Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Thursday, December 23, 2010

Introduction of Dictator Game Theory

အာဏာရှင်ဂိမ်းသီအိုရီ နိဒါန်း
ဒေါက်တာမောင်ဘချစ်
၁၁၊၂၈၊၂၀၁၀။

ဂိမ်းသီအိုရီကိုအာဏာရှင်တွေတိုက်တဲ့နေရာမှာ ဘယ်လိုသုံးလဲ။
အာဏာရှင်တွေအမြဲပဲအထက်စီးရနေတာလား။
အာဏာရှင်တွေဘာကြောင့် ဒီလိုအထက်စီးကရတာလဲ။
အဓိက ကတော့ လူတွေလောဘကြီးတာကြောင့်လို့ဆိုတယ်။
သူတို့က ပေါင်းစားချင်တယ်။
ဒီအခါ အာဏာရှင်ရဲ့လုပ်ပိုင်ခွင့်တွေများလာတယ်။အာဏာရှင်ကို အခွင့်အလမ်းတွေပေး လိုက်သလိုဖြစ်နေတယ်။
မူလကတည်းက တဖက်စောင်းနင်းဖြစ်နေတဲ့ လူမှုရေး ကွန်ယက်(Social Network) မှာ အာဏာရှင်ဟာ တဖြည်းဖြည်းနဲ့တန်ခိုးတွေထွားလာတော့တယ်။
သူ့အပါးမှာမြှောက်ပင့်စားသောက်တဲ့သူတွေများလာတယ်။ ဒါဟာလူသားတွေရဲ့ဗီဇပါပဲ။ ဒီဗီဇကိုအရင်းတည်ပြီးတန်ခိုးကြီးထွားလာတဲ့အာဏာရှင်ကို အနိုင်ယူဖို့ ခဲယဉ်းလာတော့တာပါပဲ။
          x                           x                           x
မြန်မာ့ဒီမိုကရေစီအရေးကိုပြန်ကြည့်ပါ။
ကျွန်တော်တို့ ရဲ့ မိတ်ဆွေများဟာအနစ်နာခံပြီး တိုက်ပွဲဝင်ကြတယ်။ အသေခံတယ်။ အပင်ပမ်းခံကြပါတယ်။
ဒါပေမဲ့ စောစောကပြောတဲ့လူ့ဗီဇကြောင့် လူတွေဟာ (လူသားပီသစွာပဲ) အသက်ရှင်ရပ်တည်ရေး အတွက် ဆောင်ရွက်လာတယ်။သူတို့ထဲမှာ အချို့ဟာချမ်းသာတဲ့လမ်းစကိုတွေ့လာတယ်။ အချို့က ခရီးသွားဟန်လွှဲ ဆိုသလို မိမိအကျိုးအမြတ်ကို ဦးစားပေးလာတယ်။
ဒီတော့ ဒီလိုဒီမိုကရေစီအတွက်တိုက်ပွဲဝင်ကြရင်း စိတ်ဝမ်းကွဲမှုတွေဖြစ်လာတော့တာပါပဲ။ ဒါဟာ သဘာဝပါ။ ဒီဖက်ခေတ်ကိုပြန်ကြည့်ရင် ဆယ်စုနှစ် သုံးလေးစုလောက်ကြာလာတဲ့အခါ ဘယ်သူက အနိုင်ရလာလဲ။
အနိုင်ရလာသူက အာဏာရှင်ဖြစ်လာတာကိုတွေ့ရပေမယ်။ အာဏာရှင်ဟာ အနေချောင်အစား ချောင်လာသလို ပတ်ဝန်းကျင်လူတွေဟာလည်း အရိုးအရင်းလေးတွေရလာတယ်။ ခပ်လှမ်းလှမ်း ကလူတွေဟာလည်း ဥပဒေကိုမျက်ကွယ်ပြုထားတဲ့နေရာ မှာကြီးနိုင်ငယ်ညှင်း ပုံစံကို အသားကျ လာတယ်။
ယာဉ်စည်းကမ်းဖေါက်ဖျက်မှုဥပမာတစ်ခုကိုတင်ပြမယ်။
မြန်မာပြည်မှာပေါ့။ရဲဖမ်းဆီးအရေးယူတဲ့အခါ ဘယ်လိုတုန့်ပြန်လဲ။
“ရဲဖမ်းရင်ပိုက်ဆံပေးလိုက်ရင်ပြီးတယ်မဟုတ်လား”
မိတ်ဆွေတစ်ဦးက သူရဲ့သီအိုရီကိုတင်ပြတယ်။ ခင်ဗျားတို့ကတော့ ဒါဟာဥပဒေမဲ့လို့ပြောမှာပေါ့။ မှန်ပါတယ်။သူ့ကိုကျွန်တော်လည်းပြောပြပါတယ်။
သူကမေးတယ်။“ ခင်ဗျားတို့အမေရိကမှာကော။ ဒီလိုပဲ ရဲဖမ်းရင်ဘာလုပ်လဲ”
“အပြစ်ပေါ်မူတည်တယ်။ တရားရုံးတက်ရတာတွေဒဏ်ငွေဆောင်ရတာတွေရှိတတ်တာပါပဲ”လို့ပြောတော့ သူက “ဒဏ်ငွေဆောင်တယ်ဆိုတာ ပိုက်ဆံပေးတာပဲလေ။ ကျုပ်လည်းပိုက်ဆံပေးတာပဲပေါ့”
ဒါကို Corruption လို့သူသဘောပေါက်ဟန်မတူဘူး။ သဘောပေါက်ရင်လည်း သူ့အနေနဲ့အဆင်ပြေ နေသေးတော့ ဒါကိုပိုသဘောကျနေတာအသေအချာပါ။
မြန်မာပြည်မှာ Corruptionဆိုတဲ့ ခြစားမှုတွေဟာ အများကြီးပဲ။ ဒါတွေဟာအသိုင်းအ၀ိုင်းကို ဒုက္ခပေး နေတာကိုသဘောမပေါက်ကြဘူး။ ရုတ်တရက်လည်း သဘောပေါက်ဖို့မလွယ်ဘူး။
ဂိမ်းသီအိုရီ အရပြောရရင်တော့ ဒါဟာ လူ့သဘာဝပဲ။ ရဲကလည်း အာဏာသုံးတယ်။ ပိုက်ဆံယူတယ်လေ။ အပြစ်ရှိတယ်လို့အစွပ်အစွဲခံရသူကလည်း အဆင်ပြေအောင်လုပ်မယ်လို့စိတ်ကူးထားတာပါပဲ။
ဘာကြောင့်လဲ။
နိုင်ငံတစ်နိုင်ငံလုံးခြစားနေတာကိုး။ ခြစားတယ်ဆိုတာ အကျင့်ပျက်တာ (corruption)ဖြစ် ကိုပြောတာ ပါပဲ။
“အမေရေ ငွေ တစ်ရာလောက်”
“ဘာလုပ်ဖို့လဲသား”
“ရဲစခမ်းထောက်ခံစာ ယူမလို့”
ဘာထောက်ခံစာလဲ”
“အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံချက်ပါ။ ကျောင်းမှာဖွန်တင်ရမယ်”
“တစ်ရာတောင်ပေးရလား”
“တစ်ဆယ်ပါပဲ။ ဒါပေမဲ့ ရပ်ကွက်ထောက်ခံစာပါမှ ရတာ”
“ဒါဆိုလည်းရပ်ကွက်ရုံးသွားပေါ့”
“သူကညမှဖွင့်တာအမေကလဲ၊သားက ဒီနေ့တင်ရမယ်။ရပ်ကွက်ရုံးမှာလည်းအကြာကြီးစောင့်ရတယ်”
“ရဲစခမ်းမှာကောမစောင့်ရဘူးလားသား”
“စခန်းရှေ့က ကွမ်းယာဆိုင်ကိုငွေတစ်ရာပေးလိုက်ရင် သူက တံဆိပ်တုန်းရိုက် နာမည်မှတ်ပုံတင်ဖြည့်ပေးလိုက်ရုံပဲ”
“ဒါဆိုလဲ...”
ဒါတွေဟာ အသေးအမွှားလေးတွေပါ။
ဒါပေမဲ့အတွင်းကိုလှိုက်စားသွားတဲ့ ခြစားတာဟာ တချိန်မှာ အဆောက်အဦတစ်ခုလုံးပြိုလဲသွားစေမှာအသေအချာပဲ။
          x                           x                           x
ဝန်ထမ်းထဲမှာရဲတွေသာမကပါဘူး။ စစ်သားတွေလည်း corrupt ဖြစ်ကြတာပါပဲ။
၈၀ ခုနှစ်များက မော်လမြိုင်ရောက်သွားတော့ မိတ်ဆွေတစ်ယောက်ကပြောတယ်။
“မော်လမြိုင်ဖက်မှာ ပေါ်တာဆွဲနေတယ်။ ပေါ်တာဘတ်ကြိုးလေးတွေဘာတွေဆောင်သွားဦး”
“ဘာလဲပေါ်တာဘတ်ကြိုး”
“ရွှေအတုပေါ့”
“ဘာလုပ်ရမှာလဲ”
“စစ်သားက ပေါ်တာဆွဲရဲ လည်ပင်းကဘတ်ကြိုးကိုပေးလိုက်။ သူမဖမ်းတော့ဘူး။ အသာလေး ထွက်သွားရုံပဲ”
“ဘယ်လိုဖြစ်တာလဲ”
“အရင်က လူတွေဟာ ဘတ်ကြိုးအစစ်တွေကိုပေးတယ်။ ဘတ်ကြိုးဆိုတာ ရွှေတစ်ကျပ်သားနီးပါးရှိတဲ့အခေါက်ရွှေနဲ့ဆွဲကြိုးလုပ်ထားတာ”
“နောက်ပိုင်းမတတ်နိုင်တော့ဘူး။ ဒါကြောင့်ရွှေအတုတွေကိုသုံးလာကြတယ်”
ဆိုးပါတယ်။
                   x                           x                           x
They come to mind immediately as examples of megalomaniac and brutal despots or dictators.
ဒါတွေအားလုံးဟာ အသက်ရှင်ရပ်တည်ရေး Survial အတွက်ပါပဲ။နောက်တဖြည်းဖြည်းနဲ့ အကျင့်ပါလာတယ်။ Mind Set ဖြစ်လာတယ်။ လူအများကတော့ ဒါကိုသတိထားမိပေမဲ့ အကျိုးဆက်တွေကိုသဘောမပေါက်ဘူး။တကယ်တန်းဒါတွေဟာ အာဏာရှင်တွေ တည်မြဲ စေဖို့လမ်းစတွေပါပဲ။
ဒီလိုသီအိုရီတွေကိုပြောရင် မြန်မာလူမျိုးတွေကသိပ်မခံစားတတ်ကြဘူး။အထူးသဖြင့်လူငယ်တွေဟာ ဒီလိုသီအိုရီတွေကိုလေ့လာထားဖို့မလိုဘူးလို့ထင်နေကြုတယ်။ ကျွန်တော်တို့ရဲ့ အကျင့်ပျက်နေတဲ့ စိတ်စွဲလန်းမှု mind set ကို ဖျောက်ဖျက်ဖို့အင်မတန်ခက်ပါတယ်။
ဒါနဲ့ပဲ ဒီမိုကရေစီဂိမ်းမှာ အာဏာရှင်တွေက အနိုင်ရသွားတတ်တယ်။
ကျွန်တော်ကတပိုင်းတစ သုံးသပ်တင်ပြထားတာပါ။ဘယ်သူ့ကိုမှအပြစ်တင်နေတာမဟုတ်ပါဘူး။
          x                           x                                     x
နိဂုံးချုပ်ရရင်တော့ ဂိမ်းတွေကိုကစားတဲ့အခါ တယောက်နဲ့တယောက် ပွင့်လင်းမှုရှိမှ လိုအပ်တဲ့ အဖြေတွေကို ရရှိတယ်။အနိုင်အရှုံးသိသာထင်ရှားတယ်။
ဥပမာစစ်တုရင်ကစားပွဲဆိုပါတော့ တဖက် နဲ့တဖက်လှုပ်ရှားမှုတွေအားလုံးကိုမြင်နေရတယ်။
ဒါပေမဲ့ တဖက်အသင်းကဘုရင်မကို ထုတ်ခိုင်းထားရင် ဒါဟာ မတရားတဲ့ကစားပွဲပေါ့။
(ဘုရင်တော့ချပေးလို့မရဘူးလေ။ဘုရင်မရှိရင် ပွဲပြီးသွားပြီ။Game over ပေါ့။)
ကျွန်တော်တို့ရဲ့ ဂိမ်းတွေကိုဆန်းစစ်ဖို့လိုမယ်ထင်ပါတယ်။

Friday, December 17, 2010

ဒီမိုကရေစီ သဘောတရား

ဒေါက်တာ မောင်ဘချစ်
နိုဝင်ဘာ ၁၈၊ ၂၀၁၀

“သဘောမတူတာကို လက်ခံနိုင်တာလည်း ဒီမိုကရေစီသဘောတရားတခုပဲ”
အောင်ဆန်းစုကြည် (၂ဝ၁ဝ နိုဝင်ဘာ ၁၅)


တနေ့တွင် မောင်ဘချစ်သည် မောင်ဘသစ်နှင့် ဝါရှင်တန်ဒီစီတွင် ဆုံတွေ့ခဲ့သည်။

(Capital Mall) မှာ လူတွေများတဲ့ ကြားထဲက မောင်ဘသစ်ကို မြင်လိုက်ပါသည်။

ထို့ကြောင့် နောက်ကလိုက်ပြီး ပုခုံးကိုင်ကာ မေးလိုက်ပါသည်။

“မင်းဘာလုပ်တာလဲ”

“မင်းကော”

အဖြေကို အဖြေနှင့် တုံ့ပြန်ခြင်းသည် အဖြေတော့မရ၊ စကားတော့ ရသည်။ ထိုကြောင့် ဆက်ပြောနိုင်သည်။

“ဒီနေ့ ဘာနေ့လဲ သိလား”

“စစ်ပြန်စစ်မှုထမ်းဟောင်းနေ့ (Veterans Day) လေ”

“ဒါကြောင့် မင်း ‘မော (Mall)’ ကိုလာတာပေါ့ ဟုတ်လား”

“စစ်သည်ပေါင်းများစွာကို ဂုဏ်ပြုတဲ့နေရာလေ။ ဒီမှာ ကိုယ့်နိုင်ငံကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ စစ်သည်တွေကို ဂုဏ်ပြုတာပါပဲ။ ရှေးခေတ်က တိုင်းပြည်ကို တည်ထောင်ရင် လက်ရုံးရည်က အင်မတန် အရေးကြီးတယ်”

“ရှင်းရှင်းပြောပါကွာ၊ စစ်တပ်ကောင်းကောင်းရှိရတယ်ပေါ့ မဟုတ်လား”

“ဟုတ်တယ်လေ။ စစ်တပ်ဟာ အရေးကြီးတာပေါ့ကွ။ တိုင်းပြည်တပြည်မှာ စစ်တပ်ဟာ အင်မတန် အရေးကြီးတယ်”

“ပြည်သူတွေကို ကာကွယ်ဖို့ပေါ့ ဟုတ်လား”

“ဟုတ်တယ်။ ကမ္ဘာမှာ မတူတာတွေ ကွဲပြားတာတွေကို အာဏာနဲ့ တစုတဝေးထဲ ထားကြတာပဲ”

“ဒါဟာ အာဏာရှင်စနစ်ပေါ့ ဟုတ်လား”

“အင်း။ လူတွေက လိုလားတာကွ။ စစ်တပ်ဆိုတာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်တယ်။ လူတွေကို ကာကွယ်စောင့် ရှောက်ဖို့ပဲပေါ့။ ဒါပေမယ့် ကာကွယ်စောင့်ရှောက်ရာက တန်ခိုးကြီးထွားလာပြီး အာဏာရှင်လုပ်ကာ တက်အုပ်ချုပ်တာပဲကွ”

“ဒါပေမယ့် အဲဒီခေတ်ဟာ တဖြည်းဖြည်းကုန်သွားတယ် မဟုတ်လား”

ဟုတ်ပါသည်။

မောင်ဘချစ်တို့သည် ဒီမိုကရေစီသဘောတရားတွေကို လက်ခံဖို့ ကြိုးစားနေကြသည် မဟုတ်ပါလော။


တချိန်က မြန်မာနိုင်ငံကို ပြန်ကြည့်မိသည်။

၁၉၄၇ ခုနှစ်က ဒီမိုကရေစီနိုင်ငံအဖြစ် မျှော်လင့်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲကြသည်။

တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊

ဒို့ပြည်၊ ဒို့မြေ။

များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်

ဒို့ပြည်၊ ဒို့မြေ

ပြည်ထောင်စုအမွေ အမြဲတည်တန့်စေ

အဓိဋ္ဌာန်ပြုမလေ …

ထိန်းသိမ်းစို့လေ ...

ဒီသီချင်းကို ကြွေးကျော်ကာ ၁၉၄၈ တွင် လွတ်လပ်ရေးရယူခဲ့သည်။

အားနည်းသော အခြေခံဥပဒေ။ အခြေခံမရှိသောနိုင်ငံရေးအမြင်၊ တဦးကိုတဦး မလေးစားသော စိတ်များအပြင် နိုင်ငံရေး အုပ်ချုပ်ရေးတွင် အလေ့အထ နည်းပါးသောကြောင့် အစိုးရအဖွဲ့အကြား အယူအဆ ဝါဒများကွဲပြားလာကာ ငြိမ်ဝပ်ပိပြားရေးကိုပါ နှောက်ယှက်လာလေတော့သည်။

ငြိမ်ဝပ်မှုနှင့် နိုင်ငံရေး အကွဲအပြားကို အခွင့်အရေးယူသူကတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်နေဝင်း ဖြစ်သည်။

၁၉၅၈ တွင် အာဏာရယူသည်။ ထိုစဉ်က အိမ်စောင့်အစိုးရဟု အမည်ခံ၍ ရွေးကောက်ပွဲ လုပ်ပေးသေးသည်။

သို့သော် ၁၉၆၂ ခုနှစ်တွင် ထပ်မံ အာဏာသိမ်းလိုက်လေတော့သည်။ ထိုအတွက် ၁ဝ စုနှစ်သား ဒီမိုကရေစီသည် သားလျော ပျက်သုဉ်းရလေတော့သည်။


Is this a concept we have been too lazy, or too blind, to fully examine?

 စစ်အစိုးရသည် အသွင်အမျိုးမျိုးဖြင့် အုပ်ချုပ်သည်။

၁၉၇၄ တွင် အခြေခံဥပဒေသစ်ကို ဆွဲသည်။ အလံပြောင်းသည်။

၂ဝဝ၈ ခုနှစ်တွင် အခြေခံဥပဒေသစ်ကို ဆွဲပြန်သည်။ လက်ရှိ ၂ဝ၁ဝ ခုနှစ်တွင် အလံပြောင်းသည်။

စစ်အာဏာရှင်များ အုပ်စိုးသည့်အချိန်မှစ၍ မောင်ဘချစ်တို့သည် နောက်ထပ်နှစ် ၅ဝ လုံးလုံး ဒီမိုကရေစီကို မမြင်ရတော့။



“မင်း စစ်ကိုမမုန်းဘူးလား။ စစ်တပ်ကို မမုန်းဘူးလား”

“စစ်ကို မုန်းပါတယ်။ စစ်မဖြစ်စေချင်ဘူးပေါ့ မောင်ဘချစ်ရာ၊ စစ်တပ်ကိုလည်း ဘာလို့မုန်းရမှာလဲ။ သူက ကာကွယ်စောင့်ရှောက်တာပဲ မဟုတ်လား”

“သူတို့က တို့တတွေကို ဘယ်လောက်ဒုက္ခပေးလဲ”

“မင်းတို့ပဲ စစ်တပ်က အာဏာသိမ်းတုန်းက ကြိုဆိုတယ်မဟုတ်လား”

“ဟုတ်တယ်လေ။ တို့မှမသိကြတာပဲ။ စစ်တပ်က အုပ်ချုပ်ရင် ကောင်းမယ်လို့ထင်တာကိုး”

“ဒါဆိုရင် ဒီမိုကရေစီအစိုးရ တက်ရင်ကော ကောင်းလာမယ်လို့ထင်လား”

သူမေးသည့်စကားကို မောင်ဘချစ် စဉ်းစားနေမိသည်။

“ဒီမိုကရေစီကနေ ဘာရမှာလဲ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေကို ရလာမယ်။ နိုင်ငံတကာမှာ မျက်နှာမငယ်ဘဲ ဂုဏ်ယူဝင့်ကြွားလာနိုင်မယ်။ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးလာမယ်။ ချမ်းသာလာမယ်”

မောင်ဘချစ် သူ့ကို အစီစဉ်မကျဘဲ ပြောပြလိုက်ပါသည်။

“လူအများစုက ဘာလိုချင်တာလဲ”

“လူတိုင်းညီမျှတဲ့ အခွင့်အရေး လိုချင်တာပဲ။ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် ဆိုတဲ့ နိုင်ငံတော် သီချင်းအတိုင်းပေါ့လေ။ ဒါက ပထမ လိုတာ”

“နောက်တော့ကော”

“လူတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပဲလေ။ ကောင်းမွန်တဲ့ ပညာရေးကျန်းမာရေးကို လိုချင်တာပေါ့။ ဆေးရုံမှာဆေး မရှိတာမျိုးတွေ၊ ကျူရှင် ပညာရေးစနစ်တွေပေါ့လေ၊ ဒါတွေကို ပြုပြင်ချင်ကြတယ်”

“အာဏာရှင်လက်အောက်မှာ ပြုပြင်ရခက်တာပေါ့ ဟုတ်လား”

“ဟုတ်တယ်။ စီးပွားရေးဆိုလည်း လက်ဝါးကြီးအုပ်ထားတယ်။ အားလုံး ဆင်းရဲတော့ ကြက်ခြင်းထဲက ကြက်တွေလိုပဲပေါ့”

“ဘယ်လို”

“ကြက်ခြင်းထဲက ကြက်တွေဟာ တကောင်ကို တကောင် ဆိတ်ကြတာပဲလေ”

မောင်ဘချစ်သည် သူပြောသည်များကို ခေါင်းညိတ် နားထောင်နေမိသည်။ လက်ညှိုးထောင် ခေါင်းညိတ်တာ အကျင့်ပါနေခြင်း ဖြစ်သည်။

မြန်မာပြည်တွင် လူတန်းစားနှစ်မျိုး ထင်ထင်ရှားရှားရှိသည်။

လက်ညှိုးထောင် ခေါင်းညိတ်သူများနှင့် ပြန်မပြော နားမထောင်သူများ ဖြစ်သည်။

လက်ညှိုးထောင် ခေါင်းညိတ်သူများသည် ရာထူးတက်လွယ်ပြီး ပြန်မပြော နားမထောင်သူများသည် နေရာ အသင့်အတင့်သာ ရသည်။ သူတို့၏မူဝါဒမှာ မလုပ်မရှုပ်မပြုတ်ပင် ဖြစ်သည်။

စားလို့ရတာ အကုန်စားသည်။ ဝါးလို့ရတာ အကုန်ဝါးသည်။

မိမိကိုယ်မိမိ လေးစားမှုလည်း မရှိ။ အခြားသူများကိုလည်း လေးစားရမှန်းမသိ။ တယောက်ကို တယောက် လေးစားမှု မရှိတော့သည့်နိုင်ငံတွင် အလုံးစုံပျက်သုဉ်းခြင်းကို မြင်တွေ့ရသည်မှာ မဆန်းတော့ပါ။

အစိုးရဆိုသော ပုဂ္ဂိုလ်တဦးတယောက် သို့မဟုတ် အဖွဲ့အစည်းတခုက ဥပဒေအပေါ်ကို ရောက်သွားသည်။

သူတို့ ဥပဒေပြုသည်။

သူတို့ အုပ်ချုပ်သည်။

သူတို့ တရားစီရင်သည်။

ဒီအခါ တပြည်လုံးရှိ ကိုယ်ကျင့်တရားများ ပျက်စီးသွားရသည်။ ဒါကို အလုံးစုံ ပျက်သုဉ်းခြင်းဟု ခေါ်နိုင်ပါသည်။

ခြစားသည်။ (တရား မတရား နားမလည် မိမိအတွက် လာဘ်ရလျှင်ပြီးရော)

အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားသည်။ (ရသမျှယူခြင်း ဖြစ်သည်။ သူများအတွက် အလှည့်မပေး)

အနိုင်ကျင့်သည်။ (လက်နက်၊ ရာထူး၊ ဓန ငွေကြေး အရှိန်အဝါ တို့သည် အာဏာ ဖြစ်ကုန်သည်)

ဥပဒေကို လျော့တင်းကာ စီမံခန့်ခွဲနေသောကြောင့် အကျင့်ပျက်သူများစွာကို မွေးဖွားပေးလိုက်သည်။

ခုတော့ တစ်က ပြန်စရပါမည်။

ဒါတောင် အချိန်အတော်ယူရဦးမည်။

အဓိကပြဿနာက စစ်အစိုးရပါ။

ဒီမိုကရေစီအစိုးရသည် ပြဿနာအားလုံးကို ပြေလည်စေမည်၊ သို့သော် နေ့ချင်းညချင်းတော့ မဟုတ်ပါ။

စစ်တပ်။

သူလည်း ပြည်သူ့အဖွဲ့အစည်းပါ။ လက်နက်ကိုင်ထားတဲ့ ဝန်ထမ်းပါ။ ပြည်သူကျွေးထားတာကို စားနေတာပါ။ သူ့ကို လက်တွဲရမှာပါပဲ။

ဒီမိုကရေစီကျင့်စဉ်ကို လေ့ကျင့်ရပါမည်။

သဘောမတူဘူးလား သူငယ်ချင်း။ ရပါတယ်။

ဒေါ်စု ပြောသလိုပါ။ သဘောမတူတာကို လက်ခံနိုင်တာလည်း ဒီမိုကရေစီသဘောတရားတခုပဲ ဟူ၍။ ။


Monday, December 13, 2010

မြန်မာစစ်မျက်နှာ (၂)

တပ်ရင်းမှုး(ကွန်မန်ဒါ) ဗိုလ်မှုး၏ မိန့်ခွန်း

တပ်များစီတန်းပြီးနောက် တပ်ရင်းမှုးက ကျွန်တော်တို့ထမ်းဆောင်ရမည့်တာဝန်များနှင့် ရင်ဆိုင်ရမည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ခွန်အားအပြည့်ပါသော မိန့်ခွန်းကိုဖတ်ကြား၏။

“ကျွနုပ်မှစ၍ တပ်တခုလုံး၏ တပ်ရင်းမှုးသည် ကျွနုပ်ဖြစ်သည်။ ဤ တပ်ရင်း၏အမှတ်သည် ၃၇၅၁ ဖြစ၍ နာမည်ဝှက် သည် မိနာကိုအိ။ ခေါင်းဆောင်များကို တထစ်ချ ယုံကြည်လျှက် ရဲဘော်တို့သည် ကျွနုပ်နှင့်အတူလက်တွဲ ၍ မိနာကိုအိစိတ်ဓါတ်ဖြင့် တိုက်ပွဲဝင်ကြ။”

နိဂုံးတွင် စစ်မြေပြင် အရပ်ဒေသ၌ နေထိုင်ကြသော ရပ်သူရွာသားများထံမှ နိပွန်စစ်သားများအပေါ် အပြည့်အ၀ ယုံကြည်၍ ထောက်ခံမှုရရှိရန်မှာ မိမိတို့သည် စစ်အုပ်ချုပ်ရေးစည်းကမ်းများကို  တသွေမတိမ်းလိုက်နာရန်လိုကြောင်း။ အနိမ့်ဆုံးအနေဖြင့်  အောက်ပါ အချက် ၃ချက်ကို မလွဲမသွေလိုက်နာရမည်ဖြစ်ကြောင်းပြောကြား၏။

၁။ အိမ်မီးမရှို့ရ။
၂။ အရပ်သားမသတ်ရ။
၃။ မလုယက်ရ။

မိန့်ခွန်းပါတာဝန်များကို နားတွင်စွဲအောင် မှတ်သားနေမိ၏။


ဒုတိယခေါင်းဆောင် တပ်ခွဲးမှုး ဗိုလ်ဖုကုဒ ဆီသို့

တပ်သား ၃၉၅ယောက်၊ မြင်းကောင်ရေ ၂၅၀၊ စစ်ကား ၂၀၀စီး။
ဤ တပ်ခွဲ၏အလုပ်ကော်မီတ်ီများမှာ-

Second Commander in Chief ဦးစီးမှုး- ဗိုလ် ဖုကုဒ ဟိုအိချိ
Commander Officer ဦးစီးအရာရှိ- တပ်ကြပ်ကြီး တာခိ ဂျိအိချိ
First Leader ပထမ အရာရှိ- ဒုဗိုလ် ရှိဘတာ မိနောရု
Second Leader ဒုတိယ အရာရှိ- ဒုဗိုလ် ယာမဒါ မိုတိုဟချိ
Third Leader တတိယ အရာရှိ- အရာခံဗိုလ် မာစုမိုတို ကေး
Treasurer ဘဏ္ဍာထိန်း - ဗိုလ် ခုရိမိုတို တဲရုနာအို
Doctor ဆေးမှုး - ဗိုလ် အိနာဂခိ တဲရုဆုကဲ
Vet Doctor တိရိစ္ဆာန်ဆေးမှုး – ဗိုလ်လောင်း အိချိခဝ

ကျွန်တောာ်တို့တပ်သည် မြင်းတပ်ဖြစ်သည့်အလျှောက် အသားမကျသည့် ရေသစ်မြေသစ်တွင် အခက်အခဲများစွာ မုချ တွေ့ရမည်ကို မျှော်လင့်ထားပြီးဖြစ်သည်။
၁၉၄၁ ခု ဒီဇင်ဘာလ ၈ ရက်နေ့တွင် စောင့်စားနေသည့်အတိုင်း ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကမ္ဘာစစ်ကြီး ဖြစ်ပွားရကာ အမေရိကန်က ဗြိတိသျှနှင့်ပူးပေါင်းပါဝင်လာပါတော့သည်။ ကမ္ဘာစစ်ကြီးဖြစ်ပြီဟု ကြားသိနေရသော်လည်း ကျွန်တော်၏စိတ်တွင် စစ်ဖြစ်နေသည်ဟု  မခံစားရသေးပါ။

Saturday, December 11, 2010

အလံပြောင်းလေတော့

ဒေါက်တာ မောင်ဘချစ်
အောက်တိုဘာ ၂၃၊ ၂၀၁၀

“ဒို့ပြည်ထောင်စု အလံတော်သည် x x x
ဗိုလ်ချုပ်ဈေးက ဝယ်ပါသည် x x x
          နှစ်ကျပ်ခွဲပဲ ပေးရသည်၊ ဆေးဆိုးပန်းရိုက် ဖြစ်ပါသည် x x x
          တူနယ် တူ့နဲ့ ဗြောင်”
          “အောင်ဘု သီချင်းဖျက်မဆိုရဘူး”
          “ဖျက်ဆိုတာမဟုတ်ဘူး မောင်ဘချစ်ရာ၊ ပြောင်းဆိုတာ၊ ဒီခေတ်ကြီးမှာ ပြောင်းတယ်လေ။ အိုဘားမား ပြောထားတယ်မဟုတ်လား (Change) တဲ့။ ဒို့မြန်မာတွေကို အမေရိကန်တွေ မမီဘူးကွ”
          “ဘာပြောင်းလဲ”
          “အလံပြောင်းတယ်လေ”
          “အင်း အလံပြောင်းတော့ အလောင်းပြန်တာပေါ့ကွ”
          “ဘာလဲ မောင်ဘချစ်ရာ မင်းပြောတာနဲ့ ငါတောင် ကြောက်လာပြီ”
          “အဟုတ်ကွ၊ မယုံမရှိနဲ့ ၁၉၇၄ တုန်းက ဦးသန့် ကွယ်လွန်တယ်”
          “ဟုတ်တယ်လေ”
          “အဲဒီအချိန်မှာ ဦးနေဝင်းက ၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အလံပြောင်းတယ်”
          “ဒါတော့ ပြောင်းရမှာပေါ့”
          “အေးကွ၊ ဒီလိုပြောင်းတော့ နိမိတ်ပဲဆိုရမယ်၊ ဦးသန့်အလောင်း ရောက်လာတယ်”
          “အလောင်းပြန်လာတာပေါ့”
          “အေး၊ အလံပြောင်းတော့ အလောင်းပြန်တယ်လို့ လူတွေပြောခဲ့ကြတယ်”
          “မင်းကတော့ကွာ၊ အတော်လေး ဒုက္ခပေးတာပဲ၊ အရင်ကလည်း ပုဒ်မလေး၊ ပေးမှလုပ်တယ်လို့ ဒို့ဝန်ထမ်းတွေကို နာမည်ဖျက်ကြတာပဲ မဟုတ်လား”
          “ဒါကတော့ ဟုတ်လို့ကျော် ပုတ်လို့ပေါ်တာပဲဟ”
        “အေး စောင့်ကြည့်ရတာပေါ့။ ဘယ်သူ့အလောင်းပျံမယ်ဆိုတာ။ သာမည ဆရာတော်အလောင်း ပျောက်သွားတာတော့ ကြားဖူးတယ်မဟုတ်လား”
          “ကြားဖူးတယ်။ လူတစုက မှန်ခေါင်းကို ဖောက်ယူသွားကြတာ။ အဲဒီအလောင်းပျောက်ဖူးတာတော့ ရှိတယ်”
          “ဆရာတော့်အလောင်း ပြန်လာရင်တော့ ကောင်းတာပေါ့။ နာဂစ်က အလောင်းတွေ ပြန်လာရင်တော့ ဧ”
          “ဘာလဲ နာဂစ်က အလောင်းတွေ”
          “နာဂစ်မှာ လူတွေ သေတယ်။ သေတဲ့လူတွေကိုမြှုပ်ရင် အပြစ်ရတယ်။ ဒါကြောင့် ဒီလိုပဲ ဆားရေထဲမှာ အကြာကြီးမျောနေတဲ့ အလောင်းတွေ အများကြီးပဲပေါ့”
          “အင်း … ဝေါ့ ဝေါ့”
          “မရွံပါနဲ့ကွာ မင်းလည်း တနေ့သေရမှာ အားလုံးအပုတ်ကောင်ပဲ”
          “အပုတ်ကောင်မို့ ရွံတာပေါ့ကွ”
          “အဲဒီအလောင်းတွေဟာ ဆားရေနဲ့ နေပူနဲ့ မည်းပြောင်နေတာပဲတဲ့။ မာကျစ်နေတာ မိချောင်းတွေတောင် မစားကြဘူးတဲ့”
          မောင်ဘချစ်သည် ရေသောက်ပြီး တဝေါ့ဝေါ့နဲ့ဖြစ်နေသည့် အောင်ဘုကိုကြည့်ကာ စိတ်မချမ်းမသာ ဖြစ်နေသည်။
          “အောင်ဘုရာ၊ လူသေကို ဒိလောက်ရွံရလား။ မင်း ကြီးဒေါ်သေတုန်းကတော့ ခေါင်းရင်းမှာ ဖဲိုက်ပြီးတော့”
          “ဒါက အလောင်းစောင့်မယ့်လူမှ မရှိတာပဲ၊ ငါက ဖဲိုက်ချင်လို့ မဟုတ်ဘူး၊ ငါ ကြောက်တတ်တယ်ကွ”
          “အေး ကြောက်မယ်ဆိုလည်း ကြောက်စရာပဲလေ၊ အဲဒီတုန်းက ကြောင်က ထခုန်တာ အားလုံး လန့်ပြေးတာပဲ”
          “အေးကွာ။ ခုတော့ ကျော်သူတို့ရှိနေလို့ တော်သေးတာပေါ့”
          “အင်း၊ ကျော်သူတို့ သန်းမြင့်အောင်တို့ရှိလို့ ရဲရဲသေရဲတာ။ ဒါတောင် အောင်ဝေး တယောက် ဒို့မြန်မာနိုင်ငံမှာမရှိတော့ အတော်လေး အားငယ်တယ်”
          “အောင်ဝေးက ဘာလုပ်လို့လဲ၊ သူလည်း ကျော်သူတို့လို သုဘရာဇာ လုပ်ပေးလို့လား”
          “အေးကွ၊ ဒို့မြန်မာတွေ ကံကောင်းကြတယ်။ သေတဲ့အခါ မင်းသားက ကားမောင်းပို့တယ်။ စာရေးဆရာမ(သန်းမြင့်အောင်)က ကြီးကြပ်တယ်။ နောက် ကဗျာဆရာအောင်ဝေးက ဆားဗစ်လုပ်တယ်”
          “ဘာလဲ ဆားဗစ်ဆိုတာ”
          “(Service)ပါကွာ သေတဲ့သူတွေကို ခရစ်ယာန်တွေကဆိုရင် သေတဲ့လူအကြောင်းပြောပြီး သီချင်းဆို (Service)လုပ်တာပေါ့ကွ။ အောင်ဝေးက ဒီလိုလုပ်တယ်”
          “သူ ကဗျာတွေရွတ်လို့လား”
          “ကဗျာတော့ မရွတ်သေးဘူးကွ၊ နောက်ဆို ရွတ်ချင်ရွတ်မှာ။ သူက ကွယ်လွန်သူအကြောင်းကို ရှင်းပြ ပြောဆိုတယ်လေ။ လာတဲ့လူတွေက သေသူကို နားလည်ကြဖို့ပေါ့”
          “အေး ဒါလည်းကောင်းတာပဲလေ။ တခါက ပြဿနာတော့ ဖြစ်ဖူးတယ်”
          “ဘယ်လိုလဲ”
          “မိန်းမတယောက်ပေါ့။ သူက သေသူအလောင်းကို ကန်တော့ပြီး ထငိုတော့တာ။ ‘ရှင်က ကျွန်မကို သမီးနှစ်ယောက်နဲ့ ထားခဲ့ပြီပေါ့လေ ၊ ကျေးဇူးရှင်ကြီးရဲ့’ လို့ငိုတော့ လာတဲ့လူတွေ ဘာပြောရမှန်းမသိဘူး ပေါ့”
          “အင်း လူတွေကတော့ ဒီလူကြည့်ရတိာုးပိုံးလက်နဲ့ ခုတော့ ပုတ်လို့ပေါ်ပြီဆိုတာမျိုး စဉ်းစားနေကြမှာပါပဲ”
          “ဒါပေါ့။ ဒါပေမယ့် အဲဒီမိန်းမက အလောင်းကို သေသေချာချာကြည့်ပြီး ဟင် ကျွန်မယောက်ျား လည်းမဟုတ်ဘူးဆိုပြီး ထွက်သွားရှာတယ်။ ဒီတော့မှပဲ လူတွေ သက်ပြင်းချနိုင်တာပေါ့။ ကိုအောင်ဝေးလို လူတွေရှိရင် သေသူ့အကြောင်း သေသေချာချာပြောနိုင်တော့ မလွဲတော့ဘူးပေါ့”
          “အေးဗျာ၊ မြန်မာစကားတခုတော့ ပြင်ချင်တယ်”
          “ဘာကိုလဲ”
          “အသေစောလို့နှမျောတယ်ဆိုတာနဲ့အတူ အသေနောက်ကျလို့ ကြောင့်ကျရတယ်လို့ ပြင်ချင်တာပဲ”
          “မင်း စောင်းပြောနေတာ- နာတိတယ်နော်။ အလံပြောင်းတာကို လူတွေက ယတြာလို့လည်း ပြောနေကြတာပါပဲ”
          “အေးဗျာ၊ ကြယ်တလုံးအလံဆိုတော့ 'လာပြီနော် ကြယ်တလုံး ဝုန်း’ ခနဲဖြစ်သွားအောင် လုပ်လို့လား”
          “၂၁ ရက်ဆိုတော့ ၃။ သုံးနာရီမှာဆိုတော့  အင်္ဂါသားသမီး သူလည်း ၃ ပဲ၊ သုံးကျအောင် အလံချရသတဲ့”
          “အင်္ဂါသားသမီးတွေကို အကျအဆင်းရှိအောင် လုပ်တာနဲ့တူတယ်”
          “ဒါပေမယ့် စစ်ဆိုတာလည်း အင်္ဂါပဲ။ သူတို့ကိုးကွယ်တဲ့ဆင်ကလည်း အင်္ဂါပဲ မဟုတ်လား”
          “အေးဗျာ၊ ဒါကိုတော့ စံဇာနီဘိုကို မေးကြည့်မှသိမှာပဲ”
x                  x                  x
          “တကယ်တော့ ယတြာဆိုတာ သဘာဝကို လိမ်တာပဲကွ”
          “ဘယ်လိုမျိုးလဲ”
          “မပြောင်းချင်ဘူး။ ရာထူးက မပြုတ်ချင်ရင် ပြောင်းဖူးကို အစိမ်းစားရတယ်”
          “ဘယ်လို”
          “မပြုတ်ဘူး။ ပြောင်းဘူးပေါ့”
          “ဟား ဟား ဟား”
          “နောက် ယတြာတခုက ဘုရင်ကို နောက်ဆုတ်တက်ရတယ်”
          “ဒါက”
          “နောက်ပြန်တက်တဲ့ မင်းပေါ့။ နောက်ပြန်ပြီး တက်တယ်တဲ့”
          “တယ်ဟုတ်ပါလား။ ခွေးပြေးဝက်ပြေးကိုတော့ ကြားဖူးတယ်”
          “လုပ်စမ်းပါဦး”
          “နေပြည်တော်မှာ ကားကြီးတွေနဲ့ ခွေးတွေ ဝက်တွေကို တင်သွားကြသတဲ့။ ပြီးတော့ လမ်းမှာ ရပ်ပြီး လွှတ်လိုက်တော့ ခွေးတွေဝက်တွေ ပြေးတော့တာပေါ့။ ဒါကို နောက်က လိုက်မောင်းသေးတယ်။ ခွေးပြေး ဝက်ပြေးပြေးရမယ်ဆိုတာကို ယတြာခြေတာတဲ့”
          “အင်း တရားမရှိလိုက်ကြတာ”
          “ဟုတ်ပ။ ဒီနောက်ပိုင်းမှာ စစ်အာဏာရှင်တွေဟာ ခွေးပြေး ဝက်ပြေး ပြေးရမှာကို သိနေတယ်လို့ ဆိုနိုင်တာပဲ မဟုတ်လား”
          “အေးလေ၊  သူတို့ကို လူတွေက အမုန်းတရားတွေသာ ပွားကြတာပါပဲ”
           “သူတို့ဟာ ကြောက်တော့ မကြောက်ဘူး။ ဒူးတုန်နေတာပဲပေါ့”
x                  x                  x
          ဆင်ကို ရှိခိုး၊ စစ်ကို ဗဟိုပြုထားသူများက အင်္ဂါသားသမီးတွေကို ကျဆုံးစေချင်သတဲ့။
          အလံဟောင်းကို မီှးို့မြေမြှုပ်လိုက်သတဲ့။
          ဗုဒ္ဓလက်ထက်က ကြားဖူးပါသည်။
          သင်္ကန်းပိုနေရင်။ လိုနေသူကို ပေးသည်။ ထိုသင်္ကန်းစုတ်လျှင် ရေလဲလုပ်သည်။ ရေလဲလုပ်လို့ မသင့်လျှင် ခြေသုတ်လုပ်သည်။ ခြေသုတ်လုပ်ဖို့မသင့်လျှင် နုတ်နုတ်စဉ်းကာ ပြာနဲ့ရောပြီး အကာတွေကို လိမ်းကျန်သတဲ့။ ဘာကိုမှ မဖြုန်းပါ။
          အလံကိုမီှးို့လို့ကော သူတို့တတွေ အလောင်းတွေ မဖြစ်ဘူးလား။ မြေမြှုပ်လို့ကော သေချိန်တန် သေရမှာပါ။ သွားချိန်တန်လျှင် သွားရမှာပါ။ အလံပြောင်းပြီး အလောင်းပြန်မှာ မလွဲနိုင်ပါဘူး။    

Thursday, December 9, 2010

အဝတ်လဲထားသူနဲ့ မလဲထားသူတို့အကြောင်း


ဒေါက်တာမောင်ဘချစ်
အောက်တိုဘာ ၁၅၊ ၂၀၁၀


ရွေးကောက်ပွဲပြီးတဲ့အခါ ဒီနိုင်ငံကို အင်္ကျီလဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ နဲ့ အင်္ကျီမလဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ ပူးတွဲအုပ်ချုပ်ကြမှာပါပဲ။
(မောင်ဘချစ်)
          “ဆရာကြီး ဒေါက်တာမောင်ဘချစ်ရေ”
“ဟ၊ ဘယ်သူတုန်း။ ဘာကြောင့် ဒီလောက်ရိုသေနေရတာတုန်း”
          မောင်ဘချစ်သည် သနားစဖွယ်ကောင်းသည့် ဂျော်နီအောင်ကိုတွေ့လိုက်ရသောကြောင့် များစွာ အံအားသင့်သွားလေသည်။
          “ကျွန်တော် ဂျော်နီအောင်ဘုပါခင်ဗျာ၊ ရွေးကောက်ပွဲနီးလို့ တွေ့သမျှလူကို ဆရာကြီး လို့ ခေါ်နေတာ”
          “သြော်၊ မင်းလည်း အရွေးခံမယ့် အရံခွေးလား”
          “ကျွန်တော် အရွေးမခံဘူးဗျ၊ ဒါပေမယ့် အရွေးခံမဲ့သူတွေ အများကြီးဗျ၊ ကျွန်တော်လည်း စာရင်း မသိဘူး။ ဂျာနယ်တွေလည်း ဘယ်သူတွေ ဘာလုပ်တယ်ဆိုတာ မသိကြဘူး”
          “ဟာ အောင်ဘုရာ၊ ရွေးကောက်ပွဲဆိုတာ လျှို့ဝှက်ထားရတယ်ကွ။ ဒါကြောင့်ပဲ လျှို့ဝှက်မဲစနစ်လုပ်ရတယ် တဲ့”
          (ရွေးကောက်ပွဲကော်မရှင်က လျှို့ဝှက်ထားသည်ကို Eleven Media က သတင်းမထုတ်ပြန်၍ အရေးဆိုနေသည်။ သနားဖွယ်ကောင်းလေစွ၊ ကျွတ်ကျွတ် ကျွတ် စ်)
          “ဒါကြောင့် ကျွန်တော်ပြောတာပေါ့။ တွေ့သမျှလူကို ဒီလို ဆရာကြီး ခေါ်ထားရတယ်။ သူတို့ အစိုးရဖြစ်လာတဲ့အခါ ပါမစ်လေး ရလိုရငြားပေါ့ဗျာ”
          “ဂျော်နီအောင်ဘု ခေါင်းကောင်းတယ်။ ခေါက်ဆွဲဆိုင်မှာ ချိတ်ရမယ်”
          “ဒါတော့ဗျာ၊ မဆလ တခေတ်လုံး တန်းစီတိုးစားသူတွေ အများကြီး။ နဝတတို့ နအဖတို့ လက်ထက်မှာ ပါမစ်လုပ်စား တာအများကြီး”
          “အရိုးအရင်းလေး ကိုက်ရကိုက်ရပေါ့ ဟုတ်လား”
          “ဒါကတော့ဗျာ၊ ချိုးပြော မိုးပြော ကန်ထရိုက်နဲ့ နိုင်ငံတည်''
          “ချိုးပြောမိုးပြော ပါမစ်နဲ့ နိုင်ငံတည်” (ပျဉ်းမနား ကြပ်ပြေးနေပြည်တော်ကို ထိုသို့ တည်ဆောက်ခဲ့သည်)
          မောင်ဘချစ်တို့ နှစ်ယောက် သံပြိုင်ဆိုကြကုန်၏။
          “ဆရာမောင်ဘချစ်ရေ၊ ခုတော့ကောင်းကြသေးရဲ့လား။ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ခွင်ရိုက်နေကြတာ”
          ''အေးဗျာ၊ ဒို့အစိုးရက သုံးမျိုး သုံးလီ ချပါသည်တဲ့”
          “ဘာတွေချလဲ”
          “နီးစပ်တဲ့သူတွေ ပါမစ်တွေချ၊ မုန်းတီးတဲ့လူတွေကို ထောင်ချ၊ ပြည်သူတွေကိုတော့ အမှောင်ချတာပဲပေါ့”
          “အေးလေ၊ ကျောချမှ ဓားပြမှန်းသိပြီပဲ။ ဒါနဲ့ ဆရာမောင်ဘချစ်ရေ … ဘယ်လို အစိုးရမျိုးဟာ အကောင်းဆုံးလဲ”
          “ရှိမှန်းမသိတဲ့ အစိုးရပေါ့”
          “ဗျာ”
          မောင်ဘချစ် ငယ်ငယ်ကကြားဖူးသည့် အစိုးရပါ။ သူ့ကို ပြောပြတာပါ။
          တကယ်တော့ အစိုးရတိုင်းဟာ အာကျယ်ကြသည်။ သူတို့မှာ မိုက်ခွက်ရှိ၏။ မျှော့ကြိုးလည်း ရှိ၏။ ဥပဒေတွေကို အခါခါ ထုတ်ပြန်၏။ လျော့၏၊ တင်း၏။
          “အောင်ဘုမင်း သိလား၊ အစိုးရဟာ အာဏာသုံးရပ်ကို ပိုင်တယ်ကွ”
      “သိပါတယ်။ တရားဥပဒေ ပြဌာန်းတည်ဆောက်ရေး အာဏာ။ တရားစီရင်ပိုင်ခွင့်အာဏာ နဲ့ အုပ်ချုပ်ရေးအာဏာတို့ပေါ့”
          “ဒါကို တယောက်ထဲပိုင်တာလား”
       “ဒီသုံးခုကို တယောက်ထဲကကိုင်ထားရင် အကြွင်းမဲ့ အာဏာပိုင်ဆိုင်သူ ဖြစ်တယ်။ ဘုရင်တွေ၊ အာဏာရှင်တွေဟာ ဒီအာဏာသုံးရပ်ကို တယောက်ထဲ ဆုပ်ထားကြတယ်”
          “ဟုတ်ပ။ ဘယ်လောက်တော်တဲ့ သူရဲကောင်းဖြစ်ဖြစ် ဒီအာဏာကိုတော့ မရသင့်ဘူး။ ဒီအာဏာတွေကို တယောက်ထဲယူထားရင် ပျက်စီးသွားနိုင်တယ်ကွ၊ ဒီအာဏာတွေကို ခွဲပေးရတယ်”
          “ဘယ်လိုခွဲပေးမလဲ၊ ဘယ်သူ့ကိုခွဲပေးမှာလဲ” (မြောက်ကိုးရီးယားတွင် သားသမီးမြေးတွေကို အဆင့်ဆင့် အာဏာခွဲပေးသည်။)
          “ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် မူတည်တယ်”
          “ဟုတ်တယ်။ အခြေခံဥပဒေက အရေးကြီးတယ်။ တို့နိုင်ငံမှာတော့ နာဂစ်အခြေခံဥပဒေပဲ ရှိတယ်”
          “ဘာဖြစ်လို့ နာဂစ်အခြေခံဥပဒေ လို့ ခေါ်တာလဲ”
          “ဒီအခြေခံဥပဒေကို အတည်ပြု ပြည်သူ့ဆန္ဒခံယူပွဲကို နာဂစ်မုန်တိုင်းပြီးတဲ့ နှစ်ပတ်အတွင်းမှာပဲ လုပ်တယ်”
          မောင်ဘချစ်နှင့် ဂျော်နီအောင်ဘုတို့သည် တယောက်မျက်နှာ တယောက်ကြည့်နေကြသည်။ ဘာကြောင့်လဲဆိုတော့ ဒါကို မောင်ဘချစ်ရော ဂျော်နီအောင်ဘုရော သိထားပြီးသားကိစ္စတွေ ဖြစ်နေ၍ ဖြစ်သည်။
          ပြည်သူများအားလုံး သိကြပါသည်။ ဒါမျိုး တသက်တခါသာ ကြုံတတ်ပါသည်။
          မေလ ၂ ရက်ညနဲ့ ၃ ရက်နေ့များမှာ နာဂစ်ဆိုင်ကလုံး မုန်တိုင်း တိုက်သွားသည်။ ဧရာဝတီနဲ့ ရန်ကုန်တိုင်းတို့အပြင် ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကိုပါ ဝင်သွားသေးသည်။ လေသည် တနာရီ ၁၃၅ မိုင်နှုန်းနှင့်တိုက်သည်။ မုန်တိုင်းနဲ့အတူ ပင်လယ်ရေလှိုင်းလုံးကြီးတွေပါ ဝင်ရောက်လာသည်။ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး မုန်တိုင်းပါပဲ။ လူတသိန်းကျော်လောက် သေဆုံးသည်။ နှစ်သိန်းမျှ ပျောက်ဆုံးနေသည်ဟု ဆို၏။ ပျက်စီးဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံဖိုးလောက်ရှိမည်။            သတင်းထဲမှာတော့ ရွာလုံးကျွတ် ပျောက်သွားတာတွေ အများကြီးပဲတဲ့။ အစိုးရကတော့ ကယ်ဆယ်ရေးလုပ်သူတွေကို နည်းမျိုးစုံဖြင့် တားမြစ်အရေးယူ ထောင်ချသည်။ ကုလသမဂ္ဂ မဝင်လာဖို့ကိုလည်း တားသည်။ နှောင့်နှေးကြန့်ကြာစေသည်။ ကုလသမဂ္ဂက မြန်မာအစိုးရလုပ်ပုံကို သဘောမကျဘူးလို့ ဆိုသည်။ (ကုလသမဂ္ဂပြောတာလောက်တော့ စစ်အစိုးရကလည်း ရယ်တာပေါ့ဟု ဆိုကြောင်း မခိုင်မာသော သတင်းရပ်ကွက်က ဆို၏)
          “အဲဒီတုန်းက အစိုးရဘာလုပ်နေလဲ”
          “ဒီမုန်တိုင်းဆိုတာ ဘာမှအရေးမပါဘူး လို့ သူ ထင်တယ်။ ဒါကြောင့် အခြေခံဥပဒေကိုသာ ပြီးအောင် ထောက်ခံမဲပေးပွဲ ပြုလုပ်စေတာပေါ့။ ဒီအခါ နိုင်ငံတကာက ဝိုင်းပြီးပြစ်တင်ကြတာပေါ့” (ရယ်တာပေါ့ဟု ထပ်ဆိုပြန်သည်)
          မုန်တိုင်းလွတ်ဒေသတွေကို ပုံမှန်အတိုင်း မေလ(၁ဝ)ရက်နေ့မှာ မဲထည့်စေပြီး ကျန်ဒေသတွေကို မေလ ၂၄ ရက်ကို မဲထည့်စေသည်။ ရွာလုံးကျွတ် နာဂစ်ထဲပါသွားလည်း မဲတွေက လျှံနေသည်။ အများစု မဲမထည့်ကြလည်း   ၉ဝ ရာခိုင်နှုန်းကျော်က ထောက်ခံကြသတတ်။ (တော်ပါပေ၏။ တတ်လည်း တတ်နိုင်ကြ၏)
          “ဒီအခြေခံဥပဒေကို နားလည်တဲ့ နိုင်ငံရေးသမားတွေက ရေးဆွဲထားတာ မဟုတ်ဘူး”
          “ဟုတ်လား၊ ဘယ်သူတွေနဲ့ဆွဲလဲ”
          “ပေါက်သင်ညိုတွေ ဖွတ်တွေ ဖားတွေ ဆွဲတာပဲ တဲ့”
          “သူတို့ ဘယ်လို ရေးထားလဲ၊ ရှင်းပါဦး”
     “ခု လွှတ်တော်နှစ်ရပ်ပေါ့လေ။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဆိုတာ ရှိတယ်။ အမျိုးသားလွှတ်တော်မှာ အမတ်ဦးရေ ၂၂၄ နေရာရှိပြီး ၁၆၈ နေရာအတွက် ရွေးမယ်။ ပြည်သူ့လွှတ်တော်မှာ အမတ်နေရာ၄၄ဝ ရှိတယ်။ ပြည်တွေအတွက် ၃၃ဝ နေရာသာ ရှိတယ်။ ဆိုလိုတာက စစ်တပ်ဟာ ၅၆ + ၁၁ဝ = ၁၆၆ နေရာကို ဒီအတိုင်း ခန့်ထားရယူမှာ ဖြစ်တယ်။ ၂၅ ရာခိုင်နှုန်းပေါ့။ တကယ်တော့ ကြံဖွတ်ရဲ့ မဲတွေဟာလည်း စစ်တပ်တွေပါပဲ”
          “သူတို့ချည်းပဲပေါ့”
          “ဟုတ်ပ။ ကဲ ဂျော်နီအောင်ဘု မင်း ဒီစာရင်းကြည့်မှာလား”
          အောင်ဘုဟာ အရွေးခံတဲ့ပါတီတွေကို ကြည့်သည်။ ပါတီ (၃ဝ)ကျော်ရှိသတဲ့။
          တပြည်လုံး မဲဆန္ဒနယ်မှာ ပါဝင်နိုင်တဲ့ပါတီက နှစ်ခုသာ။
          ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)တို့ပါပဲ။
          ဒီတော့ ဘယ်သူပဲ နိုင်နိုင် ဘာတွေပဲလုပ်လုပ် ...
           အင်္ကျီလဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ နဲ့ အင်္ကျီမလဲထားတဲ့ စစ်ဗိုလ်ချုပ်တွေပူးတွဲအုပ်ချုပ်တဲ့ နိုင်ငံတခုဖြစ်လာမှာပါပဲ။
          “အောင်ဘု ရှင်းဘီလား”
          “ရှင်းဘီ”
          “နားလည်လား”
         “နားလည်ဘီ၊ ဒီနေ့ကစပြီး လူတိုင်းကို ဆရာကြီး လို့ တပ်ခေါ်ပါတော့မည်။ ဟုတ်ကဲ့ ဆရာကြီး မောင်ဘချစ်”
          “ကောင်းပါပြီ ဗိုလ်ချုပ်အောင်ဘု၊ ဆက်လုပ်”
          ဂျော်နီအောင်ဘု ပြန်သွားလေသည်။ ပါးစပ်မှလည်း ဆိုသွားသေးသည်။
          “ရိုးသား ခိုးစား ပါမစ်ဖြင့် နိုင်ငံတည်”