Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Saturday, November 27, 2010

ထော်လာဂျီဖြင့်ချီတက်မည်

ဒေါက်တာမောင်ဘချစ်
သြဂုတ် ၁၄၊ ၂၀၁၀
တနေ့သ၌ အမျိုးကောင်းသား မောင်ဘချစ်သည် အင်္ကျီအဟောင်းတစ်ထည်ကို ထုတ်နေစဉ် သူကောင့်သား မောင်ဘသစ် ပေါက်ချလာသည်။
          ''ကိုဘချစ် ဘာတွေ တူးဖေါ်ရေး လုပ်နေတာလဲ။ ယာဒ်ဆေး (Yard Sale) က ဝယ်လာတာတွေလား''
          ''ဒီမှာကြည့်စမ်း ကိုဘသစ်ရေ … မြန်မာပြည်မှာ လုပ်သည်။ Made in Burma (Myanmar) တဲ့။  ထိုတံဆိပ်မျိုးကိုမမြင်ရတာကြပါပြီပဲ။
          ''ဟုတ်ပ။ (Made in China)   တရုတ်ပြည်မှာလုပ်သည် ကိုပဲ  မြင်နေကျဖြစ်နေတယ် မဟုတ်လား။ အရင်ကတော့ တရုတ်စက်ဆိုရင် တရက်စုတ် လို့ ပြောကြတယ်။ ခု ဒီမှာ တရုတ်တွေ အဲ တရုတ်ပစ္စည်းတွေ လူရာဝင်လာပြီ''
          ''အေးကွ၊ ဒီခေတ်မှာ တရုတ်လုပ်က လူတွေလက်ခံလာတဲ့ (Brand Name) ဖြစ်လာပြီကွ။ အေးလေကွာ … တို့နိုင်ငံကလည်း တရုတ်အားထား နေကြရတယ် မဟုတ်လား။ ''
          ''ကောင်းပါတယ်။ မောင်ဘချစ်တို့ ဘယ်တုန်းကမှ ပစ္စည်း များများစားစား မထုတ်လုပ်ခဲ့ပါဘူး။ မိတ်အင်ယလွတ် Made in Ywalut လို့  လူသိများခဲ့တဲ့ ဆေးတန်လောက်ပဲ ရှိခဲ့တယ်မဟုတ်ပါလား။ ဘီလူးကျွန်းက ဆေးတန်၊ ကျောက်သင်ပုန်း၊ မောင်ဗမာစက်ဘီးတွေနဲ့ မြန်မာပြည်ဟာ စက်မှုခေတ်ထဲကို ဝင်ဖို့ကြိုးစားခဲ့တာပဲကွ''
          ''ဒါပေမဲ့ ကိုဘချစ်ရာ ဒို့ခေါင်းဆောင်ကြီး ရွှေဉာဏ်တော် စူးရောက်တယ်။ မြန်မာပြည်မှာ ဂျစ်ကား တွေ ထုတ်ခိုင်းတယ်။ ဇုံဂျစ်တွေ ထုတ်စေ သတဲ့''
          ''ပေါက်ပေါက်ရှာရှာ သင့်တင့်တဲ့ ဝက်အူတလုံးတောင် မိတ်အင်ဘားမား မလုပ်နိုင်သေးတာပဲ။ ကားထုတ် လို့ ရလို့လား ''
မောင်ဘသစ် ပြုံးသည်။ ပြီးတော့ ခေါင်းမော့ကာ ပြောသည်။
          ''ရတယ်ဗျ။ လူကြံရင် ထရံတောင် တုတ်ခနောင်း ဖြစ်ရသေး။ ဂျပန်က အင်ဂျင်ဟောင်းတွေ ဝယ်တယ်။ တစ်ခါတစ်ခါ မလေးရှားက ဝယ်တယ်''
          ဒီတော့မှ မောင်ဘချစ် သဘောပေါက်လေတော့သည်။ ကားပစ္စည်းဟောင်းများကို မြန်မာတို့က နည်းမျိုးစုံနှင့် သွင်းကြသည်။ နည်းနည်းပိုကောင်းတာ  ဂျပန်ကျ ဖြစ်ပြီး ပိုညံ့ရင်တော့ ပီနံကျ ဖြစ်လေ၏။
          ဘယ်ဂျပန်ကျ ဘယ်ပီနံကျမှ အသစ်မဟုတ်။
          ဒါကို လက်ပူတိုက်ကာ သုံးသည်။ နေ့စဉ် လမ်းဘေးတွင် ကားပျက်တွေ မြင်နိုင်သည်။
          ''ရင်နာစရာပဲ။ ကျွန်အောက် သဘောက် လို ဖြစ်နေပါလား''
          ''အဲဒီလို ကားဟောင်း ကားပျက်တွေကို စက်မှုဇုံတွေက ဖြတ်တောက် ပြုပြင်ကာ ကားစုတ်တွေကို ထုတ်လုပ်တော့ တာပါပဲ''
          ''ဘာတွေဖြစ်လာလဲ။ ကိုဘသစ်''
          ''မြန်မာပြည်ဟာ ကမ္ဘာမှာ ကား အထုတ်လုပ်တဲ့ စက်ရုံတွေ အများဆုံး ဖြစ်လာတာပေါ့''
          ''ဂျပန်ထက်လည်းများလား …”
“များတယ် …”
          မောင်ဘချစ် မျက်လုံးပြူး သွားသည်။
          ''အမေရိကန်ထက်ကော များလား''
          ''များတယ်ခင်ဗျ …''
          မောင်ဘချစ် မယုံနိုင်အောင် ဖြစ်သွားသည်။
          မောင်ဘချစ်တို့ခေါင်းဆောင်ကြီးသည် အမြော်အမြင် ကြီးပေစွ။
          ''ဒါဆို ဂီနိစ်ဘွတ် (Guiness Book of World Record)  မှာလည်း မတွေ့ပါလား … ကိုဘသစ်''
          ''ဘယ်တွေ့မလဲ။ မီဒီယာကို မီဒီယာနဲ့ တိုက်နေတယ်ဗျ''
          ''ဘာဆိုင်လို့ လဲ''
          '' ဂျာနယ်လစ်တွေက ပုဆိန်ရိုးတွေကိုး။ ဒို့နိုင်ငံ တိုးတက်တာကို ဘယ်ဖေါ်ပြမလဲ။ သွပ်သွပ်သွပ် …”
          ''ဘာကားတွေ ထုတ်လဲ။''
          ''ဂျားကစ် ဆာဗူး သလီ''
          ''ဘာပြောတာလဲ၊ ကုလားလို ပြောတာလား''
          ''ဂျစ်ကား စီးဖူး သလား … လို့၊ ကျုပ်တို့နိုင်ငံက ဂျစ်ကားမျိုးစုံ ထုတ်တယ်။ ဟမ်းဘီးတွေ ထုတ်တယ်။ ရင်ဂလာတွေ ထုတ်တယ်။ အမ်သာတီအိပ် (M38) တွေထုတ်တယ်။ တိုယိုအေ့၊ တောင်းအေ့၊ လိုက်အေ့၊ အားလုံး ထုတ်တယ်။ မစ်ဆူဘီရှီ? ပါဂျဲရိုးလို ကားတွေကို တောင် ထုတ်တယ်။၂ဝ၁ဝ မော်ဒယ်တွေ''
          ''တကယ်ပေါ့''
          ''ထုတ်တဲ့နေ့ဟာ ၂ဝ၁ဝ မှုတ်လားဗျ''
          ''ကျွန်တော် လိုက်မမီတော့ဘူး။ ဒီက ကုမ္ပဏီတွေက တရားမစွဲဘူးလား''
          ''မစွဲပါဘူး။ မြန်မာလိုနိုင်ငံကို တရားစွဲရဲပါ့မလား။  ပေလေးဆယ် ပေခြောက်ဆယ် မြေကွက်ရှိရင် စက်ရုံတခုဖြစ်တယ် ''
          ''တယ်ဟုတ်ပါလား။ စက်တွေမပါပဲ ဘယ်လိုထုတ်တာလဲဗျာ၊ ကားထုတ်တာ လွယ်တာမှတ်လို့''
          ''ကျုပ်တို့ခေါင်းဆောင်ကြီးက အညာကဗျ၊ ကွမ်းစားတယ်''
          ''ဘာဆိုင်လို့လဲ''
          ''ခင်ဗျား မကြားဖူးဘူးလား၊ တံတားဦးက ကွမ်းနုဝါ။ ငန်းမြာက ဆေး။ နောက်တော့ မေ့နေလိုက်တာ ... ဟို ကွမ်းသီးတောင်ငူနဲ့ သာဝါးလို့ ထွေး … ဆိုတာ''
          ''အစအဆုံးလည်း မရဘူး''
          ''ဖတ်တဲ့သူတွေ ဖြည့်ဖတ်မယ်။ စုပေါင်း စပ်ပေါင်း ပေါ့ဗျာ။ နောက်ပိုင်းမှာ ကားအကောင်းတွေကို မှောင်ခိုသွင်း၊ တူတွေနဲ့ ထုပြီး ဝယ်ဒင်တွေနဲ့ ဆက်တယ်။ ဖေါက် ပစ်တယ်။ ပြီးတော့ ကိုယ့်ကားစက်ရုံနာမည် တပ်တော့တာပဲ။ ရေး ထားသေးတယ်။ မြန်မာပြည်မှာလုပ်သည် … တဲ့''
          '' ဘယ်သူတွေလုပ်တာလဲ''
          ''ဒီလိုလုပ်တဲ့ အဓိကနေရာကတော့ စက်မှုနှစ် ဝန်ကြီးဌာန ကပေါ့။ ဆွမ်းအုပ်ဆိုပြီး ကားတွေ ထုတ်တယ်။ သူတို့က နှစ်ခုပဲ လုပ်တယ်။ နိုင်ငံခြားက ကားကို သွင်းလာပြီး မူလကားကို ဆွမ်းအုပ်တံဆိပ် တပ်တယ်။ ပြီးတော့ ခြောက်ပေါင်တူနဲ့ ဘန်ပါတွေ ဖရိန်တွေကို ထုတာပဲ''
          ''ကားအကောင်းကြီးကို ထုရတယ်လို့ ဘုရား … ဘုရား …''
          ''ထုတာ ထောင်းတာ ဝါသနာပါလို့ပါ''
          '' ဘာလို့ဒီလိုလုပ်ရလဲ။ ကားတွေကရော ခိုင်ရဲ့လား''
          ''သေချင်ရင် စိန်မစားနဲ့ စက်မှုဇုံဂျစ်ကား ဝယ်သွား … တဲ့။ စက်မှုဇုံကားတွေနဲ့ သေသူ တွေ အများကြီးပဲ။”
          ''အေးဗျာ၊ ကျုပ်လည်းကြားတယ်။  ဒါပေမဲ့ သေတယ် ရှင်တယ်ဆိုတာ မိုးနတ်မင်းနဲ့ပဲ ဆိုင်တယ် မဟုတ်ပါလား။''
          ''မှန်ပါတယ်။ ပေါင်ချိန်ရယ်''
          ''အေးဗျာ၊ ကျန်ကျောင်းတို့ ပေါင်ချိန်တို့ ကို သတိရတယ်။ ခုခေတ် တရုတ်လုပ်တဲ့ ထော်လာဂျီက အတော် အဆင်ပြေဆို …”
          ''သူလည်း လမ်းပေါ်တက်မောင်းလို့ သေကြတာပဲလေ။ ဘယ်လိုဖြစ်ဖြစ် တရုတ်လုပ်က နိုင်ငံခြားဖြစ် စစ်စစ်ဗျ …''
          ''ဒါကြောင်ပေါ့ … ကျုပ်တို့အစိုးရက အော်နေတယ်''
          ''ဘယ်လိုမျိုးလဲ''
          ''ခေတ်မီ တိုးတက်သော နိုင်ငံကြီးကို ထော်လာဂျီဖြင့် ချီတက်ပါအံ့ … တဲ့''
“ဗြဲ …”

No comments:

Post a Comment