Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Saturday, May 28, 2011

မြန်မာစစ်မျက်နှာ (၁၁)

ထူထပ်သောတောနက် တောင်တန်းထဲတွင် ဖေါက်ထားသော စစ်ကြောင်းထောက်ပို့လမ်းသည် ခြေလျှင်တပ်များအတွက်ပင်လျှင် အလွန်ကြမ်းတမ်းလှပေသည်။ မြင်းတပ်များအတွက် မည်မျှခက်ခဲသည်ကို ဖေါ်ပြရန် စကားလုံးပင်ရှာမရပေ။ မတ်စောက်သော တောင်ကိုတက်အပြီး အဆင်းတွင် ခဲယမ်းမီးကျောက်များ တင်ဆောင်ထားသော လှည်းများမှ မြင်းများကိုဖြုတ်ရသည်။ လှည်းကို ဒရွတ်တိုက် လိမ့်ဆင်းမသွားရအောင် ကြိုးဖြင့်ဆွဲထားရသည်။ အနီးရှိ ကြီးမားသော သစ်ပင်၏ပင်စည်တွင် ကြိုးကိုရစ်ပတ်၍ ဖြေးဖြေးချင်း လျှော့ကာ လွှတ်ချရသည်။ လှည်းဝန်ဖြင့် ဆင်း၍မရသော စောက်များတွင် ရဲဘော်များက ဝန်စည်စလယ်များကို နဲနဲစီ ထမ်းပြောင်းယူကာ ရှေ့မှဆင်းနှင့်ရသည်။ ပြီးမှ ခါလီလှည်းကို ကြိုးဖြင့် လျှောချရသည်။

ဤသို့ဖြင့် ၁၀ရက်ကျော်ကြာအောင် နေ့စဉ်ရက်ဆက် ချီတက်ရသဖြင့် ရဲဘော်များ ခြေကုန်လက်ပမ်းကျ ဖြစ်လာလေသည်။ ၄င်းကို descending steep cliff ဟုခေါ်ပြီး ယခုထက်တိုင်အောင်ပင် စစ်ပြန်အသင်းမိတ်ဆုံပွဲများ ထိုအတွေ့အကြုံကို တသက်မမေ့နိုင်ပဲ စမြုံ့ပြန်မိကြလေသည်။ စစ်ဖြစ်နေသည်ဟူသော အထူးအခြေအနေအောက်တွင် ရဲဘော်များ၏ မလျှော့သော ဇွဲ လုံ့လ စိတ်ဓါတ်ကြောင့် ပထမဆုံး အထမြောက် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သော အလုပ်တခုဟုဆိုပါက မှားမည်မထင်။

လူသူမပေါက်ရောက်သေးသော ဤရိုးမတောင်တန်း၏ ကျွန်းတောများသည် မိုးကောင်းကင်အောက်တွင်  လှိုင်လှိုင်ပေါက်ရောက်လျှက်ရှိပြီး ကြီးမားသော ဝါးဘိုးဝါးတောကြီးများကလည်း နေပြောက်မထိုးနိုင်အောင်ထူထပ်လှသဖြင့် အမှောင်လွှမ်းသောနေ့ခင်းများဖြင့် ကြုံရလေသည်။ ဤထူထပ်သောတောတွင် သားရဲတိရစ္ဆာန်များလည်းရှိသဖြင့် ညစခန်းချသည့်အခါ လုံခြုံရေးဂရုစိုက်ရန် အထူးမှာကြားထားရလေသည်။

လမ်ဟန်းမှထွက်ပြီး ၂ပတ်အကြာတွင် နယ်စပ်မြို့ဖြစ်သော မဲဆောက်သို့ရောက်လေသည်။
ဤ၂ပတ်သောကာလသည် တပ်မှနှုတ်ထွက်ချင်လောက်အောင် အလုပ်ကြမ်းသက်သက် အမှုထမ်းခဲ့ရသော စစ်သားဘဝဖြစ်ပေသည်။
တပ်ရင်းမှုးမိခါမိသည် ယခင်ကဆိုခဲ့သည့်အတိုင်း အဖတပ်မတော်အပေါ် အလွန်လေးစားသူဖြစ်လေရာ ဤအပြောကို အမိန့်ဖြင့် ပါးစပ်ပိတ်စေလေသည်။

တတောင်တက် တတောင်ဆင်း
မျှော်တိုင်းဝေးသည့် ဘက်ခ်ရိုးမ

မဲဆောက်ရှိအိမ်များတွင် ဂျပန်နိုင်ငံတော်၏ တက်နေဝန်းအလံငယ်များကို လွှင့်ထူထားကြလေသည်။ မနက်ဖန်တွင်လည်း တစ်တောင်တက်တစ်တောင်ဆင်း ဤခရီးကိုဖြင့် မြန်မာနယ်စပ်ကို ရောက်မည်။ ခြောက်သွေ့သောလည်ချောင်းကို အုန်းစိမ်းရည်ဖြင့် အေးမြစေကြ၏။ ထိုင်းနယ်နမိတ်အတွင်း ပင်ပမ်းခဲ့ရမှု၏ နောက်ဆုံးစခန်းလည်းဖြစ်ပေသည်။

ရွှေပြည်တော် မျှော်တိုင်းဝေး
တောင်အထပ်ထပ် ကျော်ဖြတ်ပြီး သိမ်းရမည့် မြန်မာပြည်

ဤသို့ဖြင့် တောင်ကိုဖြတ်ကျော်စဉ် ထောက်ပို့တပ်မှ အိုဂဆဝါရအဆင့်၂ ရဲဘော်နှင့် စကားလက်ဆုံကျလေသည်။ ကျွန်တော်တို့တပ်စုရှိရာသို့ လာ၍အနီးတွင် ဖင်ချထိုင်ကာ မြေဆီကောင်းကောင်းဖြင့် ရှင်သန်ကြီးထွားနေသော ဝါးတောကို လက်ညှိုးထိုး၍-
“ဆရာရေ  ဒီလောက်ကောင်းတဲ့ဝါးတွေနဲ့ ထီးတို့ မီးအိမ်တို့ လုပ်လိုက်ရရင်တော့ ပထမတန်းစား ပစ္စည်းတွေထွက်လာမှာ။” ဟုဆို၍ စိတ်ကူး စီမံကိန်းချနေလေသည်။ သူသည် ဤလမ်းခရီးတွင် လက်သမားဖြစ်လေသည်။ သူ၏ရှုထောင့်မှကြည့်ပါက ဘယ်နေရာကိုကြည့်ကြည့် လက်မှုပစ္စည်း ထုတ်လုပ်ချင်စရာချည်း ဖြစ်နေပေမည်။ သူနှင့်ပတ်သက်သော အခန်းဆက်များကို ရမည်းသင်းရောက်သောအခါ ဖတ်ကြပါကုန်။

Wednesday, May 25, 2011

အမေ (သို့) အရိပ်ကောင်းတဲ့သစ်ပင်ကြီး

ဦးကြည်စိုးဈာပနကပြန်လာပြီး ကိုယ့်ကိုယ်ကို တရားစစ်ပါတယ်။

အမေတို့အဖေတို့ကို ကြွေးဟောင်းတွေ ဆပ်ပြီးပလား?

ငွေကြေးနဲ့တွက်မယ်ဆိုရင် မောင်နှစ်မတွေထဲမှာ စူးမာဟာ အကုန်အကျအများဆုံးပဲ ဖြစ်မယ်ထင်တယ်။ ကျောင်းသက်ကရှည်ပြီး ဖြစ်ဖြစ်မြောက် အိမ်အတွက်ဘာမှ အထောက်အကူမဖြစ်ဘူး။
ဝေယျာဝစ္စနဲ့လဲ မပြုစုနိုင်ဘူး။ အဝေးရောက်နေပြန်တယ်။
အမေလဲ ဝမ်းသာ ကိုယ့်ဘဝကိုလဲ မြင့်စေမဲ့ ဓမ္မနဲ့ဆပ်မှပဲ ရတော့မယ်။
သေသွားပြီးမှ လွမ်းဆွတ် တမ်းတ ဂုဏ်ပြုတာထက် မသေခင် အမေ့ကျေးဇူးတွေ အမေဆောင်ရွက်နိုင်ခဲ့တာတွေကို ထုတ်ဖော် ဖွင့်ဟ သတိရတာကမှ အဓိပ္ပွယ်ရှိမယ်။
အမေလဲ ကြားနိုင်  ပီတိ ဖြစ်နိုင်သေးတယ်လေ။

ယောဆရာတော်ဘုရားကြီးက- “ဂုဏ်ပြုတယ်ဆိုတာ သူများကပြုပေးလို့မရဘူး။ ကိုယ်ပြုထားမှကိုယ်ရတာတဲ့။”

အမေ့အကြောင်းကိုစဉ်းစားကြည့်တယ်။
အခု လူ့သက်တမ်းက အနှစ်၁၀၀ တမ်းဆိုတော့-
ဒေါ်ခင်လှတင် ရှင်းပြချက်အရဆိုရင်-
“အသက် ၇၅နှစ်မှာ သေရင် သက်တမ်းကုန်လို့ သေတယ်ခေါ်တယ်။ ၇၅နှစ်အောက် သေခဲ့ရင် သက်တမ်းမစေ့သော်လဲ ကံကုန်လို့သေတယ်။ ၇၅နှစ်ကျော်မှ သေကြသူတွေကတော့ ကံရော သက်တမ်းရောကုန်လို့ပေါ့။” အမေသိပြီးသားဖြစ်မှာပါ။

အမေက ကံသက်တမ်းနဲ့ အသက်ရှည်ရှည် နေနေရတာပဲ။ စူးမာတို့အတွက် အရိပ်ကောင်းတဲ့ သစ်ပင်ကြီးကြီးရှိနေသလိုပဲ။ သစ်ပင်ဆိုတာ သူ့ကိုခုတ်တဲ့လူကိုတောင် လဲကျတဲ့အထိ အရိပ်ပေးသွားတာ။

အိုတိုးစံတို့လည်း အသက်ရှည်ကြတာပဲ။ ဒါပေမဲ့ သူတို့ အသက်ရှင်နေပုံနဲ့ အမေအသက်ရှင်နေတဲ့ပုံ မတူတော့ဘူး။
စူးမာတို့ ကံကောင်းတယ်။

အိုလာ နာလာခြင်းတူလို့ ရုပ်ကြီးက အလုပ်မလုပ်နိုင်တာချင်းတူပေမဲ့ အမေက စိတ်အလုပ်ဖြစ်တဲ့ ဝိပဿနာအလုပ်နဲ့ မိသားစုကို စောင့်ရှောက်နေတယ်။
မိုးကုတ်ဆရာတော်ဘုရားကြီးပြောပြောနေတဲ့-
“ဖြစ်ပျက် မြင်  ဖြစ်ပျက် ဆုံး  ဖြစ်ပျက် မုန်း”
“ရှေ့ကဖြစ်ပျက် နောက်ကမဂ်။”
ရုပ်နာမ်တွေ ဖြစ်ပျက်နေတာကို သိနေတယ်။ ဝိပဿနာဥာဏ်စဉ်တွေနဲ့ နေတယ်။ သစ္စာ၎ပါးလုံးနဲ့နေနေတယ်။

အမေ အသက်ရှည်နေသမျှ လောကကိုစောင့်ရှောက်နေတာပဲ။
မြတ်စွာဘုရားနည်းကျ-
ပေးလိုစိတ်မွေး
ပေးနိုင်အောင်ကြိုးစား
ပေးလိုသူအဖြစ်နဲ့ အသက်ရှည်နေတာ။

အိမ်မှာ နေ့တိုင်း အမေကုသိုလ်ပြုပြီးတိုင်း ဝေမဲ့အမျှကို အမြတ်တနိုး တန်ဖိုးထားပြီး လာသာဓုခေါ်နေကြ အလှုခံပုဂ္ဂိုလ်တွေရှိနေတယ်။ အထူးသဖြင့် သာသနာတွင်းကုသိုလ်ဖြစ်တဲ့ ဘာဝနာကုသိုလ်ကိုပေါ့။ သူတို့နေရာ ဘုံဋ္ဌာနမှာ ရှာလို့မရနိုင်တဲ့ ကြုံတောင့်ကြုံခဲ ရတောင့်ရခဲ ကုသိုလ်တွေကို အမေက အလှုပေးနေတယ်။
အမေကြောင့် တန်ခိုးကြီးတဲ့ နတ်တွေ ဝင်ထွက်နေလို့ ဒီအိမ်ဟာ အန္တရာယ်တွေကင်းပြီး လုံခြုံနေတယ်။

အမေက အိုလာလို့ လမ်းမလျှောက်နိုင်တော့ဘူးဆိုလို့ ကိုစောထွန်းမိန်းမ အေးအေးမော်လဲ လမ်းမလျှောက်နိုင်ဘူး။
အေးအေးမော်က ဒီဇင်ဘာလကတည်းက ခါးရိုးကြားက ကူရှင် အထိုင်မတည့်ဖြစ်ပြီး နပ်ကြောတွေထိသွားတာ။ ခုထိ လမ်းကောင်းကောင်း မလျှောက်နိုင်သေးဘူး။ Wheel Chair နဲ့သွားရတယ်။ ဖြစ်ခါစက ခြေတွေလက်တွေ ကွေးကောက်ပြီး အသက်ရှုရပ်ရပ်သွားတာ ခဏခဏပဲ။ သူကလဲ သေဖို့နဲနဲပဲလိုတော့တာကို သတိရပြီး တရား ကောင်းကောင်း အားမထုတ်ရသေးလို့ တရားအားထုတ်ခွင့်ရဖို့ အဓိဋ္ဌာန်ပြုဆုတောင်းတယ်။ နေရင်းထိုင်ရင်း ဒုက္ခိတဖြစ်သွားတယ်။ ဘယ်လောက်ကြာမယ်မသိသေးဘူး။

အမေ Walker သုံးပြီး လမ်းလျှောက်ပေးပါ။ စူးမာလဲ ကုသိုလ်ရအောင်။       ၅၊၁၃၊၂၀၁၁။

Tuesday, May 10, 2011

မြန်မာစစ်မျက်နှာ(၁၀)



ကောက်ညှင်းပေါင်းရောင်းသည့်မိန်းခလေး

ဂျပန်စစ်သားများကောက်ညှင်းပေါင်း ကြိုက်သည်ကိုသိထားနှင့်သောရွာခံများက မနက်ဖန် မနက်စောစောကျရင် စခန်းထဲကို မုန့်သယ်တွေလာမယ်ဟု သတင်းပေးလေ၏။

မျှော်လင့်စောင့်စားနေကြသည့်အတိုင်း မုန့်သယ်များသည် မုန့်များကို သတ္တုအိုးတွင် အမိုအမောက်ထည့်၍ ခေါင်းတွင်ရွက်ကာ ရောင်းချရန်ရောက်လာကြ၏။ ချက်ချင်းဆိုသလိုပင် အရောင်းသွက်လှသဖြင့် ကောက်ညှင်းပေါင်းပြတ်သွားလေ၏။

တခုသောနံနက်တွင် ဖြစ်သည်။ ကျွှန်တော်လည်း ကောက်ညှင်းပေါင်းကို အမြဲ စောင့်ဝယ်စားသော ဖေါက်သည်စါရင်းတွင်ပါဝင်နေ၏။ ထိုအထဲတွင် (အမည်ရင်းမဖော်ပြလိုသော) ‘မောင်က သည်လည်း အပါအဝင်ဖြစ်သည်။
မောင်ကသည် ကောက်ညှင်းပေါင်းသယ်မိန်းခလေး အရောင်းကုန်၍ ပြန်သောအခါ တမူထူးခြားစွာ နောက်မှ ခပ်သွက်သွက်လိုက်၍ လက်ကိုလှမ်းဆုတ်ကိုင်ထားပြီး “ကောက်ညှင်းပေါင်း ရှိသေးလား ဟုအသံပြုလိုက်၏။ မိန်းခလေးက နောက်ပြန်အလှည့်တွင် မောင်က၏အမူအရာကိုလည်းမြင်ရော အိုးကိုအောက်သို့ချလျက် ကမျောသောပါး ထွက်ပြေးရှာလေ၏။
ထိုမြင်ကွင်းကိုမြင်လိုက်ရသော ကျွန်တော်သည် ဘယ်လိုဖြစ်တာဘာလိမ့်ဟု ဖြစ်ကြောင်းကုန်စင်ကိုမေးရတော့၏။
မင်း ဝယ်တဲ့အချိန်မှာ အိုးကိုပစ်ချပြီးပြေးတော့တာဘဲ”  နိုင်ထက်စီးနင်းလုပ်လိုက်သလားဟု မေးရတော့၏။
မောင်ကသည် လှဲနေရာမှ ထထိုင်လိုက်ပြီး၊
အီနာဂအိစံ အမှန်ပြောရရင်တော့ ကောင်းတဲ့စိတ်ရော မကောင်းတဲ့စိတ်ရောပါသွားပါတယ်။ ကျနော် နောက်ပြောင်လိုက်မိပါတယ်ဟု ဖွင့်ဟဝန်ခံ၏။
အေး ကျန်တဲ့ကောက်ညှင်းပေါင်းဖေါက်သည်တွေအမြင်က “ကောက်ညှင်းပေါင်းက တော်တော်စားလို့ကောင်းမည် ကောင်းရက်နဲ့  စစချင်း မင်းက လက်သရမ်းလိုက်တယ်လို့ ထင်ကြမှာဘဲ။
တကယ်တော့ ကျွန်တော် ဒီအသိုင်အဝိုင်းကြား အချင်းချင်း စော်ကားချင်တဲ့စိတ် မရှိရပါဘူး။
မောင်က၏စိတ်ရင်းမှန်ကို သိရပြီးနောက် ကျန်ကောက်ညှင်းပေါင်းဖေါက်သည်များ ဖက်သို့မျက်နှာမူလိုက်ရာ ကျွန်တော်တင်ပြမည့်အချက်ကို ဝိုင်းအကဲခတ်နေကြလေ၏။
ပြုံးပန်းဆင်ထားသော ကျွန်တော့်မျက်နှာကို ဖေါ်ပြ၍ ဤဇတ်လမ်းကို ပြေလည်အောင် နိဂုံးချုပ်ခဲ့သော်လည်း မောင်က၏ မဆင်မခြင်လုပ်ရပ်အပေါ်တွင်မတော့  မှတ်လောက်သားလောက်အောင် ပြောဆိုလိုက်ရပေသည်။
 “အီနာဂအိစံ ခင်ဗျားကိုတော့ အင်မတန်အပြောရခက်တဲ့စကားတခုကို ဖွင့်ဟလိုက်မိပြီဟူသော မောင်က၏စကားသံနှင့်အတူ နှစ်ဦးနှစ်ဖက်ကြားမှာ ပြေလည်အောင် ဖြေရှင်းပေးခဲ့ရသည်ကို အမှတ်ရနေမိပါသည်။

တောင်ကြီး ဖဝါးအောက်

Lahaeng(Tak) လာဟန်းသည် အလွန်ခေါင်သောမြို့ကလေးဖြစ်ပြီး မြို့တွင်း တောင်မှမြောက်သို့ စီးဆင်းနေသောချောင်းတခုရှိ၏။ ချောင်းရေသည် ကြည်လင်အေးမြကာ လက်နှင့်ထိလိုက်လျှင်ပင် သွေးခဲသွားမတတ် အေးစက်လေသည်။ ကြာမြင့်စွာဝတ်ထားရသော လည်ပင်းရှည်စစ်ဖိနပ်ကိုချွတ်၍ နွမ်းနယ်နေသော ခြေထောက်ကို လန်းစေရန် ရေထဲစိမ်လိုက်ရာ ရေကြည်ငါးလေးများက ခြေဖဝါးကို လာတွတ်လေသည်။ ငယ်စဉ်က အိမ်နားကချောင်းထဲတွင် ဆော့ကစားခဲ့သည်ကို ပြေးသတိရမိ၏။

လာဟန်းမြို့အနောက်တွင်ရှိသော မတ်စောက်သော ဘက်ခ်ရိုးမတောင်တန်း၏ တောနက်ထဲတွင်
ထိုင်းတပ်မှပူးပေါင်းကူညီ၍ နေ့ရောညပါ စစ်ကြောင်းသုံးရန်အတွက် လမ်းဖေါက်နေ၏။ မပြီးသေးသောလမ်းကို မြန်မာစစ်မျက်နှာအတွက် ပါဝင်ရသော တပ်များ ယာဉ်များ မြင်းများအားလုံးက အသုံးပြုရလေသည်။
ဖုံတထောင်းထောင်းထနေသော လမ်းတွင် ထပ်ချပ်မကွာ ချီတက်လာကြသောကြောင့် ဖုံများနှင့် ချွေးများ အလိမ်းလိမ်းကျလျက် တယောက်မျက်နှာတယောက် မမှတ်မိနိုင်လောက်အောင် ဖြစ်ကုန်ကြလေသည်။


ဘယ်သူဘယ်ဝါ ခွဲမရဘူး
မြေရုပ်ထုနှယ် ရဲဘော်များရယ်။

Saturday, May 7, 2011

ဦးကြည်စိုးဈာပန(မေလ ၁၊ ၂၀၁၁။)

အမေရိကားရောက်ပြီးလို့ ၁၀နှစ်ကျော်ကြာလာတဲ့အခါ ဈာပနပွဲများကို စတင်ကြုံလာရပါတယ်။
ကိုယ်နဲ့ ရင်းနှီးတဲ့အထဲကဆိုရင် အန်တီဒေါ်မေချစ်သွင်၊ တော်မျိုးမြင့်၊ ကိုလတ်၊ ဆရာတော်ဦးသီလာနန္ဒ၊ ဆရာတင်မိုး၊ ကြေးမုံဦးသောင်း၊ ဒေါက်တာစိုးမြင့်ဝင်း၊ နော်လွီဇာဘင်ဆင်၊ အရှင်သောဘိတ၊ အခုတော့ ဦးကြည်စိုး။

မြန်မာပြည်မှာ သာမာန်အားဖြင့် အသုဘအခမ်းအနားတွေမှာ သေသူကို ဂုဏ်ပြုနှုတ်ဆက်တဲ့ အစီအစဉ် ထည့်လေ့မရှိပါဘူး။ ပြည်သူချစ်တဲ့ အနုပညာရှင်၊ အမျိုးသားခေါင်းဆောင်တွေ ရဟန်းသံဃာတော်တွေရဲ့ ဈာပနတွေမှာတော့ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ တပည့်တွေရဲ့ ဂုဏ်ပြုနှုတ်ဆက်တဲ့အစီအစဉ်တွေ ပါတတ်ပါတယ်။
အမေရိကားမှာတော့ အသုဘအခမ်းအနားမှာ အသုဘရှုခြင်း Viewing က တစ်ရက်၊ ပြန်လည်နိုးထခြင်း Wake ကတစ်ရက်၊ Funeral Day အသုဘချတဲ့နေ့ကတစ်ရက်၊ မင်္ဂလာဧည့်ခံပွဲတွေလိုပဲ ၃ရက် ကျင်းပလေ့ရှိပါတယ်။  ခရစ်ယာန်ဘာသာဝင် မဟုတ်ပေမဲ့ အသိုင်းအဝိုင်းကျယ်ရင် ကျယ်သလို အခန်း အကျယ်အကျဉ်း နဲ့ အကြိမ်ပဲကွာပြီး ဒီအခမ်းအနားတွေမှာ သေသူကို ဂုဏ်ပြု အောက်မေ့ နှုတ်ဆက်တဲ့ အစီအစဉ်ထည့်ထားပါတယ်။
ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအပေါ် အကျိုးပြုသွားပုံတွေကို ကျန်ရစ်သူတွေက အောက်မေ့သတိရစွာနဲ့ မျှဝေခံစား အလွမ်းသယ်ကြတာပေါ့။

တနည်းအားဖြင့်ကြည့်ရင်လဲ သွားလေသူ ယမမင်းဆီမရောက်ခင်မှာ လူကောင်းသူကောင်းဖြစ်ကြောင်း အများပြည်သူက တန်ဖိုးဖြတ် မှတ်ကျောက်တင်ခံရတဲ့ အခမ်းအနားနဲ့လဲတူနေပြန်တယ်။
ဒီဘဝမှာ လိုချင်တာတွေ လုပ်ချင်တာတွေ အကုန်လုပ်နိုင် ရလိုက်နိုင်တယ်ပဲ ထားပါတော့ နောက်ဆုံးမှာ မလိုတာချင်တာကြီးနဲ့ အဆုံးသတ်လိုက်ရလို့ အသုဘအခမ်းအနားတိုင်းဟာ ရှုတတ်ရင် သံဝေဂရစရာနဲ့ မသေခင်မှာ အချိန်မီ ပြုပြင်စရာရှိတာတွေကို ပြုပြင်ရအောင် အမြဲသတိပေးနေတဲ့ ဓမ္မာရုံနဲ့လဲ တူပါတယ်။
ဦးကြည်စိုးဟာ အလွန်သဘောကောင်းပြီး မိဘတွေအတွက် သားကောင်းတယောက်ဖြစ်သလို သားသမီးတွေအတွက်လဲ ဖခင်ကောင်း၊ အိမ်သူဇနီးအတွက်လဲ ခင်ပွန်းကောင်း၊ ပြီးတော့ သူငယ်ချင်းကောင်း။ ရပ်ရေးရွာရေး တိုင်းရေးပြည်ရေး ကုသိုလ်ရေးမှာဆိုရင်လဲ ရှေ့ကနေလဲ ဆွဲခေါ် နောက်ကနေလဲတွန်းတင် ဘေးကနေလဲဖေးမ ဆိုတဲ့ ကျရာနေရာက ပါရမီဖြည့်သွားသူဖြစ်ပါတယ်။ သူ့ကို ဒီမိုကရေစီရေးလုပ်ကြရင်း သိတာပါ။
သူ့အကြောင်းကို သူ့သူငယ်ချင်းတွေက ပြန်ပြောကြတဲ့အထဲမှာ-
တနေ့မှာ ညဖက် ၈နာရီ သူ့ကိုဖုံးဆက်တော့ သူ့ဇနီး မမေရီက-
“နောက်ကို ဒီအချိန်ဆိုရင် သူ့ကိုဖုံးမဆက်ပါနဲ့။ သူက နေ့တိုင်း ဒီအချိန်ဆိုရင် သူ့အမေနဲ့ တွေ့တယ်။ သူ့အမေနဲ့တွေ့ဖို့အချိန်ကို သီးသန့်ဆွဲထားတယ်” တဲ့။
“ဟင် ဒါဆိုရင် ငါ့မှာလည်း အမေရှိတာပဲ။ ငါကရော ဘာဖြစ်လို့ ငါ့အမေကို တွေ့ဖို့အချိန်ကို သီးသန့်မလုပ်ထားရတာလဲဆိုပြီး သူ့ဆီက ကောင်းတဲ့အလေ့ကို အတုခိုးပြီး အဲဒီအချိန်ကစပြီး ကျွန်တော့်အမေနဲ့တွေ့ဖို့အချိန်ကို သတ်မှတ်လိုက်ပြီး မှန်မှန်လိုက်လုပ်ပါတယ်” တဲ့။
အလို တော်လှချည်လား ဒီလူတွေ။
စူးမာတို့ အမေကို ချစ်တယ်ဆိုတာ ဒီလူတွေရဲ့ ခြေဖျားတောင် မမှီပါရောလား။
ကိုညိုကို ဒီအကြောင်းပြောပြမိတယ်။ ကိုညိုက-
“အေး ဦးသန့်လဲဒီလိုပဲ။ သူ ကုလသမဂ္ဂမှာ အထွေထွေအတွင်းရေးမှုးချုပ်လုပ်တုန်းက သူ့အမေဆီကို စနေနေ့တိုင်း ဖုံးဆက်တာ ကိုညိုဖတ်ဖူးတယ်။”

ဟာ အခုမှ ပိုဆိုးသွားပြီ။  
ဘုရား ဘုရား။
စူးမာတို့က ဦးသန့်လို ကွန်ဂိုအရေးအခင်း၊ ကျူဘားအရေးအခင်း၊ အာရပ်အစ္စရေးကိစ္စတွေ ဖြေရှင်းနေရတာမဟုတ်ပါပဲနဲ့ အမေတို့အဖေတို့ကို အလုပ်များလို့ စာမရေးအား ဖုံးမဆက်နိုင်ဟု ပြောမိလေခြင်း။
ဟင် အားနာစရာလဲကောင်း ရှက်စရာလဲကောင်းပါလား။
မှတ်မိနေတယ်။ ဂျပန်မှာ Master တက်တုန်းက။ ကျောင်းစာတွေပိလို့ အိမ်ကို စာမရေးနိုင်။
ဒါပေမဲ့ အဖေနဲ့အမေကိုတော့ စာမှန်မှန်ရေးပေးပါလို့။ အားဆေးလိုလို့။ ကိုယ်ကကြီးပဲ လိုနေခဲ့တာ။
အဖေက အပတ်တိုင်း စာရေးပို့တယ်။ တံဆိပ်ခေါင်းဖိုးပါပြီးသား လေကြောင်းစာအိပ်ပြာပြာဆိုရင် အဖေ့စာပဲ။
အမေက စာကိုနဲနဲရှည်ရှည် ရေးတာမို့ တလ တခါလောက် စာအိပ်ထူထူနဲ့ လာတတ်တယ်။ အမေက စူးမာ part time အလုပ်လုပ်တဲ့ Nagoya Mitsubishi ကားကုမ္ပဏီရုံးကို မကြာမကြာ ဖုံးဆက်အားပေးတယ်။ အမေဂရုအစိုက်ကောင်းလို့ Nishino ရှပ်ချောကလဲ တော်တော်ဂရုစိုက်ရှာပါတယ်။
အမေကတော့ အမေ့ကိုစာမရေးနိုင်လဲ ကိစ္စမရှိဘူး။ နေကောင်းအောင်နေ၊ စာရေးလို့ကုန်မဲ့အချိန်အစား စာပိုဖတ်၊ ကျောင်းသာပြီးအောင်မြန်မြန်လုပ်ဖို့ အားပေးရှာတယ်။
ဟိုတုန်းက မြန်မာပြည်က ဖုံးခေါ်ရင် ဈေးချိုတယ်။ ဂျပန်ငွေက ကြေးကြီးတယ်။
အခုရော?
ပိုက်ဆံလဲမကုန်တဲ့ အင်တာနက် အိမ်မှာရှိနေတာပဲ။ အမေ့ကိုတော့ တခါတလေ အီးမေးပို့ဖြစ်တယ်။
အို အင်မတန် ပေါ့တီးပေါ့ဆ မေ့တီးမေ့လျော့ နိုင်တာပဲ။

မိုးညှင်းသိင်္ဂီဆရာတော်ပြောတာကို သွား သတိရတယ်။

“အဆင်မပြေဘူးဆိုတာ စိတ်ထားမှားနေလို့ပါ၊ ပြင်လိုက်ပါ” တဲ့။
အင်း  ဒါကြောင့်လဲ ဒီလူတွေ တော်ကြ ကြီးပွားကြ အောင်မြင်ကြတာပဲ။
ဦးကြည်စိုးရဲ့သားငယ်က လခကောင်းလို့ မီလျံအိမ်ဝယ်ထားပြီး မိဖကိုနေစေသတဲ့။
တော်လိုက်ကြတာ။
ဦးသန့်က အသက်၆၅နှစ်မှာ ကွယ်လွန်ပါတယ်။ စူးမာ ဦးသန့်ရဲ့ အသက် ၂ဆ ရှည်ရှည် နေရလဲ ဦးသန့်ကိုမီမှာမဟုတ်။
ဦးသန့်မှာ ဘုရားရှိခိုးချိန် တရားထိုင်ချိန် စာရေးချိန်လဲ ရလိုက်သေးတယ်။

ကိုယ့်ကိုယ်ကို အခေါင်းထဲထည့်ပြီး ယမမင်းရှေ့မှာ တရားစစ်ကြည့်တယ်။


မာတာပိတု…..   အဝေးကြီးလိုသေးတယ်။

ပုတ္တဒါရဿ…..  အမေတို့ အဖေတို့ကို ဘယ်လိုမှမမီ။

ဥာတကာနဉ္စ……အမယ်လေး။ ကိုယ့်ဟာကိုယ်တောင် မနဲ။

အနဝဇ္ဇာနိ…….နဲနဲပါးပါးလုပ်ပါတယ်။

ဂါရဝေါစ....ဒါလောက်တော့ ရှိပါသေးတယ်။

နိဝါတောစ…..အဲ  နဲနဲတော့ လျော့လာပါပြီ။ အသက်လဲကြီးလာလို့။

အပ္ပမာဒေါစ…..တော်တော်လုပ်ရအုံးမှာပါလားနော်။

(Mother's Day အမှတ်တရ အမေ့ကိုရော အမတွေကိုရော ဂါရဝပြုလိုက်ပါတယ်။)