Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Tuesday, November 16, 2010

ပြစ်မှု

ဒေါက်တာမောင်ဘချစ်
ဇူလိုင် ၁၅၊ ၂၀၁၀
(၁)
When you think of the long and gloomy history of man, you will find more hideous crimes have been committed in the name of obedience than have ever been committed in the name of rebellion. - C. P. Snow
လူတစ်ယောက်ရဲ့သမိုင်းကိုကြည့်လိုက်တဲ့အခါ လူတွေဟာ နာခံတယ် ဆိုပြီး ကျူးလွန်တဲ့ ပြစ်မှုတွေဟာ တော်လှန်တယ်ဆိုတဲ့ ပြစ်မှုတွေထက် ပိုများတာကို တွေ့ရပေမယ်။  - စီပီစနိုး
          မောင်ဘချစ်သည် စီပီစနိုး၏ ပြစ်မှုအကြောင်း ဖတ်ပြီးအလွန်အမင်း ကြောက်လန့်သွားတော့၏။
          မြန်မာစကားရှိသည်။
          ဆိုရေးရှိက ဆိုအပ်စွ၏ တဲ့။
          ဆိုရေးရှိသည့်အခါ မဆိုလျှင် အပြစ်ပါပဲလား။
မြန်မာဆုံးမစာတွေထဲမှာလည်း ပါသည် (ကန်တော်မင်ကျောင်း ဆရာတော်ရေးသည် ဟု ထင်သည်)
          ငယ်ရွယ်က မဆုံးမလျှင် မိဘများသည် (မိဘတလည်) ရန်သူမည်၏ ဟုဆုံးမထားသည်ကိုကြားဖူးပါသည်။
          သူပြောသည့် ပြစ်မှု ဘာက ပြစ်မှုလဲ။
          မပြောလျှင်ပြစ်မှု၊ လုပ်သင့်တာကို မလုပ်လျှင် ပြစ်မှု။
          ဒါဆိုလျှင် ''မလုပ် မရှုပ် မပြုတ် ''သည်လည်း ပြစ်မှုပင် ဖြစ်လေတော့သည်။
                                                         
(၂)
          မောင်ဘချစ်တို့ငယ်ငယ်ကပုံပြင်လေးကိုသတိရသည်။      ကောက်ကျစ်သော ခြင်္သေ့ကြီး၏ ပုံပြင်ဖြစ်သည်။ (သာမာန်အားဖြင့် မြန်မာစစ်တပ်သည် သူတို့၏စစ်တပ်ကို ခြင်္သေ့နှင့် နှိုင်းကြသည်။ ခြင်္သေ့သည် တိရစ္ဆာန်ဖြစ်သည်ကို မေ့နေကြဟန်တူသည်။ စကားချပ်)
          ကောက်ကျစ်သောခြင်္သေ့တွင် ဝန်ကြီး သုံးပါးရှိ၏။
          သူတို့ကား ဝံ၊ မျောက်နဲ့ ယုန်တို့ဖြစ်သည်။
          ခြင်္သေ့သည် သူ့ထံတွင်ခစားလျက်ရှိသော ဝန်ကြီးများကို ငြီးငွေ့လာသည်။
          ထို့အပြင် ဤဝန်ကြီးများသည် ငါ့အပါး ခစားပြီး အစားကောင်းတွေ စားနေကြသည်။
          ''ဒီကောင်တွေ ဘိလပ်မြေလည်းလည်း စားသည်။ ကတ္တရာစေးလည်း စားသည်။ ဓာတ်မြေသြဇာလည်း စားသည်။ အစားတွေ စုံလှသည်။ ထို့ကြောင့် ဒီကောင်တွေကို စားရလျှင် ကောင်းအံ့''
ဟု ကြံဆလေသည်။
          ''ဒီအတိုင်းစားရရင်တော့ အမေရိကန်တွေ အော်မည်။ ကုလသမဂ္ဂလည်း ကန့်ကွက်နိုင်သည်။ ဟိုအင်ဂျီအိုတို့ စောင့်ကြည့်အဖွဲ့တို့လည်း ရှိသေးသည်။ ထိုကြောင့် ဒီကောင်တွေကို မေးခွန်းတွေ မေးရပေမည်''
          ခြသေ့င်္ကြီးသည် သူ့ဥပဒေ သူပြုကာ သူ့ဖာသာ သူထောက်ခံကာ သူဖာသာ သူအတည်ပြု လိုက်သည်။
          ပြီးတော့ သူက ဝန်ကြီးများကို အစည်းအဝေးခေါ်သည်။
          ''ငါ့အပါး ခစား၍ ညာစားနေသော ဝန်ကြီးများ''
          ''ဘုရား …''
          ''ဝန်ကြီးတို့ … ကျုပ်အပါးမှာ ခစားလာကြတာ ကြာပြီ၊ ဝန်ကြီးများဟာ ကျုပ်အပါးမှာ ညာစားနေသည်ဟု ကြားရသည်''
          ''မှန်ပါ''
          ''ဘာ …''
          ''အရှင်ပြောတာကို ထောက်ခံတာပါ''
          ''ကောင်းပြီ ၊ သင်တို့ကိုမေးခွန်းတခုစီ မေးရမယ်''
          ''မှန်ပါ ပဟေဠိ အဖြေညှိမှာလား၊ ကောင်းပါတယ်။ သတင်းထောက်တွေခေါ် တီဗွီရိုက်ရင် ကောင်းမယ်။ ဘယ်တော့ လုပ်မှာလဲ …”
          ''ဟေ့ကောင်တွေ ရှည်မနေနဲ့၊ ရွေးကောက်ပွဲရက်တောင် ငါ ကြေငြာသေးတာ မဟုတ်ဘူး။ ခုပဲ မေးမယ်။ မဖြေနိုင်ရင် မင်းတို့ကို စားမယ်။ တနေ့တယောက် စားမယ်။ အဲလေ တနေ့ တယောက် မေးမယ်''
          ''ဘုရား … ဘုရား …''
          ခြင်္သေ့ကြီးသည် သူ၏မေးခွန်းကို ဖတ်ပြသည်။
          ''ငါ၏ခံတွင်း ဘာအနံ့ ရှိသည်ကို ပြောရမည်။ နံပါတ်တစ် အနေနဲ့ ဝံကြီး လာပါ''
          ဒီအခါ ဝန်ကြီး ၃ ဦးသည် တိုင်ပင်ကြသည်။ ဘယ်ဝန်ကြီးကို ခေါ်တာလဲ၊ ဝန်ကြီးလား ဝံကြီးလား။ မသေချာပါ။ ထိုကြောင့် အသေချာဆုံးဖြစ်သည့် ဝက်ဝံ သွားလိုက်ရသည်။
          ''ကဲ ၊ ဝံမင်း ကျုပ်အပါးကို လာပါ။ ''
          ခြင်္သေ့သည် ပါးစပ်ကို အကျယ်ကြီးဟ လိုက်သည်။
          ''ကျုပ်ပါးစပ်က ဘာအနံ့ရလဲ''
          ဝက်ဝံက ခြင်္သေ့၏ ဟထားသော ပါးစပ်ကို နမ်းလိုက်သည်။
          ''အလိုလေး …''
          တစ်ကြိမ်မှ သွားမတိုက်ထားသော ခြင်္သေ့လေ။ မဆလ လက်ထက်က ပက်ဆိုဒင့်သွားတိုက်ဆေးလည်း မဲ မပေါက်။ ရေမီးရှားနိုင်ငံမှာနေသည့် ခြင်္သေ့၏ခံတွင်းသည် အပုတ်နံ့များဖြင့် နံဟောင်နေလေတော့သည်။
          ''ဘာအနံ့ရလဲ …”
          ''အင်မတန် နံပါတယ်''
          ''ဘာ၊ ငါလို ခြင်္သေ့မှူးကြီးကို ဒီလိုပြောတာ စော်ကားတာပဲ။ ဝက်ဝံကောင်လုံးကျော် လုပ်လိုက်''
          ဝက်ဝံကောင်လုံးကျော်ကို ခြင်္သေ့မှူးကြီးက သူရဲ့ ဇနီး သမီးများနဲ့ ဝါးလိုက်တာ အရိုးတောင် မကျန်ဘူးတဲ့။
          “နောက်တနေ့မျောက်ချေးခါးဟင်း ချက်မယ်။''
ဟု ခြင်္သေ့မှူးကြီးက အိမ်တွင် စပါးလင်တွေကို ငရုတ်သီး ကြက်သွန်တွေနဲ့ ရောကာ ထောင်းထားခိုင်းလေသတဲ့။
          နောက်နေ့တွင် ခြင်္သေ့မှူးကြီးက မျောက်ကို မေး၏။
          ''ကျုပ်ခံတွင်းက ဘာအနံ့ရလဲ''
          ဝက်ဝံ၏ ကံကြမ္မာကို မြင်ထားသော မျောက်က ဖြေသည်။
          ''အရှင်ခြင်္သေ့မှူးကြီး၏ ပါးစပ်သည် ပြင်သစ်ကလာတဲ့ အကောင်းဆုံး ရှင်နယ် နံပါတ် ၅ ရေမွှေးထက်တောင် မွှေးသေးတယ်''
          ''တော်စမ်း …''
          ''အမေရိကန်က လာတဲ့ ကယ်လ်ဗင်ကရင်း ရေမွှေး ထက်တောင် မွှေးသေးတယ်''
          ''ဒီကောင် ပုဆိန်ရိုးပဲ။''
          ဤတွင် ခြင်္သေ့၏ သက်တော်စောင့်များက ထအော်သည်။
          “VOA, BBC ရန်တိုက်ပေးနေသည်
RFA, DVB သွေးထိုးပေးနေသည်
          ခလောက်ဆန် အကောက်ကြံ
လေလှိုင်းသံ လူသတ်သမား
နားမယောင်လေနဲ့ သတိထား … “
          ”ဒီကောင် ပြည်ပအားကိုးပုဆိန်ရိုးပဲ''
          ''အဆိုးမြင်ဝါဒီများကို တိုက်ထုတ်ကြ''

(၃)
          ခြင်္သေ့မှူးကြီးသည် အရမ်းကို စိတ်ဆိုးနေသည်။
          ''မင်း ဘာ ပြောချင်သေးတာလဲ''
          ''အရမ်း မွှေးတာပဲ''
          ''မင်းဟာ ဘုရင့်အနားမှာနေပြီး မြှောက်နေတယ်။ သေဒဏ်…''
          ''သေဒဏ် …''
          မျောက်ကို ဦးခေါင်းတွင် ဂွန်နီအိတ်စွပ်ကာ ဖမ်းသွားကြသည်။ မကြာမီမျောက်သည်  ဟင်းအိုးထဲကိုရောက်ကာ မျောက်ချေးခါးဟင်းဖြစ် သွားလေ၏။
          ''စားလို့ ကောင်းလိုက်တာ''
          ''ဝါးလို့ ကောင်းလိုက်တာ''
စားလို့ရတာ အကုန်စား
ဝါးလို့ရတာ အကုန်ဝါး .....။
          သို့နှင့် နောက်တစ်နေ့မှာ ယုန်ကို ခြင်္သေ့မှူးကြီးက မေးသည်။
          ''ကျုပ်ခံတွင်းက ဘာအနံ့ ရလဲ''
          ယုန်အနားကို ကပ်သွားသည်။
          ''ရွှတ် … ရွှတ် …  ရွှတ် ...''
          ''ဟာ … ဘာအနံ့မှလည်း မရပါလား။ ကျွန်တော်မျိုး နှာစေးနေတယ်။ ဆေးရုံ တက်လိုက်ဦးမယ်။ ကျွန်တော်မျိုးမှာ မက်ဒီကက် ရှိတယ်။ တရက်တော့ စောင့်ပါဦး”
 ဆိုပြီး အသင့်စောင့်နေတဲ့ လူနာတင်ကား အင်ဗြူလင့်စ်ပေါ် တက်သွားလေသတဲ့။
          ခြင်္သေ့မှူးကြီးလဲ ဘာမှ မတတ်နိုင်ရှာဘူး။
          အချို့ပြောတော့ ယုန်ဟာ နယ်စပ်က ရက်ဖြူဂျီကင့်ကို ထွက်သွားတယ် ဆိုပဲ။
          အချို့ကတော့ယုန်ဟာ အမေရိကန်မှာ ဆူရှီ (Sushi) လိပ်နေတယ်လို့လည်း ဆိုသတဲ့။
          ယုန် အသိုင်းအဝိုင်းက ထအော်သေးတယ်တဲ့။
          “ဆူရှီမျိုးဟေ့ ဒို့ဗမာ ... အဲလေ
          “ဆူရှီမျိုးဟေ့ ဒို့ ယုန်တွေပါ …”

(၄)
          အဆုံးသတ်ပါတော့မည်။
          မေးခွန်းတခုတော့ မေးချင်သည်။
           ဘယ်သူ တော်လဲ။
          ငယ်ငယ်ကတော့ ထင်ခဲ့ပါသည်။
          ယုန် အတော်ဆုံးပဲ ဟူ၍ ထင်မိသည်။
          'ဟုတ်တယ်လေ။ သူက သူရဲ့ဘေးကို ရှောင်ခဲ့တာကိုး''
          သို့သော် တကယ်တန်းတော်သူမှာ ဝက်ဝံဖြစ်၍ အပြစ်ရှိသူမှာ မျောက်ပင်ဖြစ်သည်။

          ''နာခံတယ် ဆိုပြီး ကျူးလွန်တဲ့ ပြစ်မှုတွေဟာ တော်လှန်တယ်ဆိုတဲ့ ပြစ်မှုတွေထက် ပိုများ တာကိုတွေ့ရပေမယ် …''
ဟု ဆိုသည့် စကားကို သင် လက်ခံနိုင်ပါ့မလား။
          လက်တွေ့မှာကော လိုက်နာနိုင်ပါ့မလား။ 

No comments:

Post a Comment