ဒေါက်တာမောင်ဘချစ်
ဇူလိုင် ၉၊ ၂၀၁၀
မောင်ဘချစ်တို့မြန်မာလူမျိုးသည် ထောင်ကိုအင်မတန်ကြောက်သည်။
ရွာဘုရားပွဲများတွင် ထိပ်တုံးတွေကိုတွေ့ဖူးသည်။ ဘုရားပွဲဖျက်သူ၊ မူးသူရမ်းသူများအတွက် ထိပ်တုံးများသည် ကြောက်စရာ ကောင်းသေးသည်။
ထိပ်တုံးပြီးတော့ ၊အချုပ်။ နောက်တော့ထောင်ဖြစ်သည်။
မောင်ဘချစ်သည် “ထောင်အပြင်တန်းမရှိဘူး” ဆိုသည့်စကားအားမောင်စွမ်းရည်အားမေးဖူးသည်။
''ဒါယောက်ျားလေးတွေကို ပြောတာကွ၊ မိန်းခလေးတွေအတွက်တော့ တန်းရှိတယ်''ဟုပြောပြသည်။
''ပြည့်တန်ဆာ(-ာတန်း)ကိုပြောတာကွ'' ဟု နားမလည်သော မောင်ဘချစ်အား တစ်တစ်ခွခွ ပြောဖူးလေသည်။
သို့သော် ထောင်ထဲတွင်နှစ်သက်စရာသည် အိမ်ထောင်ဟုထင်ကြသည်။
မောင်ဘချစ်အမေရိကန် ရောက်နေစဉ် မင်္ဂလာဆောင်တစ်ခုကိုသွားရသည်။
မင်္ဂလာဆောင်သည် ဘုန်းကြီးကျောင်းတွင်ပြုလုပ်သည်။ မင်္ဂလာဆွမ်း ကျွေးသည်။ ပရိတ်တရား နာသည်။ အင်မတန်ကောင်းပါသည်။ သို့သော် တစ်သက်တာတွင် အိမ်ထောင်နှင့်ကင်းဝေး လိုသော လူ့ဘောင်အာရုံ ကာမဂုဏ်ကိုမတွယ်တာသော ဘုန်းကြီးက မင်္ဂလာစကားတရားဟောရသည်မှာ အတော်လေး ကသိကအောင့်နိုင်ကြောင်းကိုတွေ့ခဲ့ရသည်။
''ခုတော့ တကာမလေးဟာ အိမ်ထောင်ကျသွားပြီ၊ မလွတ်လပ်တော့ဘူးပေါ့။ တကာမလေးကို တကာကပိုင်သွားပြီ၊ တကာလေး ကလည်း အိမ်ထောင်ကျသွားရင် မလွတ်လပ်တော့ပါဘူး။ တကာလေးကို တကာမက ပိုင်သွားပြီ''
မောင်ဘချစ်သည် တရားနာရင်း စဉ်းစားနေမိသည်။
အမရပူရ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏တရားကို သတိရနေမိသည်။
တရက်တွင် ဆရာတော့်ထံ ဧည့်သည်များ လာရောက်ကြသည်။ ဦးချကန်တော့ကြသည်။
''အရှင်ဘုရားကို မိတ်ဆက်ပေးရဦးမယ်''
ရွာခံက ဆိုသည်။ ''ဒါကတော့ မြို့ပိုင်ကြီး ဦးခင် … တဲ့'
''အေး အေး''
''ဒီဖက်ကတော့ နယ်ပိုင်ကြီးဦးတင်တဲ့ ဘုရား''
''အေးအေး ..ကောင်းတယ်ကွ''
ဆရာတော်ကြီးသည် ခေါင်းတညိတ်ညိတ်ဖြင့် သဘောကျနေသည်။
''မှန်ပါ။ သူတို့က အာဏာပိုင်တွေပါ ဘုရား ''
''မြို့ပိုင် နယ်ပိုင်တွေ တဲ့လား'''
''မှန်ပါဘုရား''
''ကောင်းကွာ၊ မင်းတို့တတွေက မြို့တွေ ရွာတွေတောင် ပိုင်ကြတာကိုး၊၊ ငါကတော့ ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်ဘူး''
သူ့တို့ပြန်ပြောသည့်အကြောင်း မှတ်တမ်းတွင် မတွေ့ရပါ။
ဆရာတော်က အမှန်ကို ပြောသွာတာပါပဲ။
ကိုယ့်ကိုယ်ကိုယ် မပိုင်ကြဘူး။
မောင့်မေတ္တာ မေ ပိုင်။ မေ့မေတ္တာ မောင် ပိုင်..တဲ့။
ပိုင်လို့မရပါ။ ဆိုင်လို့တော့ရသည်။
''မင်္ဂလာဆောင်တာက မှတ်တမ်းဝင်အောင် လုပ်တာပါပဲ''
ကိုအေးက မောင်ဘချစ်ကို ရှင်းပြသည်။
'' ဦးနေဝင်းနဲ့ဒေါ်ခင်မေသန်း လက်ထပ်တုန်းကတောင် စကားတခု ပေါ်သေးတယ်''
''ဘာလဲ၊ အာဏာရှင်တွေအကြောင်းကြားချင်တယ်ဗျာ။ လုပ်စမ်းပါဦး''
''ကျုပ်လည်း မေ့တေ့တေ့ ရှိနေပြီဗျ။ သူတို့ကလေးနှစ်ယောက်စီ ရှိကြတယ်။ နောက် ကလေးနှစ်ယောက် ထပ်မွေးတော့ …
‘]I two, you two and we two ’ လို့ပြောတယ် ဆိုလားပဲ''
''တကယ်တော့ နှစ်ယောက်စီ မကဘူး။ သူတို့နှစ်ယောက်ရပြီး နောက်ထပ် သုံးယောက် မွေးသေးတယ်မဟုတ်လား''
''ဒါဆိုလည်း I three, you three, and we three ဖြစ်မှာပေါ့ ဟားဟား''
''ဒါနဲ့ ဟောလိဝုဒ် - Celebrities တွေရဲ့ မင်္ဂလာဆောင်သတင်း ဒါမှမဟုတ် အတင်းများကို ဖတ်ဖူးလား''
''ဆိုပါဦး …''
“He for the second, she for the third ဆိုတာမျိုးပေါ့''
''ခု မြန်မာမင်္ဂလာဆောင်တွေလည်း ဒီလိုပဲကွ။ တို့မြန်မာနိုင်ငံက မှူးကြီးသန်းရွှေဆိုလည်း ဒီလိုပဲလေ''
''ဟုတ်လား။ He for the second, she for the third … ပဲလား''
'' ကျုပ်လည်းသိပ်တော့မသိဘူး။ She for the second ဆိုတာတော့ သေချာတယ်''
သူမသည် မှူးကြီးသန်းရွှေကို ဒုတိယအကြိမ်လက်ထပ်ယူခြင်း ဖြစ်သတဲ့။
''တတိယအကြိမ်ကော ရှိသေးလား''
''လူမင်းနဲ့ ဆိုလား၊ ... ယတြာတို့ ဘာတို့ ဆိုတာကတော့ဗျာ။ ကောလဟလတွေလို့ ထင်တာပဲ''
မောင်ဘချစ်သည် ဂျာနယ်လစ်ဖြစ်သောကြောင့် ကောလဟလကို မရေးနိုင်ပါ။
မည်သို့ပင်ဖြစ်စေ ကိုအေးပြောပြသည့် ဟောလိဝုဒ်မင်္ဂလာပွဲထက် ပိုပြီးတိုးတက်လာသော မြန်မာတို့၏ လူနေမှုစနစ်ကို သွားရေကျမိသည်။
''အာပါးပါး ကောင်းမှကောင်း …''
''မြန်မာတွေ တော်တာတော့ ပြောမနေနဲ့။ လေးလနဲ့ ကလေးမွေးနိုင်သေးတယ်''
မောင်ဘချစ်သည် မဟုတ်တရုတ်ပြောတတ်သော ကိုအေးကို စကားဆက်မပြောလိုတော့ပါ။ အတည်မပြုရသေးသော သတင်းများကို မောင်ဘချစ်ရေးခွင့် မရှိပါ။
မြန်မာတွေကလည်း ကြွားတတ်တာကိုးလေ။
ဟာသတခုထဲတွင် မြန်မာ၊ အမေရိကန်နဲ့ အင်္ဂလိပ်တို့ စကားဝိုင်းအကြောင်းသတိရမိသည်။
အမေရိကန် (Uncle Sam) ကအင်မတန်ကြွားသည်။
''ဟေ့ … တို့အမေရိကန်တွေက အဆောက်အဦအမြင့်ကြီးတွေကို ဆောက်တယ်ကွ။ မိုးနဲ့တောင် ထိနေသေး …''
''မဟုတ်တာ အန်ကယ်ဆမ် ရယ်။ မိုးထိနေမှတော့ သိကြားမင်းကြီးက သူ့မိဖုရား သုဇိတာာချောင်းတယ် ဆိုပြီး ဝရဇိန် နျူကလီးယားနဲ့ ပစ်တီးမှာပေါ့။ မိုးတော့ မထိနိုင်ဘူး''
''ဒါတော့ဗျာ၊ တစ်လက်မ နှစ်လက်မလောက်တောာ့ ကွာမှာပေါ့ ဗျာ''
အန်ကယ်ဆမ်က အရှက်ပြေ ပြောရှာသည်။
''ကျုပ်တို့ အင်္ဂလိပ်ရေတပ်သင်္ဘောတွေက အင်မတန်ကြီးကျယ်တယ်။ သင်္ဘောတွေ အင်မတန်ကြီးတယ်။ ဘယ်လောက်ကြီးလဲဆိုရင် သမုဒ္ဒရာကြမ်းပြင်ကိုတောင် ထိနေသေးတယ်''
ဦးဂျက် ( Union Jack = အင်္ဂလိပ်အလံ) က ကြွားလုံးထုတ်သည်။
ဒီတော့ ကျန်တဲ့လူတွေက ကန့်ကွက်သည်။
''ဘယ်နဲ့ဗျာ … သမုဒ္ဒရာကြမ်းပြင် ထိနေမှတော့ ဘယ်လိုသွားမှာလဲ''
''ဒါတော့ဗျာ၊ တလက်မ နှစ်လက်မလောက်တောာ့ ကွာမှာပေါ့ဗျ''
အားလုံးကျေနပ်သွားသည်။ကိုရွှေမြန်မာ ကြွားလုံးထုတ်ရန် ခေါင်းကို ပွတ်လိုက်သည်။
''ကျုပ်တို့ မြန်မာအမျိုးသမီးတွေ …''
'''ဆိုပါဦး၊ ခင်ဗျားတို့ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ နိုင်ငံဖြစ်သွားလို့လား''
''ထွတ် … ၊ ဘယ်ကလာဟုတ်ရမလဲ၊ ကျုပ်တို့ မြန်မာအမျိုးသမီးတွေ ကလေးမွေးရင် ကလေးကို နှာခေါင်းကနေ နို့တိုက်တယ်'''
“ဟာ …”
“ဘယ်က …”
''ကလေးနှာခေါင်းက သောက်လို့ရပါ့မလား”
''ဒါကတော့ ထူးခြားတာပဲ၊ ဆေးလောကမှာ ထူးထူးခြားခြား မှတ်တမ်းတင်ရမယ့်ဟာပဲ”
အင်္ဂလိပ်ရော၊ အမေရိကန်ပါ အင်မတန်အံ့သြနေကြသည်။
''ခင်ဗျားတို့ ဒါကို မှတ်တမ်းတင်ထားတာ ရှိလား''
''ခုထက်ထိတော့ ဘယ်ကမှ မရေးရရသေးဘူး''
''ဟုတ်ရဲ့လားဗျာ၊ အင်မတန်ထူးတာပဲ။ ကျုပ် ခုပဲ ဆေးပညာကောင်စီကို အီးမေးလ်ပို့လိုက်တော့မယ်။ ခင်ဗျား ဘာထပ်ပြီး ဖြည့်စွက်စရာ ရှိသေးလဲ”
''များများတော့မရှိပါဘူး။ တလက်မ နှစ်လက်မလောက်တော့ ကွာတာကို ထည့်ပြောပေးလိုက်ပါ ခင်ဗျာ …” ဟူ၍ …
စာရှုသူများ ကျန်းမာပါစေ။ ။
မိုးမခမှပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။
No comments:
Post a Comment