Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Monday, March 14, 2011

ဒေါက်တာမောင်ဘချစ်

WAY OUT
ရရင် လုပ်တာပေါ့                 ဒေါက်တာမောင်ဘချစ်


မောင်ဘချစ် အမေရိကရောက်တော့   refugee များစွာနှင့်ဆုံခဲ့ရသည်။
ရှမ်း ချင်း ကချင် ကရင် ကရင်နီ မွန် ရခိုင် ရှမ်း အားလုံးလိုလိုတွေ့သည်။မြန်မာ refugee တွေကတော့အများဆုံးဖြစ်သည်။
“ကျွန်တော်တို့ထွက်လာတာမှန်လားဆရာ”တဲ့။
သူတို့ကသူတို့လုပ်ရပ်တွေကို  မှန်မမှန် စိစစ်လိုသည် (Justify လုပ်ချင်ကြသည်)သ ဘောထားတွေ ကိုကြားချင်သည်ကို သဘောပေါက်နိုင်ပါသည်။
“မှန်ပါတယ်။ ဒီရောက်တော့အထိုက်အလျောက်လေ့လာအားထုတ်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ”
“အားထုတ်တာပေါ့ဆရာရယ်။ ဒီရောက်တော့ ကြောက်လည်းကြောက်တာကိုး”
“အင်း ကြောက်ရွံ့တာကနေ ကင်းအောင်တော့ လုပ်ဖို့လိုတယ်”
“ဒါကခက်တယ်နော်”
“ကိုယ်ကိုယ်တိုင်မှန်နေမယ်၊ ဥပဒေကိုလည်းနားလည်ထားမယ်ဆိုရင် မကြောက်ရပါဘူ့း။ မှား နေရင်တော့ ကြောက်ရမှာပေါ့လေ။ ”
“ငတ်မှာတော့ ကြောက်တယ်ဆရာ”
မောင်ဘချစ်က သူပြောတာကိုရယ်မိပါသည်။ ဖျားနာမှာကြောက်။ သေမှာကြောက်၊ ငတ်မှာကြောက် တာကတော့ လူတိုင်းပါပဲ။
“ကျုပ်ကတော့ သကြားရှောင်တယ်”
အချို့ကဆီးချို ကြောက်ကြသည်။
“ကျွန်မကတော့ ဟင်းသီးဟင်းရွက်ပဲစားတယ်”
သူ့ကျတော့ ၀မှာကြောက်သည်။
“ကျွန်တော် စာမရသေးဘူး”
သူကတော့ စာမေးပွဲကျမှာကြောက်သည်။
 လူတွေက အကြောက်တရားနှင့်ကင်းနိုင်ခဲသည်။
အိုခြင်းကိုကြောက်သည်။ နာခြင်းကိုကြောက်သည်။
သေခြင်းကိုလည်း ကြောက်ကြပါသည်။
သို့သော် ဒီကလူတွေ ဘယ်အစိုးရအရာရှိကိုမှ ကြောက်ဖို့မလိုပါ။ဘယ်စစ်သားကိုမှ မကြောက်ရပါ။
ဧည့်စာရင်းမတိုင်လို့ သေနတ်တွေလှံစွပ်တွေနဲ့ ဧည့်စာရင်းစစ်တာမျိုးမရှိပါ။
 “ဧည့်စာရင်းမတိုင်ရင်ဖမ်းမယ်။ အိမ်ရှင် ထောင်သုံးလကျမယ်။ ဧည့်သည်ကတော့တစ်လပေါ့”
ဒါမျိုးတွေကို မြန်မာပြည်မှာကြားဖူးမှာပါ။ ခြင်ထောင်ထဲကို ဧည့်စာရင်း ၀င်စစ်တာတွေလည်း ကြား ရပါသေးသည်။
ဒီမှာ ဘယ်သူမှ ပေါ်တာမဆွဲပါ။
မောင်ဘချစ် မော်လမြိုင်မှာနေစဉ်က ပေါ်တာခဏခဏဆွဲသည်။
“ပြေးဟေ့၊ ပြေး ပြေး”
ကြာနီကန်ဆရာတော်ဟောသည့်တရားထဲက အင်္ဂုလိမာလဇာတ်ကိုသတိရသည်။ ။
ဟိံသက ဆိုသည့် အင်္ဂုလိမာလသည် လက်ညှိုးတစ်ထောင်ကိုဖြတ် လူသတ်နေသည်။ ထိုကြောင့် ဟိံသကကို ဘုရင်က သတ်မိန့်ပေးသည်။ ဒီတော့ မင်းချင်းတွေက တောကို လိုက်လာလေသည်။
ဒီသတင်းကိုကြားတော့ မိခင်ဖြစ်သူက သားဖြစ်သူအင်္ဂုလိမာလကို တောထဲလိုက်ရှာသည်။ သားကိုမတွေ့ပေမဲ့ အမေက အော်ကာပြောသည်။
“သားရေ၊ လူလေး ဟိံသက ပြေးဟေ့၊ ပြေး ပြေး”
လူငယ်လေးတွေကို သားသမီးလိုချစ်တဲ့ မိခင်စိတ်ရှိသူများက အော်ကြသည်။
မောင်ဘချစ်တို့ပြေးပါသည်။
သို့သော် တစ်ယောက်တော့မပြေးပါ။ သူက နှလုံးရောဂါရှိသည်။ အားနည်းသည်။ ထိုကြောင့် ပေါ်တာဆွဲသောစစ်သားများ မှီလာသည်။ သူအဖမ်းမခံနိုင်ပါ။ ထိုကြောင့် လည်ပင်းမှ ဘတ်ကြိုး(တစ်ဘတ်သားရွှေဆွဲကြိုး)ကိုဖြုတ်ပေးလိုက်သည်။
“ဒါယူ၊ ငါ့ကိုလွှတ်ပေး”
စစ်သားကရွှေကြိုးကို လောဘခိုးတွေဝေနေသော မျက်စိဖြင့်ကြည့်သည်။ လွှတ်ပေးလိုက်သည်။ ထိုအချိန်မှစ၍ မော်လမြိုင်တစ်ဝိုက်တွင် ပေါ်တာဘတ်ကြိုးဟူ၍ ပေါ်လာသည်။
ပေါ်တာဘတ်ကြိုးဟူသည် ရွှေအတုဖြင့်လုပ်ထားသည်။ ဘာသာမသိသောစစ်သားကို ထိုဆွဲကြိုးပေးလျှင် ပေါ်တာမှလွတ်သည်။
ထိုကြောင့် ပေါ်တာဘတ်ကြိုးဟူ၍ဖြစ်လာသည်။
(ထိုသမိုင်းကို သမိုင်းပညာရှင်ကြီးများဖြစ်ကြကုန်သော ဒေါက်တာသန်းထွန်းတို့ ဒေါက်တာတိုးလှ တို့လည်း မသိကြကုန် သွပ် သွပ် သွပ်)
အမေရိကန်အစိုးရသည် refugee များကို မီးကင်းလည်းမစောင့်ခိုင်းပါ။

ရန်ကုန်ကအဖြစ်ကို ပြောပြချင်သေးသည်။
တစ်ခါက မောင်ဘချစ် ဘဏ်တွင်ငွေထုတ်ရန်ရှိသည်။ ရုံးကိုသွားသည်။
“ဒါလေးတော့လုပ်ပေးပါဗျာ”
ရုံးမှအရာရှိလက်မှတ်ထိုးထားသော ထောက်ခံစာပါမှ ငွေထုတ်ရမည်ဖြစ်သည်။
ဝန်ထမ်းက ခေါင်းခါသည်။
“မရလို့ပါခင်ဗျာ”
“ဟာဗျာ။ ခင်ဗျားတို့ဆီက လက်မှတ်ပါမှ ငွေထုတ်လို့ ရမတဲ့”
“မရလို့ပါ။ ရရင်လုပ်ပေးတာပေါ့”
မောင်ဘချစ်လည်း စိတ်ပျက်လက်ပျက်နှင့် ထိုရုံးမှပြန်ထွက်သည်။ အ၀တွင် သူငယ်ချင်းတစ်ယောက်နှင့်ဆုံသည်။           သူငယ်ချင်းသည် ထိုရုံးနှင့်ပတ်သက် သောအရာရှိဖြစ် သောကြောင့် မောင်ဘချစ်အားတက်ခဲ့ရသည်။
သူငယ်ချင်းအား အကျိုးအကြောင်းပြောပြသည်။
 “သူတို့လက်မှတ်မထိုးပေးဘူး ဟုတ်လား”
“မထိုးပေးဘူး”
“ဟာ ထိုးပေးရမပေါ့”
 မောင်ဘချစ်ပို၍အားတက်ခဲ့ရသည်။
(ဆိုရှယ်လစ်ခေတ်ဖြစ်သောကြောင့် ဆိုရှယ်လစ်အသိသည် ဒါမျိုးဟု ပြုံးမိသေးသည်)
“မထိုးပေးဘူးဗျ”
“သူတို့ ဘာပြောလဲ”
မောင်ဘချစ်က အ၀ က စာရေးပြောတာကို ပြန်ပြောပြသည်။
“မရလို့ပါ။ ရရင်လုပ်ပေးတာပေါ့တဲ့”
သူကချင်းကရယ်သည်။ ထိုအခါ မောင်ဘချစ်လည်း အူကြောင်ကြောင်ဖြစ်သွားလေသည်။
“မင်းကိုသူတို့ပြောသားပဲ၊ မရရလို့ပါ။ ရရင်လုပ်ပေးပါတယ်တဲ့”
“အေးလေ”
“ရရင်လုပ်ပေးပါတယ်ဆိုတော့ သူတို့ရအောင် မင်းက ပေးမှမပေးဘဲ။ မပေးတော့မရ၊ မရတော့မလုပ် ပေးဘူးပေါ့”
“ဟာကွာ၊ သူပြောတာ ငါနားမလည်လိုက်လို့ပါ”
ခုတော့ မောင်ဘချစ် ကောင်းကောင်းနားလည်သွားလေပြီ။
“မပေးတော့မရ၊ မရတော့မလုပ်။ တယ်ဟုတ်ပါလား”
“ဒီရုံးကဆောင်ပုဒ် မင်းသိလား”
“ဆိုပါဦး”
“ပုဒ်မှလေး တဲ့”
“ပုဒ်မှလေး ဆိုတော့ ပေးမှလုပ်တာပေါ့၊ ဟားဟား”
“ဟားဟား..”
ပျော်ရွှင်ကြပါစေ။
(စာကြွင်း၊ မောင်ဘချစ်ကို မိတ်ဆွေကမေးသည်။
“မိုးမခမှာ စာမရေးတာကြာပြီမဟုတ်လား”
“ဟုတ်ပါတယ်”
“ဘာလို့မရေးတာလဲ”
“မရလို့ပါ။ ရရင်ရေးပါတယ်”)
                             မောင်ဘချစ်