Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Saturday, May 7, 2011

ဦးကြည်စိုးဈာပန(မေလ ၁၊ ၂၀၁၁။)

အမေရိကားရောက်ပြီးလို့ ၁၀နှစ်ကျော်ကြာလာတဲ့အခါ ဈာပနပွဲများကို စတင်ကြုံလာရပါတယ်။
ကိုယ်နဲ့ ရင်းနှီးတဲ့အထဲကဆိုရင် အန်တီဒေါ်မေချစ်သွင်၊ တော်မျိုးမြင့်၊ ကိုလတ်၊ ဆရာတော်ဦးသီလာနန္ဒ၊ ဆရာတင်မိုး၊ ကြေးမုံဦးသောင်း၊ ဒေါက်တာစိုးမြင့်ဝင်း၊ နော်လွီဇာဘင်ဆင်၊ အရှင်သောဘိတ၊ အခုတော့ ဦးကြည်စိုး။

မြန်မာပြည်မှာ သာမာန်အားဖြင့် အသုဘအခမ်းအနားတွေမှာ သေသူကို ဂုဏ်ပြုနှုတ်ဆက်တဲ့ အစီအစဉ် ထည့်လေ့မရှိပါဘူး။ ပြည်သူချစ်တဲ့ အနုပညာရှင်၊ အမျိုးသားခေါင်းဆောင်တွေ ရဟန်းသံဃာတော်တွေရဲ့ ဈာပနတွေမှာတော့ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ တပည့်တွေရဲ့ ဂုဏ်ပြုနှုတ်ဆက်တဲ့အစီအစဉ်တွေ ပါတတ်ပါတယ်။
အမေရိကားမှာတော့ အသုဘအခမ်းအနားမှာ အသုဘရှုခြင်း Viewing က တစ်ရက်၊ ပြန်လည်နိုးထခြင်း Wake ကတစ်ရက်၊ Funeral Day အသုဘချတဲ့နေ့ကတစ်ရက်၊ မင်္ဂလာဧည့်ခံပွဲတွေလိုပဲ ၃ရက် ကျင်းပလေ့ရှိပါတယ်။  ခရစ်ယာန်ဘာသာဝင် မဟုတ်ပေမဲ့ အသိုင်းအဝိုင်းကျယ်ရင် ကျယ်သလို အခန်း အကျယ်အကျဉ်း နဲ့ အကြိမ်ပဲကွာပြီး ဒီအခမ်းအနားတွေမှာ သေသူကို ဂုဏ်ပြု အောက်မေ့ နှုတ်ဆက်တဲ့ အစီအစဉ်ထည့်ထားပါတယ်။
ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအပေါ် အကျိုးပြုသွားပုံတွေကို ကျန်ရစ်သူတွေက အောက်မေ့သတိရစွာနဲ့ မျှဝေခံစား အလွမ်းသယ်ကြတာပေါ့။

တနည်းအားဖြင့်ကြည့်ရင်လဲ သွားလေသူ ယမမင်းဆီမရောက်ခင်မှာ လူကောင်းသူကောင်းဖြစ်ကြောင်း အများပြည်သူက တန်ဖိုးဖြတ် မှတ်ကျောက်တင်ခံရတဲ့ အခမ်းအနားနဲ့လဲတူနေပြန်တယ်။
ဒီဘဝမှာ လိုချင်တာတွေ လုပ်ချင်တာတွေ အကုန်လုပ်နိုင် ရလိုက်နိုင်တယ်ပဲ ထားပါတော့ နောက်ဆုံးမှာ မလိုတာချင်တာကြီးနဲ့ အဆုံးသတ်လိုက်ရလို့ အသုဘအခမ်းအနားတိုင်းဟာ ရှုတတ်ရင် သံဝေဂရစရာနဲ့ မသေခင်မှာ အချိန်မီ ပြုပြင်စရာရှိတာတွေကို ပြုပြင်ရအောင် အမြဲသတိပေးနေတဲ့ ဓမ္မာရုံနဲ့လဲ တူပါတယ်။
ဦးကြည်စိုးဟာ အလွန်သဘောကောင်းပြီး မိဘတွေအတွက် သားကောင်းတယောက်ဖြစ်သလို သားသမီးတွေအတွက်လဲ ဖခင်ကောင်း၊ အိမ်သူဇနီးအတွက်လဲ ခင်ပွန်းကောင်း၊ ပြီးတော့ သူငယ်ချင်းကောင်း။ ရပ်ရေးရွာရေး တိုင်းရေးပြည်ရေး ကုသိုလ်ရေးမှာဆိုရင်လဲ ရှေ့ကနေလဲ ဆွဲခေါ် နောက်ကနေလဲတွန်းတင် ဘေးကနေလဲဖေးမ ဆိုတဲ့ ကျရာနေရာက ပါရမီဖြည့်သွားသူဖြစ်ပါတယ်။ သူ့ကို ဒီမိုကရေစီရေးလုပ်ကြရင်း သိတာပါ။
သူ့အကြောင်းကို သူ့သူငယ်ချင်းတွေက ပြန်ပြောကြတဲ့အထဲမှာ-
တနေ့မှာ ညဖက် ၈နာရီ သူ့ကိုဖုံးဆက်တော့ သူ့ဇနီး မမေရီက-
“နောက်ကို ဒီအချိန်ဆိုရင် သူ့ကိုဖုံးမဆက်ပါနဲ့။ သူက နေ့တိုင်း ဒီအချိန်ဆိုရင် သူ့အမေနဲ့ တွေ့တယ်။ သူ့အမေနဲ့တွေ့ဖို့အချိန်ကို သီးသန့်ဆွဲထားတယ်” တဲ့။
“ဟင် ဒါဆိုရင် ငါ့မှာလည်း အမေရှိတာပဲ။ ငါကရော ဘာဖြစ်လို့ ငါ့အမေကို တွေ့ဖို့အချိန်ကို သီးသန့်မလုပ်ထားရတာလဲဆိုပြီး သူ့ဆီက ကောင်းတဲ့အလေ့ကို အတုခိုးပြီး အဲဒီအချိန်ကစပြီး ကျွန်တော့်အမေနဲ့တွေ့ဖို့အချိန်ကို သတ်မှတ်လိုက်ပြီး မှန်မှန်လိုက်လုပ်ပါတယ်” တဲ့။
အလို တော်လှချည်လား ဒီလူတွေ။
စူးမာတို့ အမေကို ချစ်တယ်ဆိုတာ ဒီလူတွေရဲ့ ခြေဖျားတောင် မမှီပါရောလား။
ကိုညိုကို ဒီအကြောင်းပြောပြမိတယ်။ ကိုညိုက-
“အေး ဦးသန့်လဲဒီလိုပဲ။ သူ ကုလသမဂ္ဂမှာ အထွေထွေအတွင်းရေးမှုးချုပ်လုပ်တုန်းက သူ့အမေဆီကို စနေနေ့တိုင်း ဖုံးဆက်တာ ကိုညိုဖတ်ဖူးတယ်။”

ဟာ အခုမှ ပိုဆိုးသွားပြီ။  
ဘုရား ဘုရား။
စူးမာတို့က ဦးသန့်လို ကွန်ဂိုအရေးအခင်း၊ ကျူဘားအရေးအခင်း၊ အာရပ်အစ္စရေးကိစ္စတွေ ဖြေရှင်းနေရတာမဟုတ်ပါပဲနဲ့ အမေတို့အဖေတို့ကို အလုပ်များလို့ စာမရေးအား ဖုံးမဆက်နိုင်ဟု ပြောမိလေခြင်း။
ဟင် အားနာစရာလဲကောင်း ရှက်စရာလဲကောင်းပါလား။
မှတ်မိနေတယ်။ ဂျပန်မှာ Master တက်တုန်းက။ ကျောင်းစာတွေပိလို့ အိမ်ကို စာမရေးနိုင်။
ဒါပေမဲ့ အဖေနဲ့အမေကိုတော့ စာမှန်မှန်ရေးပေးပါလို့။ အားဆေးလိုလို့။ ကိုယ်ကကြီးပဲ လိုနေခဲ့တာ။
အဖေက အပတ်တိုင်း စာရေးပို့တယ်။ တံဆိပ်ခေါင်းဖိုးပါပြီးသား လေကြောင်းစာအိပ်ပြာပြာဆိုရင် အဖေ့စာပဲ။
အမေက စာကိုနဲနဲရှည်ရှည် ရေးတာမို့ တလ တခါလောက် စာအိပ်ထူထူနဲ့ လာတတ်တယ်။ အမေက စူးမာ part time အလုပ်လုပ်တဲ့ Nagoya Mitsubishi ကားကုမ္ပဏီရုံးကို မကြာမကြာ ဖုံးဆက်အားပေးတယ်။ အမေဂရုအစိုက်ကောင်းလို့ Nishino ရှပ်ချောကလဲ တော်တော်ဂရုစိုက်ရှာပါတယ်။
အမေကတော့ အမေ့ကိုစာမရေးနိုင်လဲ ကိစ္စမရှိဘူး။ နေကောင်းအောင်နေ၊ စာရေးလို့ကုန်မဲ့အချိန်အစား စာပိုဖတ်၊ ကျောင်းသာပြီးအောင်မြန်မြန်လုပ်ဖို့ အားပေးရှာတယ်။
ဟိုတုန်းက မြန်မာပြည်က ဖုံးခေါ်ရင် ဈေးချိုတယ်။ ဂျပန်ငွေက ကြေးကြီးတယ်။
အခုရော?
ပိုက်ဆံလဲမကုန်တဲ့ အင်တာနက် အိမ်မှာရှိနေတာပဲ။ အမေ့ကိုတော့ တခါတလေ အီးမေးပို့ဖြစ်တယ်။
အို အင်မတန် ပေါ့တီးပေါ့ဆ မေ့တီးမေ့လျော့ နိုင်တာပဲ။

မိုးညှင်းသိင်္ဂီဆရာတော်ပြောတာကို သွား သတိရတယ်။

“အဆင်မပြေဘူးဆိုတာ စိတ်ထားမှားနေလို့ပါ၊ ပြင်လိုက်ပါ” တဲ့။
အင်း  ဒါကြောင့်လဲ ဒီလူတွေ တော်ကြ ကြီးပွားကြ အောင်မြင်ကြတာပဲ။
ဦးကြည်စိုးရဲ့သားငယ်က လခကောင်းလို့ မီလျံအိမ်ဝယ်ထားပြီး မိဖကိုနေစေသတဲ့။
တော်လိုက်ကြတာ။
ဦးသန့်က အသက်၆၅နှစ်မှာ ကွယ်လွန်ပါတယ်။ စူးမာ ဦးသန့်ရဲ့ အသက် ၂ဆ ရှည်ရှည် နေရလဲ ဦးသန့်ကိုမီမှာမဟုတ်။
ဦးသန့်မှာ ဘုရားရှိခိုးချိန် တရားထိုင်ချိန် စာရေးချိန်လဲ ရလိုက်သေးတယ်။

ကိုယ့်ကိုယ်ကို အခေါင်းထဲထည့်ပြီး ယမမင်းရှေ့မှာ တရားစစ်ကြည့်တယ်။


မာတာပိတု…..   အဝေးကြီးလိုသေးတယ်။

ပုတ္တဒါရဿ…..  အမေတို့ အဖေတို့ကို ဘယ်လိုမှမမီ။

ဥာတကာနဉ္စ……အမယ်လေး။ ကိုယ့်ဟာကိုယ်တောင် မနဲ။

အနဝဇ္ဇာနိ…….နဲနဲပါးပါးလုပ်ပါတယ်။

ဂါရဝေါစ....ဒါလောက်တော့ ရှိပါသေးတယ်။

နိဝါတောစ…..အဲ  နဲနဲတော့ လျော့လာပါပြီ။ အသက်လဲကြီးလာလို့။

အပ္ပမာဒေါစ…..တော်တော်လုပ်ရအုံးမှာပါလားနော်။

(Mother's Day အမှတ်တရ အမေ့ကိုရော အမတွေကိုရော ဂါရဝပြုလိုက်ပါတယ်။)

1 comment:

  1. yeingtg@gmail.comMay 7, 2011 at 6:34 PM

    မမရေ..စာေ၇းကောင်းလိုက်တာ..ဟိုးတလောက ကဗျာဆရာကြီး နဲ့ စကားစမြည်ပြောဖြစ်ကြမှ မမက လုံးချင်းရေးတာတဲ့..မသိလို့မေ၇..နို့မို့ဆို မမဆီ ရောက်တုန်းက စာအုပ်တောင်းဖတ်ပါတယ်..ခုလည်း တွေ့ရင် တောင်းမယ်လို့ တေးထားပါတယ်..အခုတော့လည်း အွန်လိုင်းက ဖတ်ရသမျှနဲ့ဘဲပေါ့..မမပြောမှ ကိုယ့်မှာ လိုနေတာတွေ သိသိကြီးနဲ့ မကျေပွန်နိုင်တာတွေ သိပ်ကို များနေပါရော့လားမမရယ်..သတိသံဝေရစေသမျှ မမရဲ့ စာလေးကို ကျေးဇူးတင်နေမိတယ်..
    စာများများရေးပါမမရယ်
    ချစ်ခင်လေးစားစွာဖြင့်.
    ယိင်း

    ReplyDelete