Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Wednesday, November 24, 2010

ပေးပေးပေး မပေးပေးပေး ငါ့ရွှေခွက်ပေး

မောင်ဘချစ်၊ မောင်ဘသစ် ဆွေးနွေးခန်း
ဒေါက်တာမောင်ဘချစ်
သြဂုတ် ၇၊ ၂၀၁၀
တနေ့သောအခါ ဝါရှင်တန်ဒီစီတွင် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီးမောင်ဘချစ်သည် ငယ်သူငယ်ချင်းမောင်ဘသစ်နှင့် ဆုံမိလေသည်။

မောင်ဘသစ်။             ။ခင်ဗျားကိုဘချစ်မဟုတ်လား။ အမေရိကန်ကိုဘယ်တုန်းကရောက်လဲ။
မောင်ဘချစ်။              ။ဟာ ကိုဘသစ်၊ မကြာသေးဘူးဗျ အဲလေကြာတော့ကြာပြီ။ ၊ ခင်ဗျားကော ယိုးဒယားမှာ ကြာနေသလား။

မောင်ဘသစ်။             ။ကြာတာပေါ့ဗျာ၊ ခင်ဗျားတို့နှိပ်စက်တာ အတော်ခံလိုက်ရတယ်။ ဒါနဲ့ကျုပ်ဘတ်၅ဝဝ ကို ပြန်ပေးဖို့ မကြိုးစားတော့ဘူးလား။
မောင်ဘချစ်။              ။ဘယ်တုန်းက ယူထားဘူးလို့လဲ။

မောင်ဘသစ်။             ။ခင်ဗျားပဲ ကျုပ် မြန်မာပြည်ကရောက်လာခါစ … ထိုင်းမှာ ဧည့်စာရင်းတိုင်ဖို့ ဆိုပြီး ဘတ် ၅ဝဝ ဘတ် သွားတာလေ။
မောင်ဘချစ်။              ။  ခင်ဗျားတို့ ကျေကျေနပ်နပ်နဲ့ ပေးသွားတာပဲ မဟုတ်လား။ အဲဒီပိုက်ဆံဟာ ခင်ဗျားတို့ကို ထမင်းကျွေး၊ ဘီယာတိုက်နဲ့ ကုန်သွားတာပဲ။

မောင်ဘသစ်။             ။ဟုတ်တယ်လေ။ ခင်ဗျားက ဧည့်စာရင်းတိုင်ဖို့ဆိုတော့ ကြောက်လို့ ပေးလိုက်တာပါ။
မောင်ဘချစ်။              ။ဘာကို ကြောက်တာလဲ၊ ကျုပ်ကို ကြောက်တာလား။

မောင်ဘသစ်။             ။ထွတ် … ခင်ဗျားကိုတော့ ဘယ်ကြောက်မလဲ။ ကျုပ်တို့ မြန်မာပြည်မှာ ဧည့်စာရင်းစစ်တာမျိုးကို ကြောက်တာဗျ။ သေနတ်တွေနဲ့ အိမ်ထဲ ဝင်လာတယ်။ ခြင်ထောင်တွေ ဖွင့်ကြည့်တယ်။
မောင်ဘချစ်။              ။ ခင်ဗျား ဓားပြတိုက်နေတဲ့အကြောင်း ပြောတာမဟုတ်ပါဘူးနော်။

မောင်ဘသစ်။             ။ဧည့်စာရင်းစစ်တာကို ပြောတာဗျ၊ ဧည့်စာရင်းမတိုင်ထားရင် အိမ်ရှင်ရော ဧည့်သည်ပါ ထောင်ကျတယ်။ အဲ … ပိုက်ဆံမပေးရင်ပေါ့လေ။
မောင်ဘချစ်။              ။ လမ်းဘေးမှာ အိပ်နေတဲ့လူတွေကိုတော့ မစစ်ဘူးမဟုတ်လား။

မောင်ဘသစ်။             ။ သူတို့ကို စစ်လို့ မဖြစ်ဘူး။ သူတို့ မနိုးအောင် ခြေသံလုံလုံနဲ့ ဖြတ်လျှောက်သွားရတယ်။ သူတို့ဆီက ပိုက်ဆံ မရဘူး။
မောင်ဘချစ်။              ။ပိုက်ဆံရတဲ့ဆီပဲ အလုပ်လုပ်တာ ခင်ဗျားသိတာပေါ့ ဟုတ်လား။

မောင်ဘသစ်။             ။ဒါကတော့ ကျုပ်လည်း သိတာပေါ့။ မြန်မာနိုင်ငံဟာ အဲသလောက် အဆင်ပြေတာ ကျုပ် သိပါတယ်။ ဒါကြောင့်ကျုပ်က ဘတ် ၅ဝဝ ခင်ဗျားကို ပေးလိုက်တာပေါ့။ ခုပြန်ပေး။
မောင်ဘချစ်။              ။ဖဲကျွေးကို ဖဲဝိုင်းမှာပဲ တောင်းရတယ်။ ထိုင်းရောက်ရင် ပြန်ပေးမှာပေါ့။

မောင်ဘသစ်။             ။ ဟား ဟား နောက်တာဗျာ။ ကျုပ်တို့ ထိုင်းရောက်ခါစက မြန်မာပြည်အကျင့်တွေပါ လာတယ်။ ထိုင်းရောက်ခါစ ကုန်တိုက်တွေမှာ ပစ္စည်းတခု ဝယ်မယ်ဆိုရင် မမေးရဲဘူး။ ကြောက်နေတယ်။
မောင်ဘချစ်။              ။ ဘာကြောက်တာလဲ။

မောင်ဘသစ်။             ။တော်ကြာ ထောက်ခံစာ ပါလားလို့ မေးနေဦးမယ်။
မောင်ဘချစ်။              ။မမေးပါဘူးဗျာ။ ဒီမှာ ပိုက်ဆံရှိရင် လေယာဉ်ပျံတောင် ဝယ်လို့ ရတာပဲ၊ ဒီဘက်ခေတ်မှာ ထောက်ခံစာလိုသေးလို့လား။

မောင်ဘသစ်။             ။ဒါပေမယ့် မြန်မာပြည်က ဆိုင်တွေမှာ ရေးထားတယ်။ “မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်သည်” … တဲ့။ ဒီတော့ မလွတ်မလပ်တွေ ရှိဦးမှာပေါ့။ ဦးပိုင်မှာ ထောက်ခံစာတွေ ထုတ်ပေးတယ်ဗျ၊ ဘိလပ်မြေတို့၊ သွပ်တို့၊ သံတို့ကို ဦးပိုင်မှာ လျှောက်ရတယ်။ အလွတ်ဝယ်လို့ ရပေမယ့် ဦးပိုင်ဈေးနဲ့ အပြင်ဈေးကျတော့ ထက်ဝက်လောက် ကွာ တယ်။
မောင်ဘချစ်။              ။ဘာလဲ … ဦးပိုင်။

မောင်ဘသစ်။             ။ခင်ဗျား “မောင်ပိုင်စီးတယ်” ဆိုတာ ကြားဖူးလား။
မောင်ဘချစ်။              ။ကြားဖူးတာပေါ့၊ သူများပစ္စည်းတွေကို မတရား ရယူတာ၊ မောင်ပိုင်စီးတယ် လို့ ခေါ်တယ်။

မောင်ဘသစ်။             ။ အခု… မောင်ပိုင် အသက်ကြီးသွားပြီလေ၊ ဦးပိုင် ဖြစ်သွားပြီ ဟားဟား …
မောင်ဘချစ်။              ။ဦးပိုင်ဆိုတာ စစ်တပ်က စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းပဲ။ အရင်က ဒီအက်စ်အိုင် ဆိုတာ ရှိတယ်။ စစ်တပ်ကဈေးရောင်းတဲ့ဆိုင်ပေါ့။ (Defense Service Industries) လို့ ခေါ်တယ်။ အဲဒီအချိန်က စစ်တပ်ဟာ စီးပွားရေးမလုပ်ကောင်းဖူး လို့ ဆရာဇဝနက သတင်းစာမှာ ရေးတဲ့အတွက် ဇဝနကို သူ လက်ရှိလုပ်နေတဲ့ မြဝတီအယ်ဒီတာချုပ်ကနေ ဖြုတ်ပစ်ဖူးတယ်။

မောင်ဘသစ်။             ။ စီးပွားရေးလုပ်တယ်။ စာအုပ်ထုတ်တယ်။ ရုပ်ရှင်ရိုက်တယ်။ မကောင်းတဲ့အစဉ်အလာကို စစ်တပ်က ဆက်ထိန်းထားတာပေါ့။ ခု ဦးပိုင်တို့ အာဏာသိမ်းတာတို့ ဟာ ဦးနေဝင်းလုပ်ခဲ့တဲ့ အစဉ်အလာပဲ။ အခြေခံဥပဒေ ရေးတယ်။ ရွေးကောက်ပွဲ လုပ်တယ်။ ဒါတွေဟာလည်း နေဝင်းလက်ထက်က ဒီလိုလုပ်တာပဲ။ ခုတော့ ပိုဆိုးလာတယ်။ ရွေးကောက်ပွဲကို နှောက်ယှက်ရင် ထောင်ဒဏ် အနှစ် ၂ဝ တဲ့။ နှောက်ယှက်တယ်ဆိုတဲ့ Definition ဟာ အင်မတန် ကျယ်ပြန့်တယ်။ တရားသူကြီးတွေဟာလည်း အစိုးရခိုင်းတိုင်း လုပ်နေရတော့ တောင်မင်း၊ မြောက်မင်း မကယ်နိုင်ဘူးပေါ့။
မောင်ဘချစ်။              ။အေးဗျာ၊ လစ်ရင် တိုတယ်။ မလစ်ရရင် ဓားပြတိုက်တဲ့ စစ်အစိုးရဟာ ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုပြီး နှစ်အတော်ကြာအောင် အချိန်ယူသွားတယ်။ နိုင်ငံတကာဖိအားကို လျှော့ချနိုင်ခဲ့တာ သူရဲ့ပစ်မှတ်ထဲ ကွက်တိဝင်သွားတယ်။

မောင်ဘသစ်။             ။အင်း … ကိုဘချစ် ကျုပ်ဆီက ပိုက်ဆံယူသွားတာကို စဉ်းစားပြီး ပုံပြင်လေး တခုကို သတိရတယ်။
မောင်ဘချစ်။              ။ဟာဗျာ … ဒါပဲ သတိရနေတာကိုး။ ခင်ဗျားပုံပြင်လေးကို ပြောမှသာ ပြောပါ။

မောင်ဘသစ်။             ။ တခါက မောင်ကောက်ဆိုတဲ့ လူတစ်ယောက်ဟာ သူငယ်ချင်း မောင်ချမ်းသာထံ ပိုက်ဆံသွားချေးတယ်။ ''သူငယ်ချင်းရေ … ငါ့ကို ပိုက်ဆံ တသာင်းလောက် ချေးပါ။ ကိစ္စ အအရေးကြီးနေလို့ပါ'' တဲ့။
ဒါနဲ့ သူငယ်ချင်းက “တသောင်းတောင် … များလှချည်လား''
“အရေးကြီးလို့ပါ သူငယ်ချင်းရယ်။ ငါ မန္တလေးက ပြန်ရောက်ရောက်ချင်း တရက်မဆိုင်း ပေးပါမယ်”
''သေချာတယ်နော်''
''သေချာပါတယ်ကွာ၊ ငါ မန္တလေးက ပြန်ရောက်ရောက်ချင်း တရက်မဆိုင်း ပြန်ပေးမှာပါ''
ဒါနဲ့ သူငယ်ချင်းက ပိုက်ဆံပေးလိုက်တယ်။ မောင်ကောက်ဟာ မောင်ချမ်းသာဆီ ပိုက်ဆံမဆပ်ဘူး။ ဒါနဲ့ မောင်ချမ်းသာ ကမောင်ကောက်ကို သွားမေးတယ်။
''သူငယ်ချင်းရေ … မင်း ငါ့ပိုက်ဆံ ယူသွားတာ တလ ကျော်နေပြီ ပြန်မဆပ်သေးဘူးလား''
''ပြန်ဆပ်ပါမယ်ကွာ … ငါ မန္တလေးက ပြန်ရောက်ရောက်ချင်း တရက်မဆိုင်း ပြန်ပေးမှာပါ''
''ဒါဆို … မင်း မန္တလေး မသွားရသေးဘူးလား''
''ဟင့်အင်း၊ မသွားရသေးဘူး''
''မင်း မန္တလေး ဘယ်တော့ သွားမှာလဲ''
'' ငါ မန္တလေးကို ဘယ်တော့မှ မသွားဘူး''

မောင်ဘချစ်။              ။ဟားဟား...။ ရွေးကောက်ပွဲလည်း ရက် မကြေငြာဘူး။

မောင်ဘသစ်။             ။ ဟုတ်တယ်လေ၊ ဈေးဆိုင်တွေမှာ “နက်ဖြန်အကြွေးမပေး” ရေးထားသလို ပေါ့။
မောင်ဘချစ်။              ။နောက်လ ရွေးကောက်ပွဲလုပ်မယ် ဆိုတာပေါ့ ဟုတ်လား။

မောင်ဘသစ်။             ။ ကလိန်စေ့ ငြမ်းဆင် ငြိမ်ပိလမ်းစဉ်ပေါ့။
မောင်ဘချစ်။              ။ ခုတလော ဗုဒ္ဓဂါယာ သွားတယ်ဆိုပါလား။

မောင်ဘသစ်။             ။အဲဒီမှာ ယတြာချေတယ်။
မောင်ဘချစ်။              ။ ဘာအတွက်လဲ။

မောင်ဘသစ်။             ။ရွှေခွက် မပျောက်ရေးတဲ့။ ဘုရားပွင့်တဲ့နေရာမှာ သွားအော်တယ် ဆိုပဲ။
မောင်ဘချစ်။              ။ဘာအော်လဲ။

မောင်ဘသစ်။             ။ ပေး ပေး ပေး … မပေး ပေး ပေး … ငါ့ရွှေခွက်ပေး တဲ့ ဟား ဟား။
မောင်ဘချစ်။              ။ ပေး ပေး ပေး … မပေး ပေး ပေး … ငါ့ရွှေခွက်ပေး

(မောင်ဘချစ်နှင့် မောင်ဘသစ်တို့တတွေ သီချင်းဆို၍ ကကြလေသတည်း)
- ပြီးပါပြီ -

No comments:

Post a Comment