေးနေသော်လည်း အခြားသော အသက်အရွယ်ရနေသည့် တပ်ဆရာဝန်များက စာအုပ်ကြီးအတိုင်း မလှုပ်ကြသဖြင့် ဤစီမံကိန်းသည်လည်း ပါးစပ်ဖျားတွင် လမ်းဆုံးသွားလေသည်။

စစ်ကြီးပြီးသောအခါ ဆရာသည် နာဂိုယာသို့ပြန်လာပြီး ချီကုဆမြို့နယ်တွင် ဆေးခန်းဖွင့်၍ မိမိနိုင်ငံအတွက် အလုပ်အကျွေးပြုပြန်လေသည်။

၁၉၅၆ခုနှစ်တွင် စစ်ဒဏ်ခံခဲ့ရသော ကမ္ဘောဒီးယားနိုင်ငံသို့သွားရောက်၍ ဒုက္ခသည်များ၏ ကျန်းမာရေးကို ဆောင်ရွက်ပြန်သည်။ ကမ္ဘောဒီးယားတွင် လူမျိုးစုများ လွတ်မြောက်ရေးအဖွဲ့အစည်းများ၏ ပဋိပက္ခများက ကြီးထွားလာသောကြောင့်  ပြည်တွင်းမငြိမ်မသက်မှုများဖြစ်လာကာ ဆရာ၏စေတနာ့ဝန်ထမ်း ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းကို ရပ်လိုက်ရလေတော့သည်။

၁၉၇၅ခုနှစ်တွင် နှလုံးသားမြို့ဟောင်းဖြစ်သော နဂိုယာကိုပြန်ရောက်လာခဲ့သည်။ ၄င်းနောက် အအိချိတိုင်း မိခါဝပင်လယ်အော်ရှိ ဟိမကကျွန်းတွင် ဆရာဝန်မရှိသောအရပ် ဆရာဝန်အဖြစ် အလုပ်အကျွေးပြုပြန်သည်။ ဆေးကုသခွင့်မရရှာသော ကျွန်းသူကျွန်းသားများအတွက် ဗြဟ္မစိုနှလုံးသားဖြင့် ကျန်ရှိသောဘဝအချိန်ကို စွန့်လှူခဲ့လေသည်။

ဆရာ၏ဘဝ တဝက်သည် ထိုင်း ကမ္ဘောဒီးယားနိုင်ငံတို့တွင် စေတနာ့ဝန်ထမ်း ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းများဖြင့် မြှုပ်နှံခဲ့သောကြောင့် “ဒုက္ခသည်များ၏ဖခင်” ဟု အမည်တွင်ခဲ့ပြီး အသက်အရွယ် ကြီးရင့်လာသည့်တိုင်အောင် အနားမယူဘဲ ဟိမကကျွန်းသူကျွန်းသားများ၏ ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် အချိန်ကုန်လွန်စေခဲ့ပေသည်။

၁၉၇၈ခုနှစ် ဧပြီလ အသက်၈၂နှစ်တွင်  ဘဝတပါးသို့ ပြောင်းသွားခဲ့လေသည်။
ကျွန်တော် လေးစားချစ်ခင်သောဆရာ ကောင်းရာသုဂတိ ဘုံသို့ရောက်ရန် အမြဲ ဆုတောင်းလျှက် ရှိနေပါသည်။

Sunday, February 13, 2011

မြန်မာစစ်မျက်နှာ (၇)

စစ်ကိုမေ့သွားစေသော ဗန်ကောက်မြို့တွင်း

ဗန်ကောက်မြို့တွင်း အချိန်မရွေး ကျရောက်နိုင်သော စစ်ဘေးအန္တရာယ် မလုံခြုံမှုလက္ခဏာ စသည်တို့ လုံးဝမမြင်ရချေ။ ရုပ်ရှင်ရုံများတွင် အင်္ဂလိပ် အမေရိကန်ရုပ်ရှင်ကားများ ပြသနေပြီး ညကလပ်များ၌လည်း strip shows ဖော်ချွတ်ကပွဲများဖြင့် စည်ကားလျက် အသွားအလာမပျက်ပဲ ကျွန်တော်တို့မှလွဲလျှင် စစ်ကိုသတိရပုံ မပေါ်ကြပေ။

ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောထိုင်းတွင် ယောကျာ်းများသည် တသက်တွင် တစ်ကြိမ် ယဉ်ကျေးမှုအရ ရဟန်းဘောင်သို့ ခေတ္တဝင်ကြရသော ဓလေ့ရှိလေရာ အဝါရောင်သင်္ဃန်းဝတ်ထားသော များပြားသောရဟန်းတော်များကို မြင်တွေ့ရလေသည်။


မြို့တွင်း ဗုဒ္ဓဘာသာဘုရားကျောင်းများက အများအပြားတွေ့မြင်ရပြီး အထူးသဖြင့် Wat Phra Kaeo ဝတ်ဘုရားကေးအိုး၏ ပြောင်မြောက်သော ပိဿုကာလက်ရာများက ရင်သတ်ရှုမောဖြစ်ရပေသည်။ ရှေးခေတ်အခါက အနုပညာလက်ရာများ ယနေ့ထက်တိုင် မူမပျက်ဘဲ ကျန်ရစ်နေသေးသည်။



မြွေဟောက်သွေးမှထုတ်လုပ်သော အဆိပ်ဖြေဆေး vaccine ကိုဝယ်ရန် Snakes Farm Institute သို့ သွားရာ ပစ္စည်းပြတ်နေသည်နှင့်ကြုံရ၏။
မြို့ထဲဆေးဆိုင်များတွင် တဆိုင်ဝင်တဆိုင်ထွက် ရှာဝယ်ရ၏။ နောက်ဆုံးတွင် ဘုရားမသဖြင့် လိုအပ်သည့်အရေအတွက်ရရှိပြီး သောင်းထိုက်သော ဤဆေးပစ္စည်းများ လက်ဝယ်ရှိနေသည့်အတွက် ရတနာထုတ်ရသည့်နှယ် ပျောက်ပျက်မည်စိုး၍ တကိုင်ကိုင်ဖြင့် လက်က ချမရဲပေ။ မြွေဆိပ်ဖြေဆေးအတွက် ရတက်မအေးခဲ့ရသော ဆရာဝန့်အပူလုံးမှာမူ ကျသွားပေသည်။

ချစ်ချစ်တောက်နေရောင်အောက်တွင် မီးကင်ထားသည့်နှယ်ဖြစ်နေသော လမ်းမပေါ်တွင် ဖိနပ်မပါဘဲ ဥဒဟိုသွားလာနေကြသောလူများကိုကြည့်၍ အံ့သြရ၏။ ရထားမောင်းသောလူကလည်း ဖိနပ်မပါ။

မြို့ထဲသယ်ယူပို့ဆောင်ရေးတွင် လူ့စွမ်းအင်ကို အသုံးပြု၍ ရွေ့လျားသော စက်ဘီးယာဉ်(ဆိုက်ကား)ကိုတွေ့ရ၏။ သက်တောင့်သက်သာ ထိုင်နိုင်ပြီး လေဟာပြင်ထဲတွင်ရွေ့လျားသဖြင့် ပျော်စရာပင်ကောင်းသေးတော့၏။
သွားလိုရာခရီးကိုလည်း ဆိုက်ကားဆရာထံ မေးမြန်းစုံစမ်းနိုင်ပြီး ကျွန်တော်တို့အတွက်ကတော့ အလွန်အဆင်ပြေသော ယာဉ်ဖြစ်လေသည်။
အချိန်အားရလျှင် ဆိုက်ကားဖြင့် မြို့တွင်း ဟိုနားဒီနား လည်ပတ်စီး၍ စကားစမြည်ပြောလို့ရခြင်း လ္ဘက်ရည်ဆိုင်သို့ ပို့ပေးခြင်းဖြင့် အဆင်ပြေစွာ အပမ်းဖြေလို့လည်းရပေသည်။

Friday, February 11, 2011

မြန်မာစစ်မျက်နှာ (၆)

ဘေးမသီရန်မခဘဲ ထိုင်းသို့ဆိုက်ကပ်ခြင်း

ဆိပ်ခံဘောတွင် ကျောက်ချဆိုက်ကပ်ပြီးသည်နှင့် ရဲဘော်များကအရင်ဆင်းပြီး မြင်းများ ထရပ်ကားများ လက်နက်ခဲယမ်းများစသည်တို့ကို ပြန်ချသည့်အလုပ်စကြရသည်။ ချစ်ချစ်တောက် ပူပြင်းသည့် နေရောင်အောက်တွင် တကိုယ်လုံးချွေးသီးချွေးပေါက်များ ပြိုက်ပြိုက်ကျသည်အထိလုပ်ကြရသော ရဲဘော်များ၏အလုပ်မှာ မသက်သာလှပေ။ ပစ္စည်းများချပြီးသည်နှင့် တပ်စုအလိုက် မြို့တွင်းရှိ Suanlumphini Park ပန်းခြံဧည့်ရိပ်သာတွင် စခန်းချရသည်။
နေ့လည်က ဆိပ်ခံဘောတံတားတွင် ဂျပန်တပ်များ ကုန်းဆင်းနေချိန် ပျားပန်းခတ်မျှ အလုပ်ရှုတ်နေသည်ကို ကြည့်ပြီး ထိုင်းလူမျိုးတဦးသည် ကျွန်တော့အား ဤသို့မှတ်ချက်ချလေသည်။
“ဒီလောက်သေးတဲ့  ဂျပန်နိုင်ငံမှာ ဒီလောက်များတဲ့ စစ်သားတွေရှိမယ်လို့ မထင်မိဘူး။”
“နှုတ်ခမ်းမွေး မုတ်ဆိပ်မွေးတွေနဲ့ စစ်သားတွေက မန်ချူးရီးယားနိုင်ငံကလား။”
“ဂျပန်နိုင်ငံမှာရော ဒီလိုမျိုး စစ်သင်္ဘောတွေရှိလား။”
ဟု မဲနမ်မြစ်အတွင်း ကျောက်ချထားသော စစ်သင်္ဘောများကို လက်ညှိုးထိုး၍ မေးလေ၏။

ပေါက်တတ်ကရစကားဖြင့်ပင်လျှင် ပြန်ဖြေချင်စိတ်ကုန်ခမ်းသွားလေ၏။ ဤစစ်သင်္ဘောများသည် ဂျပန်က ထိုင်းနိုင်ငံအား နှစ်နိုင်ငံ ချစ်ကြည်ရေးဖြင့် ငှားရမ်းထားသော သင်္ဘောများဖြစ်သည်ကို အနှီထိုင်းလူမျိုးသည် မသိသားဆိုးဝါးလှချေ၏။
နောက်တနေ့တွင် မြို့ထဲလည်း ဒီပြဿနာမျိုးတွေ့ရပြန်လေ၏။

အကြီးအသေး ဆိုက်မျိုးစုံရှိသော ထိုင်းဘုရင့်ရေတပ်မတော်၏ စူပါစတား သင်္ဘောများကို ဂုဏ်ယူဝင့်ကြွားလျက်
“ထိုင်းမှာ ဒီလိုသင်္ဘောတွေ အများကြီးပဲ၊ ဂျပန်မှာရော ဒါမျိုးတွေရှိလား။”
ကြည့်ရုံမျှဖြင့် ဤသင်္ဘောများသည် ဗြိတိသျှ၊ အမေရိကန်လုပ်သင်္ဘောများဖြစ်ပြီး ထိုင်းအလံလွှင့်ထားသဖြင့် ထိုင်းသင်္ဘောဖြစ်နေသည်ကို နားမလည်ရန်ကော။

၎င်းအပြင် Beck တောင်တန်း၏မတ်စောက်သော တောင်ကမ္ဘာယံတွင် ဂျပန်တပ်နှင့်စာချုပ်၍ စစ်ကြောင်းအတွက် လမ်းဖေါက်နေသော ထိုင်းအင်ဂျင်နီယာတဦးကလည်း ဤသို့မေးပြန်လေသည်။
“အခု ကမ္ဘာမှာ အင်အားအကြီးဆုံးနိုင်ငံဟာ ဘယ်နိုင်ငံလဲသိလား။”
“ဂျာမဏီက နံပတ်တစ်၊ ပြီးတော့ ထိုင်း။”
ဟု အဆက်အစပ်မရှိဆိုလေ၏။

ထိုအချိန်က ဂျာမဏီ၏တန်ခိုးထွားမှုက တောမီးပြန့်သည့်နှယ်ဖြစ်နေပြီး ဆိုဗီယက်နိုင်ငံ၏ပိုင်နက်အတွင်း ထိုးဖေါက်ဝင်ရောက်ကာ ကမ္ဘာကိုကိုင်လှုပ်နိုင်နေသဖြင့် နံပါတ်တစ်ဟုပြောလျှင်ရသော်လည်း တခါမှမကြားဘူးသေးသော နံပတ်နှစ်က ထိုင်းဆိုသည့်အတွက် ကျွန်တော်၏ဦးဏှောက်တွင် ဘယ်လိုမှစဉ်းစားလို့မရနိုင်သည့် လူမျိုးနှင့်တွေ့ခဲ့ရပေသည်။

ထိုင်းသည် အရှေ့တောင်အာရှတွင် လွပ်လပ်သောနိုင်ငံအဖြစ် ထီးတည်းကျန်ရစ်၍ ရိုးရာထီးနန်းဆက်ခံနိုင်သောနိုင်ငံဖြစ်သော်လည်း အနီးပတ်ဝန်းကျင်မှနိုင်ငံများမှာမူ အနောက်အင်အားကြီးနိုင်ငံများ၏ ကိုလိုနီနိုင်ငံများအဖြစ် အုပ်ချုပ်ခြင်းခံရကာ ဤအင်အားကြီးနိုင်ငံများ၏ လောင်းရိပ်ကို တွန်းလှန်နိုင်စွမ်းမရှိရှာကြပေ။
အထူးသဖြင့် စစ်ရေး နိုင်ငံရေးတွင် ဗြိတိသျှတို့၏အာဏာက အလွန်ကြီးမားလျက်ရှိနေပေသည်။

ဗန်ကောက်မြို့တွင်းရုပ်ရှင်ရုံများ အင်္ဂလိပ် အမေရိကန်ရုပ်ရှင်ကားများဖြင့်သာ ပြသနေပြီး အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအဖြစ် ယေဘူယျ ပြဋ္ဌာန်းထားလေသည်။
ကျွန်တော်တို့၏ broken English မူမမှန်သောအင်္ဂလိပ်စကားကိုပင်လျှင် သဘောပေါက်သဖြင့် ဘုရားမတာပဲဟုဆိုရပေမည်။

Thursday, February 10, 2011

ကိုညိုရုံးချိန်း-Traffic Court

အမေ

ဒီနေ့ ကိုညိုဖုံးဆက်တယ်။
သူတရားရုံးမှာ ယဉ်ထိန်းရဲနဲ့ အမှု၃မှုဖြစ်ထားတာ တခုနိုင်သွားတယ်။ ရဲက ရုံးချိန်းမလာနိုင်လို့။ အရမ်းပျော်သွားတယ်တဲ့။
အရင်နေ့တွေက သူ စိတ် မသက်မသာ ဖြစ်နေတဲ့အကြောင်း။
သူ ရဲနဲ့ အမှု၃ခုတောင်ရှိနေတဲ့အကြောင်း။
မနက်ဖန်ရုံးချိန်းက အမှုဟာ အောက်ရုံးမှာ တခါရှုံးထားပြီး ဒီတခါရုံးမှာ ရှုံးရင် ၃မှုဖြစ်သွားတဲ့အတွက် ကားလိုင်စင် ယာယီသိမ်းခံရနိုင်ပြီး အလုပ်လုပ်လို့ မရနိုင်တော့ကြောင်း။
အကယ်၍ လိုင်စင်အသိမ်းခံရရင် ရန်ကုန်မှာပဲ ခဏပြန်နေရတော့မယ်ထင်တယ်လို့ ဖုံးဆက်ပြောတယ်။

စူးမာလဲ "ရုံးချိန်းသွားကြည့်ပေါ့၊ တခါတလေ ရဲကမလာနိုင်ရင် ကိုယ်နိုင်သွားတာပေါ့။ ကိုယ့်ကုသိုလ်ကံလည်း ရှိသေးတာကိုး"လို့ အားပေးလိုက်ပါတယ်။

ကိုညိုအလုပ်က ကားမောင်းနေတာဆိုတော့ ဒီအမှုတွေနဲ့ တချိန်လုံး နပမ်းသတ်နေရတာပဲ။
လိုင်စင်သိမ်းသွားတော့လဲ နားရတယ်လို့ သဘောထားပေါ့။ အမေက သားသမီးတွေ အနားမှာရှိရင် ပျော်နေမှာလို့ ကောင်းတဲ့ဖက်ကို တွေးနိုင်အောင် တွန်းပေးလိုက်တယ်။

သူက စူးမာပြောတဲ့ ကံမမှီ ကံခြင်းဆက်၊ ကုသိုလ်အင်ဂျင်ကို ၂၄နာရီ နှိုးထားဆိုတာကို သတိရပြီး ငါလည်းကုသိုလ်အင်ဂျင်ကို နှိုးကြည့်အုံးမှဘဲဆိုပြီး ရုံးမသွားခင် ဘုရားအာရုံပြုပြီး ရတနာ၃ပါးဂုဏ်ကျေးဇူးကြောင့်  ရဲမလာပါစေနဲ့၊ အမှုနိုင်ပါစေလို့ ဆုတောင်းသတဲ့။
ငါ့ကုသိုလ်အင်ဂျင်က မနှိုးတာကြာပြီဆိုတော့ ချာဂျင်မှဝင်ပါ့မလား။ ပါဝါတွေဒေါင်းကုန်ပြီထင်ပါရဲ့။ ဒီတခါ ကြောက်ကြောက်နဲ့ ရုံးချိန်းသွားရသတဲ့။


အရင်ရုံးချိန်းတုန်းက အမှုခေါ်တဲ့ရဲက အရမ်းဟောက်တာ။
သူကနားလေးနေလို့ သူ့နာမယ်ခေါ်ရင် မကြားမှာစိုးလို့ ကျနော့နာမယ်ခေါ်ရင် ကျေးဇူးပြု၍ ကျယ်ကျယ်လေးခေါ်ပါလို့ ပန်ကြားမလို့ မတ်တပ်ရပ်တာကို
ဟေ့လူ ထိုင် ဘယ်သူမှ မတ်တပ်ရပ်ခွင့်မရှိဘူးလို့ အဟောက်ခံရတယ်။

ဒီနေ့ အမှုခေါ်တဲ့ရဲက အသံကျယ်လို့ တော်ပါသေးရဲ့။
ဒါနဲ့ပဲ လူစုံတော့ ရဲကမလာနိုင်ဘူးလဲဆိုရော ကိုယ့်နားကို ကိုယ်စိတ်မချလို့ ထပ်မေးရတယ်။ သေချာတော့မှ အောင်မလေးပျော်လိုက်တာ။
ပျော်တဲ့အကြောင်း တယောက်ယောက်ကို ဖုံးဆက်အုံးမှ။
ဂျွန်တို့ ဖူးတို့ကိုဆက်မလို့။ ဒါပေမဲ့ သူတို့က ကိုယ်ဘာကြောင့် ဒီလောက်ပျော်မှန်းသိမှာမဟုတ်ဘူး။
စူးမာဆီပဲဆက်လိုက်မယ်....။

အမေရေ
အမေ့သားတွေ လောကဓံကြုံလာရင်တော့ ကုသိုလ်လုပ်ဖို့ သတိလေးတော့ရတတ်သားပဲ။
ဒီထက်ပိုပြီး နေ့တိုင်း နည်းနည်း နည်းနည်း ဒီအင်ဂျင်နှိုးနိုင်ရင် လက်ခမောင်းခတ်လို့ရပြီလို့ အမေ့ကိုယ်တွေ့တွေကို ပြောပြလိုက်ပါအုံး။

အမေကျန်းကျန်းမာမာနဲ့ သားသမီးတွေဆီမှာ သာသနာတည်တံ့ ပွားများလာအောင်
ဆထက်တန်ဘိုး ဆောင်ရွက်နိုင်ပါစေ။

Thursday, February 3, 2011

မြန်မာစစ်မျက်နှာ (၅)

ဤသို့ဖြင့် ထွက်ခွာရမည့်နေ့ရောက်လာခြင်း

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နာဂိုယာမှထွက်ခွာ၍ အိုဆာကာသို့ရောက်ရှိလာသည်။ အိုဆာကာတွင်  ကျွန်တော်တို့တပ်ရင်းသည် ဂေါ်တိုးကင်ဧည့်ရိပ်သာတွင် စခန်းချပြီး စီးရမည့် သင်္ဘောအလှည့်ကိုစောင့်နေရပြန်သည်။ ဤအတောအတွင်း တပ်ရင်းနောက်ကို လိုက်လာသည့် ဧည့်သည်တွေ့ခွင့်တောင်းထားသောမိသားစုများကလည်း အနီးရှိတည်းခိုခန်းများတွင် အလျှိုအလျှို ရောက်ရှိလာကြလေသည်။

ဒီဇင်ဘာလ  ၂၁ ရက်နေ့တွင် တပ်ရင်းသည် ၂ သုတ်ခွဲ၍ တဝက်က ရေကြောင်းခရီးဖြင့် မာယမာရု ကုန်တင်သင်္ဘောတွင် လိုက်ပါရလေသည်။ မာယမာရုသည် ကုန်တင်သင်္ဘောဖြစ်ပြီး မြင်းများ၊ ထရပ်ကားများ၊ လက်နက်ကရိယာများအပြင် စစ်သည်များကိုပါ အပြည့်တင်ဆောင်ထားရာ မိုမောက်အံထွက်သည့်နှယ်တွေ့ရ၏။
ဆိပ်ခံကမ်းလုံးပြည့်မျှ လာရောက်နှုတ်ဆက်ကြသော လူထုကြီးအား ဝှေ့ရမ်းနှုတ်ဆက်ရင်း အိုဆာကာကမ်းကို ခွါခဲ့လေသည်။

သားကိုကျောမှာလွယ် အလံကိုဝှေ့ရမ်း
ချစ်ဇနီးကို နှစ်သိမ့်ကာ
ခွါခဲ့ရ ဆည်းဆာဆိပ်ကမ်း


ကျူးရှုးကျွန်းရှိ မွန်ရှိဆိပ်ကမ်းသို့ ဆိုက်ကပ်သောအခါ နာမည်ကျော် ငါးပူတင်းဆာရှီးမိ(ငါးအစိမ်း) ကိုလွှေးခဲ့ရ၏။
ဒီတသက်တွင် တခါမှမစားဘူးသေးသော ငါးပူတင်းကို လျှာပေါ်တင်ဖူးခြင်းဖြစ်သော်လည်း ဘယ်လိုကောင်းမှန်းမသိသော ဒီငါးပူတင်းအရသာကို ယခုထက်တိုင်မေ့မရနိုင်ပါ။


မွန်ရှိပင်လယ်ဝတွင် စီတန်းလျက်ရှိသော သင်္ဘောအုပ်စုသည် တောင်ဖက်သို့ ဦးတည်ခုတ်မောင်းနေကြလေသည်။ ဘယ်ဆီဘယ်ဝယ် ဆိုက်ကပ်မည်ကိုမူ မသိကြရပါ။

၁၉၄၂ခုနှစ် နှစ်သစ်ကို တိုင်ဝမ်ပင်လယ်တွင် ကြိုကြရ၏။


သင်္ဘောအတွင်း ကောက်ညှင်းကို ဆုံဖြင့်ထောင်း၍ မိုချိ(ခေါပုတ်)လုပ်ကြပြီး နှစ်သစ်ကူးအထိန်းအမှတ်ဖြစ်သော တာအိုးများထိုးခြင်း ကောက်ရိုးများ စက္ကူများဖြင့်ပြုလုပ်သော နဖူးစီးကြိုးများ ချိတ်ဆွဲခြင်း မိုချိထည့်ထားသော နှစ်သစ်ကူးအစားအစာများကို စားသောက်ကြရင်းဖြင့် ဆုမွန်ကောင်းတောင်းကြလေသည်။


တိုင်ဝမ်ကျွန်း Kaohsiung ကိုဆင်းဆိပ်ကမ်းသို့ ဆိုက်ကပ်သောအခါ အောက်သို့ဆင်း၍ ငှက်ပျောသီး လိမ္မော်သီးများဝယ်ပြီး ရှည်လျားသော ရေကြောင်းခရီးကိုဆက်ရပြန်သည်။
တောင်လတ္တီတွဒ်ဖက်သို့ရောက်သွားသောကြောင့် အပူချိန်ပြောင်းလဲသွားပြီး သင်္ဘောအတွင်းဝယ် နွေဝတ်များကိုပြောင်းလဲဝတ်ကြရသောကြောင့် ပေါ့ပါးသွားလေသည်။

သင်္ဘောအုပ်စုသည် လေယာဉ်ဖြတ်မပျံရ ရေယာဉ်ဖြတ်မမောင်းရစသည့် ဥပဒေသတ်မှတ်ချက်များကြားမှ ခုတ်မောင်းရခြင်းဖြစ်သော်လည်း ထိုအချိန်က လေယာဉ်ပျံသန်းခွင့် ရေယာဉ်ခုတ်မောင်းခွင့် ၂ခုလုံးသည် ကျွန်တော်(ဂျပန်)တို့ လက်ထဲမှာရှိသည့်အတွက် ဤရေကြောင်းခရီး စိတ်ပူပန်စရာဟူ၍ စိုးစဉ်းမျှ မရှိခဲ့ပါ။

သင်္ဘောအုပ်စုသည် ဗီယက်နမ်နိုင်ငံ Cam Ranh ကမ်ရန်းပင်လယ်အော်ကိုဖြတ်မောင်းသောအခါတွင်မှ တပ်ရင်းမှုးက ထိုင်းနိုင်ငံတွင်ဆိုက်ကပ်မည်ကို ထုတ်ဖော်ပြောလေ၏။
ငြိမ်သက်သော လှိုင်းပြာပြာရှိသည့် ထိုင်းပင်လယ်အော်ကိုဖြတ်ပြီး မဲခေါင်မြစ်ဝသို့ ချဉ်းကပ်လာသောအခါ သင်္ဘောအုပ်စုသည် ရပ်တံ့သွားလေသည်။ သင်္ဘောဝမ်းအတွင်း ရှိသော စက်ခန်းအရာရှိကိုဂျီးမားထံသို့ ရေကြောင်းပြ(ပိုင့်လော့)နှင့် အရာရှိချုပ်စသည်တို့က ရေကြောင်းညွှန်ကြားချက်များကို ဆင့်ကဲဆင့်ကဲ တခုပြီးတခု အမိန့်ပေးနေကြသည်။
ဤသို့ဖြင့် သင်္ဘောသည် တဖြေးဖြေး မဲနမ်မြစ်ထဲကို ခုတ်မောင်းဝင်ရောက်လာပြီး ၁၉၄၂ခုနှစ် ဇန္နဝါရီလ ၁၃ရက်နေ့တွင် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ဆိပ်ကမ်း ဆိုက်ကပ်လေတော့သည်။